Jul 29, 2010

အမေဟာ အမေ

အမေဟာ အမေ

ဇဗ္ဗူတိုင်းမှာ အဖြေညှိရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ "အမေ" ရှိကြတယ်။
မရေမရာ ပဟေဋိတွေကြောင့်
အသေအချာ "အဖေ" မသိတောင်မှ
"အမေ" ရှိတယ် .....

ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်း "အမေ"
အကြွေး ကြွယ်လှတဲ့
ဈေးသည်မ အမေလည်း "အမေ"
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း "အမေ"

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန်ရွှေပတ္တမြား အိမ်ခြေကားနဲ့
ငွေသားအမွေပေးနိုင်မှ "အမေ" မဟုတ်

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တဖဲ့စီဝေ
တမင်းရည် အတူသောက်
ဗိုက်မှောက်တော့တူ
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူအတူတူ

အပူကို မျှဝေ
ဒုက္ခ ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှ တစ်ပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
"အမေ" ဟာ "အမေ" ပဲလေ။

နွေမွန်အောင် (ရွှေဘို)

Jul 28, 2010

မေး/ဖြေ ဗေဒင်နှင့် စိတ်ကုသခြင်း အပေါ် အသင်းတော်ရဲ့ သဘောထား


ဗေဒင်နှင့် စိတ်ကုသခြင်း အပေါ် အသင်းတော်ရဲ့ သဘောထား

မေး။ ။လူကြီးတစ်ယောက်က ဗေဒင်ဟောတာလဲမှန်တယ် ၊စိတ်ဝေဒနာတွေကိုလည်း ကုပေးတယ်။ အဲဒီတော့ ကျွန်မသိချင်တာက ဒီအရာတွေနဲ့ပက်သတ်ပြီး အသင်းတော်ရဲ့ သဘောထားကို သိပါရစေ။ သမီးမှန်မှန်ကန်ကန် ရှင်းပြချင်လို့ပါ။

ဖြေ။ ။ လူတွေဟာ မိမိအသက်အရွယ် ကြီးလာရင် ကျန်းမာရေးမှကောင်း ပါမလား။ မိမိရဲ့ အနာဂတ်မှာ ဘာတွေဖြစ်မလဲ စသည်ဖြင့် အမြဲ စိုးရိမ်ပူပန် နေတက်ကြပါတယ်။ ကျန်းမာရေး မကောင်းရင်၊ စိုးရိမ်သောကတွေနဲ့ လွှမ်းမိုးနေမယ်ဆိုရင်၊ ဘ၀ဟာ တကယ်ကို စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ်။

တကယ်လို့ လူတစ်ယောက်ရဲ့ ကျန်းမာရေး ချွတ်ယွင်းလာပြီဆိုရင် ဒီရောဂါဝေဒနာတွေကို ဘယ်လိုပျောက်ကင်းအောင် ကုသလဲဆိုတာအပေါ် အာရုံထားကြခြင်းကလည်း မှန်ကန်တဲ့ အလုပ်ဖြစ်ပါတယ်။ အကယ်၍ ဒီရောဂါကို ကုသလိုမပျောက်ကင်းနိုင်ဘူး ဆိုလျင်လည်း ဒီရောဂါဝေဒနာကြောင့် ဖြစ်ပေါ်ခံစားရတဲ့ စိတ်သောကတွေကို ဘယ်လိုဖြေဖျောက်ရမလဲ ဆိုတာကို ကြိုးစားကြပါတယ်။ ကျန်းမာရေးကောင်းမွန်တဲ့ သူတွေတောင်မှ ဘ၀မှာ စိတ်ပျက်ခြင်းတွေ၊ စိုးရိမ်ပူပင်သောကတွေ ရှိကြတာပါပဲ ဖြစ်ပါတယ်။

ခရစ်ယာန်တစ်ယောက်အနေနဲ့ ရောဂါဝေဒနာ ၊ အဖျားအနာတွေကို ဘယ်လိုတုန့်ပြန်ရမလဲ။ ဖျားနာတဲ့သူတွေကို သခင်ခရစ်တော်က ကုစားပေးတော်မူခြင်းဟာ ကောင်းကင်နိုင်ငံတော်ရဲ့ လက္ခဏတစ်ခုဖြစ်ပါတယ်။ သခင်ခရစ်တော်ဟာ သူတို့ရဲ့အရပ်ဒေသ တ၀ိုက်ကို ရောက်ရှိနေတယ်လို့ သတင်းကြားတာနဲ့ လူတွေဟာ ဖျားနာနေတဲ့သူတွေကို ထမ်းစင်တွေပေါ်တင်ပြီး သခင်ခရစ်တော်ရဲ့ ၀တ်ရုံတော်အနားကို တို့ခွင့်ရစေရန် အလို့ငှာ သယ်ဆောင်သွားကြပါတယ်။ အဖျားအနာ၊ ရောဂါဝေဒနာတွေဟာ မကောင်းတဲ့အရာ ဖြစ်ပြိး ကျန်းမာ သက်သာလာအောင် နည်းလမ်းတွေကို ရှာကြံကြဖို့ ခရစ်ယာန်တွေမှာ တာဝန်ဝတ္တရားရှိပါတယ်။ ဆေးရုံတွေဆိုတာ အကြောင်းမဲ့ သူ့အလိုအလျောက် တည်ဆောက်ထားကြတာ မဟုတ်ပါဘူး။ နာမကျန်းဖြစ်နေတဲ့ သူတွေအပေါ် သခင်ခရစ်တော်ရဲ့ သနားကြင်နာစိတ်က လှုံဆော်ပေးတာကြောင့် လူတွေက ဆောက်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဆေးအတက်ပညာနဲ့ မိမိဘ၀ကို အပ်နှံထားတဲ့ သူတွေဟာ ကျွန်တော်တို့ မျက်စိနဲ့ မြင်နိုင်တဲ့ ဘုရားသခင်၏ နိုင်ငံတော်ရဲ့ လက္ခဏတစ်ရပ်ဖြစ်ပါတယ်။


သိပ္ပံနဲ့ နည်းပညာတွေက အံသြစရာကောင်းလောက်တဲ့ အောင်မြင်ခြင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူတွေကလည်း ဆေးဝါးတွေ စေ့စပ်သေချာတဲ့ စက်ကိရိယာတွေထက် ပိုပြီးကောင်းတဲ့ အရာတွေ ဆေးပညာလောကမှာ ရှိနေတယ်ဆိုတာကို ပို၍ပို၍ သိရှိ လာကြပါတယ်။ အပ်စိုက်ကုသခြင်း၊ နှိပ်နယ်ခြင်း၊ ဆေးဖက်ဝင်တဲ့ သစ်မြစ်သစ်ဥ ၊ အရွက်တွေနဲ့ ကုသခြင်းတွေက ဆေးပညာမှာ အဓိက အပိုင်းကနေ တရားဝင်အဖြစ် ယုံကြည် အားကိုးလောက်တဲ့ အရာတွေဖြစ်လာကြပါတယ်။ ကမ္မဌာန်းထိုင်ခြင်း ၊ တရားထိုင်ခြင်းဖြင့်လည်း တစ်ချို့သော ရောဂါဝေဒနာတွေကို ကုသပျောက်ကင်းနိုင်တယ်ဆိုတာတွေ တွေ့ရှိလာကြပါတယ်။


ဒါကြောင့် တရားထိုင်ခြင်းကို သင်ပြပေးတဲ့ လူတွေလည်း အမြောက်အများ ရှိလာပါတယ်။ ဒီလိုသင်ပြပေးတဲ့လူတွေက ခရစ်ယာန် အယူဝါဒကို ယုံကြည် လက်ခံတဲ့သူတွေ မဟုတ်ရင်တောင်မှ သူတို့က သင့်ရဲ့ ခရစ်တော်ထံ ယုံကြည်ခြင်းကို စွန့်လွှတ်ပစ်ဖို့ မတောင်းဆိုဘူးဆိုရင်၊ မိမိဟာ ခရစ်ယာန် တစ်ယောက်အနေနဲ့ သူတို့ရဲ့ အတွေးအမြင်ကနေ အကျိုးရမယ်ဆိုရင် အင်မတန်မှ သင်လျော်တဲ့ လိုက်လုပ်သင့်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။


သူတစ်ပါးရဲ့ ရောဂါဝေဒနာတွေကို ကုစွမ်းနိုင်စွမ်းရှိတဲ့ ကျေးဇုးတော်ကိုရရှိထားတဲ့ လူသားတွေလည်း ရှိပါတယ်။ သူတို့ဟာ သခင်ခရစ်တော်ရဲ့ အမည်နာမကို အတိအလင်းကြီး ကုသတာမဟုတ်ပေမဲ့ သူတို့ထံကို ကုသဖို့ရောက်လာတဲ့ လူတွေရဲ့ ဘာသာယုံကြည်ချက်ကို အသိအမှတ်ပြုတယ်ဆိုရင် သူတို့ရဲ့ ကုသပေးမှု့ကို ခံသင့်ပါတယ်။ သတိပြုရမဲ့အချက် တစ်ခုရှိပါတယ်။


လူတစ်ယောက် နာမာမကျန်းဖြစ်လာ ပြီဆိုရင် ပျောက်ချင်ဇောနဲ့ ဟိုအရာ ကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ စိတ်ထဲပေါ်လာသမျှတွေနဲ့ လျှောက်ပြီးကုသခြင်း အားဖြင့် တန်ဖိုးရှိတဲ့ စွမ်းအင်တွေ အလဟသ ဖြစ်မသွားစေဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမအချက်က ဝေဒနာခံစားသူက ရောဂါပျောက်ရင်ပြီးရော ဖြစ်ချင်ရာဖြစ်ဆိုတဲ့ စိတ်စိုးရိမ်မှု့ပေါ် အမြတ်ထုတ်ချင်တဲ့ ရေနစ်သူကို ၀ါးကူလို့ ထိုးတဲ့သူတွေ ရှိပါတယ်။ ဒုတိယအချက်က ဆရာများသား သေဆိုသလို သိပ်ပြီးအများကြီးနဲ့ ကုသတဲ့အခါမှာ နည်းမှန် လမ်းဖြစ်လင့်ကစား ဝေဒနာသည်ဟာ သူ့ရဲ့ စိုးရိမ်သောကတွေ ပိုများလာပြီး အစွမ်းထက်ဆုံးသော ဆေးများပင်သူ့အတွတ် အကျိုးအာနိသင် မသက်ရောက်တော့ပဲ့ ဖြစ်ပါတယ်။


ရောဂါဝေဒနာ ပျောက်ကင်းသက်သာအောင်လည်း လူတွေက နည်းလမ်းတွေ ရှာဖွေကြရမှာ ဖြစ်ပါတယ်။ သခင်ခရစ်တော်ကိုယ်တိုင် နာမာမကျန်းဖြစ်နေတဲ့ သူတွေကို ကုသခဲ့ပါတယ်။ ဒါပေမဲ့ သခင်ခရစ်တော်က လူတစ်ယောက်ရဲ့ ရှေ့ကကြမ္မာကို ဘယ်သောအခါမျှ ဟောကိန်း မထုတ်ခဲ့ပါဘူး။ ဗေဒင်ဟောခြင်းဆိုတာ လူတစ်ယောက် သူဘာပဲ လုပ်လုပ် ထည့်သွင်းမစဉ်းစားဘဲ ရှေ့ဖြစ်လာမယ့် အရာတွေကို ဟောခြင်းဖြစ်ပါတယ်။ ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ သေချာပေါက် သိပြီး စိုးရိမ်သောကကို ပျောက်စေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုသိလိုခြင်းဟာ ဘုရားသခင်ကို အရာအားလုံထက် ပိုပြီး ချစ်ရမယ်ဆိုတ ပညတ်ချတ်နဲ့ တိုက်ရိုက် ဖီလာ ဆန့်ကျင်နေပါတယ်။


တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုရင် သူ့ထံမှာယုံကြည် စိတ်ချမှု့ကို ထားခြင်းဖြစ်ပါတယ်။ ဘုရားသခင်ရှိတယ် ဆိုတာကို ယုံကြည်ခြင်း သက်သက်ထက် အများကြီး သာလွန်ပါတယ်။ ကျွန်တော်တို့ကို စက္ကန့်မလပ် ချစ်တော်မူတဲ့ ကျွန်တော်တို့ရဲ့ အသက်သာကို ပြည့်ပြည့်၀၀၊ အဓိပယ်ရှိရှိ ရှင်သန်စေလိုတဲ့ဘုရား မှန်မှန်ကန်ကန်သစာရှိရှိ ဆက်သွယ်ခြင်းမျိုး ဖြစ်တယ်။ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို ယုံကြည်ပြီး ဘ၀ကို ပြည့်ပြည်၀၀ ရှင်သန်ဖို့ရန် ဘုရားသခင်က အလိုတော်ရှိတဲ့အတွက် ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ဗေဒင် မေးခြင်း ၊ဗေဒင် ဟောကိန်းတွေကို ယုံစားခြင်း မပြုကြဖို လိုအပ်တာဖြစ်ပါတယ်။


လူတွေဟာ အနာဂတ်ကို စိုးရိမ်ပူပန်တာကြောင့် ဗေဒင်ဆရာတွေထံ ချည်းကပ် အားကိုး ကျတာဖြစ်ပါတယ်။ စိုးရိမ်ပူပန်ခြင်း ဆိုတာက သဘာဝအရလူတွေရဲ့ အားနည်းချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိုးရိမ်ပူပန်ခြင်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ရှေ့အနာဂါတ်မှာ ဘာတွေဖြစ်မယ် ဆိုတာကို သိအောင်ပြုလုပ်ခြင်း (သို့) ဗေဒင် မေးတာဟာ ဖြေရှင်းနည်း မဟုတ်ပါဘူး။


ကျွန်တော်တို့ ပြုလုပ်ရမှာက ဆုတောင်းမေတ္တာအားဖြင့် ဘုရားသခင်ထံမှာ ယုံကြည်ခြင်းသာ ဖြစ်ပါတယ်။ နေ့စဉ်နေ့စဉ် အသစ်အသစ် ကြုံတွေ့ရတဲ့ ဘ၀ရဲ့ပြဇာတ်ကို လက်ခံတတ်လာတဲ့အခါမှာ ဘ၀ဟာ ပိုပြီး ရှင်သန်လာမှာ ဖြစ်ပါတယ်။ ဒီလိုသာ ယုံကြည်စိတ်ချစွာ လက်မခံတတ်ဘူးဆိုရင် ကျွန်တော်တို့ဟာ ဘယ်တော့မှ ပျော်ရွှင်ခြင်းကို ခံစားရမှာ မဟုတ်ပါဘူး။ မှန်ပါတယ်။ ကြေကွဲဝမ်းနည်းစရာ အဖြစ်ဆိုးတွေနဲ့လည်း ရင်ဆိုင်ရမှာ၊ ကြုံလာမှာပါပဲ။ ဒါပေမယ့် ဒါတွေကို ကြိုတင်သိအောင် ကြိုးစားခြင်း (ဗေဒင်မေး)လည်း ၀မ်းနည်းစရာတွေက အဆုံးသတ် မသွားပါဘူး။ ဘုရား၌ ယုံကြည်စိတ်ချမှုရှိခြင်းဖြင်သာ ဒီအရာတွေကို ကျော်လွှားနိုင်ပါတယ်။

ယုံကြည်ခြင်းမရှိဘူးဆိုရင် မျှော်လင့်ခြင်းဆိုတာ မရှိနိုင်ပါဘူး။ အံ့အားသင့်ခြင်းကို ဖြစ်စေတဲ့ ရှေ့အနာဂတ်အတွက် ထင်ကြေးတွေပဲ ရှိနေပါလိမ့်မယ်။ မျှော်လင့်ချက်နဲ့ အသက်ရှင်မှသာ ကိုယ်ခန္ဓာအဖျားအနာတွေ အတွက်ရော၊ ကျန်းမာသန်စွမ်းဆုံးသော သူကိုတောင် နှိပ်စက်တဲ စိုးရိမ်ပူပန်သောကတွေကိုရော ငြိမ်းစေမယ့် အကောင်းဆုံးသော ကုသခြင်း ဖြစ်ပါတယ်။ မျှော်လင့်ခြင်းဆိုတာက ဘာတွေ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ၊ ထာဝရအချစ်မေတ္တာရှင်ရဲ့ မျက်မှောက်တော်မှာ တည်တည်ငြိမ်ငြိမ် နေထိုင်တတ်ခြင်းဖြစ်ပါတယ်။


ဘုန်းတော်ကြီး(ရစ်ချတ်လှမင်းဦး)

Jul 25, 2010

သာတူညီမျှ တူတကွ


သာတူညီမျှ တူတကွ


ဒီဘ၀မှာ ကျား၊မ မဟူ
ပုထုဇဉ်ရယ်၊ သူတော်စင်ရယ်
ရှိကြတယ်ဆိုတာ တို့သိပါတယ်။

ပုထုဇဉ်ဆိုတာ ဘာလဲ

သူတော်စင်ဆိုတာ ဘာလဲ
ဘာတွေတူပြီး ဘာတွေကွဲပြားသလဲ။

ပုထုဇဉ်ကို သင်္ကန်းဆင်
သူတော်စင် ဖြစ်ရောလား
သူတော်စင်ကို ခ၀ါချ
လူဘ၀ ပြန်ရသလား။

ပုထုဇဉ် လည်းလူ
သူတော်စင် လည်းလူ
အတူတူနဲ့ အနူနူပဲလို့
ညီမျှခြင်း ဆွဲမလား။

ပုထုဇဉ်က ပုထုဇဉ်
သူတော်စင်က တရားရှင်
တူမယ် မထင်ဘူးလို့
လိုင်းမပူးဘဲ ထားမလား
သင်္ကန်းဝတ် ပုထုဇဉ်တွေရှိနိုင်သလို
လောကီဝတ် သူတော်စင်တွေလည်းရှိတာပဲ
လောကီဝတ် ပုထုဇဉ်တွေရှိသလို
ယောဂီဝတ် သူတော်စင်တွေလည်းရှိတာပဲ။

တို့တွေ အားလုံး
ဘုရား သားသမီးတွေမို့
သူတော်စင်လည်း လူပါပဲ
ပုထုဇဉ်လည်း ကျင့်ရမှာပဲ။

ဘုရားဖန်ဆင်း ရည်ရွယ်ရင်းက
တို့ဘ၀တွေ ဖြူစင်ကြဖို့
ခဏနေရာ ဒီကမ္ဘာမှာ
သာတူညီမျှ လက်တွဲကြပြီး
ခရီးပန်းတိုင် တူပြိုင်လျှောက်လှမ်း
မခွဲတမ်းသာ သွားကြပါစို့လား.....။

ခံပွင့်

Jul 21, 2010

အိမ်ပြန်ချိန်

အိမ်ပြန်ချိန်

လောက၌ရှိသော ချစ်ခြင်းမေတ္တာများတွင် မိဘက သားသမီးအပေါ် ထားရှိသော မေတ္တာသည် အေးမြကြည်လင်သော တန်ဖိုးအရှိဆုံးသော အရာပင် ဖြစ်သည်။

မိဘကသားသမီးကို ချစ်သော အချစ်မေတ္တာများသည် ပြန်ရရှိပါစေဟု မျှော်လင့်ခြင်း မရှိသော အဆုံးအစမဲ့ ပေးဆပ်ခြင်းပင် ဖြစ်သည်။ မိဘများက သားသမီးတို့အပေါ် ထားရှိသော မေတ္တာတရားကို ကျွန်မကိုယ်တိုင် ကြုံတွေ့ရသောအခါ အဖေနှင့်အမေအပေါ် မှားယွင်းခဲ့သည့် အပြစ်များကို ၀န်ချ တောင်းပန်သောစိတ်ဖြင့် ဤစာစောင်အားဖြင့် ဝေငှ ပေးလိုက်ပါသည်။


ဝီလျှံနှင့် ဒေးဗစ်သည် ညီအစ်ကိုဟုဆိုသော်လည်း ပုံစံစရိုက် လွန်စွာကွဲပြားခြားနားခြင်းကြောင့် ညီအစ်ကိုအရင်းဟု မည်သူမှ မယုံချင်ပေ။ ဒေးဗစ်သည် အေးဆေးတည်ငြိမ်ပြီး ဘုရားတရားမြဲကာ သူ့အလုပ်သူ အေးဆေးတည်ငြိမ်စွာ လုပ်ကိုင်တတ်သည်။
မည်သည့်အလုပ်ကိုမဆို သေချာ စဉ်းစားအလေးနက်ထားကာ ဆုံးဖြတ်တတ်ပြီး မိဘမောင်နှမ သားချင်းကို သံယောဇဉ်ကြီးသူလဲ ဖြစ်သည်။ ၀ီလျှံမှာမူ ဒေးဗစ်နှင့် ဆန့်ကျင်ဘက် နေရာတကာ၌ ဟောဟောဒိုင်းဒိုင်း ကိုယ်လုပ်ချင်တာကို လုပ်ရမှ ကျေနပ်သူ တစ်ယောက်ဖြစ်သည်။ စရိုက်မတူသော်လည်း ညီအစ်ကို နှစ်ယောက်မှာ အလွန်ချစ်သည်။

ညီအစ်ကို နှစ်ယောက်၏ တူညီချက်တစ်ချက်မှာ ဘုရားကျောင်းနှင့်ပတ်သက်သော ကိစ္စအ၀၀တွင် ၎င်းင်းတို့နာမည်က မသိသူ မရှိသလောက်ဆိုအောင်ပင် ကုညီကြသူများအဖြစ် နာမည်ကြီးသည်။ မည်သည့်နေရာ ဒေသရောက်သည်ဖြစ်စေ ဘုရားသခင်အတွက် ဦးဆောင်ကြသော လူငယ်များဖြစ်သည်။ တစ်နေ့သော ကြာသာပတေးနေ့တွင် ၀ီလျှံတို့မြို့ရှိ ဘုရားကျောင်းပွဲနီး၍ ညီအစ်ကို နှစ်ယောက်ကို ကျောင်းထိုင်ဘုန်းကြီးမှ ခေါ်ယူကာ အစီအစဉ်များကို ပြောပြီးနောက် ၀ီလျှံသည် အလှူငွေကောက်ရန် ဘာသာတူ သူငယ်ချင်းများ အိမ်သို့ လာခဲ့လေသည်။ လိုအပ်နေသော ငွေကို အိမ်ဝင်၍ မိခင်ထံ ခွင့်တောင်းကာ ၀ီလျှံငွေယူစဉ် တွေ့လိုက်သော စာချုပ်၏ ခေါင်းစဉ်ကြောင့် ၀ီလျှံ အံ့သြသွားလေသည်။ "အမွေစား အမွေခံစာချုပ်" ဆိုသော ခေါင်းစဉ်၏ အကြောင်းအရာများကို စိတ်ဝင်တစား ဖတ်ကြည့်လိုက်သောအခါ မွေးစားသားသည် မိမိကိုယ်တိုင် ဖြစ်နေသည်။

ဝီလျှံစိတ်ကို မနည်းထိန်းချုပ်ကာ ဘုရားကျောင်းကို ပြန်လာလေသည်။ ဘုရားကျောင်းတွင် ဘုရားကျောင်း ကိစ္စအ၀၀ကို လုပ်ဆောင်နေရသော်လည်း ၀ီလျှံစိတ်နှင့် လူနှင့်မကပ်၊ ညီဖြစ်သူ၏ အမူရာကြောင့် ဒေးဗစ်သည် "၀ီလျှံ ညီလေး ဘာဖြစ်နေတာလဲ" လို့မေးသော်လည်း ၀ီလျှံသည် ခေါင်းသာတွင်တွင် ခါလေသည်။

ညပိုင်းရောက်သောအခါ ၀ီလျှံသည် မယ်တော်သခင်မဂူရှေ့တွင် ဒူးထောက်ကာ ဆုတောင်းကာ ဆုတောင်းရင်း ငိုမိသည်။ အမိမယ်တော်သခင်မ ကျွန်တော် ၀ီလျှံသည် အခြားကျန်သော နေရာမှာ မှားယွင်းဆိုး မိုက်ခဲ့ပေမယ့် ဘုရားကျောင်းနှင့် ပတ်သက်သော ကိစ္စများမှာ စိတ်ရောကိုယ်ပါ ပါဝင်ခဲ့တဲ့ အမိ၏သားတော်ဖြစ်ပါသည်။ ဘာဖြစ်လို့ ကျွန်တောကျမှ ဒီလို စိတ်ညစ်စရာ အဖြစ်ကို ကြုံတွေ့ရတာလည်း" ဟုဆို၍ စိတ်ထဲ၌ မယ်တော်သခင်မနှင့် ဆုတောင်း ရန်ဖြစ်ကာ ငိုနေမိသည်။ ၀ီလျှံ ဆုတောင်းနေတာမြင်သော ဒေးဗစ်သည် ၀ီလျှံအနား သွားချိန်တွင် ငိုနေသောဝီလျှံကို မြင်သောအခါ ဒေးဗစ် လန့်သွားမိသည်။ နောက်မှ ၀ီလျှံပခုံးကို ကိုင်၍ "ညီလေး မင်းစိတ်ညစ် နေတာတွေကို ပြောမှ ပျောက်သွားမှာပေါ့"လို့ ပြောလိုက်သည်။ ၀ီလျှံသည် ဖြစ်ရပ်မှန်ကို ပြောသောအခါ ဒေးဗစ်သည် "စိတ်ညစ်နေတာထက် အဖြစ်မှန်ကို မာမီဆီ သွားမေးရအောင်" လို့ပြောကာ ညီအစ်ကိုနှစ်ယောက် အိမ်သို့ထွက်ခဲ့သည်။ အိမ်ရောက်သောအခါ ဒေးဗစ်က မာမီကို မေးချိန်တွင် မာမီသည် ငိုကာ ၀ီလျှံကို (၅) လသားအရွယ်မှ စ၍ မွေးစားထားကြောင်း ပြောပြလေသည်။ ၀ီလျှံသည် သူ့မိဘအရင်း ဘယ်သူဘယ်ဝါမှန်း သိချင်ကြောင်း မေးသောအခါ မာမီက "မင်းမှာ အဖေတော့ မရှိဘူး အမေဘဲရှိတာ မင်းအမေ အမိုက်မကြီးဆီကို မာမီ မလွှတ်ပါရစေနဲ့" လို့ မျက်ရည်များကြားမှ ပြောလေသည်။ ၀ီလျှံသည် "မာမီမငိုပါနဲ့ဗျာ သား မာမီရဲ့ မေတ္တာစေတနာတွေကို သိနားလည်ပါတယ်။ သားကိုချစ်ရင် သားအမေရဲ့ လိပ်စာကိုပေးပါ လို့ပြောကာ ၀ီလျှံ နှဖူးပြင်ကို နမ်းရှိုက်လိုက်သည်။

မာမီပေးထားသော လိပ်စာမှနေရာကို ရောက်သောအခါ ၀ီလျှံ ကြောက်နေမိသည်။ နေရာတိုင်းမှာ ဘယ်အရာကိုမှ ဂရုမစိုက်ဘဲနေသော ၀ီလျှံသည် ထိုနေရာရောက်တော့မှ ကြောက်ဒူးများ တုန်ကာ ဇောချွေး ပြန်နေမိသည်။ အလှတွေကို တမင် မလှလှအောင်ပြင်ကာ လာသော ယောင်္ကျားလေးများ၏ ခါးကိုဖက်ကာ ၀င်သွားသော မိန်းကလေးများကို ကြည့်ပြီး ၀ီလျှံ စိတ်ပျက်မိသည်။ ၀ီလျှံသည် "အန်တီဒေစီနဲ့ တွေ့ချင်လို့" ပြောလိုက်သောအခါ ကောင်မလေး တစ်ယောက်က ၀ီလျှံကို လှောင်ကြည့် ကြည့်ရင်း "မမဒေစီရေ Jewလေးက မမဒေစီကို တွေ့ ချင်လို့တဲ့"လို့ အော်ပြောလိုက်သည်။

ထိုအချိန်တွင် ကိုယ်လုံးကိုယ်ပေါက် တော်တော်လှ၍ တခြားမိန်းကလေးများထက် အသက်ကြီးသော ၀ီလျှံမာမီနှင့် အသက်တူရွယ်တူ ထိုမိန်းကလေးကို တွေ့လိုက်ရသည်။ ထိုမိန်းမ၏ အကြည့်ကြောင့် ၀ီလျှံသူမကို ဘာပြောရမှန်း မသိ ဖြစ်သွားမိသည်။ "မင်းအရွယ် ငယ်ငယ်နဲ့ ဒီနေရာကို ပိုက်ဆံပေါလို့ လာတာလား" သူမ မေးလိုက်ချိန်တွင် ၀ီလျှံက မာမီပေးလိုက်သော ဓါတ်ပုံဟောင်းလေး တစ်ခုကိုထုတ်ပြကာမှ သူမမျက်နှာ ပျက်ကာမည်သူမှ မရှိသော အခန်းသို့ ၀ီလျှံကို ဆွဲခေါ်ကာ "မင်း ဘာလာလုပ်တာလဲ ငါလဲ ငါ့ဘ၀မှာ ပျော်အောင်နေသလို မင်းလဲ မင်းဘ၀မှာ ပျော်အောင်နေပါ ငါ့ကို လာမနှောက်ယှက်ပါနဲ့"လို့ သူမ ခြောက်ခြားစွာ ပြောလိုက်သည်။ ထိုအခါ ၀ီလျှံ "အမေ"လို့ခေါ်သောအခါ သူမက "ငါ့ကို မင်းအမေလို့ မခေါ်နဲ့ ငါဟာ မင်းအမေလို့ခေါ်ထိုက်တဲ့သူ မဟုတ်ဘူး ငါ့မှာသားဆိုတာ မရှိခဲ့ဘူး"လို့ ခါးခါးသီးသီး ပြောလေသည်။ ၀ီလျှံသည် "အမေ သား အမေ့ကိုနှောက်ယှက်တာ မဟုတ်ရပါဘူး သားကို ဘာအပြစ်ရှိလို့ ဒီအရွယ်အထိ ဥပက္ခာ ပြုထားတာလဲ။ စွန့်ပစ်ထားတာလဲဆိုတာ သားသိရရင် အမေ မပြန်ခိုင်းလဲ သားပြန်မှာပါ" လို့ပြောသော အခါ သူမသည်ငိုကာ "ကလေးရယ် ငါနေတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ မင်းကို ဒီလို အရွယ်ထိရောက်အောင် ပြုစု ပျိုးထောင်ဖို့ ငါ့မှာ အင်အားမရှိခဲ့ဘူး ငါ့ရဲ့ ဒီလိုဘ၀မှာ မင်းကို ဘယ်လိုခေါ်ထားရမလဲ ဒီလို ပြည်တန်ဆာတစ်ယောက်ရဲ့ ကလေးဆိုပြီး မင်းကို လူတကာရဲ့ လက်ညှိုးထိုးခံရမယ် ငါဆိုတဲ့ မိန်းမကတော့ ကိစ္စ မရှိတော့ဘူး မင်းရဲ့ ဖြူစင်လှပနေတဲ့ ဘ၀လေးကို ငါ့ကြောင့် အရောင်တွေ မဆိုးချင်ဘူး။ မင်းပျော်နေတာကို အဝေးကပဲ ကြားနေသိနေရရင် ငါပျော်ပါပြီ ကလေးရယ် ငါနဲ့ ဒုက္ခတွေခံဖို့ မလာပါနဲ့ မင်းအိမ်ကို မင်းပြန်ပါ ကလေးရယ် မင်းမိဘတွေဆီ မင်းပြန်ပါ"လို့ ပြောလေသည်။ ထိုအခါ ၀ီလျှံသည် "အမေရယ် အမေ့ဆီ ဒီလို စကားလေးကြားတာနဲ့ သားကျေနပ်တယ် အမေဟာ ပြည့်တန်ဆာ ဆိုပေမယ့် မိခင်ဆိုတဲ့ စိတ်ရှိနေပေးတဲ့အတွက် သား ကျေနပ်ပါတယ် အမေ။ အမေ့ မသန့်ရှင်းလှပတဲ့ ခန္ဓာကိုယ်နဲ့ အသက်ရှင် နေရတယ်ဆိုပြီး စိတ်အားမငယ်ပါနဲ့ အမေ။ အမေ့မှာ သန့်ရှင်းလှပတဲ့ နှလုံးသားရှိပါတယ်ု။ အမေ့ကို သခင်ခရစ်တော်က ခွင့်လွှတ်ဖို့ စောင့်နေပါတယ်။ အမေ့အတွက် အခက်ခဲတွေနဲ့ ပင်ပန်းမယ်ဆိုတာ သားသိပါတယ် အမေ။ အမေ သားကိုချစ်တယ်ဆိုရင် ဒီဘ၀ထဲက ထွက်လာခဲ့ပါ အမေရယ်။ သားအမေ့အတွက် ဆုတောင်းပေးပါမယ်။ အမေ။ အမေပြန်လာမယ်ဆိုရင် သားအမေ့ကို စောင့်နေပါရစေ။ သားကို ကတိပေးပါ အမေပြန်လာလို့ ကတိပေး" လို့ဆိုကာ ၀ီလျှံ သူမပေါင်ပေါ် ခေါင်းတင်ကာ ငိုရင်း တောင်းဆိုလိုက်သည်။ သူမသည် ရင်ထဲမှ "သား" လို့ခေါ်ချင်နေသော်လည်း နှုတ်ခမ်း ကိုက်ကာ "မင်းပြန်ပါတော့ ကလေးရယ် မင်းတောင်းတဲ့ကတိကို ပေးနိုင်ဖို့ ငါကြိုးစားပါမယ် အခု မင်းပြန်ပါတော့ကွယ်"လို့ ပြောလိုက်သည်။ ၀ီလျှံက "အမေ ပြန်လာမယ့်နေ့ကို သားစောင့်နေတယ်ဆိုတာ မမေ့ပါနဲ့ အမေ"ဟုဆိုကာ ၀ီလျှံသား မင်းဟာ မာမီသားပါ သားကိုအရင် ချစ်သလို နောင်လဲ တသက်လုံး မာမီရဲ့သား အဖြစ်ချစ်နေမှာပါ"လို့ ပြောလေသည်။ ၀ီလျှံကလည်း မာမီရယ်သားအတွက် အေးချမ်းတည်ငြိမ်တဲ့ ချစ်ခြင်းမေတ္တာတွေ ပေးတဲ့ မာမီကို သားချစ်တယ် ဒီအရွယ်အထိ သားအရင်းအဖြစ် ပြုစု ပျိုးထောင်ပေးတဲ့ မာမီရဲ့ ကျေးဇူးတွေ၊ သားကို ၀ီလျှံအဖြစ် မွေးပေးတဲ့ အမေ့ရဲ့ ကျေးဇူးတွေရယ် ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်သော ခရစ်ယာန်ကောင်း တစ်ယောက်ဖြစ်ဖို့ သားကြိုးစားပါ့ မယ်မာမီ"လို့ ပြောလိုက်သည်။ ဤ အဖြစ်အပျက်လေးကို ဖတ်ရှုခြင်းဖြင့် မည်မျှ လောက်ဆိုး မိုက်ပါစေ၊ လူတကာ၏ ကဲ့ရဲ့ခြင်းကိုခံရသော ပြည့်တန်ဆာ ဖြစ်ပါစေ။ သခင်ခရစ်တော်က ခွင့်လွှတ်ဖို့ စောင့်နေပါတယ်။ ထို့ကြောင့် ယေဇူးခရစ်တော်က ကျွန်ုပ်တို့၏ နှလုံးသား တံခါးကိုခေါက်နေပါတယ်။ ၀မ်းသာခြင်း ကြည်နူးပျော်ရွှင်မှု အပြည့်အ၀ဖြင့် ကျွန်ုပ်တို့၏ နှလုံးသား တံခါးကိုဖွင့်ကာ အသက်ရှင်သော ယေဇူးဘုရားသခင်ကို ကြိုဆိုကြပါစို့။

FLORIC
ဖလော်ရင့် (စစ်ကိုင်း)

မျက်လှည့်သူဇာမီလင်ဒါ


မျက်လှည့်သူဇာမီလင်ဒါ

အမျိုးသမီးများသည် အမျိုးသားများကဲ့သို့လုပ်ကိုင်နိုင်ကြပြီး၊ အမျိုးသားများထက် ပို၍ သပ်ရပ်စွာပင် စွမ်းဆောင်တက်ကြပါတယ်။ ၄င်းအဆိုကို အမေရိကန် ပြည်ထောင်စု ( Nevada) ပြည်နယ်၊ Las Vegas မြို့မှ ဗီလင်ဒါဆိုသူ အမျိုးသမီးက သက်သေ ပြခဲ့ပါတယ်။

မီလင်ဒါမှာ ကမ္ဘာကျော်မျက်လှည့် ဆရာကြီးများဖြစ်သော (Darid Coppe-r field) ဘက်ဖရွိုက်နှင့် ရှိုင်းတို့ကဲသို့နာမည်ကြီး မျက်လှည့် သခင်မလေးအဖြစ် အသိအမှတ် ခေါ်ဝေါ်ခြင်း ခံနေရသူလေးပင် ဖြစ်ပါတယ်။ ဘော်ငွေရောင်ဆံပင် နှင့်ဆွဲဆောင်မှု့ရှိသော အလှပိုင်ရှင်လည်း ဖြစ်ရာ Las Vegas မြို့တွင်လွန်ခဲ့သော ၉ နှစ်မှ ယနေ့တိုင် ဆက်တိုက်
ဖျော်ဖြေခဲ့ရပါတယ်။ နောင်တွင်လည်း ဖျော်ဖြေမှု့တွင် Super Star) ဖြစ်လာရန် သေချာ နေပါတယ်။ မကြာမှီက L.V ၏ လူကြိုက်များဆုံး အမျိုးသမီးအဖြစ် ဆန္ဒပေး ရွေးခံရပြီး ၁၉၉၅ အတွက်ထူးချွန်သော မျက်လှည့် ဆရာအဖြစ် ချီးကျူးဂုဏ်ပြုခံရပါတယ်။ ဗီလင်ဒါ၏ အဓိကပြကွက်တစ်ခုမှာ ပွဲကြည့် ပရိတ်သတ်ထဲမှ လူငယ် တစ်ယောက်ကို ပြပွဲစင် မြင့်ပေါ်သို့ခေါ်ယူပြီး ထိုလူငယ်အား လေထဲတွင် အတွယ်အတာမဲ့ လွင်မျောနေအောင် ဖန်တီးပြသသည့် ပြကွက်ဖြစ်ပါတယ်။ မျက်လှည့်ဆရာ အများစုမှာ အမျိုးသားများဖြစ်ပြီး ရုပ်ရည်ချောမော လှပသော မိန်းကလေးများကို လက်ထောက်အဖြစ် ထားရှိ၍ ဓါးပေါက်ခန်းနှင့် လူတစ်ယောက်၏ အင်္ဂါအစိတ်အပိုင်းများကို တစ်စစီ ခုတ်ထစ် ပြသသည့် အခန်းများတွင် အသုံးချတက်ပါသည်။ ဗီလင်ဒါက ဤအဖြစ် အစဉ်အလာကို ပြောင်းပစ်လိုက်ပါတယ်။ ဗီလင်ဒါက ၄င်းကောင်း၏ မျက်လှည့်ပြကွက်များတွင် လက်ထောက်များ အားလုံး အမျိုးသားများဖြစ်ပါတယ်။

ဤသို့ဗီလင်ဒါကို မျက်လှည့် ပညာများ သင်ကြားပေးသူ ၄င်း၏ဆရာ အရင်းမှာ Austritins မောင်ဘွဲ့ရရှိခဲ့သော Gßoland Kinger (ကင်းဂျား) ဖြစ်ပါတယ်။ ဗီလင်ဒါသည် ပါရမီအခံပါသူ ဖြစ်၍ မျက်လှည့်ပညာကို လွယ်လွယ်ကူကူနှင့်ပင် အောင်မြင်စွာ သင်ကြားတက်မြောက်ခဲ့၍ ယခုအခါ မျက်လှည့်ဆရာမ လေးတစ်ဦးအဖြစ် အသိအမှတ်ပြုခံရပြီးသူ တစ်ယောက် ဖြစ်ပါတယ်။

မီလင်ဒါ၏ မျက်လှည့်ပွဲကို ကြည့်ခဲ့သော လူငယ်တစ်ဦးက အမျိုး သမီးမျက်လှည့်ဆရာ ရှိလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့ကြောင်း ယခုတော့ အမျိုးသမီးတစ်ဦး ဟန်ကျပန်ကျ ပြသနေတာတွေဟာ လူသားတွေအနေနဲ့ စိတ်ပါ လက်ပါလုပ်ရင် ဘယ်အရာမျိုး မဆို ဖြစ်နိုင်တယ်ဆိုတာကို ပြသနေသကဲ့သို့ ဖြစ်ကြောင်းကို မီလင်ဒါထံသို့ ကျေးဇူးတင် စာတစ်စောင် ရေးပို့ခဲ့ပါတယ်။ မီလင်ဒါ အဖို့ လူငယ်များ မိမိတို့ ကြံစည်စိတ်ကူးသမျှ တကယ်လုပ်ပါက အဟုတ်ဖြစ်နိုင်ပုံကို မျက်လှည့်ပညာဖြင့် ပြသခွင့်ရနေခြင်းအတွက် ၀မ်းမြောက်ဂုဏ်ယူလျက်ရှိတယ်ဟုဆိုကြောင်း တင်ပြလိုက်ရပါတယ်။

မမမာလာ(R.V.A)

Jul 20, 2010

ဒို့အတွက်

ဒို့အတွက်

ပြင်းရှလွန်းတဲ့ နေအောက်မှာ
ကာလ်ဝါရီထက် တက်ရရှာ
သွေး၊ချွေးတို့ ယိုကာစီး
ဒို့အတွက်ပေတည်း။

အနှိပ်စက်ခံခဲ့ ဒို့သခင်
ယေဇူးခရစ်တော်ပင်
ကားတိုင်ပေါ် အသေခံလို့
ဒို့အပြစ်ဖြေလွှတ်ဖို့။

သုံးရက်မြောက်မှာ ပြန်ရှင်လာ
ကောင်းကင်တံခါး ဖွင့်ပေးတာ
သေခြင်းကို အောင်မြင်ကြောင်း
ဒို့အတွက်သတင်းကောင်း။

အပြစ်ချွတ်၊ကယ် သိုးသူငယ်
ပုံသာဓက ပြခဲ့တယ်
မြင့်မြတ်တဲ့ ချစ်ခြင်းတရား
ဒို့တွေဆပ်လို့ ကုန်မလား။

ပိုင် (S.J.A)

Jul 17, 2010

စိန်အန်ထော်နီ


စိန်အန်ထော်နီ


(ယခင်လမှအဆက်)

မယ်တော့်ကိုအထူးသဒ္ဓါကြည်ညိုသူ
စိန်အန်ထော်နီကို အထူးသဒ္ဓါ ကြည်ညိုသူတွေ အတုယူအားကျရမယ့် အချက်ကတော့ စိန်အန်ထော်နီဟာ မယ်တော့်ကို အထူး မြတ်နိုးပြီး ယုံကြည်ကိုးစားသူဆိုတာပဲ ဖြစ်ပါတယ်။ စိန်အန်ထော်နီရဲ့ မိခင်ဟာ သားရတနာလေး လိုချင်လွန်းလို့ အမိမယ်တော်ထံ ကိုးစားခဲ့ပါတယ်၊ သူမ ကိုးစားတဲ့အတိုင်းပဲ သားလေးစိန်အန်ထော်နီကို၊ မယ်တော်ကောင်းကင်ဘုံတက်တဲ့ပွဲနေ့မှာပဲ မွေးဖွားခဲ့ပါတယ်။ သူမဟာ စိန်အန်ထော်နီလေး ပုခက်ထဲရှိစဉ်ကတည်းက နှုတ်ကနေ စကားတတ်အောင် ပထမဦးဆုံး သင်ကြားပေးတဲ့ စကားလေးနှစ်လုံးကတော့ ယေဇူးနဲ့မာရီယားပဲ ဖြစ်ပါတယ်။ စိန်အန်ထော်နီဟာ လမ်းလျှောက်တတ်တယ်ဆိုရင်ပဲ မယ်တော်ရဲ့
ဆင်းတုတော်ခြေရင်းကိုသွား၊ သွားနေတတ်ပါတယ်။

စိန်အန်ထော်နီတို့ အိမ်ဘေးမှာရှိတဲ့ ဘုရားကျောင်းဟာလည်း မယ်တော့်ကိုအပ်နှံထားတဲ့ ဘုရားကျောင်းပဲဖြစ်ပါတယ်။ ဖာဒီနန် (စိန်အန်ထော်နီရဲ့ ဆေးကြောခြင်း နာမည်) ၅-နှစ်လောက်မှာ သူ့မိဘနှစ်ပါးရှေ့၊ ဘုရားကျောင်းထဲမှာ သူဟာ တစ်သက်ပတ်လုံး သန့်ရှင်းဖြူစင်စွာ နေထိုင်သွားပါမယ်လို့ ဘုရားကိုတိုင်တည်ပြီး သစ္စာပြုခဲ့တယ်။ စိန်အန်ထော်နီဟာ သူ့မိခင် သင်ပေးတဲ့ "ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံတော်မူသော ကောင်းကင်ဘုံ၏ ဘုရင်မ"ဆိုတဲ့ ဓမ္မသီချင်းကို မယ်တော့်ဆင်းတု ရှေ့ဒူးထောက်၊ ဒူးထောက်ပြီးဆိုလေ့ရှိတာကို မကြာ၊ မကြာ ဆိုသလို တွေ့ရတတ်ပါတယ်။ အဲ့ဒီလို ငယ်ငယ်ကတည်းက နှုတ်ကနေ အမြဲ ရွတ်ဆိုနေတဲ့ ဒီဓမ္မသီချင်းကို ကြီးလာတဲ့အထိ နှုတ်ကနေ မချတမ်း၊ နေ့ရောညပါ ဆိုနေလေ့ရှိပါတယ်။ ဒီဓမ္မသီချင်းနဲ့ပဲ ဘ၀ရဲ့ မုန်တိုင်းအလီလီကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူသာသနာပြုလုပ်ငန်း အောင်မြင်နေရတာလည်း ဒီဓမ္မသီချင်းလေးကြောင့် ဆိုတာ လုံးဝ ဥဿုံသူယုံကြည်တယ်။ သူ မပျံလွန်ခင် နောက်ဆုံးထွက်သက်မှာ ရွတ်ဆိုခဲ့တဲ့ ဓမ္မသီချင်းလေးဟာလည်း ဒီ မယ်တော့်ဓမ္မသီချင်းလေးပါပဲ၊ သူဟောပြောခဲ့သမျှ သြ၀ါဒတွေထဲမှာလည်း မယ်တော့်အကြောင်းပါတဲ့ သြ၀ါဒတွေဟာ အပြောင်မြောက်ဆုံး သြ၀ါဒတွေ ဖြစ်နေလေ့ရှိတယ်။ သူ့ရဲ့ မယ်တော့်အပေါ် အထူးသဒ္ဓါ ကြည်ညိုမှုတွေကတော့ စံတင်လောက်ပါတယ်။

မယ်တော်ကောင်းကင်ဘုံတက်တဲ့ပွဲနေ့မှာ မွေးဖွားခဲ့သူ ပီပီ၊ မယ်တော့်ရဲ့ ဘ၀ဖြစ်စဉ်တွေ ပါဝင်နေတဲ့ စိတ်ပုတီးရဲ့ နက်နဲရာအချက်တွေကို ကမ္မဌာန်းတော်ရှုရတာ အင်မတန်မှ အရသာတွေ့လေ့ ရှိပါတယ်။ အထူးသဖြင့် မယ်တော်ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းနဲ့ ပတ်သက်ပြီး လက်မခံနိုင်သူ၊ မယုံကြည်သူတွေရှိရင် သူဝမ်းနည်းပူဆွေး တတ်ပါတယ်။

တစ်နေ့ ပြင်သစ်ပြည်မှာ တရားဒေသနာ ဟောကြားနေတုန်း မယ်တော်ရဲ့ အံ့ဖွယ်ရူပါရုံကို စိန်အန်ထော်နီ မြင်တွေ့ခဲ့ရတယ်။ စိန်အန်ထော်နီဟာ မယ်တော် ကောင်းကင်ဘုံ ပင့်ဆောင်ခံရတဲ့ပွဲနေ့ အကြို ညနေတိုင်း မိမိရဲ့ ကမ္မဌာန်း ကျောင်းဆောင်လေးထဲမှာ ဒီနက်နဲရာအချက်နဲ့ ပတ်သက်ပြီး အမြဲတမ်း ကမ္မဌာန်းတော်ရှုလေ့ရှိတယ်။ မယ်တော်ဟာ အသက်နဲ့ခန္ဓာကိုယ်ပါ ပူးတွဲပြီး ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံခဲ့ရတဲ့ အကြောင်း၊ ကောင်းကင်ဘုံမှာ ဘုရားရဲ့ သားတော် ယေဇူးနဲ့အတူ စံစားလျက်ရှိနေကြောင်း စသဖြင့် ကမ္မဌာန်း ထောက်ရှုလေ့ရှိပါတယ်။

အဲဒီလို ထောက်ရှုနေစဉ် အတွင်းမှာပဲ၊ မယ်တော်ဟာ ကောင်းကင်ဘုံရဲ့ ဘုရင်မအသွင်နဲ့ လှပစွာ ရောင်ခြည်တော်များဖွင့်လျက် စိန်အန်ထော်နီကို ထင်ရှားပြတော်မူ ခဲ့ပါတယ်။ ပြီးတော့ မယ်တော်ဟာ အသက်နဲ့ခန္ဓာပါ အတူတကွ ပူးတွဲပြီး ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံခဲ့ရတာဟာ အမှန်ပဲဖြစ်ကြောင်း ယုံကြည်ရာအချက်နဲ့ ပတ်သက်ပြီး ရဲဝံ့စွာ တရားဒေသနာ ဟောကြားစေလို တော်မူကြောင်း စိန်အန်ထော်နီကို မယ်တော်ဟာ မိန့်ကြား တော်မူခဲ့ပါတယ်။

ဆင်းရဲသားများကို မြတ်နိုးသူ
စိန်အန်ထော်နီဟာ ဆင်းရဲသားတွေကို ချစ်ခင်တဲ့သူတစ်ဦးပါ၊၊ သူ့ရဲ့ သာသနာပြု ဘ၀တစ်လျှောက်လုံး အမြဲပဲ လိုအပ်မှုလေးတွေဟာ ကုန် မကုန်နိုင်လောက်အောင် နေ့စဉ် ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုချို့တဲ့ လိုအပ်ချက်တွေထဲမှာ ဘုရားကို ချစ်ရမယ့် သတ္တိတော့ မပါဘူး။

ပြင်သစ်ပြည် ရီဗ်ရသေ့ကျောင်းမှာ အန်ထော်နီ တရားကျင့်နေတုန်းက ထူးဆန်းအံ့ဖွယ် အဖြစ်အပျက်ကလေးတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ တစ်ရက်မှာတော့ ထမင်းချက် တာဝန်ကျတဲ့ ရသေ့လေးဟာ၊ ရသေ့တွေကို ကျွေးဖို့ ဘာမျှမရှိတာနဲ့ အခက်အခဲကြုံ တွေ့ခဲ့ရသတဲ့၊ အဲဒီလို ဖြစ်ရတာ အန်ထော်နီကြောင့်လို့ စွပ်စွဲပြောခဲ့တယ်။

ဒါနဲ့ စိန်အန်ထော်နီလည်း အမျိုးသမီးကြီးတစ်ဦးကို ကျောင်းက ရသေ့တွေအတွက် စားစရာ တစ်ခုခုလာပေးပါလို့ မှာလိုက်တယ်။ ဒီအချိန်မှာ ရာသီဥတုက ဖောက်ပြန်နေတော့ မိုးဟာ အဆက်မပြတ်အောင်ကို ရွာနေတယ်။ အဲဒီ အမျိုးသမီးကြီးဟာ ရသေ့လေးတွေကို သနားသွားတာပေါ့၊ ဒါနဲ့ မိုးကို တောင်မှု့မနေအားဘဲ သူ့ရဲ့ ထမင်းချက်အမျိုးသမီးကို ဥယျာဉ်ထဲက ဟင်းသီးဟင်းရွက်တွေ ခူးပို့လိုက်ဖို့ မှာလိုက်တယ်။ ထမင်းချက် အမျိုးသမီးဟာလည်း ရသေ့တွေ လိုအပ်မဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးပြီး ရသေ့ကျောင်းကို သွားပို့ခဲ့တယ်၊ ပို့ပြီးတာနဲ့ အိမ်ကို ပြန်လာတာပေါ့။ အဲဒီလို ဟင်းသီးဟင်းရွက်တွေကို ခူးနေတဲ့ အချိန်၊ သွားပို့တဲ့အချိန်၊ ပြန်လာတဲ့အချိန် တစ်လျှောက်လုံး မိုးက မရပ်မနား ရွာနေပေမယ့်လည်းပဲ ထမင်းချက် အမျိုးသမီးရဲ့ အ၀တ်ကို မိုးမရွှဲဘူး၊ ခြေထောက်လည်း ရွှံ့မပေဘူး။ အဲဒါကြောင့်လည်း ထမင်းချက်အမျိုးသမီးကြီးက သူ့သခင်မကို ပြောလိုက်တယ်။ "နောက်တစ်ခါ အဲ့ဒီဘုန်းဘုန်း အန်ထော်နီနဲ့ သူ့ရသေ့တွေအတွက်ဆို ကမ္ဘာ့မြောက်ဝန်ရိုးစွန်းထိပဲ သွားရသွားရ၊ ကျမအကျိုးဆောင် ပေးပါရစေ"လို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူမက ဆက်ပြီး ပြောလိုက်ပါသေးတယ်၊ မိုးတွေ ဘယ်လောက်ပဲ သည်းနေပါစေ၊ ကျမ မကြောက်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒါတွေ အားလုံးဟာ ကျမကို အန္တရာယ်ပေးမှာမဟုတ်ဘူး ဆိုတာကို ကျမယုံကြည်နေလို့ပဲ။ အခုကျမရဲ့ အ၀တ်အစားတွေကို ကြည့်လေ၊ မိုးရွာထဲ ထီးမပါဘဲ ကျမသွားလာ လှုပ်ရှားနေတာတောင် ကျမ ခြေထောက်တွေနဲ့ ကျမရဲ့ အင်္ကျီဟာ ခြောက်သွေ့နေတာပဲ၊ မိုးတစ်ပေါက်လောက်တောင် မစိုဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီနေ့ကစပြီး ဒီအမျိုးသမီးကြီးဟာ စိန်အန်ထော်နီနဲ့ သူ့ရသေ့လေးတွေအတွက် နေ့စဉ် ဆွမ်းကပ်ဖို့ တကာအဖြစ် ခံယူခဲ့ပါတယ်။ သူရဲ့ တစ်ဦးတည်းသောသား ပီတာဟာလည်း ဆွေကြီး၊ မျိုးကြီးထဲက ဖြစ်ပေမဲ့ မိခင်စကားကို နားထောင်တတ်သူ ဖြစ်တော့၊ သူ့မိခင်က သားပီတာကိုမှာ ခဲ့ရှာပါတယ်၊ စိန်ဖရန်စစ်ရဲ့ နောက်လိုက် တပည့်တွေဖြစ်တဲ့ စိန်အန်ထော်နီတို့ အုပ်စုလေးကို အမြဲ ဂရုစိုက်ပါ၊ ပစ္စည်းဒါယိကာလေးပါး ကုသိုလ်ပြုပါ။ အဲဒီလို ကုသိုလ်ပြုသူကို ဘုရားသခင်က ပြန်ပေးလိမ့်မယ်ဆိုတာ ယုံကြည်ပါလို့ မှာခဲ့ပါတယ်။ သူမရဲ့သားဟာလည်း သူ့မိခင်မှာကြားတဲ့အတိုင်း ဆောင်ရွက်တဲ့အခါ အံ့ဖွယ် ကျေးဇူးများခံစားခဲ့ရပါတယ်။

(နောက်လဆက်ဖတ်ရန် )

ဘုန်းတော်ကြီး ဂျော့ခ်ျခင်မောင်ထွေး

ယုံကြည်မှုအပြည့်ရှိသော မျိုးဆက်သစ်မိခင်များ


ယုံကြည်မှုအပြည့်ရှိသော မျိုးဆက်သစ်မိခင်များ


အိမ်ပြင်ပမှာ အလုပ်လုပ်ကိုင်လျက် ရှိကြတဲ့ အမေရိကန်နိုင်ငံသူ အမျိုးသမီးများဟာ အလုပ်လုပ်တာ သူတို့ဘ၀မှာ အရေးကြီးတဲ့၊ အကျိုးရှိတဲ့ ကဏ္ဍတစ်ရပ် ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီနေ့ခေတ် အမျိုးသမီးများ ကိုယ်တိုင် အလုပ်လုပ်တာကြောင့် စိတ်က အားမနေဘဲ၊ စိတ်ဓါတ် ဖွံ့ဖြိုးရှင်သန် ကြံ့ခိုင်မှုကို ရရှိစေတယ်၊ မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းက ရှာရာရောက်ကြောင်း ဖွင့်ဟ ခဲ့ကြပါတယ်၊၊
ဒါ့အပြင် သူတို့ဟာ အလုပ်ကိုပဲ အာရုံထားနေတာ မဟုတ်ဘဲ၊ မိခင်ကောင်းများလည်း ဖြစ်ကြကြောင်း ထပ်လောင်း ပြောဆိုခဲ့ကြပါတယ်။

သန့်ရှင်းရေး အလုပ်သမားများ၊ စက်ရုံအမှုထမ်းများမှအစ ဆရာဝန်များ၊ ပါမောက္ခများအဆုံး၊ အမေရိကန်သူ မိခင်များ သူတို့ လုပ်ကိုင်ရသောအလုပ်ကို များစွာ ဂုဏ်ယူ ကျေနပ်ကြောင်း၊ အလုပ်မှာ နှစ်သိမ့်မှု အပြည့်ရနေကြာင်း ၀န်ခံခဲ့ကြပါတယ်။ ဒီလို ပြောဆိုခဲ့သူပေါင်းမှာ စစ်တမ်း ကောက်ယူခဲ့သူများထဲက ၇၅%လောက် ရှိပါတယ်။

အမေရိကန်နိုင်ငံ တ၀န်းစစ်တမ်း ကောက်ယူခဲ့တဲ့ အမျိုးသမီးဦးရေ တစ်ထောင်ထဲမှာ အလွှာပေါင်းစုံ၊ ပညာရှင်ပေါင်းစုံ ပါဝင်ပြီး သူတို့အားလုံးဆီမှာ အသက်(၁၈)နှစ် အသက်အရွယ်သား၊ သမီးများရရှိထား ကြပါတယ်။ ဒီလို အမျိုးသမီးတွေ အလုပ်လုပ်တာကြောင့်၊ သူတို့ မိသားစုမှာ ကောင်းကျိုးတွေ ပိုရရှိစေပါတယ်။ (၂၁)ရာစုနှစ်မှာ အိမ်ထဲပဲ နေနေတဲ့ မိခင်များမရှိသလောက် ရှားပါး သွားတော့မှာ ဖြစ်တယ်လို့ ဟောကိန်း ထုတ်ခဲ့ကြပါတယ်။

တခြား စစ်တမ်း ကောက်ယူရရှိချက်တွေကို လေ့လာကြည့်အုံးမယ်ဆိုရင် (၇၀%)က အိမ်ပြင်ပမှာ အလုပ်လုပ်တာဟာ မိမိကိုယ်ကို မိမိ ယုံကြည်မှု အပြည့်ရှိစေကြောင်း၊ ပြောဆိုခဲ့ကြတယ်၊ (၈၀%)က မိမိတို့ဟာ မိခင်ကောင်းများ ဖြစ်ကြတယ်လို့ အပြည့်အ၀ ယုံကြည်ကြပါတယ်၊ (၉၀%)က မိမိတို့ လုပ်ရည်၊ ကိုင်ရည်နဲ့ သင့်တော်တဲ့ လစာ ရရှိတယ်လို့ ယူဆထား ကြပါတယ်၊ (၇၀%)က မိမိတို့သား၊ သမီးများဟာ နေ့ကလေးထိန်းဌါနများက သင်ကြားပေးတာတွေကြောင့် အများကြီး တိုးတက်မှု ရရှိခဲ့တယ်လို့ ရင်ဖွင့် ခဲ့ကြပါတယ်။

ဒီနေ့ခေတ် အမျိုးသမီးများဟာ အတိတ်ဆီက အမျိုးသမီးများနဲ့ အများကြီးကို ကွာခြား သွားပြီလေ။ အရင်ကဆိုရင် အမျိုးသားတွေကပဲ အဓိက ၀င်ငွေရှာသူများ ဖြစ်ခဲ့ကြပေမယ့်၊ အခုခါမှာ အမျိုးသမီးများက အမျိုးသားများနည်းတူ အဓိက ၀င်ငွေရှာသူများ ဖြစ်လာခဲ့ကြပြီး၊ ၈၀%က အလုပ်လုပ်ခြင်းရဲ့ အဓိကအကြောင်းရင်းဟာ မိသားစု ၀င်ငွေကို တစ်ဖက်တစ်လမ်းက ရှာဖွေထောက်ပံ့ ပေးချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်လုပ်ပြီး ၀င်ငွေရှာနိုင်တာတင် မကဘူး မိမိကိုယ်မိမိလည်း ယုံကြည်မှုအပြည့် ရလာစေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ ဖန်တီးတီထွင်နိုင်မှု စတဲ့ စွမ်းရည်များလည်း ရရှိလာနိုင်ပါတယ်။ အချိန်တွေ ပိုနေပြီး မိမိကိုယ်ကို ထိုင်သနားနေနိုင်တော့မှာ မဟုတ်ပါ။ အလုပ်လုပ်တဲ့ မိခင်များဟာ မိဘတာဝန်ကိုလည်း အလွန် ကျေပွန်စွာ ထမ်းဆောင်လျက် ရှိနေကြတယ်၊ သားသမီးများကလည်း ကျေနပ်စရာကောင်းလောက်အောင် အဖက်ဖက်က ထူးချွန်ကြတယ်လို့ (၉၀%)သော မိခင်များက အဖြေ ပေးခဲ့ကြပါတယ်။ တချို့မိခင်များက အလုပ်လုပ်ရတာ စိတ်လည်း သိပ်ချမ်းသာတယ်၊ ဒီလို စိတ်ချမ်းသာတော့ မိခင်တစ်ယောက်အဖြစ် တာဝန်ယူရတဲ့ နေရာမှာလည်း ပိုအဆင်ပြေတယ်လို့ ဆိုကြတဲ့ အပြင် အများစုကတော့ အလုပ်လုပ်တဲ့ မိခင်တစ်ယောက်ဟာ သားသမီးများအတွက် စံထားနမူနာယူစရာ ပုဂ္ဂိုလ်ဖြစ်တယ်၊ အသက်အရွယ် ကြီးလာရင် လူတိုင်း ကိုယ့်ရဲ့ ရည်မှန်းချက်တွေအတိုင်း ဖြစ်လာနိုင်တယ်၊ လုပ်နိုင်တယ်ဆိုတာ ကိုယ့်သား၊ သမီးများကို စံအဖြစ် ပြနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

စစ်တမ်းမှာ ပါဝင်တဲ့ အမျိုးသမီးများရဲ့ (၈၀%)က သူတို့ အလုပ်လုပ်တာကြောင့် သူတို့သားသမီးများဟာ မိမိတာဝန် မိမိယူတတ် လာကြတယ်လို့ ဆိုခဲ့ပါတယ်။ သား၊ သမီးများဟာ မိခင်ကိုချည်း တစ်ချိန်လုံး အားကိုးမနေတော့ဘဲ မိမိတာဝန် မိမိယူပြီး အလုပ်ပြီးအောင် လုပ်ကြပါတယ်။ အိမ်မှာ ၀ိုင်းကူရလို့ လုပ်အားတန်ဖိုးကိုရော၊ ပိုက်ဆံတန်ဖိုးကိုရော နားလည် လာကြပါတယ်။ သူတို့ လိုချင်သမျှ အဆင်သင့် ရှေ့မှာ ရောက်အောင် မိဘတွေကတစ်ချိန်လုံး လုပ်ပေးမနေ နိုင်ဘူးဆိုတာ နားလည်ကြတော့ ပိုပြီး ရင့်ကျက်မှု ရစေကြောင်း ပြောဆို ကြပါတယ်။

အလုပ်လုပ်တာကြောင့် အိမ်ထောင်ရေးမှာ သာယာချမ်းမြေ့မှုလည်း ရရှိနိုင်ပါတယ်။ (၆၀%)က မိမိတို့အလုပ်လုပ်တာကြောင့် ခင်ပွန်းသည်နဲ့ တန်းတူ ဆုံးဖြတ်ချက်များ ချနိုင်ကြောင်း ပြောဆိုခဲ့ပြီး၊ (၇၀%)ကတော့ သူတို့ ကိုယ်တိုင်အလုပ်လုပ်နေတာကြောင့် ခင်ပွန်းသည်က ပိုလေးစားကြောင်း ပြောဆို ၀န်ခံခဲ့ပါတယ်။ ဒါ့အပြင် ခင်ပွန်းသည်များ အနေနဲ့လည်း ၀င်ငွေနှစ်ခု ရှိနေလို့ သိပ်ခေါင်းခဲရတော့မှာ မဟုတ်ပါ။ ဇနီးသည်ရဲ့ ၀င်ငွေက တစ်ဖက်တစ်လမ်းက ရနေတာကြောင့် ခင်ပွန်းဖြစ်သူက မိမိတို့ နှစ်သက်ရာ တခြားအလုပ်သစ်ကို ပြောင်းရွှေ့ လုပ်နိုင်သလို၊ လိုင်းမတူတဲ့ အလုပ်တွေကိုလည်း စမ်းသပ်ပြီး လုပ်ကြည့်နိုင်ပါတယ်။ မတော်တဆ အလုပ်ပြုတ်သွားရင်လည်း ဇနီးသည်ရဲ့ ၀င်ငွေရှိတာကြောင့် အများကြီး ခံသာပါတယ်။

ပြင်ပမှာ ၀င်ငွေရှာတဲ့ မိခင်များဟာ မိမိတို့ဝါသနာပါတဲ့ ဥယျာဉ်စိုက်တာ၊ ပန်းချီဆွဲတာ၊ စာဖတ်တာ၊ ရေကူးတာစတဲ့ လုပ်ငန်းများလုပ်ဖို့ အချိန်က သိပ်နည်းပါးပေမယ့် မိခင်အများစုဟာ မိမိတို့ရဲ့ သားသမီးများနဲ့ ပြန်တွေ့ဆုံရချိန်မှာ ပြည့်စုံ လုံလောက်တယ်လို့ ပြောဆိုကြပါတယ်။ အလုပ်သွားနေရတဲ့ အတွက် သားသမီးတွေနဲ့ တွေ့ရတဲ့အချိန်ကို ပိုတန်ဖိုးထားတတ်လာပြီး၊ သား၊ သမီးတွေနဲ့ တွေ့ချိန်ကို ပိုအကျိုးရှိအောင် အသုံးချတတ်လာတယ်လို့ မိခင်တွေ ဆိုကြပါတယ်။


အမေရိကန်နိုင်ငံက အမျိုးသမီးများက အလုပ်လုပ်တဲ့ မိခင်များရဲ့ အနာဂတ်ရှေ့ရေး ကောင်းမွန်မယ့် အလားအလာ အများကြီးရှိတယ်လို့ ယူဆ ယုံကြည်ထားကြပါတယ်။ ၂၀၁၄-ခုနှစ်လောက်မှာတော့ အိမ်မှာပဲ ထိုင်နေတဲ့ အိမ်ရှင်မတွေ မရှိသလောက် နည်းပါး သွားနိုင်တယ်၊ မျိုးပြုန်းသွားတော့မယ်လို့လည်း ကြိုတင် ဟောကိန်းထုတ် နေကြပါတယ်။ ဒါပေမယ့် မိမိတို့ရဲ့ ခင်ပွန်းများ အိမ်ထောင့်တာဝန်တွေမှာ ဘယ်လောက်ဝင်ပြီး ကူညီမလဲဆိုတာကိုတော့ အမျိုးသမီးများ မမှန်းဆတတ်ပါ။ (၄၀%)ကပဲ မိမိတို့ ခင်ပွန်းများ အနာဂတ်မှာ အိမ်ထောင့်တာဝန်နဲ့ ကလေးထိန်းတဲ့ တာဝန်တွေကို ညီတူညီမျှ ခွဲဝေ တာဝန်ယူမယ်လို့ မျှော်လင့်ထားကြပါတယ်။ အမေရိကန်နိုင်ငံမှာ ယောင်္ကျားတာဝန်ပဲ၊ မိန်းမ တာဝန်ပဲလို့ ခွဲခြားလေ့မရှိပါ၊ မီးဖိုချောင်တာဝန်ကို ယောင်္ကျားကပါ ခွဲဝေ တာဝန်ယူလေ့ရှိပါတယ်။
တစ်ပတ်မှာ(၃)(၄)ရက်လောက် အလှည့်ကျ ချက်ပြုတ်တဲ့တာဝန်ကို ယူလေ့ရှိပါတယ်။ အရှေ့တိုင်းနဲ့ များစွာ ကွာခြားပါတယ်။ ဒီလိုပဲ အမျိုးသမီးများကလည်း ဒါတွေဟာယောင်္ကျားလေး လုပ်တဲ့အလုပ်တွေပဲ၊ ကိုယ်လုပ်စရာ မလိုဘူးဆိုတဲ့ အယူအဆတွေ မရှိကြပါ။ ဘယ်အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်တိုင်ကားမောင်းတတ်၊ ဓါတ်ဆီဖြည့်၊ လေထိုးတတ်ကြပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် ကားဘီးပေါက်တဲ့အခါ ကိုယ်တိုင်လဲ ယူနိုင်ကြပါတယ်။ အချိန်ရှားပါးတဲ့နိုင်ငံတွေမှာတော့ "ကျွန်မမှာ မိန်းမသားမို့ အားနွဲ့သူပါရှင်" ဆိုပြီး ကြောက်ရွံ့နောက်တွန့်နေရင်တော့ ဘာအလုပ်မှ ပြီးမှာ မဟုတ်ပါ။ ဒီနေ့ခေတ်မှာ အမျိုးသမီးများဟာ အချက်အပြုတ်၊ အချုပ်အလုပ်၊ အိမ်တွင်းမှုလုပ်ငန်းကလေးများ ကျွမ်းကျင်ရုံနဲ့ပဲ မနေသင့်တော့ပါ၊ မိမိတို့ အစွမ်းရှိသလောက် ခေတ်ပညာများ သင်ကြားပြီး လူ့လောကမှာ ကျရာနေရာကနေ ပါဝင်တာဝန်ထမ်းရွက် သင့်ပါတယ်။ ခြုံပြီး ပြောရမယ်ဆိုရင် အိမ်ထောင် ထိန်းသိမ်းရေး အလုပ်တစ်ခုတည်းပဲ၊ မိန်းမတို့ရဲ့ တာဝန်အဖြစ် မှတ်ယူမထားစေလိုပါ။ အခုခေတ် အမျိုးသမီးများဟာ မိမိဦးနှောက်နဲ့ ကြံရည်ဖန်ရည်ကို အသုံးချရတဲ့ လုပ်ငန်းရပ်များစွာတွေမှာ တာဝန်ယူ နေကြပြီဖြစ်ပါတယ်။ ပညာဆိုတာ ဘယ်ပညာမဆို တတ်မြောက်ထားဖို့ ကောင်းပါတယ်။ မိန်းကလေး ဆိုတာ စာတတ်စရာ မလိုဘူး၊ အိမ်ထောင်မှု ထိန်းတတ်ရင်ပြီးတာပဲဆိုတဲ့ ခေတ်က အဝေးကြီး ဝေးပြီး ကျန်ခဲ့ပါပြီ။ သူ့ခေတ် သူ့အခါကို လိုက်ပြီး သင့်တော်မှန်ကန်တဲ့ အတွေးအခေါ် အယူအဆများကို လက်ခံနိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် အမျိုးသမီးများဟာ မိမိတို့အစွမ်းအစရှိသလောက် ပညာ ဗဟုသုတကို ဆည်းပူးရှာမှီးပြီး၊ လောကကို အကျိုးပြုတဲ့ တာဝန်တွေကို ကျရာနေရာကနေ ထမ်းဆောင်နိုင်ကြကြောင်း တင်ပြ လိုက်ရပါတယ်။

mmala (RVA)

Jul 14, 2010

မေး/ဖြေ။ ဘာ့ကြောင့် ဖိနပ်မချွတ်ကြပါသလဲ။


မေး။
။ (ထွက်မြောက်ရာကျမ်း ၃း၅) မှာ "ဘုရားသခင်ကလည်း၊ မချဉ်းနှင့်သင်၏ ခြေနင်းကိုချွတ်လော့၊ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေ ဖြစ်သည်" လို့ မိုးဇယ်ကို မိန့်တော်မူပါတယ်။ ဒါပေမယ့် ဘုရားကျောင်း ဗိမာန်တော်အထဲ၊ ဘုရားရှင်ကျိန်းဝပ်ရာ၊ မစ္ဆားပူဇော်ရာ ဘုရားခန်းအတွင်းမှာ ရဟန်းဘုန်းတော်ကြီးများ ဖိနပ်မချွတ်သလို၊ ကက်သလစ်ဘာသာဝင်များလည်း ဘုရားကျောင်းထဲကို ၀င်တဲ့အခါမှာ ဖိနပ်မချွတ်ကြပါ၊ ကိုယ်တော်မြတ် ပင့်ယူတဲ့အခါမှာလည်း ဖိနပ်မချွတ်ကြပါ။ ဘာ့ကြောင့်ပါလဲ။


ဖြေ။ ။(ထွက်မြောက်ရာကျမ်း ၃း၅)ထဲက ထာဝရအရှင်ဘုရားသခင် မိုးဇယ်ကို မိန့်တော်မူခဲ့တဲ့" မချဉ်းနှင့်။ သင်၏ခြေနင်းကို ချွတ်လော့၊ သင်နင်းသောအရပ်ကား သန့်ရှင်းသောမြေ ဖြစ်၏"လို့ မြွက်တော်မူချက်ဟာ ပညတ်တော်မဟုတ်၊ ဓမ္မသတ်မဟုတ်။ ဖာရောဘုရင်ရဲ့ အမျက်တော်ဘေး၊ ဓါးဘေးကနေ လွတ်မြောက်ဖို့အတွက်၊ အီဂျစ်ပြည်ကနေ လောလောလပ်လပ် ထွက်ပြေးတိမ်းရှောင် လာတဲ့ အီဂျစ်ပြည်ဖွား၊ အီဂျစ်ပြည်မှာ ကြီးပြင်းခဲ့ရတဲ့၊ "ဟီဘရူး"အမျိုးသား မိုးဇယ်တစ်ယောက်၊ ဟောရပ်တောင်ပေါ် အရောက်မှာတော့ ချုံပုတ်တစ်ခုဟာ မီးတောက်မီးလျှံတွေနဲ့ လောင်ကျွမ်းနေပေမယ့်၊ ပြာကျ ကျွမ်းလောင်သွားခြင်းမရှိတဲ့ အံ့သြဖွယ်အဖြစ်ကို မိုးဇယ်က သွားအကြည့်မှာ ချုံပုတ်ထဲက အသံတော်ထွက်ပေါ်စေပြီး၊ မိုးဇယ်ကို ဒီနေရာဟာ သန့်ရှင်းတဲ့မြေ၊ ငါဘုရားရဲ့ တောင်တော်ဖြစ်တယ်၊ ဖိနပ်ချွတ်ပါလို့ မိန့်တော်မူလိုက်ခြင်းဟာ၊ မိုးဇယ်ကို မင်းထင်နေတဲ့ ရိုးရိုးမီးလောင်တဲ့ ချုံပုတ်မဟုတ်ဘူး၊ ငါဘုရားကိုယ်တော်မြတ်အနေနဲ့ ဟီဘရူး (ဂျူး)လူမျိုးတွေကို ဖါရောဘုရင်လက်က ကယ်တင်ဖို့ သင့်ကို အသုံးပြုမယ်ဆိုတဲ့ ခေါ်တော်မူခြင်းနဲ့တကွ၊ ဒီနေရာဟာ သန့်ရှင်းရာမြေတော်ဖြစ်လို့ အီဂျစ်ပြည်မှာ ကျင့်သုံးခဲ့တဲ့ ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ဘုရားကျောင်းကန် ပရ၀ုဏ် အတွင်းမှာလိုပဲ ဖိနပ်ချွတ်ပြီး ဘုရားကို ရိုသေလေးမြတ်ခြင်းပြုပါလို့ မိုးဇယ်ကို သတိပေးလိုက်ခြင်းဟာ အီဂျစ်ပြည်တခွင်မှာသာမက၊ အရှေ့တိုင်းသားများ အားလုံးရဲ့ ရိုးရာ ဓလေ့ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပါတယ်၊၊ ထာဝရအရှင်ဘုရားသခင်ရဲ့ အလိုတော်ရင်းကတော့၊ ငါဘုရားနဲ့ ပတ်သက်တဲ့အရာ ဟူသမျှအားလုံးကို ရိုသေလေးမြတ်ခြင်း ပြုပါလို့ ဆိုလိုခြင်းဖြစ်ပါတယ်၊ ဖိနပ်ချွတ်ခိုင်းခြင်းက ပညတ်တော် မဟုတ်ပါ။ ရိုသေလေးမြတ်ခြင်းပြုရန်က ဘုရားရှင်ရဲ့ အလိုတော်ပညတ် ဖြစ်ပါတယ်၊၊ ဒါ့ကြောင့် ဘုရားနဲ့ နွယ်သမျှ၊ တရားတော်နဲ့ နွယ်သမျှ၊ သာသနာတော်နဲ့ နွယ်နေသမျှသော အရာ သတ္တ၀ါဟူသမျှကို ရိုသေလေးမြတ်မှု အစဉ်ပြု နေရပါမယ်။

ရိုသေလေးစားခြင်း၊ ရိုသေလေးမြတ်ခြင်း ဆိုတာ ဘာလဲ။ အဓိပ္ပါယ်သိဖို့ လိုအပ်ပါတယ်။ ရိုသေလေးမြတ်ခြင်းဆိုတာ အမျိုးမျိုး ရှိပါတယ်။ လက်တွေ့ဆန်တဲ့အပိုင်းကိုပဲ
ရွေးထုတ်ဖော်ပြရမယ်ဆိုရင် တစ်ယောက်သောသူရဲ့ ခံစားချက်၊ ခံယူချက်၊ လိုအပ်ချက်၊ အတွေးအခေါ်၊ ဆင်ခြင်ယူဆချက်၊ အထင်အမြင်များကို ဦးစားပေးပြီး၊ ဆင်ခြင်စဉ်းစားပေးခြင်း၊ ဦးစားပေးပြီး ထောက်ထားညှာတာ ပေးခြင်းများပြုရမှာ ဖြစ်သလို၊ တစ်ယောက်သောသူရဲ့ တန်ဖိုးထားတဲ့ ခံစားချက်၊ တန်ဖိုးထားတဲ့ ခံယူချက် အတွေးအခေါ်၊ ဆင်ခြင်ယူဆချက် ထမြွှာ၊ တန်ဖိုးအထားဆုံးအရာ၊ တန်ဖိုးအထားဆုံးသော ပြုမူချက်များကို တန်ဖိုး ထားပြီး လက်ခံပေးခြင်း၊ အသိအမှတ်ပြုပေးခြင်း၊ နားထောင်ပေးခြင်း၊ ဟန်ဆောင်မှု ကင်းကင်းနဲ့ အတူပေါင်းဖေါ်ခြင်း၊ လက်ခံခြင်း၊ တစ်ဦးစီရဲ့ ပုဂ္ဂိုလ်ရေးအစွမ်းအစ၊ ခံယူချက်၊ တန်ဖိုးထားချက်များအားလုံးကို လေးစား တန်ဖိုးထားခြင်းတွေပဲ ဖြစ်ပါတယ်။

ထာဝရအရှင်ဘုရားသခင်ဟာ လူကို ဖန်ဆင်းတဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး မတူညီအောင် အစွမ်းကိုယ်စီပေးကာ၊ ဖန်ဆင်းတော်မူပြီး တစ်ဦးချင်းစီရဲ့ မတူညီတဲ့ အစွမ်းကိုယ်စီ၊ တန်ဖိုးထားမှုကိုယ်စီကနေ ထွက်ပေါ်လာတဲ့ ဆက်ကပ်မှု၊ တုန့်ပြန်မှု၊ ရိုသေလေးမြတ်မှုတို့ကို တန်ဖိုးထားပြီး၊ မြတ်နိုးမှုအပြည့်နဲ့ လက်ခံတော်မူတယ်၊၊ ဒါဟာ မိမိရဲ့ မဟာလက်ရာတော်ဖြစ်တဲ့၊ မိမိ ဖန်ဆင်းထားတဲ့ လူသားတစ်ဦးချင်းစီကို လေးစား၊ တန်ဖိုးထား လက်ခံတော်မူခြင်းပဲ ဖြစ်ပါတယ်။


ဒါ့ကြောင့် လူတိုင်းဟာ မိမိတို့တစ်ဦးချင်းစီရဲ့ တန်ဖိုးအထားဆုံးအရာ၊ အမြတ်နိုးဆုံးအရာနဲ့ ဘုရားရှင်တော်မြတ်ကို ရိုသေလေးမြတ်ခြင်း ပြုကြဖို့က မဟာဝတ္တရားကြီး ပင်ဖြစ်ပါတယ်။ တချို့ပုဂ္ဂိုလ်များဟာ ဘုရား ပန်းကပ်၊ ဆီမီး ဖယောင်းတိုင် ထွန်းညှိပူဇော်တဲ့ နေရာမှာ၊ ဖယောင်းတိုင်ကြီးကြီး၊ ပန်းပွင့်ကြီးကြီးတွေနဲ့ ပန်းတင်မှ၊ ဆီမီးပူဇော်ခြင်းများ ပြုရပါမှ အားရကျေနပ်ကြသလို၊ တချို့မှာ ဖယောင်းတိုင်ကြီးကြီးနဲ့ ပွင့်ကြီးကြီးများကိုမကြိုက်၊ ကဗျာဆန်ဆန် ပန်းသေးသေး၊ ကွေးကွေးလေးများကို ကြိုက်နှစ်သက်ကြပြီး၊ ဆီမီးပူဇော်တဲ့အခါမှာလည်း အရောင်မှိန်မှိန်လေးနဲ့ အတောက်သေးသေး မီးဇာလေးနဲ့ ဆီမီးပူဇော်ရပါမှ ကျေနပ်ပီတိ ဖြာနေတတ်ကြပါတယ်။ ဒါကို ပန်းပွင့်ကြီးကြီး၊ ဖယောင်းတိုင်ကြီးကြီးနဲ့ ပူဇော်ရပါမှ အားရ ကျေနပ်တတ်သူက ဖယောင်းတိုင်သေးသေး၊ ပန်းပွင့်သေးသေးကွေးကွေးလေးတွေကို ကဗျာဆန်ဆန် ပူဇော်ရပါမှ ကျေနပ်တတ်သူကို ကပ်စီးအိုး၊ ဖယောင်းတိုင်ဝယ်ရင်လည်း သေးသေးလေး၊ ပန်းဝယ်ရင်လည်း သေးသေးလေးဆိုပြီး အပြစ်တင်လိုက်ပါက သူ့ရဲ့ တန်ဖိုးထားမှု၊ မြတ်နိုးမှုအပြည့်နဲ့ ကဗျာဆန်ဆန် ရိုသေလေးမြတ်ခြင်း အပြည့်နဲ့ထားတဲ့ ဆီမီးသေးသေး၊ ပန်းကွေးကွေးလေးများကို ဘုရားရှင်တော်မြတ်က မြတ်နိုးမှုအပြည့်နဲ့ လေးစားတန်ဖိုးထားလျက် လက်ခံတော်မူသော်ငြားလည်း၊ ဒါကို အမြင်လွဲလျက် ဝေဖန်သူမှာ တစ်ဖက်သူရဲ့ တန်ဖိုးထားမှု၊ မြတ်နိုးမှုများကို မလေးစားရာ၊ နားမလည်ရာ ရောက်ပါတော့တယ်။

ကမ္ဘာ့ အနောက်တိုင်းသားများ မှန်ရင် ကျောင်းကန်ဘုရားမဆိုထားနဲ့ ဘယ်လိုပါတီပွဲများကိုပဲ သွားသွား အမျိုးသမီးများအနေနဲ့ စိတ်တိုင်းကျ မလုံမလဲ၊ ဖယိုဖရဲဝတ်ပြီး သွားနိုင်လာနိုင်၊ ၀င်ထွက်နိုင်ကြပေမဲ့၊ အမျိုးသားများက ဘွတ်နဲ့ ရွှတ်နဲ့၊ ကုတ်အကျီင်္နဲ့၊ နက်တိုင်နဲ့ အပြည့်ဝတ်ဆင်ပါမှ ပါတီပွဲကို(သို့) ကျောင်းကန်ဘုရားကို ရိုသေရာ ရောက်တယ်ဆိုတဲ့ ရိုးရာ၊ ဓလေ့တန်ဖိုးထားချက်ကြောင့် တချို့သောပွဲတွေမှာ၊ တိုက်တာ အဆောက်အဦးများထဲမှာ ဘွတ်ဖိနပ်၊ ရှုးဖိနပ်မပါက ၀င်ခွင့်မရှိ၊ ညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်များနဲ့တောင် ၀င်ရောက်ခွင့် မရှိပါ၊၊ ဒါပေမယ့် အရှေ့တိုင်းရိုးရာ ဓလေ့ယဉ်ကျေးမှုများမှာ ကျတော့ အမျိုးသားတွေအနေနဲ့ ပြဿနာမရှိပေမယ့်လည်း၊ အမျိုးသမီးများတွေ ဒူးပေါ် ပေါင်ပေါ် အ၀တ်အစားများ ၀တ်ဆင်သွားရင် အများ အမြင်မသင့်ဆိုပြီး နှာခေါင်းရှုံ့လေ့ ရှိကြတယ် မဟုတ်လား။ ဖိနပ်စီးခြင်းနဲ့ ပတ်သက်ပြီး အရှေ့တိုင်းမှာ ကျောင်းကန်ဘုရားမဆိုထားနဲ့ အိမ်ထဲဝင်ရင်တောင် ဖိနပ်စီးပြီး မ၀င်၊ ဖိနပ်စီး ၀င်ရင် ရိုင်းစိုင်းရာကျတယ်ဆိုတာ အများခံယူချက်ပါပဲ။ တချို့ ကပ္ပလီလူမျိုးများအတွက် အ၀တ်မပါ၊ ကိုယ်ထီးတည်းနဲ့ ဘုရားဝတ်ပြုခြင်းဟာ မရိုင်းပေမယ့်လည်း၊ မြန်မာလူမျိုးများအတွက်ကတော့ ကျောင်းကန် ဘုရားသွားသွား၊ လူကြီးလူကောင်းရှေ့မှာပဲ သွားသွား၊ လုံလုံခြုံခြုံ ၀တ်ဆင်ပြီးမှပဲ သွားလေ့ရှိတယ်။ အရှေ့အလယ်ပိုင်းဒေသများက အမျိုးသမီးတွေဆို ခေါင်းမြီးပင် ခြုံထားကြပါတယ်။ မြန်မာလူမျိုးများအတွက် ဖိနပ်ချွတ်ပြီး သွားခြင်းဟာ ဘုရားကျောင်းကန်ကို မဆိုထားနဲ့ လူကြီးသူမများကို ရိုသေရာဂါရ၀ပြုရာ ရောက်ပေသော်လည်း အနောက်နိုင်ငံသားများ အဖို့ကျတော့ ရိုင်းပြတဲ့ အမှုပြုရာ ရောက်နေပြန်ပါတယ်။

ဒါကြောင့် (ထွက်မြောက်ရာကျမ်း ၃း၅) ထာဝရဘုရားသခင်က မိုးဇယ်ကို မိန့်မြွက်တော်မူတဲ့ စကားတော်မြတ်ရဲ့ ဆိုလိုရင်း ကတော့၊ ငါ ဘုရားကိုယ်တော်မြတ်နဲ့ နွယ်သမျှသော ငါဘုရားရဲ့ သာသနာတော်၊ အသင်းတော်နဲ့ နွယ်သမျှသော လူပုဂ္ဂိုလ်၊ အရာခပ်သိမ်းအားလုံးတို့ကို ရိုသေလေးစားခြင်း၊ ရိုသေလေးမြတ်ခြင်းပြုကို ပြုကြရမယ်။ ဒါဟာ ငါဘုရားကိုယ်တော်ရဲ့ အလိုတော်မြတ်ပဲ ဖြစ်ပါတယ်။ မိမိတို့ ဦးထိပ်ထားဆုံးသောအရာ၊ တန်ဖိုးထားဆုံးသော အရာ၊ အမြတ်နိုးဆုံးသောအရာတွေ အားဖြင့် စိတ်အား ရှိသမျှ၊ ဥာဏ်ရှိသမျှ၊ အစွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ရိုသေကြပါ၊ ရိုသေလေးမြတ်ခြင်း ပြုကြပါ။ ရိုသေလေးမြတ်ခြင်းသည် ခရစ်ယာန်တိုင်း ပြုကို ပြုရမည့် ၀တ္တရားဖြစ်ပါတယ်ဆိုတာသာ အဓိကနားလည်ခံယူရမယ့် အရာဖြစ်ကြောင်း ဖြေကြားလိုက်ရပါတယ်။

ဘုန်းဘုန်းဒိုမီနစ်ဂြိုလ်တု

Jul 11, 2010

စုံစမ်းနှောင့်ယှက်ခြင်းကို အောင်မြင်ခြင်း


စုံစမ်းနှောင့်ယှက်ခြင်းကို အောင်မြင်ခြင်း


လူသားတွေဟာ မကောင်းမှုနဲ့ ကောင်းမှု၊ ဒုစရိုက်နဲ့ သုစရိုက်ကြားမှာ အမြဲရုန်းကန်နေရတာ သံသယရှိစရာ မလိုတော့ပါဘူး။ နေ့စဉ် သတင်းစာ၊ ဂြိုလ်တု၊ ရုပ်မြင်သံကြားကြည့်လိုက်တာနဲ့၊ ရေဒီယိုနားထောင်လိုက်တာနဲ့ အကြမ်းဖက်မှုတွေ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ လူ့အသက် သေဆုံး၊ သတ်ဖြတ်မှုတွေအကြောင်း နေ့စဉ်နေ့တိုင်း ပြောင်ပြောင်တင်းတင်း၊ ရှင်းရှင်းလင်းလင်း မြင်နေကြား နေရတာတွေက သက်သေပါပဲ။ ဒါတွေက ဘာကြောင့် ဖြစ်နေတာလဲ၊ ဘာတွေ မှားယွင်းနေတာလဲ။


ဒီမေးခွန်းတွေကို ရိုးရိုးသားဖြေရရင်တော့ လူသားတွေ မှားနေတာပါပဲ၊ လူသားရဲ့ ဇာတိထဲမှာကိုက မကောင်းမှုဖက်ကို ယိမ်းယိုင်မှု ရှိနေပါတယ်။ ဒါဟာအပြစ်ရဲ့ အကျိုးဆက်ဖြစ်လို့ ကျွန်တော်တို့ လူသားအားလုံး တစ်ဦး မကျန် ဟာ ဒီအပြစ်နဲ့ ရုန်းကန်တိုက်ခိုက် နေရပါတယ်။ ပြင်းထန်လှတဲ့အပြစ်၊ မကောင်းမှုဒုစရိုက်ရဲ့ နောက်ကွယ်ကနေ တွန်းအားပေးနေတဲ့ အင်အားစုတစ်ခုကတော့ ရှိကိုရှိရ ပါလိမ့်မယ်။
ဒါကတော့ ရှည်ရှည်၊ ဝေးဝေးစဉ်းစား နေစရာ မလိုပါဘူး၊၊ စာတန်လို့ခေါ်တဲ့ နတ်ဆိုး၊ နတ်မိစ္ဆာ အဖျက်အင်အားစုများပင် ဖြစ်ပါတယ်၊ နတ်ဆိုး နတ်မိစ္ဆာ အဖျက်အင်အားစုတွေဟာ ကျွန်တော်တို့ အလယ်မှာ အသက်ရှင်လှုပ်ရှားနေပြီး သူတို့ရဲ့ ပန်းတိုင်က ကျွန်တော်တို့ကို နှောင့်ယှက်ဖျက်ဆီးဖို့၊ ကျွန်တော်တို့လူသားတွေကို အသုံးချပြီး ဘုရားကို တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။

"တွေ့ကြုံရမည့် နှောင့်ယှက်မှုများ"
ခရစ်တော်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းအကြောင်းကို ကျမ်းစာထဲမှာ တွေ့ရတဲ့အတိုင်း၊ စုံစမ်းခြင်းနဲ့ ပတ်သက်ပြီး ယေဘုယျ အမှန်တရား အချို့ကို ဝေမျှလိုပါတယ်။

ပထမဦးဆုံး ကျွန်တော်တို့ နားလည်ထားရမယ့် အချက်က နှောင့်ယှက်ခြင်းရဲ့ မူလအရင်းအမြစ်ဟာ နတ်ဆိုးဖြစ်ပါတယ်။ ဘုရားမဟုတ်ပါဘူး၊ ရှင်ယာကုတ်က သူရဲ့ သြ၀ါဒစာ(၁း၁၃)မှာ "စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသူသည်၊ ငါ့အား ထာဝရဘုရား စုံစမ်းသွေးဆောင်လျက်နေသည် ဟုမဆိုစေနှင့်။ မကောင်းမှုသည် ဘုရားသခင်အား မသွေးဆောင်နိုင်၊ ထို့ပြင် ကိုယ်တော်တိုင် အဘယ်သူကိုမျှ စုံစမ်း သွေးဆောင်တော်မမူ" လို့ ဆိုထားပါတယ်။

ဒုတိယ သိထားသင့်တဲ့အချက်ကတော့ စုံစမ်းနှောင့်ယှက်ခြင်းတွေဟာ အပြစ် မဟုတ်ဘူး ဆိုတာပါပဲ။နှောင့်ယှက်ခြင်းကို ခုခံတွန်းလှန် ရပါမယ်။ နှောက်ယှက်ခြင်းခံရပြီလို့ သိတာနဲ့ စိတ်ဓါတ် ကျမသွားရပါဘူး။ နှောင့်ယှက်ခြင်းဟာ အပြစ်မဟုတ်၊ အပြစ်ဆိုတာ နှောင့်ယှက်ခြင်းကို အရှုံးပေးလိုက်ပြီး နတ်ဆိုးရဲ့ အလိုကို အမှန်တကယ် ပြုလုပ်လိုက်ခြင်းသာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ နှောင့်ယှက်ခြင်း မခံရတဲ့သူ ဘယ်သူမှမရှိဘူး၊ အားလုံးဟာ တစ်ချိန်မဟုတ် တစ်ချိန်(သို့) မကြာခဏဆိုသလိုပဲ နှောင့်ယှက်ခြင်း ခံရနေရမှာသာ ဖြစ်ပါတယ်။ တကယ်တန်းပြောရရင်တော့ နေ့စဉ် ကျွန်တော်တို့ ရွေးချယ်လုပ်ကိုင်ရတဲ့ အမှုတိုင်း၊ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ စုံစမ်းနှောင့်ယှက်ခြင်းတွေ ပါဝင်နေပြီး ဒါတွေကို ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့ နေကြပါတယ်။

စတုတ္ထအချက်ကတော့ နှောင့်ယှက်ခြင်းရဲ့ အင်အားဟာ လူသားရဲ့ လိုချင်တပ်မက်မှု ဆန္ဒထဲမှာ တွေ့ရပါတယ်။ (ရှင်ယာကုပ်၁း၁၄)မှာလည်း "လူသည် စုံစမ်းသွေးဆောင်ခြင်း ခံရသည်ဆိုသည်မှာ မိမိ၏ ဆိုးညစ်သော လိုအင်ဆန္ဒ ဆွဲဆောင်ရာ နောက်သို့ လိုက်ပါခြင်းပင် ဖြစ်သည်။ ထို လိုအင်ဆန္ဒသည် သန္ဓေယူကာ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ အပြစ်ဒုစရိုက် ကြီးပြင်းလာသောအခါ သေခြင်းကို မွေးဖွားလေ၏"လို့ သတိပေးထားပါတယ်။

ပဉ္စမနဲ့ အရေးကြီးဆုံး နားလည်ကျင့်သုံး ရမယ့် အချက်ကတော့ နှောင့်ယှက်ခြင်း ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲပြင်းထန်၊ပြင်းထန် ထွက်ပေါက်ရှိပါတယ်။ မခုခံတွန်းလှန်နိုင်တဲ့ နှောင့်ယှက်ခြင်းမျိုးဆိုတာ မရှိနိုင်ဘူးဆိုတာပါပဲ။ (၁ကော၁၀း၁၃)မှာ "ထာဝရဘုရားသည် ကတိတည်တော်မူသောအရှင် ဖြစ်တော်မူသဖြင့် သင်တို့အား မိမိတို့ခံနိုင်သည်ထက်ပို၍ စုံစမ်းနှောင့်ယှက်ခြင်းကို ခံစေတော်မူလိမ့်မည် မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်၌လည်း ခံထမ်းနိုင်သော ခွန်အားကို ပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်"လို့ ဆိုကာ နှောင့်ယှက်ခြင်းကို တွန်းလှန်နိုင်မှာဖြစ်ကြောင်း တရားပေးထားပါတယ်။ ဒါဟာ (ဟေဗြဲ၎း၁၅)အတိုင်း လူသားတွေနည်းတူ စုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရတဲ့ ခရစ်တော်ဟာ ကျွန်တော်တို့ကို သေချာပေါက် ကူညီဖေးမမယ် ဆိုတာ သိစေတာပါပဲ။


"နတ်ဆိုး၏ ပရိယာယ်"
(၂ကော၂း၁၁)မှာ "ငါတို့သည် စာတန်၏ ပရိယာယ်များကို သိကြ၏။ သို့မှသာ ငါတို့ အပေါ်အနိုင် မရစေရန် တားဆီးနိုင်ပေမည်"လို့ ဆိုထားပါတယ်။ သမ္မာကျမ်းစာမှာ ပါရှိတဲ့အတိုင်း ခရစ်တော်အပေါ် စာတန်နတ်ဆိုးရဲ့ တိုက်ကွက် ပရိယာယ်နဲ့ နတ်ဆိုးကို ဘယ်လို အောင်နိုင် လိုက်သလဲဆိုတာကို သိရှိပါတယ်။ ခရစ်တော် နှောင့်ယှက်ခြင်းခံရတဲ့ အချိန်က ဂျော်ဒန်မြစ်မှာ ဆေးကြောခြင်း ဗတ္တိဇံမင်္ဂလာခံပြီးစ အချိန်၊ ခမည်းတော်ဘုရားက သားတော်ရဲ့ သာသနာလုပ်ငန်း၊ ကယ်တင်ခြင်း လုပ်ငန်းတော်ကြီးအတွက် အသိအမှတ်ပြုကာ သူချစ်မြတ်နိုးရတဲ့ သားတော်အဖြစ် သက်သေခံပေးထားလို့ ခံယူချက်တွေအပြည့်နဲ့ စိတ်အားထက်သန်နေတဲ့ အချိန်၊ ရက်(၄၀)ပတ်လုံး အစာရေစာရှောင်ကာ ဥပုသ်စောင့်ပြီးစမို့ ၀ိညာဉ်ခွန်အားတွေနဲ့ ပြည့်ဝအားတက်နေတဲ့အချိန် ဖြစ်ပါတယ်၊၊ ဆိုလိုတာက ခရစ်တော် စုံစမ်းနှောင့်ယှက်ခြင်း ခံရတဲ့အချိန်ဟာ သူ့ဘ၀မှာ ဘုရားတရားနဲ့ ပြည့်ဝနေလို့ အကောင်းဆုံး၊ ၀မ်းအသာဆုံး၊ အဆင့်မြင့်ဆုံး အထွတ်အထိပ်ရှိချိန် ဖြစ်တယ်ဆိုတာ မမေ့သင့်ပါ။ ဒီအချိန်မှာပဲ နတ်ဆိုးက လာပြီး "အရှင်သည် ထာဝရဘုရား၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို မုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ"လို့ နှောင့်ယှက်လာပါတယ်။

ဆေးကြောခြင်းမင်္ဂလာခံစဉ်က ထာဝရ ဘုရားရဲ့သားတော်ဖြစ်တယ်လို့ ခမည်းတော်ဘုရား သက်သေခံတဲ့အတိုင်း၊ ခရစ်တော်ဟာ အမှန်တကယ်ပဲ သားတော်ဘုရား ဖြစ်တယ်။ ဒီအမှန်တရားနဲ့ပဲ နတ်ဆိုးက ခရစ်တော်ကို နှောင့်ယှက်ခဲ့ပါတယ်၊ ခရစ်တော်က သာမန်ပဲ ဆိုရင်တော့ ဒီလိုနှောင့်ယှက်ခြင်းမျိုးရှိမှာ မဟုတ်ပါဘူး။ ဒီလိုသဘောတရားအရ ကျွန်တော်တို့ရဲ့ အားသန်တဲ့အချက်၊ ခံယူချက်ပြည့်ဝတယ် ဆိုတဲ့အရာ၊ ငါကတော့ ဒီလိုလူစားမျိုးမဟုတ်ဘူး၊ ဒါမျိုး ဘယ်တော့မှ ငါမလုပ်ဘူးဆိုတဲ့ သဘောထားမျိုး စတဲ့အားကောင်းတယ်ဆိုတဲ့ အရာမျိုးမှာ နှောင့်ယှက်ခံရတာဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်အပေါ်ကို နတ်ဆိုးက အခွင့်ကောင်းယူပြီး နှောင့်ယှက်တာထက်၊ ပိုကြောက်စရာ ကောင်းပါတယ် ပိုပြီး အထိနာ တတ်ပါတယ်။

ကျွန်တော်တို့ ဘုရားတရားအားကောင်းနေတယ်၊ ကြည်ညိုနေတယ်ဆိုပြီး အားရကာ ဂုဏ်ယူနေရင်တော့ မိမိကိုယ်ကို ကျေနပ်အားရလို့ အောက်ခြေလွတ်ပြီး အောက်ပြန်ကျ တတ်ပါတယ်။ ဥပမာ-ဥပုသ်နေ့တိုင်း ဘုရားကျောင်း ကန်သွားလို့ သူတစ်ပါးက စံနမူနာယူစရာလို့ မိမိကိုယ်ကို ထင်နေတတ်ပေမယ့် မေတ္တာတရားနဲ့ တရားမျှတမှု ကင်းမဲ့ နေတတ်ပါတယ်။

ဒါတွေက လူသားအားသန်ချက်၊ ခံယူချက်ကိုအသုံးပြုပြီး နတ်ဆိုးကမသိလိုက်၊ မသိဖာသာ နှောင့်ယှက်တဲ့ နတ်ဆိုးရဲ့ ပရိယာယ်တိုက်ကွက် တစ်ခု ဖြစ်ပါတယ်။

နတ်ဆိုးဟာ သိကြားပျက်မို့လို့ အလွန်လိမ္မာပါးနပ်တဲ့အတွက် သတိထားဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့က ၀ိညာဉ်ခွန်အား အရှိဆုံး၊ဘုရားတရား ကြည်ညိုမှု အကောင်းဆုံးအချိန်ဆိုပြီး မကြွေးကြော်ဘဲ၊ နှိမ့်ချစွာနဲ့နေကာ နတ်ဆိုးရဲ့ တိုက်ကွက်ပရိယာယ်ကို အမြဲတမ်းစောင့် ကြည့်ရပါမယ်၊၊ ခရစ်တော်ကသူ့ရဲ့ ဘုရားတရား အကောင်းဆုံး၊ ခွန်အားအပြည့်ဆုံး အချိန် နတ်ဆိုးလာ နှောင့်ယှက်တဲ့အခါ၊ ဘယ်လိုများ ခုခံတိုက်ခိုက်ပြီး နတ်ဆိုးအပေါ် အောင်မြင်လိုက်ပါသလဲ၊ ဆိုတာကို ကြည့်ရင် အလွန်အင်မတန် ရိုးစင်းပြီး လူတိုင်းလည်း လိုက်နာကျင့်သုံးနိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ အဲဒါကတော့ "ကျမ်းစာလာသည်။ ကျမ်းစာတော်တွင် ပါရှိသည်"လို့ ခရစ်တော်ဆိုခြင်းပါပဲ။ နတ်ဆိုး နှောင့်ယှက်တဲ့အခါတိုင်းမှာ ခရစ်တော်ဟာ ကျမ်းစာ (ဓမ္မဟောင်းကျမ်းစာ)က ကျမ်းပိုဒ်တွေကို ကိုးကားပြီး ပြန်လည်ချေပကာ နတ်ဆိုးကိုအနိုင်ယူ ချေမှုန်းခဲ့ပါတယ်။ ပထမနှောင့်ယှက်ခြင်းမှာတော့ နတ်ဆိုးက ခရစ်တော်ရဲ့ အားနည်းမှုလို့ ဆိုနိုင်တဲ့ ရက်(၄၀)အစာရှောင်ဆုတောင်း အပြီး၊ ဆာလောင်နေတာကို သူရဲ့ နည်းပရိယာယ် တိုက်ကွက်အဖြစ် အားနည်းချက်ကို အခွင့်ကောင်းယူကာ "ဘုရားသားတော်မှန်ရင် ဒီကျောက်ခဲတွေကို စားစရာဖြစ်လာစေရန် အမိန့်ပေးပါလို့" ဆိုခဲ့ပါတယ်။ ဆာလောင်မွတ်သိပ်နေတဲ့ အချိန်မှာ အစားအသောက်နဲ့ နှောင့်ယှက်ပါတယ်။ ဒါနဲ့ ခရစ်တော်က "လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်၊၊ ထာဝရဘုရား၏ နှုတ်တော်ထွက်စကားအားဖြင့် အသက်ရှင်ရမည်ဟု ကျမ်းစာလာ၏"လို့ မိန့်တော်မူခဲ့ပါတယ်။ ဒုတိယနဲ့ တတိယနှောင့်ယှက်ခြင်းများမှာလည်း ခရစ်တော်က ကျမ်းစကားကို အသုံးပြုကာ အသက်ရှင် နေထိုင်ပြခဲ့လို့၊ နောက်ဆုံး နတ်ဆိုးဟာ ခရစ်တော်ထံက ဆုတ်ခွာသွားခဲ့ရပါတယ်။ "ကျမ်းစာလာသည်။ ကျမ်းစာတော်၌ ပါရှိသည်"ဆိုတဲ့ အဓိပ္ပါယ်က ဘုရားရှင်ရဲ့ နှုတ်ကပတ်တရားတော် သမ္မာကျမ်းစာဟာ၊ ကျွန်တော်တို့ရဲ့ ဘ၀အသက်တာမှာ နေထိုင် လိုက်ကျင့်ကာ အသက်ရှင်ဖို့ ထာဝစဉ်တည်မြဲတဲ့၊ ပြောင်းလဲမှုမရှိတဲ့ လမ်းညွှန်ဥပဒေဖြစ်တယ်၊ ခေတ်အဆက်ဆက် မှန်ကန် သင့်လျော်နေတယ်၊ သမ္မာကျမ်းစာနဲ့ အသက်ရှင်ကြပါလို့ နှိုးဆော်နေတာပါပဲ။ ဒီတော့ဘုရားရဲ့ နှုတ်ကပတ်တော်ကျမ်းစာဟာ ဘုရားရှင်ရဲ့ အလိုတော်အတိုင်း ပြုကျင့်၊ နေထိုင်ရေးနဲ့ နတ်ဆိုးကို နှိမ်နင်း အောင်မြင်ဖို့ အဓိကလက်နက်တစ်ခု၊ ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အဓိက ကဏ္ဍတစ်ခုအဖြစ် အရေးကြီးလှပါတယ်။

"နှောင့်ယှက်ခြင်းများကို ခုခံ တွန်းလှန်နည်းများ"
ခြုံပြီးပြောရရင်တော့ နှောင့်ယှက်ခြင်းကို ခုခံတွန်းလှန်ဖို့ အောက်ပါနည်းလမ်းများကို အသုံးပြုရပါမယ်။ ကျွန်တော်တို့ရဲ့ ရန်သူ နတ်ဆိုးဟာ လိမ္မာပါးနပ် ကောက်ကျစ်ပြီး ကျွန်တော်တို့ဆီကို အချိန်မရွေး နှောင့်ယှက်နိုင်တယ်ဆိုတာကို သိရှိ လက်ခံထားရပါမယ်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် မိမိဘ၀မှာ လက်ခံထားလို့ ဘုရားတရားရှိလို့ နှောင့်ယှက်ခြင်းတွေ မရှိတော့ဘူး၊ မလာတော့ဘူးလို့
ထင်ရင် လုံးဝ မှားပါလိမ့်မယ်၊ ကျွန်တော်တို့ဟာ နတ်ဆိုးရဲ့ ဦးတည်ချက်၊ ပစ်မှတ်ဖြစ်ပါတယ်၊၊ ရှင်ပေတရူးက "သတိနှင့် စောင့်နေကြလော့၊ သင်တို့၏ ရန်သူ စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့၊ အဘယ်သူကို ၀ါးမျိုရမည်နည်းဟု လှည့်လည် ရှာဖွေလျက်ရှိသည်"လို့ သတိပေးထားပါတယ်၊၊ အဆင်သင့်ပြင်၊ ကြိုတင်တွက်ထားမှသာ တကယ်လာရင် သိပြီး ခုခံနိုင်ပါလိမ့်မယ်။ နတ်ဆိုးရဲ့ ပရိယာယ်နဲ့တိုက်ကွက်ကို သတိထားရပါမယ်၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြရပါမယ်၊၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးက ရန်သူ၊ နတ်ဆိုးတိုက်ခိုက်တဲ့ နေရာဖြစ်လို့ သူ့ရဲ့ လွမ်းမိုးမှုမခံရအောင် ကာကွယ်ရပါမယ်။ (၂ကော ၁၁း၃) မှာ "ဧ၀သည် မြွေ၏ ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စား ခံရသကဲ့သို့ သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အား အကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကို စွန့်လွှတ်လိုက်ကြမည်လောဟု ငါစိုးရိမ်၏"လို့ ရှင်ပေါလူးက စိတ်နှလုံး လမ်းလွဲမသွားစေဖို့ သတိပေးထားပါတယ်။ (ပေ ၁း၁၃) မှာလည်း ရှင်ပေတရူးက "သင်တို့သည် နိုးကြား၍ သမ္မာသတိ ရှိကြလော့။ မသိ နားမလည်စဉ်အခါက မိမိတို့၏ စိတ်ဆန္ဒရှိသည့်တိုင်း ပြုကျင့်သကဲ့သို့ ဆက်လက်၍ မပြုကျင့်ကြနှင့်။ ခရစ်တော် ကြွလာသောအခါ သင်တို့ခံစားရမည့် ကျေးဇူးတော်ကို ဇဝေဇ၀က် စိတ်မရှိဘဲ စောင့်မျှော်၍ နေကြလော့"လို့ နှိုးဆော်ပါတယ်။ နောက်တစ်ချက်ကတော့ လူသားပီပီ အပြစ်ဖက်ကို အလိုလို ယိမ်းယိုင်မှု၊ အသွေးအသားနဲ့ ဖွဲ့စည်းထားလို့ ကျွန်တော်တို့ရဲ့ အားနည်းမှု၊ ကန့်သတ်ချက်ရှိမှုတို့ကို သိရှိ နားလည်ထားရပါမယ်။

ငါဟာ နှောင့်ယှက်ခြင်းနဲ့ ကင်းလွတ်တယ်လို့ အထင်ရှိခြင်းဟာ နှောင့်ယှက်ခြင်းထဲကျဖို့ အလွယ်ကူဆုံး ဖြစ်ပါတယ်။ (၁ကော ၁၀း၁၂)မှာ "မိမိကိုယ်ကိုမိမိ ဖြောင့်မတ်တည် ကြည်သည်ဟု ထင်သောသူသည် မယိုင်မလဲစေရန် သတိပြုလော့"လို့ ရှင်ပေါလူး သတိပေး ထားပါတယ်။ မိမိရဲ့ အားနည်းချက်နဲ့ ကန့်သတ်ချက်ကို သိမထားရင် နှောင့်ယှက်ခြင်း ရှောင်နိုင်ဖို့ လုံလောက်တဲ့ ကြိုတင်သတိထား ပြင်ဆင်မှုကို ဘယ်တော့မှ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ အားနည်းချက်သိထားရင် အပြစ်ထဲကို ပို့ဆောင် ကျဆင်းစေမဲ့နေရာနဲ့ အခြေနေမျိုးကနေ ဝေးဝေး ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ ဘုရားသခင်ရဲ့ ကူညီစောင်မခြင်း ကျေးဇူးတော်ကို အမှီပြုဖို့ ဖြစ်ပါတယ်။ (ဧဖက်သြ၀ဒစာ ၆း၁၁-၁၈)မှာ စာတန်ရဲ့ပရိယာယ်များကို ခုခံကာကွယ်နိုင်ဖို့ရန် ထာဝဘုရားရဲ့ လက်နက်စုံဖြစ်တဲ့ သစ္စာတရား၊သမ္မာသတိ၊ယုံကြည်ခြင်း၊ကယ်တင်ခြင်းတို့ကို ကိုင်ဆွဲဖို့နဲ့ နှုတ်ကပတ်တော်ဆိုတဲ့ သမ္မာကျမ်းစာ ဓါးကို ကိုင်ဆွဲဖို့ နှိုးဆော်ထားပါတယ်၊ အထူးသဖြင့် "သင်တို့အား ကူညီစောင်မတော်မူရန် ဘုရားရှင်အား အစဉ်အမြဲ ဆုတောင်းကြလော့၊ ၀ိညာဉ်တော် ညွှန်ကြားတော်မူသည့် အတိုင်း အခါခပ်သိမ်း ဆုတောင်းကြလော့"လို့ တိုက်တွန်းထားပါတယ်၊၊ "ဘုရားသခင်မတတ် နိုင်တဲ့အရာ ဘာမှမရှိလို့" (ရှင်လုကာ ၁း၁၇)မှာ ဆိုသလိုမျိုး၊ ရှင်ပေါလူးလည်း (ဖိလိပိ၎း၁၃)မှာ "ခရစ်တော်ထံမှရရှိသည့် ခွန်အား၊ ကျေးဇူးတော်အားဖြင့် ငါသည် မည်သည့် အခြေအနေမျိုးကိုမဆိုရင် ဆိုင်နိုင်သော ခွန်အားရှိ၏"လို့ ကြွေးကြော်စေနိုင်တာ ကျွန်တော်တို့အတွက် သင်ခန်းစာပင် ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့အားလုံး နတ်ဆိုးကို နိုင်နင်းကာ၊ အောင်ပွဲခံရပါလိမ့်မယ်။ (၁ကော၁၀း၁၂၊၁၃)မှာ သင်တို့ တွေ့ကြုံရတဲ့ စုံစမ်းနှောင့်ယှက်ခြင်းများဟာ လူအပေါင်းတို့ တွေ့ကြုံနေကျ သာမန် စုံစမ်း နှောင့်ယှက်ခြင်းများသာဖြစ်တယ်။ ထာဝရ ဘုရားဟာကတိတည်တော်မူတဲ့ အရှင် ဖြစ်လို့ သင်တို့အားနဲ့ ခံနိုင်တာထက်ပိုပြီး၊ စုံစမ်းနှောင့်ယှက်ခြင်းကို ခံစေတော်မူမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဘုရားသခင်က စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်မှာ လိုအပ်တဲ့ ခွန်အားကိုပေးပြီး၊ လွတ်မြောက်ရန် လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။ (ဗျာဒိတ်၁၂း၁၁)မှာတော့ ဘုရားရဲ့လူမျိုးတော်ဟာ စာတန် မာရ်နတ်ကို အောင်ပွဲခံတဲ့အကြောင်း ဖတ်ရပါတယ်။ (ယာကုတ်၎း၇)မှာလည်း "စာတန်မာရ်နတ်ကို ခုခံ တိုက်ခိုက်ကြလော့၊ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးလိမ့်မည်"လို့ ဆိုထားပါတယ်။ စုံစမ်းနှောင့်ယှက်ခြင်းများကို အောင်နိုင်သူများ ဖြစ်ကြပါစို့။

ဘုန်းတော်ကြီးတစ်ပါး

Jul 7, 2010

သန္နိဋ္ဌာန်


သန္နိဋ္ဌာန်

သေခြင်း.....။
စီရင်စစ်ကြောခြင်း....။
ငရဲ....။
ကောင်းကင် သုခချမ်းသာ.....။

သတိချပ်စရာ - ရင်မှာနှလုံးသွင်း
ငါ - ကြီးပြင်းခဲ့ပေမဲ့
စာတန်ရဲ့ ကျော့ကွင်း
သက်ဆင်းမိတဲ့ တစ်နေ့၊
သခင်ရဲ့ရှေ့မှာ
ရှက်စရာတွေ ကပ်ငြိ
နောင်တ အတိနဲ့ငါ ...
အာရုံမှာ ပြန်ကြား-
နှုတ်ကပတ်တော် စကားများလေ
"ယုံကြည်ခြင်း မရှိ
ဖောက်ပြန်သော အမျိုး၊
ငါသည် သင်တို့နှင့်တကွ
အဘယ်မျှ ကာလပတ်လုံး
နေရမည်နည်း" တဲ့။

အသိမဲ့ မိုက်တွင်း
ခုန်ဆင်း မိသူမှာ
ဒုစရိုက် အပြစ်ဖုံး
ယူကျုံးမရ ကြေကွဲ
ဒွန်တွဲတဲ့ မျက်ရည်
ရင်ထဲမှာလေ
ဒီကနေ့မှစ
အသက်တာလှဖို့
ကားတိုင်ကိုထမ်း
သခင့်ရဲ့လမ်းမှာ
ကိုယ့် အလိုငြင်းပယ်
အတ္တခ ၀ါချ
နေပြပါတော့မယ် သခင်.....။ ။

မှီငြမ်း(ရှင်မာကူး ၉း၁၉-၂၀)

ဆီးလ်ဘက်(ဆင်လူး)

Jul 5, 2010

ကျမ်းစကားများနှင့်အားယူခြင်း


ကျမ်းစကားများနှင့်အားယူခြင်း

"ငါတို့ ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့ ခံယူကြသောအခါ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ ယုံကြည်ခြင်းသို့ရောက်သော၊ သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည့် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏" (ပ သက်၂း၁၃)။

"ရတ်ချက်ဝမ်းဘရန့်"ဆိုသူသည် ကွန်မြူနစ်တို့၏ အကျဉ်းထောင်အတွင်း၌ ထောင်ဒဏ်(၁၄)နှစ်ကြာ ကျခံနေရခဲ့စဉ် အကျဉ်းသားသစ် "အဲဗရန့်"ဆိုသူ ရောက်လာသည့်နေ့ကို သူပြန် သတိရနေသည်။ အဲဗရန့်သည် ဒဏ်ရာရလာပြီး အစောင့်များ ထွက်သွားသည့် အခါ သူ့ရင်ဘတ်အတွင်းမှ အလွန်သေးငယ်သော စာအုပ်လေးတစ်အုပ်ကို ဆွဲထုတ်လိုက်သည်၊ ပြီးသည်နှင့် ယင်းစာအုပ်ငယ်လေးကို ဖတ်တော့သည်၊၊ အခန်းတွင်းရှိ အခြားအကျဉ်းသားများ အားလုံးက သူ့ကို စိုက်ကြည့်နေသည်။ အဘယ့်ကြောင့်ဆိုသော် အကျဉ်းသားများသည် စာအုပ်ဆိုသည့်အရာကို မမြင်ဖူးကြသည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်၏။ ယင်းစာအုပ်ငယ်လေးသည် သမ္မာကျမ်းစာ ဖြစ်သည်။ အဲဗရန့်ကလည်း သူအဖမ်းခံရချိန်၌ ယင်းစာအုပ်ငယ်ကို မနည်း ကြိုးစား၍ ဖွက်ခဲ့ရသည်၊ ရင်ဘတ်အတွင်း၌ ဖွက်နိုင်ခဲ့သည်။

ထိုနေ့မှစ၍ အလွန်တန်ဖိုးရှိသော၊ ရတနာသဖွယ်ဖြစ်သည့် စာအုပ်လေးကို တစ်ယောက်ပြီးတစ်ယောက်၊ တစ်လက်ပြီးတစ်လက် ပြောင်း၍ ဖတ်ခဲ့ကြသည်။ မည်မျှ ဖတ်ခဲ့ကြသနည်းဆိုလျှင်၊ အကျဉ်းသား အားလုံး အလွတ်နီးပါးရသည်အထိ ဖြစ်ခဲ့၏။ နေ့စဉ်လည်း တရားဆွေးနွေး ဖြစ်ကြသည်။ ခွန်အားသစ်များစွာ ရရှိခဲ့ကြလေသည်။

သမ္မာကျမ်းစာကို မိမိတို့ကိုယ်တိုင် နားလည်သဘောပေါက်မှုနှင့် နေ့စဉ်တရား ကျင့်ကြံခဲ့ခြင်း၏ အကျိုးသက်ရောက်မှုသည် မည်မျှ အစွမ်းထက်ပါသနည်း။

"ဘုရား၏ နှုတ်ကပတ်တော်များ ရေးထားသည့် စာအုပ်သည် စာအုပ်တစ်အုပ်မဟုတ်၊ သက်ရှိစွမ်းအင်တစ်ခု ဖြစ်သည်" (နပိုလီယံဘိုနာပတ်)


REF: Mark, Link.SJ.

ခရစ်ဂျိုးဇက် (ကန်တော်မြေ)


Jul 4, 2010

လျှာဒုစရိုက်

လျှာဒုစရိုက်
(ယာ ၁း၂၆)

သေးငယ်သော်ငြား
သူအင်အားက မြို့ရိုးကျုံးပတ်
ကာရံထပ်၍

စစ်သည်ထောင်၊သောင်း
အင်အားကောင်းလည်း
မွမွကြေအောင်လည်း
သူစွမ်းဆောင်၏။

သေးငယ်သော်ငြား
သူ့အင်အားက
မေတ္တာချစ်ခြင်း
ပျက်ယိုယွင်း၍
အမုန်းသိုဝှက်
ရန်ငြိုးဖက်အောင်
သူစွမ်းဆောင်၏။

သေးငယ်သော်ငြား
သူ့အင်အားက
စည်းလုံးညီကြောင်း
အင်အားပေါင်းစု
ဖြတ်ထုခွဲချေ
ဝါးစည်းပြေအောင်
သူစွမ်းဆောင်၏။

ငယ်ပင်ငယ်ငြား
သူ့အင်အားသည်
မုသားပင်လယ်
အဏ္ဏ၀ါကျယ်ကို
မှီတွယ်အားစု
ခံတပ်ပြု၏။

မြေကြီးသား(တွတ္တမူ)


Jul 3, 2010

တွေ့ဆုံနှီးနှောဖလှယ်ခြင်းက သာသနာပြုခြင်းနဲ့လုံးဝမတူညီပါ


တွေ့ဆုံနှီးနှောဖလှယ်ခြင်းက သာသနာပြုခြင်းနဲ့လုံးဝမတူညီပါ


လူတိုင်းမှာ မိမိရဲ့ယုံကြည်ခြင်းကို တစ်ခြားနည်းမှန်၊ လမ်းမှန်တွေနဲ့ တစ်ခြားသူတွေနဲ့မျှဝေပြီး သာသနာပြုနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာကို အခိုင်အမာ သဘောပေါက်ပြီးပြီဆိုရင်၊ တစ်ချိန်ထဲမှာ သတိပြုရမဲ့ နောက်တစ်ချက်က သာသနာပြုခြင်းနဲ့ တွေ့ဆုံနှီးနှောခြင်းတို့ဟာ လုံးဝမတူညီဘူးဆိုတာကို ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုနှစ်ခုမှာ ခြားနားတဲ့ ရည်စူးချက်နှစ်ခုရှိတယ်။ ရယူ ရမဲ့ ဦးတည်ချက်၊ ပန်းတိုင်ကလည်း မတူပါဘူး။ တွေ့ဆုံနှီးနှောခြင်း(Dialogue) အားဖြင့် ဘာသာအယူဝါဒ မတူညီကြတဲ့သူတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ ရှင်းလင်းပြောပြတာတွေကို နားထောင်မယ်။ နားလည်သဘောပေါက်အောင် ကြိုးစားမယ်၊ အသိတရားတွေ၊ ဗဟုသုတတွေ တိုးပွားကြွယ်ဝလာစေမယ်။ အတူတကွ ပူးပေါင်းလက်တွဲပြီး လူ့အဖွဲ့အစည်း ကောင်းစားစေဖို့ ကြိုးစားကြမယ်။ ဒါတွေက တွေ့ဆုံးနှီးနှောခြင်းရဲ့ ဦးတည်ချက်၊ ရည်စူးချက်တွေ ဖြစ်ပါတယ်။ တွေ့ဆုံနှီးနှော ဖလှယ်နိုင်ဖို့က ပါဝင်တက်ရောက် သူတိုင်းမှာ မိမိဘာသာရဲ့ ကိုယ်ပိုင် ၀ိသေသ (Religious Identity) တွေကို ရှင်းရှင်း၊ လင်းလင်း နားလည်သဘောပေါက်ပြီး အေးအေး၊ ဆေးဆေးရှင်းပြနိုင်စွမ်း ရှိဖို့လိုပါတယ်။

သာသနာလုပ်ငန်းတွေ လုပ်ဆောင်ရခြင်းရဲ့ ဦးတည်ချက်၊ ရည်မှန်းချက် ပန်းတိုင်ကတော့ အခြားဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘာဘာသာကိုမှ မယုံကြည်သူတွေပဲ ဖြစ်ဖြစ် မိမိတို့ဘာသာထဲ ၀င်လာစေဖို့ ဖြစ်ပါတယ်။ သာသနာပြုရာမှာ ဟောပြော ကြေညာခြင်းရှိမယ်၊ သွန်သင်ခြင်း၊ ဘုရားစကား သင်ကြားပို့ချခြင်း၊ သတင်းအချက် အလက်တွေနဲ့ စာအုပ်တွေထုတ်ဝေခြင်း၊ ဘာသာရေးပွဲတော်တွေမှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ခြင်း၊ သာသနာရဲ့ သမိုင်းကြောင်းနဲ့ သာသနာ့ဖခင်ကြီးများအကြောင်း ပြောပြခြင်း၊ ဒီဘာသာထဲသို့ဝင်ခြင်းအားဖြင့် ရရှိလာမဲ့ ၀ိညာဉ်ရေး အကျိုးကျေးဇူးတွေကို ပြောပြ ခြင်းတို့ပါဝင်တယ်။

သာသနာပြုခြင်းနဲ့ တွေ့ဆုံနှီးနှောခြင်း ဒီလှုပ်ရှားမှုနှစ်ရပ်စလုံးဟာ ကောင်းတဲ့အရာ တွေဖြစ်သလို တရားဝင် အသိအမှတ်ပြုထားတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ခုဟာ မတူကြဘဲ သီးခြားစီဖြစ်ပါတယ်။ တစ်ခုကို နောက်တစ်ခုအတွက် ခုတုံးလုပ်ပြီး အသုံးပြုလို့ မရပါဘူး၊၊ ဘာသာထဲပြောင်းဝင်လာအောင် ပြုလုပ်ခြင်းက တွေ့ဆုံးနှီးနှောဖလှယ်ခြင်းရဲ့ ရည်မှန်းချက် မဟုတ်ပါ။

ယုံကြည် ကိုးကွယ်မှု အယူဝါဒ မတူညီသူတွေနဲ့ တွေ့ဆုံနှီးနှောခြင်း ပြုလုပ်တဲ့သူတိုင်း နားလည်သဘောပေါက် လက်ခံထားရမဲ့ အရေးကြီးတဲ့ အချက်က၊ ဒီလို နှီးနှောဖလှယ်ခြင်းရဲ့ ရည်ရွယ်ချက်က သူ့ကို မိမိဘာသာထဲ ၀င်လာစေဖို့ မဟုတ်ပါဘူး။ တစ်ဖက်လူကို ဘာသာပြောင်းလာအောင် ပြုလုပ်ခြင်းက နှီးနှောဖလှယ်ခြင်းရဲ့ ဦးတည်ချက် ပန်းတိုင်ဆိုရင်တော့၊ မိမိဟာ ရွေးစရာနှစ်ခုနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်။ မိမိရဲ့ ရည်ရွယ်ချက်ကို ဖွင့်ပြောရင်ပြော၊ ဒါမှမဟုတ် မပြောဘဲနဲ့ ဖုံးကွယ်ထားရင် ထားလိ့မ်မယ်။ အကယ်၍ မိမိရဲ့ ရည်ရွယ်ချက်က ဒီလိုရှိတယ်လို့ ဖွင့်ပြောလိုက်တယ်ဆိုရင်၊ တစ်ဖက်လူက တစ်ခါတည်း လှည့်ထွက်သွားမှာပဲ။ အဲဒီမှာတင် နှီးနှောဖလှယ်ခြင်းက အရာမထင်ဘဲ ရပ်ဆိုင်းသွားလိမ့်မယ်။ အကယ်၍ တစ်ဖက်လူက လှည့်ထွက်မသွားပဲ၊ ဘာသာတရားအကြောင်း ရှင်းပြတာကို ဆက်ပြီး လိုလို၊ လားလားနဲ့ နားထောင်တယ်ဆိုရင်လည်း၊ ကျွန်တော်တို့က နှီးနှောခြင်း လုပ်တော့တာ မဟုတ်ဘဲ၊ တစ်ဖက်လူ ဘာသာထဲမ၀င်ခင် ဘာသာအကြောင်း သင်ကြားပို့ချနေခြင်းသာလျှင် ဖြစ်သွားတော့တယ်။

အကယ်၍ တစ်ဖက်လူကို မိမိ ဘာသာထဲ ပြောင်းလာအောင် ပြုလုပ်လိုခြင်းက နှီးနှောခြင်းရဲ့ ရည်စူးချက်ဖြစ်တယ်လို့ ဖွင့်မပြောဘဲနဲ့ လျှို့ဝှက် ဖုံးကွယ်ထားပြီး တွေ့ဆုံနှီးနှောခြင်းကို ပြုလုပ်တယ်ဆိုရင်၊ ဒါဟာ ဘာသာရေး တရားမ၀င် မှောင်ခိုလုပ်ခြင်း ဖြစ်သွားပြန်တယ်၊၊ မိမိရဲ့ တကယ်ရည်ရွယ်ရင်းကို ဖုံးကွယ်ပြီး၊ တစ်ဖက်လူကို ဘာသာပြောင်းလာအောင် လုပ်ခြင်း ဖြစ်တယ်၊ ဒါကို မမှန်ကန်တဲ့ နည်းလမ်းနဲ့ သာသနာပြုခြင်း Proselytismလို့ ခေါ်ဆိုနိုင်ပါတယ်၊၊ ဒီလို ပြုလုပ်တဲ့သူအတွက်ကော၊ လှည့်စား ခံရတဲ့သူအတွက်ပါ မသင့်တော်တဲ့ အရာဖြစ်ပါတယ်။

တွေ့ဆုံနှီးနှောဖလှယ်ခြင်းမှာ ပါဝင်ခြင်းအားဖြင့် ဘုရားသခင်ဆီကို ပြောင်းလဲလာရမယ်။ ဘယ်လိုပဲဖြစ်စေ၊ ပြောင်းလဲခြင်း (conversion)ဟာ တွေ့ဆုံနှီးနှောဆက်ဆံခြင်းပြုရာမှာ ရှိရမဲ့ လိုအပ်တဲ့ စိတ်နေစိတ်ထားအဖြစ်၊ ဒီနှီးနှောခြင်းရဲ့ ရလဒ် အကျိုးကျေးဇူးအဖြစ် မှန်ကန်စွာ အသုံးပြုပြောဆိုနိုင်တဲ့ အချိန်အခါလည်း ရှိပါတယ်။ ဒီနေရာမှာ ပြောင်းလဲခြင်းကို ပို၍ မြင့်မြတ်တဲ့ ပြောင်းလဲခြင်းမျိုး ဖြစ်တဲ့၊ ဘုရားဆီသို့ ပြုပြင်ပြောင်းလဲစေခြင်း (conversion to God)ကို ဆိုလိုပါတယ်။ တစ်ခြားဘာသာဝင်တွေနဲ့ တွေ့ဆုံနှီးနှောတဲ့ ယုံကြည်သူတိုင်းဟာ ဘုရားသခင်ရဲ့အစီအမံ၊ အမှုတော်တွေကိုပို၍၊ ပို၍ လက်ခံနိုင်အောင် ကြိုးစားရပါမယ်။ တခြားဘာသာဝင်တွေနဲ့ တွေ့ဆုံခြင်းအားဖြင့် ဘုရားသခင်က မိမိရဲ့ အလိုတော်ကို ဖေါ်ပြတာ ဖြစ်နိုင်ပါတယ်။ ဒီလိုတွေ့ဆုံခြင်းဟာ မိမိရဲ့ ယုံကြည်ခြင်းကို ပို၍ နက်နက်ရှိုင်းရှိုင်း သစ္စာရှိလာနိုင်အောင် စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ သံဃာတို့ရဲ့ ၀ိနည်း စည်းကမ်းတွေနဲ့ ထိတွေ့ခွင့်ရတဲ့ ကက်သလစ်တစ်ယောက်အနေနဲ့၊ ခြိုးခြံခြင်းတွေ ပိုပြီး ပြုလုပ်လာအောင်၊ ဆေးလိပ်ကို လျှော့သောက်လာအောင်၊ သူတော်စင် လမ်းစဉ် ဘ၀ကိုခံယူသူများနဲ့ အိမ်ထောင်သားမွေးမပြု၊ ကာမဂုဏ် လိုက်စားခြင်းမပြုဘဲ မိမိကိုယ်ကို တထူးတခြား ဆက်ကပ်သူများကဲ့သို့၊ သန့်ရှင်းစင်ကြယ်ခြင်း ကတိသစ္စာကို ခံယူဖို့ စတဲ့ စိန်ခေါ်မှုတွေကို ခံစားရစေပါတယ်။ ပထမအဆင့်အနေနဲ့ ဘုရားဖက်သို့ ဦးတည်ပြုပြင် ပြောင်းလဲလာပြီးတဲ့နောက်၊ မိမိတို့ ဘ၀ကို ဘုရားအား ဆက်ကပ်နိုင်တဲ့အဆင့်ထိ တိုးတက်စေရမယ်၊၊ မိမိဘ၀တစ်လျှောက်လုံး အစဉ်မပြတ်၊ အမြဲတမ်း ပြုပြင်ပြောင်းလဲနေစေဖို့ ဆိုတာ၊ တွေ့ဆုံနှီးနှောခြင်းအားဖြင့် အဓိက ဖြစ်လာစေတာ မဟုတ်ပေမယ့်လည်း၊ ဒီလို ပြောင်းလဲနိုင်ဖို့ ကူညီပေးနိုင်စေပါတယ်။

လိုအပ်ချက်ကတော့၊ တွေ့ဆုံနှီးနှောခြင်းမှာ ပါဝင်သူတွေက မိမိတို့ရဲ့ နှလုံးသားကို ဘုရားသခင်ရဲ့အစီအမံ၊ အမှုတော်တွေဆီကို ပိတ်မထားဘဲ၊ ဘုရားသခင်ရဲ့အလင်းတော် ခေါ်ဆောင်ရာနောက်ကို လိုက်ပါလိုတဲ့ ဆန္ဒနဲ့ နှလုံးသားတွေကို ဖွင့်လှစ်ထားရပါမယ်။ တွေ့ဆုံ နှီးနှောဖလှယ်ခြင်းကို အသိပညာ ဗဟုသုတပိုင်းမှာပဲ ငြင်းခုံ ဆွေးနွေးရုံသက်သက်နဲ့ ငြင်းခုံတတ်၊ မေးခွန်း ထုတ်တတ်လာအောင် လေ့ကျင့်ပေးရုံ သက်သက်ပဲ မဖြစ်စေချင်ဘူးဆိုရင်၊ ခုနကပြောခဲ့တဲ့ နှလုံးသားဖွင့်လှစ်ခြင်းဆိုတာ လိုအပ်ပါတယ်၊၊ အလင်းတော်ရဲ့ ဦးဆောင်ရာနောက်ကို လိုက်လိုတဲ့ ဆန္ဒရှိတယ် ဆိုရာမှာ၊ တခြားဘာသာမှာရှိတဲ့ မှန်ကန်တဲ့ အရာမှန်သမျှ၊ သန့်ရှင်းမြင့်မြတ်တဲ့၊ ကောင်းမွန်တဲ့ အရာတွေကို ချီးမွမ်းတတ်ခြင်း၊ ဒီလိုကောင်းမွန်တဲ့ အချက်တွေ တည်ရှိနေခြင်းအတွက် မိမိအနေနဲ့ ၀မ်းမြောက်ခြင်း၊ ဒီအရာတွေအတွက် ဘုရားသခင်ကို ချီးမွမ်းထောမနာပြုခြင်းကို ဆိုလိုပါတယ်။

လူတိုင်းမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိကြတယ်ဆိုတဲ့အကြောင်း ပြောခဲ့ပြီးပြီ။ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းကမှ ဘာသာရေးနဲ့ ပတ်သက်ပြီး အတင်းအဓမ္မ မပြုလုပ်သင့်ပါဘူး။ နောက်တစ်ချက်က လူတိုင်း၊ သူတိုင်းမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အမှန်တရား (Truth)ကို စစ်မှန်ရိုးသားစွာ ရှာဖွေရမယ့် ဘုရားပေးတာဝန် ရှိပါတယ်၊၊ အမှန်တရားကို ရှာတွေ့ပြီးရင်လည်း အဲဒီအမှန်တရားကို လက်ခံကျင့်သုံးရမယ့် တာဝန်ရှိတယ်၊ ဒီလိုမှမဟုတ်ဘူးဆိုရင် အမှန်တရားကနေ ဝေးရာဆီကို၊ အလင်းတော် နဲ့ ဝေးရာဆီကို ထွက်ပြေးတိမ်းရှောင် ရာရောက်ပါတယ်၊၊

နောက်တစ်ချက်၊ ဘာသာမတူသူတွေနဲ့ နှီးနှောဖလှယ်ခြင်း ပြုရာကနေ မိမိဘာသာဆီကို ပြောင်းလဲလိုတဲ့ ဆန္ဒဖြစ်လာရင် ဘုရားသခင်ရဲ့ အလိုတော်ဖြစ်တယ်လို့ သတ်မှတ်နိုင်မလား။ ဒါက အင်မတန်အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဘုရားသခင်ရဲ့ အမှုတော်တွေကို ဘယ်ဟာက အလိုတော်ဖြစ်တယ်၊ ဘယ်ဟာက မဟုတ်ဘူးဆိုပြီး စည်းမျဉ်းသတ်မှတ်ထားလို့ မရနိုင်ပါဘူး။ တကယ်လို့ ယုံကြည်သူတစ်ယောက်ဟာ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်လာရရင် ဆုတောင်းခြင်း၊ အပြန်ပြန် အလှန်လှန် သုံးသပ်ခြင်း၊ စစ်မှန်တဲ့ အသိပညာနဲ့ ကြွယ်ဝသူတွေဆီကနေ အကြံဥာဏ် တောင်းခံခြင်းတို့ ပြုလုပ်ဖို့ လိုအပ်ပါတယ်၊၊ အကယ်၍ ကက်သလစ်တစ်ယောက်က ဒီလို ခက်ခဲတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့လာ ရပြီဆိုရင်၊ ဓမ္မသင်္ဂြိုလ်ပညာရှင် ကောင်းကောင်းတစ်ယောက်ကနေပြီး၊ ကယ်တင်ခြင်း (salvation)နဲ့ အသင်းတော်(Church)ထဲမှာပါဝင်ခြင်း အကြောင်းတွေနဲ့ ပတ်သက်ပြီး အသင်းတော်ရဲ့သွန်သင်ချက်၊ အထူးသဖြင့် ဒုတိယဗာတီကန် သွန်သင်ရှင်းပြချက် (Lumen Gentium 14)ကို ရှင်းပြပေးဖို့ လိုပါတယ်။ မိမိရဲ့ သြတ္တပစိတ်ကို မှန်ကန်တဲ့ သွန်သင်ချက်(doctrine)တွေနဲ့ ထိန်းသိမ်းပြုပြင်ရမယ်ဆိုတာကို သတိပြုရပါမယ်။ ကက်သလစ်တစ်ယောက်အနေနဲ့ ဒီမှန်ကန်တဲ့သွန်သင်ချက်တွေကို အသင်းတော်ရဲ့ သွန်သင်ပိုင်ခွင့် အာဏာနဲ့သွန်သင်ခြင်းအရ သိရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်း နောက်ဆုံးသောနေ့မှာ ဘုရားသခင်ရဲ့တရား စီရင်ရာပလ’င်ရှေ့ ရောက်တဲ့အခါမှာ မိမိ ဘ၀မှာပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအတွက် ဖြေကြားရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို အတင်းအဓ္ဓမအကြပ်ကိုင်ပြီး သူ့ရဲ့ သြတ္တပစိတ်နဲ့ ဆန့်ကျင်တဲ့အရာကို ပြုလုပ်ခိုင်းခြင်းမျိုးကို လုံးဝ ရှောင်ကြဉ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုပြုလုပ်ခြင်းအားဖြင့် လူ့အခြေခံ အခွင့်အရေးဖြစ်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးခြင်းမျိုး ဖြစ်ပါတယ်။

မိမိရဲ့ သြတ္တပ စိတ်အတိုင်း တခြားဘာသာကို ကူးပြောင်းသွားတဲ့ လူတစ်ယောက်ကို လူ့အသိုင်းအ၀ိုင်းကနေ ပယ်ထုတ်ခြင်း၊ နိုင်ငံသားအဖြစ် အခွင့်အရေးတွေကို ရုပ်သိမ်းခြင်း၊ သေဒဏ်စတာတွေနဲ့ ခြိမ်းခြောက် အပြစ်ပေးခြင်းမျိုးကိုတော့ လုံးဝ မပြုလုပ်သင့်ပါဘူး။ ဒီလိုမျိုး ဖိအားတွေကို အသုံးပြုနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဘာသာတွေမှာ လူသားတွေကို ဒီလိုပြုမူခြင်းဟာ သင့်တော်လျော်မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ နားလည်သဘောပေါက် သိမြင်လာအောင် လမ်းညွှန် ကူညီပေးမယ့် အမြင်ကျယ်တဲ့ ခေါင်းဆောင်တွေ၊ ပြုပြင်ပြောင်းလဲခြင်းကို ပြုလုပ်လိုတဲ့သူတွေရှိဖို့ လိုအပ်နေပါတယ်။ သြတ္တပစိတ်ကိုအတင်း အဓ္ဓမ အကျပ်ကိုင်ခြင်းဆိုတာ မပြုလုပ်အပ်ပါဘူး။ ဘာသာရေးနဲ့ပတ်သက်တဲ့ အရာတွေမှာ လူတိုင်းဖန်ဆင်းရှင်နဲ့ တရားသူကြီးဖြစ်တဲ့ ထာဝရဘုရားသခင်အတွက် ကိုယ့်တာဝန်ကို ယူပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ ဘုရားရဲ့အစီအမံ အမှုတော်တွေအတွက် မိမိရဲ့နှလုံးသားကို အစွမ်းကုန် ဖွင့်လှစ်ထားရမှာ ဖြစ်တယ်၊၊ ဘုရားသခင် ညွှန်ပြပေးတဲ့ အလင်းတော်နဲ့ လမ်းညွှန်မှုတွေ နောက်ကို ၀န်ခံပြီး လက်ခံလိုက်ကျင့်ဖို့ ပျက်ကွက်ခဲ့ခြင်းအတွက် ဖြစ်လာမယ့် ဆိုးကျိုးတွေကို မိမိဖာသာ မိမိ တာဝန်ယူရမှာ ဖြစ်ပါတယ်။


ဘုန်းတော်ကြီးရစ်ချက်လှမင်းဦး