Mar 27, 2010

မေတာပန်း တနင်္ဂနွေနေ့

မေတာပန်း တနင်္ဂနွေနေ့

အန်တီဖွန်း။
ဟေဗြေလူငယ်အချို့တို့သည်၊ သံလွင်ခက်များကို လက်၌ ဆောင်ကြလျက်၊ သခင်ဘုရားအား မြင့်ဆုံးအရပ်၌၊ အိုဇာ နာဟု ကြွေးကြော်ကာ ဆီးကြိုကြလေသည်။

(ဆာလံ။ ၂၃၊ ၁-၂၊ ၇-၁၀)
၁။ ကမ္ဘာမြေကြီးနှင့် မြေကြီးပေါ်မှာရှိသော အရာများ။ နေထိုင်ကြသော သူဟူသမျှတို့သည် ဘုရားသခင်ပိုင်တော်မူရာများ ဖြစ်ကြကုန်၏။
၂။ ကိုယ်တော်သည် သမုဒ္ဒရာပေါ်၌ အမြစ်ချ၍ ရေလျဉ်များပေါ်တွင် တည်တော်မူပြီ။
`
ဟေဗြေလူငယ်အချို့တို့သည်။
၇။ အချင်းတံခါးများတို့၊ တံခါးမုခ်ကို ကြွလိုက်ကြလော့၊ ထာဝရမဟာတံခါးများတို့ ကိုယ်လိုက်ကြွလိုက်ကြလော့၊ ဘုန်းကြီးတော်မူသော ဘုရင်ကြွဝင်တော်မူမည်။
၈။ ထိုဘုန်းကြီးတော်မူသောဘုရင်ကား အဘယ်သူနည်း စွမ်းအားတန်းခိုးနှင့် ပြည့်စုံတော်မူသောဘုရား၊ စစ်တိုက်ခြင်း၌ တန်းခိုးကြီးတော်မူသော ဘုရားပေတည်း။

ဟေဗြေလူငယ်အချို့တို့သည်။
၉။ အချင်းတံခါးများတို့၊ တံခါးမုခ်ကို ကြွလိုက်ကြလော့၊ ထာဝရမဟာတံခါးများတို့ ကိုယ်လိုက်ကြွလိုက်ကြလော့၊ ဘုန်းကြီးတော်မူသော ဘုရင်ကြွဝင်တော်မူမည်။
၁၀။ ထိုဘုန်းကြီးတော်မူသောဘုရင်ကား အဘယ်သူနည်း ဗိုလ်ခြေအပေါင်းတို့ကို အုပ်ချုပ်တော်မူသော ဘုရားသခင်သည် ဘုန်းကြီးတော်မူသော ဘုရင်ပေတည်း။

ဟေဗြလူငယ်အချို့တို့သည်။
၁။ ခမည်းတော် သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်အား * ဘုန်းတော်ဂုဏ်တော် ရှိပါစေ။
၂။ အစအဦးကဘုန်းတော်ဂုဏ်တော်ရှိသည့်အတိုင်း* ယခုမှစ၍ ကာလအဆက်ဆက် ရှိပါစေ။ အာမင်။


အန်တီဖေါ်နား (၂)
ဟေဗြေလူငယ်အချို့မူကား လမ်းပေါ်မှာ အ၀တ်များကို ခင်းထားကြလျက်၊ ကြွေးကြော်ကုန်သည်ကား အိုဇာနာဒါဝိတ်သားအား၊ ဘုရားနာမနှင့် လာသူအား မင်္ဂလာဖြစ်စေသတည်း။


ဆာလံ ၄၆
၂။ လူမျိုးရှိသမျှတို့ လက်ခုပ် တီးကြလော့ *ဘုရားသခင်ထံသို့ ၀မ်းမြောက်သံနှင့် ကြွေးကြော်ကြလော့။
၃။ ဘုရားသခင်သည် မြင့်မြတ်တော်မူ၏ ကြောက်စရာလည်း ကောင်းလှပေ၏ *မြေပြင်တပြင်လုံးကို ငါတို့ခြေအောက်၌လည်းကောင်း *နှိမ့်ချတော်မူ၏

ဟေဗြာလူငယ်အချို့မူကား။
၎။ ဘုရားသခင်သည် သာသနာပ လူများကို ငါတို့အောက်၌လည်းကောင်း၊ လူမျိုးခြားတို့ကို ငါတို့ခြေအောက်၌လည်းကောင်း *နှိမ့်ချတော်မူ၏။
၅။ ကိုယ်တော် ချစ်မြတ်နိုးတော်မူသော အမျိုးအနွယ်မှ *ငါတို့အတွက် အမွေအနှစ်ကို ရွေးချယ်တော်မူ၏။

ဟေဗြလူငယ်အချို့မူကား။
၆။ ဘုရားသခင်သည် ကြွေးကြော်သံနှင့် လည်းကောင်း၊ ဘုရားသခင်သည် တံပိုးမှုတ်သံနှင့် လည်းကောင်း၊ တက်ကြွတော်မူသည်။
၇။ ဘုရားသခင်အား ကျူးဖွဲ့၍ ချီးကျူးကြလော့ = ငါတို့ ဘုရင်အား ကျူးဖွဲ့၍ ချီးကျူးကြလော့။

ဟေဗြာလူငယ်အချို့မူကား။
၈။ ဘုရားသခင်သည် မြေပြင်တပြင်လုံး၏ ဘုရင်မင်းမြတ်ဖြစ်သည့်အတိုင်း စိတ်အားရှိသမျှ ချီးကျူးကြလော့။
၉။ လူမျိုးတို့၏ မှူးမတ်တို့သည် အာဗြိဟံ၏ ဘုရားလူမျိုး အဖြစ် စုရုံးကြကုန်၏။

ဟေဗြာလူငယ်အချို့မူကား။
၁၀။ ဤလောက၏ ဘုရင်-မှူးမတ်များတို့ကို မြင့်မြတ်ဆုံးသော ဘုရားပိုင်တော်မူ၏။
၁၁။ ဘုရားသခင်သည် လူမျိုးခြားတို့အပေါ်မှာ စုံးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ရာဇပလ္လင်တော်ထက် စံတော်မူ၏။

ဟေဗြာလူငယ်အချို့မူကား။
၁၂။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်အား ဘုန်းတော် ဂုဏ်တော်ရှိပါစေ။
၁၃။ အစအဦးကဘုန်းတော်ဂုဏ်တော်ရှိသည့်အတိုင်း ယခုမှစ၍ ကာလအဆက်ဆက် ရှိပါစေ။ အာမင်။


သံပြိုင်။ ခရစ္ဆတူးဘုရင်၊ ကယ်တင် အရှင်အား
ချီးမွမ်းသြဘာ ရှိစေသား။
နှစ်မြို့သာယာ အိုဇာနာ
ကလေးများနှုတ်မှ ထွက်ပေါ်လာ။
၁။ ဒါဝိတ်၏ မျိုးသက်လျာ
အီဇာရာအဲလ်တို့၏ ဘုရင်ပါ၊
ဘုရားနာမနှင့် ကြွလာဘုရင်အား
ဘုန်းဂုတော် ကြီးပါစေသား။
၂။ ကောင်းကင်အထက် တခဲနက်
ချိုးကျူးသံညောင်း တမန်အပေါင်း
မြေပေါ်မှာမခြား လူအများ
ပူးပေါင်းဆိုကြ သဲသဲသောင်းသောင်း
၃။ ဟေဗြဲမျိုးသား မိမိတို့ဘုရင်အား
သစ်ခက်များကို ကိုင်ကာကြိုဆိုလာ
သူတို့ပမာ တေးမင်္ဂလာ
ငါတို့လည်း အတူမြွက်ဆိုရာ။
၎။ ဒုက္ခဝေဒနာ ခံမည့်သူအား
ချီးကျူးမင်္ဂလာ တေးသံသာ
ယခုကောင်းကင်ဝယ် နန်းစံသူအား
ထိုမခြား တေးသံသွား။
၅။ ကရုဏာရှင် ကောင်းမြတ်ဘုရင်
အကောင်းဟူသမျှ လိုလားအရှင်
သူတို့တေးသံ နှစ်သက်နည်းတူ
ငါတို့ညွတ်တွားသံ လက်ခံယူ။

၂၅ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ သ၀ဏ်လွှာ



ပုပ်ရဟန်းမင်းကြီး ၁၆ ကြိမ်မြောက် ဘယ်နဒစ် ၏
၂၀၁၀ ခုနှစ် မတ်လ ၂၈ ရက် တွင်ကျရောက်သော၂၅ ကြိမ်မြောက် ကမ္ဘာ့ လူငယ်များနေ့ သ၀ဏ်လွှာ

ဒုတိယမြောက် ယောဟန်ပေါလူး အမြော်အမြင်ကြီးမားစွာစတင်ခဲ့တဲ့ ကမ္ဘာ့လူငယ်များနေ့ဟာ အခုနှစ်မှာ ၂၅ နှစ် ပတ်လည်ရှိပါပြီ။ အခုလိုနှစ်စဉ်ကမ္ဘာ့လူငယ်များရဲ့တွေ့ဆုံပွဲကနေ ကောင်းကျိုးများစွာ ဖြစ်ထွန်းခဲ့တာကို မြင်တွေ့ နိုင်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေဟာ ခရစ်တော်ကိုမြင်တွေ့ကြရသလို အချင်းချင်းတွေ့ဆုံခွင့်လည်း ရရှိခဲ့ကြ တယ်၊ နှုတ်ကပါတ်တော်ကို ကြားနာခွင့်ရကြတယ်၊ အသင်းတော်ရဲ့ လှပခြင်းကို တွေ့မြင်ကြတယ်၊ ထက်သန်သော ယုံကြည်ခြင်းကို တွေ့ကြုံခံစားခွင့်ရခဲ့ကြပါတယ်။ အချို့လူငယ်တွေဆိုရင် ဒီပွဲကြောင့် မိမိကိုယ်ကို ဘုရားသခင်ထံ အပြီးအပိုင်အပ်နှံပူဇော်ခဲ့ကြတယ်။
၂၀၁၁ ခု သြဂုတ်လ၊ စပိန်နိုင်ငံ၊ မာဒရစ် မြို့မှာ ကျင်းပမယ့် ကမ္ဘာလူငယ်ပွဲတော်အတွက် ယခုကစပြင်ဆင်ကြမှာ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်ရင်း ဆင်ခြင်သုံးသပ်ကြဖို့ ဒီကျမ်းပိုဒ်ကိုပေးချင်ပါတယ်။ ကောင်းမြတ်သောဆရာသခင် ထာဝရအသက်ကို ခံစားရန် ကျွန်တော်သည် မည်သည့်အရာကို ပြုရပါမည်နည်း (မာကု ၁၀း၁၇)။ ဒီကျမ်းပိုဒ်ကို ၁၉၈၅ ခုနှစ်က ရဟန်းမင်းကြီး ဂျွန်ပေါလ် က လူငယ်တွေအတွက် ပထမဦးဆုံးရေးတဲ့ သ၀ဏ်လွှာမှာ ထောက်ရှု သုံးသပ်ခဲ့ ပါတယ်။

၁။ သခင်ယေဇူးနှင့် သူကြွယ်လူငယ်တွေ့ဆုံခြင်း

ကိုယ်တော်သည် ခရီးပြုရန် ထွက်ကြွလာတော်မူစဉ် လူတစ်ယောက်သည် အထံတော်သို့ ပြေးလာ၍၊ ကောင်းမြတ်သောဆရာသခင် ထာဝရအသက်ကိုခံစားရန် ကျွန်တော်သည် မည်သည့်အရာကို ပြုရပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။ သခင်ယေဇူးက အဘယ့်ကြောင့်ငါ့ကို ကောင်းမြတ်သည်ဟု သင်ခေါ်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှ ကောင်းမြတ်သည်မဟုတ်။ သင်သည် ပညတ်တော်များကိုသိ၏။ သူ့အသက်ကိုမသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မဟုတ်မမှန် သက်သေခံခြင်းကိုမပြုနှင့်။ သင်၏မိဘတို့ကို ရိုသေလော့ ဟုမိန့်တော်မူ၏။ ထိုသူက ဆရာသခင်၊ ကျွန်တော်သည် ဤအရာအားလုံးကို ငယ်စဉ်ကစ၍ စောင့်ထိန်းခဲ့ပါပြီဟု ကိုယ်တော်အားပြန်လျှောက်လေ၏။ သခင်ယေဇူးသည် သူ့ကိုကြည့်တော်မူ၍၊ သူ့အပေါ် ကရုဏာသက်တော်မူသဖြင့် သင်၌တစ်ခု လိုအပ် နေသေး၏။ သွား၍ သင်၌ရှိသမျှဥစ္စာပစ္စည်းတို့ကို ရောင်းချပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ဖြင့် သင်သည် ကောင်းကင်၌ဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ငါ့နောက်သို့လိုက်လော့ဟု သူ့အားမိန့်တော်မူ၏။ သူသည်ဤစကားကို ကြားလျှင် မျက်နှာညှိုးငယ်၍ ၀မ်းနည်းစွာ ထွက်ခွါသွားလေ၏။ အကြောင်းမူကား၊ သူသည်များစွာကြွယ်ဝချမ်းသာသောသူ ဖြစ်သောကြောင့်တည်း။ (မာကု ၁၀း၁၇-၂၂)


ဒီကျမ်းပိုဒ်ဟာ သခင်ယေဇူးရဲ့ သင်တို့လူငယ်တွေအပေါ်ထားတဲ့ မေတ္တာတရားကို ထုတ်ဖေါ်ပြသနေပါတယ်။ သခင်ယေဇူးဟာ သင်နဲ့၊ သင့်ရဲ့မျှော်လင့်ချက်တွေနဲ့၊ သင့်ရဲ့တောင့်တမှုတွေနဲ့ တွေ့ဆုံချင်တယ်။ သင့်နဲ့ လူချင်း တွေ့ပြီး စကားလက်ဆုံကျချင်တဲ့ ဆန္ဒပြင်းပြနေပါတယ်။ သခင်ယေဇူးဟာ သူ့ရဲ့ခရီးကို ရပ်ပြီး လူငယ်ရဲ့မေးခွန်းကို ဖြေခဲ့တယ်။ ဆရာသမားကောင်းနဲ့ ဆွေးနွေးချင်တဲ့ ဆန္ဒတွေပြည့်နေတဲ့ လူငယ်ကို အချိန်ပေးပြီး စကားပြောခဲ့ တယ်။ သင်တို့လည်း ဒီဆရာသမားကောင်းနဲ့ တွေ့ဆုံ ဆွေးနွေးဖြစ်အောင်ကြိုးစားပါ၊ ဒီအချက်ဟာ သင့်အတွက်၊ သင့်ဘ၀အတွက် အလွန်အရေးကြီးတဲ့အချက်ပါ။

၂။ ယေဇူးကိုသူ့ကိုကြည့်တော်မူ၍ သူ့အပေါ်ဂရုဏာ သက်တော်မူ၏

သခင်ယေဇူးရဲ့အကြင်နာအကြည့်ဟာ ဒီတွေ့ဆုံခြင်းမှာသာမက ခရစ်ယာန်အသက်တာမှာလည်း အဓိကကျတဲ့ အချက်ပါပဲ။ ခရစ်ယာန်တရားတော်ဟာ ဆောင်ရန်ရှောင်ရန်တွေသာ သင်ကြားတဲ့ ကိုယ်ကျင့်တရားသက်သက် မဟုတ်ပါဘူး။ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး ချစ်တဲ့ ခရစ်တော်နဲ့ သိကျွမ်းခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ သူ့ကို ကျောခိုင်းသွား ရင်တောင်မှ ခရစ်တော်ဟာ ကျွန်ုပ်တို့ကို ချစ်နေဦးမှာပါ။
သင်တို့လည်းသူ့ရဲ့အကြည့်ကို တွေ့ဖူးနိုင်ကြပါစေ၊ ဂရုဏာမေတ္တာနှင့် ခရစ်တော်ဟာ သင်တို့ကိုကြည့်နေတယ် ဆိုတဲ့ အမှန်တရားကို ခံစားသိမြင်နိုင်ကြပါစေ။ ခမည်းတော်ဘုရားဟာ ခရစ်တော်အားဖြင့်လူသားတွေကို ချစ်တယ်၊ ခရစ်တော်ဟာ သင်တို့တစ်ဦးစီကို ချစ်တယ်ဆိုတဲ့ အသိတရားက လူသားထုဖြစ်တည်နေဖို့ အဓိကကျ တဲ့ ပံ့ပိုးမှုပါပဲ။ ကျွန်ုပ်တို့ အပြစ်တွေကိုသိမြင်ကြောက်ရွံ့ခြင်း၊ ဝေဒနာဖိစီးမှုတွေနဲ့ စိတ်ဓါတ်ကျခြင်း စတဲ့ အခက် အခဲများစွာကို ကျော်လွှားနိုင်စွမ်းပေးမှာဖြစ်ပါတယ်။
ဒီအကြည့်ဟာ ခရစ်ယာန်အသက်တာကိုဆောက်တည်ဖို့၊ ခရစ်ယာန်သတင်းကောင်းကို ဖြန့်ဝေဖို့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ အကြင်နာအကြည့်ကို ကိုယ်တိုင်ခံစားဖူးတဲ့သူတစ်ဦးဟာ မခံစားဖူးသေးသူတွေကို ပြောပြာ ဝေငှချင်မှာ အမှန်ပဲဖြစ်ပါတယ်။

၃။ အသက်တာအတွင်း စီမံကိန်းတစ်ခုရှာဖွေခြင်း
ကျမ်းစာထဲကလူငယ်လေးဟာ သင်တို့တစ်ဦးစီနဲ့ တူနေတာကိုတွေ့ရပါတယ်။ သင်တို့စီမှာလည်း အရည်အချင်း တွေ၊ စွမ်းအားတွေ၊ မျှော်လင့်ချက် စိတ်ကူးအိပ်မက်တွေကိုယ်စီနဲ့ အလွန်ချမ်းသာကြွယ်ဝသူတွေ ဖြစ်ပါတယ်။ ဒီအရာတွေဟာ သင်တို့မှာရှိတဲ့ ကြီးမားတဲ့ အရင်းအမြစ်တွေပါပဲ။ သင်တို့ရဲ့ ငယ်ရွယ်နုပျိုခြင်းဟာ သင်တို့ အတွက် သာမက အသင်းတော်အတွက် ကမ္ဘာမြေအတွက် အလွန်တန်ဖိုးရှိတဲ့ ရတနာတစ်ပါးပါပဲ။
လူငယ်လေးက သခင်ယေဇူးကို `ကျွန်တော်ဘာလုပ်ရမှလဲ` လို့မေးခဲ့တယ်။ အခုသင်တို့ဖြတ်သန်းနေရတဲ့ အသက်တာရဲ့ကာလ ဟာလည်း သူလို ရှာဖွေနေရခြင်းဖြစ်ပါတယ်။ ဘုရားသခင်သင့်ကိုပေးထားတဲ့ ကျေးဇူးတော် ကို ရှာဖွေနေရတယ်၊ ဘုရားသခင်သင့်ကို ပေးထားတဲ့ တာဝန်ကိုရှာဖွေနေရပါတယ်။ အဲဒီတော့ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မှန်ကို ရှာဖွေနေရခြင်းဖြစ်ပါတယ်။ သင့်ကိုသင်ဒီမေးခွန်းမေးရပါလိမ့်မယ် `ငါ့ဘ၀ကိုငါကျေနပ်ရဲ့လား၊ ငါ့မှာ တစ်ခုခုဟာနေသလို ခံစားနေရလား။` ကျမ်းစာထဲက လူငယ်လေးလို သင်လည်း မသေချာခြင်းတွေ၊ သောကတွေ၊ ဝေဒနာတွေ၊ အပြောင်းအလဲမရှိ တုံးတိတိ ဘ၀ကနေ ကျော်လွန်ချင်တာတွေ ရင်ဆိုင်ခံစားနေရမှာပဲ။ သင်ကိုယ်သင်ဒီမေးခွန်းတွေ ပြန်မေးနေမိမှာပဲ `ဘာတွေက ဘ၀ကိုအောင်မြင်စေတာလဲ` `ငါဘာလုပ်ရဦးမှာလဲ` `ငါဘ၀ကို ဘယ်လိုအစီအစဉ်ချရမလဲ` `ငါ့ဘ၀မှာ ပြည့်ဝတဲ့ တန်ဖိုး၊ ပြည့်ဝတဲ့အဓိပ္ပါယ်ရှိဖို့ငါဘာလုပ်ရမှာလဲ`။
သင်ကိုယ်သင်ဒီမေးခွန်းတွေမေးဖို့ မကြောက်ပါနဲ့။ သင့်ကိုစိတ်အနှောက်အယှက်ဖြစ်စေတာထက် သင့်နှလုံးသားရဲ့ တောင့်တခြင်းတွေကို သင်ကြားနိုင်ဖို့ အသံထည့်ပေးနေတာပါ။ အဲဒါကြောင့်အဲဒီအသံတွေကို သင်နားထောင် ရမယ်။ ဒီမေးခွန်းတွေကို ပေးတဲ့ သင့်ရဲ့အဖြေဟာ အပေါ်ယံသက်သက်မဖြစ်ပါစေနဲ့။ စစ်မှန်သော ရှင်သန်ခြင်းနဲ့ ပျော်ရွှင်ခြင်း အတွက်တောင့်တနေတဲ့ သင့်နှလုံးသားကို ကျေနပ်မှုပေးနိုင်တဲ့ အဖြေမျိုး ဖြစ်ပါစ။
သင့်ကို အမှန်တကယ်ပျော်ရွှင်မှုပေးနိုင်မယ့် ဘ၀စီမံကိန်းတစ်ခုကို ရှာဖွေတွေ့ချင်တယ်ဆိုရင် ဘုရားသခင်ကို နားထောင်ပါ။ သင့်တို့တစ်ဦးစီအတွက် သူ့ဆီမှာ အကြင်နာစီမံကိန်းတွေရှိပါတယ်။ ယုံကြည်စွာနဲ့မေးပါ `အိုသခင် ကျွန်ုပ်၏ ဖခင်တစ်ဦး အနေနဲ့ ကျွန်ုပ်၏ဖန်ဆင်းရှင်တစ်ပါးအနေနဲ့ ကျွန်ုပ်ဘ၀အတွက် ဘာစီမံကိန်းတွေရှိပါသလဲ။` `ကိုယ်တော်အလို တော်က ဘာလဲ။ ကျွန်ုပ်ထမ်းဆောင်ဖြည့်စွက်ချင်ပါတယ်`။ ဧကန်မုချသူ အဖြေပေးပါလိမ့်မယ်။ သူပေးတဲ့အဖြေကိုမကြောက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကျွန်ုပ်တို့နှလုံးသားထက် ကြီးမားသူဖြစ်ပြီး၊ ကျွန်ုပ် တို့ တစ်ဦးစီကို ကောင်းကောင်းသိတဲ့သူဖြစ်ပါတယ်။

၎။ လာ ငါ့နောက်လိုက်ခဲ့ပါ။
သခင်ယေဇူးက လူငယ်ကို သူ့ရဲ့တောင့်တခြင်းတွေဖြေသိမ့်ဖို့ စီမံကိန်းဆွဲနေတာထက် ပိုပြီးလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါ တယ်။ `လာ ငါ့နောက်လိုက်ခဲ့`ခရစ်ယာန်ဘ၀ကို ခရစ်တော်ရဲ့ ချစ်ခြင်းနဲ့ဖိတ်ခေါ်သံကို ချစ်ခြင်းနဲ့တုန့်ပြန်ခြင်း အားဖြင့်သာ ပြည့်ဝစွာရှင်သန်နိုင်မှာဖြစ်ပါတယ်။ သခင်ယေဇူးဟာ သူ့ရဲ့တပည့်တော်ကြီးတွေကို ကိုယ်ကျိုးမရှာဘဲ ဘုရားသခင်အပေါ်အကြွင်းမဲ့ယုံကြည်ပြီး မိမိတို့ကိုယ်ကို လုံးလုံးလျားလျားပေးဆက်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ရဟန္တာတွေဟာ စိန်ခေါ်ခြင်းပြည့်နေတဲ့ဒီဖိတ်ခေါ်သံကို ကျိုးနွံနာခံနှိမ့်ချသောနှလုံးသားနဲ့ တုန့်ပြန်ပြီး လက်ဝါး ကပ်တိုင်ပေါ်အသေခံခဲ့ပြီး ရှင်ပြန်ခဲ့တဲ့ ခရစ်တော်နောက်လိုက်ခဲ့ကြတယ်။ လူသားအစွမ်းနဲ့ နားမလည်နိုင်ပေမဲ့ ယုံကြည်ခြင်းအသိနဲ့ သူတို့ဟာဧ၀ံဂေလိတရားတော်အတိုင်းရှင်သန်ရင်း ရေဆန်ကို လှန်တက်ခြင်းအားဖြင့် စုံလင် ခြင်း ရရှိသွားကြတယ်။
သင်တို့တစ်ဦးစီလည်း ဒီဖိတ်ခေါ်သံကို တုန့်ပြန်ပြီး ခရစ်တော်နောက်ကိုလိုက်လျှောက်ကြပါလို့ တိုက်တွန်းပါရစေ။ ခရစ်တော်နဲ့ရှင်သန်နေထိုင်ခြင်းဟာ ဒီလောကကြီးထဲမှာ သင်တို့ရဲ့အသက်တာကို အကျိုးအရှိဆုံး၊ အလှပဆုံး ရှင်သန်ခြင်းဖြစ်ပါလိမ့်မယ်။ ခရစ်တော်ကို အရာရာထက်ပိုချစ်ခင်ခြင်း၊ ကိုယ့်ရဲ့ညီအစ်ကိုမောင်နှမတွေကို အစေ ခံခြင်းတို့ဖြင့် သူ့နောက်ကို လက်တွေ့ကျကျ လိုက်ကြဖို့ ဆေးကြောခြင်းစက္ကရမင်းတူးခံယူစဉ်ကတည်းက ကျွန်ုပ် တို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကျမ်းစာထဲက လူငယ်သူဌေးလေး ကတော့ ၀မ်းနည်းစွာနဲ့ ဖိတ်ခေါ်သံကို ငြင်းဆန်ခဲ့တယ်။ သူ့ရဲ့ဥစ္စာပစ္စည်း တွေကို စွန့်လွှတ်ဖို့ သတတ္တိမရှိခဲ့တဲ့အတွက် သူ့စ္စည်းတွေထက် များစွာသာလွန် ကောင်းမွန်တဲ့အရာတွေ ခရစ်တော်ဆီမှာရှိနေတာကို သူသိမြင်ခွင့်မရခဲ့တော့ပါဘူး။
ကျမ်းစာထဲက လူငယ်သူဌေးလေးရဲ့ ၀မ်းနည်းခြင်းဟာ ခရစ်တော်ရဲ့ဖိတ်ခေါ်သံကိုနားထောင်ပြီး မှန်ကန်ပြတ်သား တဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ စွန့်လွှတ်စွန့်စားဖို့ ၀န်လေးနေတဲ့ ယနေ့လူငယ်တွေရဲ့ ၀မ်းနည်းခြင်းပါပဲ။ ဒါပေမဲ့ ခရစ်တော်ရဲ့ ခေါ်သံကို ပြန်ထူးဖို့ အရမ်းနောက်မကျသေးပါဘူး။
သခင်ယေဇူးဟာ ကျွန်ုပ်တို့ကိုသူ့နောက်လိုက်ဖို့ခေါ်ရလို့ မောပန်းသွားတယ်ဆိုတာမရှိပါဘူး။ အချို့ကို ပိုပြီး ယတိ ပြတ်ဆုံးဖြတ်တုန့်ပြန်ဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ လူငယ်လူရွယ်ယောက်ျားလေးတွေကို ယခုနှစ်ရဟန်းတော်များရဲ့ နှစ်မှာ ရဟန်းဘောင်ကိုခံယူကြဖို့ အထူးတိုက်တွန်းချင်ပါတယ်။ ရဟန်းများရဲ့ အကူအညီ၊ သင်တို့ရဲ့ ၀ိညာဉ်လမ်းညွှန် သူများရဲ့ အကူအညီနဲ့ ထူးခြားတဲ့ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတဖြစ်တဲ့ရဟန်းဘ၀ကို စိတ်ထန်သန်စွာ၊ သဒ္ဒါတရား ရက်ရောစွာခံယူကြဖို့ နှိုးဆော်လိုက်ပါတယ်။ လူငယ်လူရွယ်အပေါင်းတို့ ဘုရားသခင်ဟာ သင်တို့ကို ရဟန်းဘောင်၊ သူတော်စင်ဘောင်၊ ရသေ့ဘောင်၊ သူနာပြုဘောင် ကိုခေါ်တော်မူတယ်ဆိုရင် တုန့်ပြန်ပေးဆပ်ကြဖို့ မကြောက်ကြပါနဲ့။ ရက်ရောစွာ ပေးဆပ်ရဲတဲ့သူတွေကို ဘုရားသခင်က စိတ်ကြည်နူးခြင်းပေးပါလိမ့်မယ်။
အိမ်ထောင်သည်ဘ၀ကို ခေါ်တော်မူခြင်းရတဲ့လူငယ်တွေကိုလည်း သစ္စာတည်ကြည်သော ကြီးမြတ်သော ချစ်ခြင်း မေတ္တာနဲ့ အသက်တာကိုလေးစားတန်ဖိုးထားခြင်းတွေအပေါ် ခိုင်မာစွာအခြေပြုဆောက်တည်ရမဲ့ အသက်တာကို ယုံကြည်ခြင်းအပြည့်အ၀ဖြင့် ထွေးပိုက်ကြဖို့နှိုးဆော်ပါတယ်။ ဒီခေါ်တော်မူခြင်းဟာ လူ့ဘောင်အတွက် အမိအသင်း တော်အတွက် အလွန်တန်ဖိုးရှိတဲ့ ကျေးဇူးတော်ရတနာတစ်ပါးဖြစ်ပါတယ်။

၅။ ထာဝရအသက်ရှင်သန်ခြင်းဆီ ဦးတည်ပါ။
`ထာဝရအသက်ရဖို့ ကျွန်တော်ဘာလုပ်ရမှာလဲ` ဒီမေးခွန်းဟာ ယနေ့လူငယ်တော်တော်များများအတွက် မသက် ဆိုင်တဲ့မေးခွန်းတစ်ခုဖြစ်မှာပါ။ ယနေ့ကမ္ဘာဟာ ခဏသာတည်တဲ့ ကိုင်တွယ် ထိတွေ့ မြင်နိုင်တာတွေလောက်ကိုပဲ အာရုံထားတဲ့ကမ္ဘာ တစ်ခုပါ။ မတည်မြဲခြင်း၊ ပျက်စီးခြင်းတွေကို ကျွန်ုပ်တို့ ကိုယ်တိုင်လည်း ခံစားကြေကွဲဖူးကြမှာပါ။
လူငယ်လေးမေးတဲ့ ထာဝရအသက် ဆိုတာ ဘာကိုရည်ညွှန်းပါသလဲ။ သခင်ယေဇူးပြောပြခဲ့ပါတယ် `သင်တို့ ငါ့ကို တဖန် တွေ့မြင်ကြရလိမ့်ဦးမယ်၊ သင်တို့ရဲ့စိတ်နှလုံးပျော်ရွှင်ကြည်နူးလိမ့်မယ်။ သင်တို့ရဲ့ပျော်ရွှင်ခြင်းကို ဘယ်သူမှ လုယူနိုင်မှာ မဟုတ်ပါဘူး` (ယောဟန် ၆း၂၂)။ ဒီစကားလုံးတွေက အဆုံးမဲ့သော ပျော်ရွှင်ခြင်းဆိုတာရှိတယ်၊ ဘုရားသခင်ရဲ့ မေတ္တာတော်ဖြင့် ထာဝရလွှမ်းခြုံခြင်းဆိုတာရှိတယ် ဆိုတာကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။
ကျွန်ုပ်တို့အတွက် ထာဝရရှင်သန်ခြင်းရှိနေတယ်ဆိုတဲ့ မျှော်လင့်ခြင်းက လက်ရှိဘ၀ကို အဓိပ္ပါယ်ရှိစေပါတယ်။ ကျွန်ုပ်တို့ရဲ့ဘ၀စီမံကိန်းတွေဟာ အဲဒီထာဝရ အနှိုင်းမဲ့ကြီးမားကျယ်ပြန့်လွတ်လပ်သော အသက်တာကို ဦးတည်ရ ပါလိမ့်မယ်။ လက်ရှိကမ္ဘာလောကကြီးကို အလုံးစုံလို့ ယူဆလို့မဖြစ်ပါဘူး။ ရဟန္တာ သြဂုတ်စတင်းနဲ့ အတူ ကျွန်ုပ်တို့လည်း ဒီလိုပြောနိုင်ပါတယ် `အထက်အရပ်မှာရှိတဲ့ ကျွန်ုပ်တို့အိမ်ကိုတောင့်တကြရအောင်၊ ကောင်းကင် မှာရှိတဲ့ ကျွန်ုပ်တို့အိမ်အတွက် ရုန်းကန်ကြိုးစားကြရအောင်၊ ဒီကမ္ဘာပေါ်မှာ ကျွန်ုပ်တို့ဟာ သူစိမ်းတွေဖြစ်တယ် ဆိုတာ သိမှတ်ခံစားကြပါစို့`။
သင်တို့ရဲ့ဘ၀စီမံကိန်းထဲမှာ `ကျွန်ုပ်တို့ဟာ ထာဝရအသက်အတွက် ဖိတ်ထားခံရတယ်` ဆိုတဲ့ အချက်ကို ရှေးရှု ကြပါ။ သူနဲ့အတူ ထာဝရရှင်သန်ဖို့အတွက် ဘုရားသခင်ဟာကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။ ဒီအသိတရား ဟာ သင်တို့ဘ၀ကို အကောင်းမွန်ဆုံးအလှပဆုံးရှင်သန်ဖို့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကူညီပါလိမ့်မယ်။

၆။ ပညတ်တော်များသည် စစ်မှန်သောမေတ္တာတရားဆီသွားရာလမ်း
ပညတ်တော်များဟာ ထာဝရအသက်ရဖို့ လမ်းစဉ်ဖြစ်တယ်ဆိုတာ သခင်ယေဇူးက လူငယ်လေးကို ပြောပြခဲ့ပါ တယ်။ ကျွန်ုပ်တို့ဟာ မေတ္တာတရား၌ရှင်သန်ဖို့၊ အဆိုးအကောင်းရှင်းလင်းစွာခွဲခြားဖို့၊ ရေရှည်တည်တံခိုင်မာတဲ့ ဘ၀ စီမံကိန်းဆွဲဖို့ ပညတ်တော်များဟာ မဖြစ်မနေကိုးကားရမဲ့အချက်တွေဖြစ်ပါတယ်။ သခင်ယေဇူးက သင်ပညတ် တော်တွေကို သိသလား၊ စောင့်ထိန်းသလား၊ သင့်ရဲ့ သြတပ္ပစိတ်ကို ပညတ်တော်တွေ ရဲ့လမ်းညွှန်မှုအတိုင်း ဆောက်တည်ထားသလားဆိုတာ မေးမြန်းနေပါတယ်။
စိတ်လိုအင်ဆန္ဒတွေကို အတိုင်းအတာ အထားမခံချင်တဲ့ခေတ်၊ လူ့တန်ဖိုးလူ့စည်းကမ်းဘောင်တွေနဲ့ ကင်းလွတ်တဲ့ လွတ်လပ်မှုကို ရှေ့တန်းတင်ချင်တဲ့ မျက်မောက်ကမ္ဘာရဲ့ရေစီးနဲ့ ဒီမေးခွန်းတွေဟာ ဆန့်ကျင်နေတယ်ဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ အဲဒီအရာဟာ စစ်မှန်တဲ့ လွတ်လပ်မှုမဟုတ်ပါဘူး။ တကယ်တော့ဒီအရာတွေဟာ လူတွေကို ကျွန်ဘ၀ရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒီအတိုင်းအယူတွေက လူတွေကို သူတို့လိုအင် ဆန္ဒတွေ၊ ငွေကြေး၊ အာဏာ၊ အထိမ်းအကွတ်မဲ့တဲ့ ကိလေသာစိတ်တွေရဲ့ကျေးကျွန်ဖြစ်အောင်၊ ဖြားယောင်း တတ်တဲ့ လောကကြီးရဲ့လှည့်ကွက်တွေအောက် ကျွန်သပေါက်ဖြစ်ဖို့ တွန်းပို့နေခြင်းသာဖြစ်ပါတယ်။ သူတပါးကို ချစ်ခြင်း မေတ္တာထားဖို့ ဆိုတဲ့ လူတို့ရဲ့မွေးရာပါ ခေါ်တော်မူခြင်းကို ဖျက်စီးခြင်းသာဖြစ်ပါတယ်။
ကျွန်ုပ်တို့ကို စစ်မှန်တဲ့ လွတ်လပ်ခြင်းကို သင်ပြချင်လို့ ဘုရားသခင်ဟာ ပညတ်တော်များပေးထားခြင်း ဖြစ်ပါတယ်။ ကိုယ်တော်ဟာ တရားမျှတသော၊ ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာနိုင်ငံတော်ကို ကျွန်ုပ်တို့နဲ့အတူ လက်တွဲ ဆောက် တည်လိုတဲ့ ဆန္ဒရှိပါတယ်။ ပညတ်တော်တွေကို စောင့်ထိန်းလိုက်နာတဲ့အခါ ကျွန်ုပ်တို့ဟာ ကိုယ့်ကိုယ်ကို ပြန်ပြီး လှောင်ပိတ်ထားတာမဟုတ်ပါဘူး၊ ကျွန်ုပ်တို့ဟာ စစ်မှန်သောမေတ္တာလမ်း၊ လွတ်လပ်သောလမ်းစဉ်ကို ရှာဖွေတွေ့ ကြခြင်းသာဖြစ်ပါတယ်။ ပညတ်တော်တွေဟာ ပျော်ရွှင်ခြင်းကို ကန့်သတ်တာမဟုတ်ပါဘူး၊ တွေ့ရှိနိုင်ဖို့ ကူညီခြင်း သာ ဖြစ်ပါတယ်။ လူငယ်ကို စကားစပြောတဲ့အချိန်မှာ သခင်ယေဇူးက ဘုရားသခင်ဟာ ကောင်းမွန်တဲ့အတွက် ဘုရားသခင်ရဲ့ပညတ်တော်များဟာလည်း ကောင်းမွန်တယ်လို့ဆိုခဲ့ပါတယ်။

၇။ သင့်ကို ကျွန်ုပ်တို့ လိုအပ်ပါတယ်
ယနေ့ခေတ်မှာ လူငယ်ဖြစ်ရတယ်ဆိုတာ အလုပ်လက်မဲ့ပြဿနာ၊ မရေရာမသေချာသောအနာဂတ်တွေ စတဲ့ ပြဿနာများစွာကို ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ ဒီလိုကပ်ဆိုးတွေကြားမှာ တစ်ခါတစ်ရံဝမ်းနည်းအားငယ်မိကြပါ လိမ့်မယ်။ ဒီအခက်အခဲတွေရှိနေတာ မှန်ပေမဲ့ စိတ်ဓါတ်ကျအရှုံးမပေးကြပါနဲ့၊ သင်တို့ရဲ့မျှော်လင့်ချက်တွေကို လွှင့် မပစ်ကြပါနဲ့။ သင်တို့နှလုံးသားရဲ့ အလိုချင်ဆုံးဆန္ဒဖြစ်တဲ့ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ မိတ်သဟာယဖွဲ့ခြင်းတို့ ကို အတတ်နိုင်ဆုံးဖေါ်ဆောင်ကြပါ။ မျှော်လင့်ခြင်းနဲ့အသက်တာရဲ့ မှန်ကန်တဲ့အဖြေကို ရှာဖွေတတ်သူတို့ရဲ့ လက် ထဲမှာ အနာဂတ်ဆိုတာရှိနေပါတယ်။ သင်ဆန္ဒရှိတယ်ဆိုရင် အနာဂတ်ဟာ သင့်လက်ထဲမှာရှိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ခရစ်တော်နဲ့ပေါင်းစပ်ခြင်းမှာ ပုံသွင်းပြုပြင်ခံရတဲ့ သင်နှလုံးသားထဲမှာရှိနေတဲ့ ဘုရားသခင်ရဲ့ ကျေးဇူး တော် စွမ်းအင်တွေဟာ လောကကမ္ဘာအတွက် ကြီးမားသော မျှော်လင့်ချက်များစွာပေးစွမ်းနိုင်ပါတယ်။ ကိုယ်တော် ရှင်ရဲ့ မေတ္တာကိုယုံကြည်ခြင်းက သင့်ကိုသတ္တိတွေရက်ရောခြင်းတွေမွေးပေးပြီး မိသားစုတာဝန်၊ လုပ်ငန်းခွင် တာဝန်တွေကို ထမ်းဆောင်ကျေပြွန်နိုင်စွမ်းပေးပါလိမ့်မယ်။ မိမိကိုယ်ကိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာဆည်းပူး လေ့လာရေးတွေကို အထူးသတိပြုဆောင်ရွက်ပါ သင်ဟာလူသားထုကောင်းကျိုးကို သဒ္ဒါရက်ရောစွာ အပြည့်အ၀ သယ်ပိုးနိုင်ပါလိမ့်မယ်။
လူသားထုဘက်စုံဖွံ့ဖြိုးရေးကိုရှေးရှုတဲ့ `သစ္စာ၌မေတ္တာ`စာချွန်တော်မှာ လူသားတွေနဲ့ ကမ္ဘာကြီးတစ်ခုလုံး မဖြစ် မနေရင်ဆိုင်ရမယ့် စိန်ခေါ်ခြင်းတွေကို ကျွန်ုပ်ဖေါ်ပြခဲ့ပါတယ်။ အဲဒါတွေက ကမ္ဘာမြေ အရင်းအမြစ်များကို သုံးစွဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဥစ္စာပစ္စည်းများ အားမျှတစွာ ဖြန့်ဖြူးရေးနှင့် ငွေးကြေးလည်ပတ်မှုစနစ်၊ လူသားထုမိသားစုအတွင်းရှိ ဆင်းရဲသောနိုင်ငံများအား ပံ့ပိုးကူညီရေး၊ ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု တိုက်ဖျက်ရေး၊ လူသား လုပ်အား၏ဂုဏ်သိက္ခာကို ပိုမိုလေးစားတန်ဖိုးထားရေး၊ အသက်ကိုလေးစားခြင်း အလေ့အား အကျိုး ပြုရေး၊ လူသားများအကြား ငြိမ်းချမ်းမှုဆောက်တည်ရေး၊ ဘာသာယုံကြည်မှုများနှီးနှောဖလှယ်ရေး၊ လူမှု ဆက်သွယ်ရေးစနစ်များကို နည်းလမ်းတကျ အသုံးပြုရေး။
ဒီအချက်တွေက ပိုမိုတရားမျှတပြီး ချစ်ကြည်ရင်နှီးတဲ့ ကမ္ဘာတစ်ခုဆောက်တည်ဖို့သင့်ကို ခေါ်နေတဲ့ စိန်ခေါ်ခြင်း တွေပါပဲ။ သင့်မှာရှိတဲ့ ကျေးဇူးတော်အစွမ်းအစအားလုံးကို ထုတ်သုံးပြီး သင့်ဘ၀စီမံကိန်းကိုရေးဆွဲဖေါ်ဆောင်ဖို့ ခေါ်နေတဲ့စိန်ခေါ်ခြင်းတွေပါ။ ဒီလိုပြောလို့ သူရဲကောင်းကောင်းဆန်ဆန် ထူးထူးခြားခြားတွေ လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင့်မှာရှိတဲ့ ကျေးဇူးတော်အစွမ်းအစတွေကို ပိုမိုတိုးတက်စေပြီး ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ ကို ပိုမို ဖွံ့ဖြိုးစေအောင်ရှင်သန်နေထိုင်ခြင်းဖြစ်ပါတယ်။
ယခုနှစ် ရဟန်းတော်များရဲ့နှစ်မှာ နမူနာယူထိုက်တဲ့ သူတော်မြတ်တွေ အထူးသဖြင့် ရဟန်းတွေရဲ့ အကြောင်းကို အတတ်နိုင်ဆုံး လေ့လာမှတ်ယူကြပါ။ သူတို့ရဲ့ချစ်ခြင်း၊ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း လမ်းစဉ်မှာ ဘုရားသခင် ဘယ်လို လမ်းညွှန်ဖေးမကူညီခဲ့သလဲဆိုတာကို သင်တို့ သိလာကြပါလိမ့်မယ်။ သူနဲ့အတူလက်တွဲလုပ်ဆောင်ဖို့၊ သင့်ရဲ့တာဝန်ကိုဆောင်ရွက်ဖို့၊ ချစ်ခြင်းမေတ္တာကမ္ဘာတစ်ခုကိုဆောက်တည်ဖို့ သင်တို့တစ်ဦးစီကို ခရစ်တော် ဖိတ်ခေါ်နေပါတယ်။ သူ့ရဲ့နှုတ်ကပါတ်တော်ကို သင်နာယူလိုက်နာမယ်ဆိုရင် သင်ရဲ့လမ်းစဉ်ကို အလင်းပေး လိမ့်မယ်၊ သင့်ရဲ့ရှင်သန်ခြင်းကို ပြည့်ဝသောအဓိပ္ပါယ်၊ ပြည့်ဝသောပျော်ရွှင်ခြင်းပေးမယ့် မြင့်မားသော ပန်းတိုင်ဆီ ရောက်အောင် လမ်းညွှန် ခေါ်ဆောင်သွားပါလိမ့်မယ်။
အသင်းတော်၏မိခင်ဖြစ်သော ကညာစင်အမိမယ်တော်မာရီယားသည် သင်တို့ကို ထိန်းသိမ်းလမ်ညွှန် ကာကွယ် စောင့်ရှောက်ပါစေ။ ဆုတောင်းမေတ္တာများစွာ၊ ချစ်ခြင်းမေတ္တာများစွာဖြင့် သင်တို့အပေါ်ကျွန်ုပ်၏ ကောင်းကြီး မင်္ဂလာ ပို့သလိုက်ပါသည်။

ဗာတိကန် ၂၂ ရက် ဖေဖေါ်ဝါရီလ ၂၀၁၀ ခုနှစ်
ရဟန်းမင်းကြီး ဘယ်နဒစ် (၁၆)

မှတ်ချက် ။ ။ သင့်တော်အောင်ဘာသာပြန်ထားခြင်းဖြစ်သည်။ ဖတ်ရှုသူအပေါင်း ၀ိညာဉ်ရေးရာ၊ စိတ်ဓါတ်ရေးရာ ခွန်အားများရစေကြောင်း ဆန္ဒပြုလိုက်ပါသည်။ လူငယ်တိုင်းလူ့ဘ၀ကိုတန်ဖိုးရှိစွာ ရှင်သန် နေထိုင်နိုင်ကြပါစေ၊ လှပသောဘ၀ကို ဆောက်တည်နိုင်ကြပါစေ။
မေတ္တာများစွာဖြင့်ပါ . . .
ရောင်ခြည်

Mar 26, 2010

အမှန်လမ်းအတွက်

အမှန်လမ်းအတွက်

၁။ မျှော်လင့်ရောင်နီ ရှေ့ရှုလို့ချီ
ဤကမ္ဘာသား လူအများတွင်
ဒို့ကား ...ခရစ်ယာန် အလင်းမှန်ဖြင့်

ရှင်သန်သက်မှာ ရပ်တည်လာခဲ့။

၂။ ဒို့လူအများ ခရစ်ယာန်သားတွေ
မည်ကားနာမ ရှိခဲ့ရလည်း
ငြိမ်းလှတရား မပွါးများနိုင်
ငါကားအတ္တ အနိုင်ရချင်
ချစ်လှဘုရား မေ့ကာထားခဲ့
လမ်းမှားတွေလျှောက် သခင်ပျောက်ပြီ
သူခေါက်တံခါး ဂျက်ချထားလို့
ဝမ်းနည်းစို့မျက် ကြေကွဲအက်ရ
ဒို့ရဲ့ ရှင်တော်...ခရစ်တော်။

၃။ ဘ၀သက်တာ ငြိမ်းချမ်းရာကား
တရားနောင်တ ရှိကြရမည်
ဒို့က... ခရစ်ယာန်...
ပီသရန်တွက် သည်းခံချစ်ခြင်း
မေတ္တာလင်းဆောင် အကြွင်းမဲ့ယုံ
အပြစ်ဘုံရှောင် ညီအောင်ပွေ့ဖက်
ခိုင်မြဲလက်တွဲ ရှင်သန်နွဲစို့။

အောင်ဇင်ထွေး (မောရှမ်းမြေ)

Mar 23, 2010

ခရစ်တော်၏လက်ဝါးကားတိုင်ကို


ခရစ်တော်၏လက်ဝါးကားတိုင်ကို ရှာဖွေတွေ့ရှိခြင်း

အေဒီ ၆၂၈ ခုနှစ်တွင် ဟယ်ရာကလိုက်တပ်စ်ဘုရင်သည် အစ္စရေးနိုင်ငံကို သိမ်းပိုက်ထားသော ပါရှန်များကို စစ်နိုင်ခဲ့သည်။ တိတိကျကျဆိုရလျှင် ၂ရာစုအတွင်း ရောမဘုရင် ဟေဒရီယန်သည် မြင့်မြတ်သော ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ကာလလ်ဝါရီ တောင်ပေါ်တွင် မြေအောက်၌ တူးမြှပ်လိုက်ပြီး မြေပေါ်တွင် ဂျူပီတာနှင့် ဗီးနပ်စ်နတ် ဘုရားများ၏ ရုပ်ထုကြီးများကို စိုက်ထူခဲ့သည်။ ထို့နောက်ဘုရင် ကွန်စတင်တိုင်း လက်ထက်၌ မိခင်ဖြစ်သူ ဟယ်လင်ဘုရင်မကြီးမှ တူးဖော်တွေ့ရှိခဲ့သည်။ တွေ့ရှိသည့် နေရာသည်လည်း ဘုရင်ဟေဒရီယန်၏ နန်းတော်အောက်တည့်တည့် ဖြစ်ပါသည်။ ထိုနေရာတွင် သခင်ခရစ်တော်နှင့်အတူ ကားစင်တင်ခံရသော သူနှစ်ယောက်၏ လက်ဝါးကပ်တိုင်များကိုလည်း တွေ့ခဲ့ကြသည်။ ထို့ကြောင့် ခရစ်တော်၏လက်ဝါးကပ်တိုင် အစစ်အမှန်ကို သိသာစေရန် အလွန်နာမကျန်းဖြစ်နေသူ အမျိုးသမီးကြီးတစ်ဦးကို ထိုလက်ဝါးကပ်တိုင် သုံးခုလုံးကို ထိကိုင်စေခဲ့သည်။ ထိုလက်ဝါးကပ်တိုင် သုံးခုထဲမှ တစ်ခုကို ထိလိုက်သည့်အခါ နာတာရှည်ရောဂါသည် အမျိုးသမီးသည် ချက်ချင်းရောဂါမှ အတိ ပျောက်ကင်းသွားပါသည်။

ဘုရင်ကြီးဟယ်ရာကလိုက်တပ်စ် လက်ထက်တွင် ဘုရင်ဟယ်ရာကလိုက်တပ်စ်သည် ကာလလ်ဝါရီ တောင်တော်ပေါ်သို့ သခင်ယေဇူးခံထမ်းခဲ့သော လက်ဝါးကပ်တိုင်ကို ကြီးကျယ်ခမ်းနားစွာ ပင့်ဆောင်ရန် စီစဉ်ခဲ့သည်။ မိမိကိုယ်ကို မင်းမြှောက်တန်ဆာငါးပါး အပြည့်နှင့် လူထုပရိသတ်မြောက်မြားစွာ ရှေ့မှောက်မှာ စတင်ထမ်းရွက်ခဲ့သည်။ သို့သော် ဘုရင်ကြီးမှာ လက်ဝါးကပ်တိုင်ကိုထမ်းရန် မလိုက်သောအခါ မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စုံတစ်ရာ မမြင်ရသော အင်အားတစ်ခုက ဆွဲငင်ထားလျက်ရှိပြီး နေရာမှမရွေ့ နိုင်တော့ပေ။ ထိုအခါ ပညာရှိ ပရောဖက်ကြီးတစ်ပါးက ဘုရင်ကြီးအား အဖိုးထိုက်သော အဆင်တန်ဆာများကို မ၀တ်စေဘဲ သာမန်လူတစ်ယောက်ကဲ့သို့ ချည်ထည်ဝတ်ရုံကို ၀တ်ဆင်ပြီး လက်ဝါးကပ်တိုင်ကို ပင့်ဆောင်စေရာ ပေါ့ပါးစွာ ပင့်ယူနိုင်ခဲ့သည်။ ကာလ်ဝါရီ တောင်ခြေမှတောင်ထိပ် ဘုရားသခင်အသေခံသည့် နေရာထိ ဘုရင်ကြီးကိုယ်တိုင် မပင်ပမ်းဘဲ ပင့်ဆောင်နိုင်ခဲ့သည်။ သခင်ယေဇူး၏ နှိမ့်ချခြင်း ဥပမာကို ဤအချင်းအရာကို ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့ သိမြင်နိုင်ပေသည်။ ဒီနောက်မှ ဘုရင်ကွန်စတင်တိုင်းလက်ထက် ရောက်သည့်အခါ
ဘုရင်ဟယ်ရာကလိုက်တပ်စ်၏ ကျောင်းတော်နေရာတွင် ကြီးကျယ်ခမ်းနားသော ကျောင်းတော် ဆောက်လုပ်လှူးဒါန်းခဲ့သည်။ ဘုရင်ကွန်စတင်တိုင်း ထိုင်သည့် ထိုမြင့်မြတ်သည့် တောင်ပေါ်တွင် ဘုရားကျောင်းတော်ကြီး နှစ်ကျောင်းကို တည်ဆောက်ခဲ့သည်။ ထိုကျောင်းတော်ကြီးများသည် ဂျေရုလင်မြို့တော်ကြီးတွင် ယခုထက်တိုင် ထင်ရှားစွာတည်ရှိပြီး ဘုရားဖူးမြောက်မြားစွာ ကမ္ဘာတစ်ဝှမ်းလုံးမှ လာရောက် ဖူးမြှော် ကြည်ညိုကြပါသည်။

မေလ(၃)ရက်နေ့သည် သခင်ခရစ်တော်၏ မြင့်မြတ်သော လက်ဝါးကပ်တိုင်တွေ့ ရှိသည့်ပွဲတော် အထိမ်းအမှတ် မစ္ဆားတရားကို ဟောကြားခဲ့ပါသည်။ ဘုရင်ကွန်စတင်တိုင်း၏ မိခင်ဘုရင်မကြီး ဟယ်လင်သည်လည်း စိန်ဟယ်လင်နာ (ရန္တာမ)အဖြစ်ထင်ရှား ကျော်ကြားခဲ့သည်။ အသင်းတော်ထဲတွင် သခင်ယေဇူးကို ချစ်ခင်မှုလေးစား ယုံကြည်မှုတို့နှင့် ဆုတောင်းနေကြသော်လည်း ဤအကြောင်းကို ယခုခေတ် လူငယ်များထဲမှ မသိသေးသူ လူငယ်များစွာအတွက် ရည်ညွှန်းရေးသား ဖော်ပြအပ်ပါသည်။


ကိုးကားကျမ်း- စိန်အန်ဒရူးမစ္ဆားစာအုပ် ရေးသားသူ -Dom Gaspar Lefebure O. S. B of the Abbey of St Andrew

ကက်သလင်းခင်


မယ်တော်ပေးသောအမွေ


မယ်တော်ပေးသောအမွေ

သူဌေးဖြစ် ခွေးဖြစ်ဆိုတဲ့ ဗမာစကား ရှိပါတယ်။ ဥပမာပြရမယ်ဆိုရင် တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ လူမျိုးတစ်မျိုးလုံးကို အညွှန့်တုံးစေနိုင်တဲ့ မူးယစ်ဆေးဝါးကို မှောင်ခိုကူးတဲ့သူတွေ၊ တစ်ခေါက်တည်းနဲ့ လွတ်သွားရင်လည်း သူဌေးဖြစ်ရော။ အဖမ်းခံရရင်လည်း ခွေးဖြစ်ရောဆိုတဲ့ ပုံစံမျိုးကြောင့် အဲဒီသူဌေးဖြစ်၊ ခွေးဖြစ်ဆိုတဲ့ အကြံကြောင့် လူတွေဟာ ထောင်နဲ့သောင်းနဲ့ချီပြီး ကမ္ဘာမှာဒုက္ခ ရောက်နေကြ။ ထောင်ထဲမှာ ဒီလိုပုဂ္ဂိုလ် တွေအများကြီး တွေ့နိုင်ပါတယ်။

ဒီအကြံက အခုမှပေါ်လာတဲ့ အကြံ မဟုတ်ပါဘူး။ မထူးဆန်းပါဘူး။ ဟိုး...ကမ္ဘာဦး အစကတည်းက မိဦး၊ ဖဦး ဖြစ်တဲ့ အာဒံနဲ့ဧ၀တို့လည်း ဒီအကြံကို အသုံးပြုခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဘုရားတားမြစ်ထားတဲ့ အသီးကိုမစားရဘူး ဆိုတာ သိရက်သားနဲ့ သူဌေးဖြစ၊် ခွေး ဖြစ်ကြံ ကြတယ်။ စားလိုက်လို့အောင်မြင် သွားရင် ဘုရားဖြစ်မှာမို့လို့။ ဒါပေမဲ့ မအောင်မြင်ဘူး။ ဘုရားမဖြစ်ဘဲနဲ့ နတ်ဆိုးရဲ့ ကျေးကျွန်ဖြစ်ရတဲ့ ဘ၀ကို ရောက်ခဲ့ရတယ်။ အဲဒီလိုအသီးကိုစားလို့ ဘုရားက အာဒံကို မေးတယ်။ "ဘာလို့လဲ" "ကိုယ်တော့်အသံကို ကြားလျှင် ကျွန်ုပ်၌အ၀တ် ချည်းစည်းရှိသောကြောင့် ကြောက်၍ ပုန်းနေပါသည်။" ခြုံထဲမှာပုန်းတော့ ဘုရားက မသိမှာ ကျနေတာပဲ။ ခြုံထဲမှာ ပုန်းတော့ သူ့ကိုယ်သူ လုံခြုံပြီလို့ ထင်နေခဲ့တယ်။ တစ်တီတူးဆိုတဲ့ ငှက်လိုပဲ။ အဲဒီငှက်က သူ့ခေါင်းကိုကျင်း (သစ်ခေါင်းထဲမှာ ထည့်ပြီးအိပ်တယ်။ ကြောက်လို့။ ဒါပေမဲ့ တစ်ကိုယ်လုံးက အပြင်မှာ ထွက်နေတယ်။

လူတွေဟာ အဲဒီလို သူဌေးဖြစ် ခွေးဖြစ်ဥာဏ်နဲ့ အစဦးကတည်းက အသက်ရှင်ခဲ့လို့ ဒုက္ခတွေ အမျိုးမျိုးရောက်ခဲ့ရတယ်။ အာဒံကို မေးတယ်။ "မင်း... တားမြစ်တားတဲ့အသီးကို စားသလား" အာဒံက သူ့အပြစ်ကို ၀န်မခံဘူး။ သူဘာ ပြောလဲဆိုတာ၊ ကိုယ်တော်ပေးထားတဲ့ မိန်းမက ကျွေးလို့ စားမိပါတယ်တဲ့။" ဆန်းတော့ဆန်းတယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို အပြစ်ဖို့တာ။ ဒါနဲ့ ဘုရားက ဧ၀ကိုမေးတယ်။ ဟုတ်သလား။ ဧ၀ကလည်း သူ့အပြစ်ကို ၀န်မခံဘူး။ မြွေကို အပြစ်ဖို့ပြန်ရော၊ ဒါနဲ့ ဘုရားကပြောတယ်။ ဧ၀ကမွေးတဲ့သား သမီးနဲ့ ဒီမြွေက မွေးတဲ့ သားသမီး အမြဲတမ်း ရန်သူဖြစ်စေမယ်တဲ့။
ဒါပေမဲ့ ဒီမိန်းမရဲ့ ဖနောင့်က မြွေရဲ့ ဦးခေါင်းကို နင်းခြေလိမ့်မယ်။ ဧ၀ဆိုတဲ့ အဓိပ္ပါယ်က "အသက်ရှင်သော သူအားလုံးတို့ရဲ့ မိခင်" ဖြစ်တယ်။ ကမ္ဘာမှာ အာဒံကလွဲလို့ အသက်ရှင်တဲ့ သူတွေ အားလုံးဟာ မိန်းမကမွေးတဲ့ သူချည်းပဲ။ ဒါ ဘုန်းကြီးခံ ခဲ့ရဖူးတယ်။ ကိုရင်ဘ၀တုံးက ကျောက်ဆည်နယ်၊ ဆင်ဖြူရွာကို နွေရာသီ ကျောင်းပိတ်ရက်မှာ တာဝန်ကျပါတယ်။ ဖြစ်ချင်တော့ ဘုန်းကြီးကျောင်းနားလေးမှာ အမျိုးသမီးနှစ်ဦး ရန်ဖြစ်ကြတယ်။ ရန်ဖြစ်တော့ ဆဲရေး တိုင်းထွာကြတာပေါ့။ ဒါနဲ့ မနေနိုင်တဲ့ အမျိုးသမီးတစ်ဦးက ၀င်ပြီး ပြောတယ်။ ဟဲ့နင်တို့ မကြားဝံ့မနာသာတွေ ပြောမနေကြနဲ့။ ကျောင်းပေါ်မှာ ကိုရင်တွေရှိတယ်။ ဒါနဲ့ အဲဒီ ရိုင်းရိုင်းစိုင်းစိုင်း ပြောတဲ့ အမျိုးသမီးက ဘာပြန်ပြောလဲဆိုတော့ ကိုရင်တွေလဲ ဘာထူးမှာလဲ။ မိန်းမက မွေးတာပဲတဲ့။ ကမ္မဋ္ဌာန်း ထောက်ရှုဖို့ကောင်းတဲ့ အချက် ဖြစ်ပါတယ်။ ပြောချင်တာက လောကမှာ လူသားအားလုံး တစ်ယောက်မကျန် မိန်းမက မွေးတာပါ။ ဒါကိုများ တစ်ချို့ယောက်ျားတွေက မိန်းမထက်သာ ပါတယ် လုပ်ချင်သေးတယ်။ အမျိုးသမီးတွေကို မလေးမစား လုပ်ချင်ကြတယ်။ သူတို့လဲ မိန်းမက မွေးတာပဲ။ ဘုန်းကြီးလဲ မိန်းမက မွေးတာပဲ။ ဆရာတော်လဲ မိန်းမကမွေး တာပဲ။ ရဟန်းမင်းကြီးလဲ မိန်းမက မွေးတာပဲ။ နောက်ဆုံး သခင်ယေဇူးတောင် မိန်းမက မွေးတာပဲ။

လူရယ်လို့ ဖြစ်လာရင် သူ့မှာ ထူးခြားတဲ့ ခေါ်တော်မူခြင်း ရှိပါတယ်။ ပထမဆုံး ခေါ်တော်မူခြင်းက ကောင်းသော လူသားများဖြစ်ဖို့၊ ဒုတိယခေါ်တော်မူခြင်းက ကောင်းသော ခရစ်ယာန်တစ်ဦးဖြစ်ဖို့၊ တတိယ မိခင်/ဖခင်ကောင်း တစ်ဦးဖြစ်ဖို့၊ ရဟန်း၊ ကိုရင်၊ သီလရှင်ကောင်း တစ်ဦး ဖြစ်ဖို့ပါပဲ။

မိဘရယ်လို့ ဖြစ်လာရင် ပစ္စည်း ဥစ္စာ အမွေထက် ယုံကြည်ခြင်း အမွေ၊ မေတ္တာတရား အမွေပေးနိုင်ဖို့ပိုပြီး အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ မိခင် မယ်တော်မာရီယားဟာ အပြစ်ကင်းစင်စွာနဲ့ ပဋိသန္ဓေစွဲယူခဲ့တယ်။ ဒီကနေ့ ကျွန်တော်တို့ မယ်တော်ရဲ့ မွေးနေ့ပွဲကို ကျင်းပတဲ့အခါ မယ်တော်ဟာ ဒီကနေ့ ဤ လောကထဲကို ကြွရောက်လာခြင်းအားဖြင့် ကျွန်တော်တို့ လူသားတွေအတွက် ကယ်တင်ရှင်ကို လောကထဲကို မွေးဖွား သန့်စင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

မြွေဟာ နတ်ဆိုးကို သွေးဆောင်ပါတယ်။ အမျိုးသမီးရဲ့ ဖနောင့်ဟာ မြွေရဲ့ ဦးခေါင်းကိုနင်းသလို မယ်တော်ဟာ နတ်ဆိုးရဲ့ နိုင်ငံကို ချေဖျက်ပစ်နိုင်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ကယ်တင်ရှင်ကို ဤလောကထဲသို့ မွေးဖွား သန့်စင်ပေးခြင်းအားဖြင့် နတ်ဆိုးရဲ့ နိုင်ငံကို ကျွန်တော်တို့ အောင်မြင်နိုင်ခဲ့တယ်။ ဧ၀ဟာ ဘုရားတရား အမွေကို ကျွန်တော်တို့အတွက် မပေးနိုင်ခဲ့ပေမယ့်လို့ မယ်တော်ဟာ ဒီအမွေကို အပြည့်အ၀ ပေးနိုင်ခဲ့ပါတယ်။ ဘုရားအပေါ်မှာ ဘယ်လို ယုံကြည်ခြင်းရှိရမလဲ၊ ဘယ်လို ရှိခိုးကိုးကွယ် ရမယ်၊ ဘယ်လို အစေခံရမယ်၊ မေတ္တာတရားကို ဘယ်လိုထား ရှိရမလဲဆိုတာ မယ်တော် အပြည့်အ၀ ပြသခဲ့ပါတယ်။


ကျွန်တော်တို့ တစ်တွေ သူဌေးဖြစ်၊ ခွေးဖြစ်ကြံလို့ အသက်ရှင်ခွင့် မရနိုင်ပါဘူး။ ဒီအကြံကြောင့် မိဦးဖဦးတို့ ဒုက္ခရောက်ခဲ့ကြပြီး သားသမီးဖြစ်တဲ့ ကျွန်တော်တို့တွေလည်း ဒုက္ခ တွေ့ခဲ့ကြတယ်။ သူဌေး မဖြစ်ဘဲ ခွေးဖြစ်ခဲ့ကြတယ်။ ဘုရားမဖြစ်ဘဲ နတ်ဆိုး ကျေးကျွန်ဖြစ်ခဲ့ကြတယ်။ ဘုရားရဲ့ ပညတ်တွေကို ချိုးဖောက်ခြင်းအားဖြင့် ဘယ်တော့မှ ဘုရား မဖြစ်နိုင်ပါဘူး။ ဘုရား ဖြစ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ ဘုရားရဲ့ အလိုတော်ကို လိုက်နာခြင်း၊ ဘုရားတရားရဲ့ တရားတော်ကို ကျင့်ဆောက် တည်ခြင်းအားဖြင့်သာလျှင် ရနိုင်ပါတယ်။ ယခင်ယေဇူးရဲ့ တရားကို သက်ဝင် ယုံကြည်သူ၊ သူ့ရဲ့ မေတ္တာတရားကို ကျင့်ဆောက်တည်သူတိုင်းဟာ ဘုရားရဲ့ အဖြစ်တော်၌ ဘုရားရဲ့ ဘုန်းဂုဏ်တော်၌ ဘုရားရဲ့ ဘ၀အသက်တာ၌ ပါဝင်ခွင့် ရနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့တွေ ဘုရားဖြစ်လာ နိုင်ပါတယ်။ အဲ့ဒီတော့ လောကမှာ အသက်ရှင်စဉ်အခါ ဘုရားရဲ့ ပညတ်တော်ကို ချိုးဖေါက်ခြင်း အားဖြင့် ဘယ်တော့မှ ဘုရား မဖြစ်နိုင်ပါဘူး။ နတ်ဆိုးရဲ့ကျေးကျွန်ပဲ ဖြစ်မှာပါ။ ဘုရားရဲ့ ပညတ်တော်တွေကို စောင့်ထိန်းခြင်း၊ ဘုရားရဲ့ အလိုတော်ကို လိုက်နာခြင်း၊ ဘုရားရဲ့တရားတော်ကို ကျင့်ဆောက် တည်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ အသက်တာကို အသက်ရှင်ကြပါစို့။ မယ်တော်ရဲ့ မွေးနေ့မှာ ရရှိတဲ့ ကျေးဇူးတော်ကို မယ်တော်ပေးတဲ့ ဘုရားတရား အမွေ၊ မေတ္တာတရား အမွေကို အသုံးပြုပြီး မယ်တော်လိုပဲ အသက်ရှင်ကြမယ်ဆိုရင် ကျွန်တော်တို့အားလုံး ဧကန်မုချ ဘုရား အဖြစ်တော်၌ ပါဝင်ခွင့် ရကြမှာ ဖြစ်ပါတယ်။ ဘုရားအသက်တာ၊ ဘုန်းဂုဏ်တော်၌ အပြည့်အ၀ ပေါင်းစပ်ခွင့်၊ ပါဝင်ခွင့်ရကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျေးဇူးတော်ကို မယ်တော်မှတဆင့် တောင်းလျှောက်ကြပါစို့။

ဘုန်းတော်ကြီး ဂျွန်စိုးတင့်

Mar 16, 2010

"ယောဘလိုနှလုံးသား"

"ယောဘလိုနှလုံးသား"

၁။ ဖြစ်လိုသော ...ဆန္ဒ
မဖြစ်လိုသော ...ဆန္ဒ
ချစ်လိုသော ...ဆန္ဒ
မချစ်လိုသော ...ဆန္ဒ
ပိုင်ဆိုင်လိုသော ...ဆန္ဒ
မပိုင်ဆိုင်လိုသော ... ဆန္ဒ
ရယူလိုသော ... ဆန္ဒ
စွန့်လွှတ်လိုသော ... ဆန္ဒ

၂။ ဆန္ဒများကိုထိန်းချုပ်
ချွန်းအုပ်နိုင်အောင်ကြိုးစား
ယောဘလိုနှလုံးသားနဲ့
"အမေ့ဆီကလာ
ငါ့မှာအ၀တ်မပါခဲ့
ထာဝရဘုရားပေးတော်မူ၏
ထာဝရဘုရားသည်လည်း
ရုတ်သိမ်းတော်မူ၏" ဆိုတဲ့
သဘောတရား၊ လက္ခံထားနိုင်ရင်
အချိန်တွေတိုင်းမှာ
နာမတော်ကိုချီးမွမ်း
ဘ၀လမ်းလည်းတည်ငြိမ်အေးချမ်းပါလိမ့်မယ် ....။
(ယောဘ - ၁း၂၁)
မေသစ္စာ (FSAG)


"သမ္မာကျမ်းစာဝေမျှကြရာဝယ်"


"သမ္မာကျမ်းစာဝေမျှကြရာဝယ်"

သခင်ခရစ်တော်သည် သူ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ဟောပြောဖို့ရန် မိန့်မှာခဲ့သည်။ ကိုယ်တော်၏ သတင်းကောင်းကို ဝေမျှကြရာ ကျမ်းစာ၏ ဖော်ပြလိုသော အဓိပ္ပါယ် မလွဲမှားစေရန် အထူးသတိပြုရန် အရေးကြီးပါသည်။ အဓိပ္ပါယ်လွဲမှားပါက နောက်ဆက်တွဲ ပြဿနာများမှာ ခရစ်တော်အပေါ် ယုံကြည်မှု၌ ဇဝေဇ၀ါ ဖြစ်တတ်ပါသည်။

တစ်ချို့သော လူများသည် သမ္မာကျမ်းစာအား ဝေမျှရာ၌ မိမိ၏ဥာဏ် ပညာကိုသုံး၍ မိမိ ကျော်စောရန်အတွက်၊ မိမိအား သူတစ်ပါးမှ အထင်ကြီးစေရန်၊ လူများအလယ်တွင် ထင်ပေါ်စေရန်အတွက် ကျမ်းစာအား လက်တစ်လုံးကြား ခုတုံးလုပ်ကာ ဝေမျှလျက် ရှိတတ်ကြောင်းကို ရှင်ပေတရူးသြ၀ါဒစာ ဒုစောင်(၂း၁-၂)တွင် ဖော်ပြထားခဲ့ပါသည်။

ဤတိုးတက်သော ကမ္ဘာကြီးနှင့် လူ့ဘောင်အဖွဲ့အစည်းတွင် နေထိုင်ကြသော လူသားများသည် ခေတ်နှင့်အညီ ထိပ်ဆုံးသို့ ရောက်လိုကြသည်မှာ အထူးပြောစရာမလိုပါ။ ထို့ကြောင့် အားသာသော လူသားများသည် အားနည်းသော လူစု၏ ပျော့ကွက်ကိုကြည့်၍ နည်းမျိုးစုံသုံးကာ လိမ်လည်လှည့်ဖျားနေ ကြသည်။ ခရစ်ယာန်အသင်းတော်တွင်လည်း ကွဲပြားနေသော အသင်းကွဲများ မြောက်များစွာရှိသည်။ လူသားတို့၏ အတွေးအခေါ် အယူဆခြင်း မတူညီကြခြင်းနှင့် ထိပ်ကိုရောက်လိုကြသောကြောင့် ဖြစ်သည်ဟု ယူဆမိပါသည်။

ဤဆောင်းပါးတွင် ကျွန်တော် ပြောလိုသောအချက်မှာ မိမိ၏ကိုယ်ကျိုး၊ မိမိအား သူတစ်ပါးမှ အထင်ကြီးစေရန် အတွက် သမ္မာကျမ်းစာကို ကျမ်းရေးသူ ဆိုလိုသော အဓိပ္ပါယ်မှ လွဲမှားစွာမဝေမျှ သင့်ကြောင်း ဖော်ပြလိုပါသည်။ တစ်ခါတစ်ရံ ကျမ်းစာပါအချက်များကို မိမိ၏ တစ်ဦးတည်းဥာဏ်ဖြင့် အဓိပ္ပါယ်ဖွင့် ဆိုခြင်းမပြုနိုင်ကြောင်းကို ရှင်ပေရူးသြ၀ါဒ စာဒု-စောင်(၁း၂)တွင် ဖော်ပြထားပါသည်။ အဓိပ္ပါယ်လွဲမှားစွာ ဝေမျှမိပါက မည်ကဲ့သို့ ဖြစ်တတ်ကြောင်းကို ပုံပြင်လေးတစ်ပုဒ်ဖြင့် သာဓက ပြလိုပါသည်။

တစ်ခါတုန်းက ရွာတစ်ရွာ၌ ဇရပ် အနီးရှိ အုတ်နံရံတစ်ခုတွင် ရေးထားသော "ကျွတ်၊ မုန်း၊ ၀င်" ဟူသော စာလုံးသုံးအား စူးစမ်းသော ရွာသားများက အဓိပ္ပါယ် အမျိုးမျိုး ဖော်ပြကြ၍ အငြင်းအခုံ ဖြစ်ကြရာ ၎င်းင်းပြဿနာမှာ အဖြေမှန် ရှာမရဖြစ်နေ၏။ ထို့ကြောင့် ၎င်းင်းပြဿနာအား ပြေလည်စေရန်အတွက် သူတို့ အားလုံးမှ၎င်းင်း တို့ကျေးရွာရှိ စာပေအရာ၌ အနည်းငယ်ကျွမ်းကျင်၍ အထင်ကရဖြစ်သူ တိုင်းရင်းဆေးဆရာ တစ်ဦးထံသွား၍ မေးမြန်းကြ၏။ ထိုအခါ ဆေးဆရာက "ကျွတ်၊ မုန်း၊ ၀င်" ဟူသော စာလုံးမှာ ဆေးမြစ်အမည်များနှင့် သက်ဆိုင်ကြောင်းကို ရှင်းပြ၏။ တဖန်အကြားအမြင် ဆရာတစ်ဦးထံ သွားကြ၍ မေးမြန်းကြပြန်ရာ ၎င်းင်းဆရာကလည်း "ကျွတ်၊ မုန်း၊ ၀င်" ဟူသော စကားလုံးများသည် လေးနက်သော အဓိပ္ပါယ်ရှိကြောင်း၊ မိမိအကြား၊ အမြင်ပညာတွင် မည်ကဲ့သို့ အဓိပ္ပါယ်ရှိကြောင်းကို ရှင်းပြပြန်သည်။ ထိုအခါ ရွာသားများသည် ဆရာနှစ်ဦးထံမှ အဖြေနှစ်မျိုးရနေသောကြောင့် ရွာဦးကျောင်းမှ ဘုန်းကြီး(ဗုဒ္ဓဘာသာ) ထံသို့ သွားရောက်ပြီး လျောက်တင်ကြရာ ဘုန်းတော်ကြီးမှ "ကျွတ်၊ မုန်း၊ ၀င်" ဟူသောစကားလုံးများမှာ နိဗ္ဗာန်ရောက်ရာ လမ်းသည် ခက်ခဲ၍ "အကျွတ်"တရားရဖို့ရာ "အမုန်း"တရားများကို ဖယ်ရှားနိုင်မှသာလျှင် နိဗ္ဗာန်သို့ "၀င်"နိုင်မည် ဖြစ်ကြောင်းကို ဆိုခြင်းဖြစ်သည်ဟု မိန့်ကြားခဲ့ပြန်ပါသည်။

ရွာသားများသည်လည် သုံးဦးထံ မေးမြန်းရာ အဖြေ(၃)မျိုးရရှိပြီး အဓိပ္ပါယ် မတူညီကြသဖြင့် အလွန်ပင် စိတ်ပျက်ခဲ့ကြရ၏။ ထို့ကြောင့် ဤစာကို ရေးသူအား ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ ဆုံးဖြတ်ပြီး ရေးသူကို စုံစမ်းရာတွင် ၎င်းင်းတို့ ကျေးရွာဇရပ်တွင် နေထိုင်သော အရူး"သာထူး" ရေးခဲ့ကြောင်း သိခဲ့ကြ၏။ ထို့ကြောင့် အရူး"သာထူး" ကိုခေါ်၍ ၎င်းင်း "ကျွတ်၊ မုန်း၊ ၀င်" စာလုံးသည် မည်သည့်အဓိပ္ပါယ်ရှိကြောင်း မေးမြန်းကြ၏။ ထိုအခါ အရူးဖြေဆိုသော အဖြေမှာ "ကျွတ်"ဆိုသော စကားလုံးသည် ယခုအခါ သီတင်းကျွတ်ပြီဖြစ်၍ မှတ်ထားကြောင်း၊ "မုန်း"ဟူသော စာလုံးမှာ သီတင်းကျွတ်ပြီးလျှင် တန်းဆောင်မုန်းလတွင် ရွာဦးကျောင်း ၌ကျင်းပသော "၀င် ကမ္ဘာ"ပွဲတွင် မုန့်ဟင်းခါးကျွေးသည်ကို အမှတ်ရစေရန် မှတ်ထားခြင်းဖြစ်ကြောင်း သိခဲ့ကြရ၏။ ထိုအခါ ရွာသားများသည် မိမိငြင်းခုံကြသော အဖြေလည်းမဟုတ်၊ ဆေးဆရာ၊ အကြားအမြင်ဆရာ၊ ဘုန်းတော်ကြီးများထံမှ သိခဲ့ကြရသော အဖြေလည်း မဟုတ်သောကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြရ၏။ ဤနေရာတွင် သူတို့ရရှိသော အဖြေနှင့် ရေးသူ၏ အာဘော်အဓိပ္ပါယ်သည် လုံးဝ ကွဲလွဲကြောင်း သိသာထင် ရှားနေလေပြီ။


ထို့ကြောင့် ကျမ်းစာပါ အကြောင်းအရာများကိုသော်လည်းကောင်း၊ အသင်းတော်၏ အယူဝါဒများ အကြောင်းကိုသော် လည်းကောင်း မိမိက အခြားသူများကို ဝေငှမျှဝေသောအခါ မူရင်းစာရေးသူ ဆိုလို ချင်သော အကြောင်းအရာ မပပျောက်ရန် လွန်စွာအရေးကြီးကြောင်း စာဖတ်သူ ဓမ္မမိတ်ဆွေများ အားလုံး သတိပြုရန် ဝေမျှလိုက်ရပါသည်။


မိတ်ဆွေတို့အပေါ်ဘုရားသခင် ကောင်းချီးပေးပါစေ
ဝီလျံသန်းဖေလေး(သစ်တော)

Mar 11, 2010

အမျိုးသမီးဖြစ်ရခြင်း၌ . . . ( ၂ ) ။


အမျိုးသမီးဖြစ်ရခြင်း၌ . . . ( ၂ ) ။

Luciano Cian မှ "God's Plan misunderstood" (ဘုရားအစီအစဉ်ကို တလွဲနားလည်ခြင်း) ဟူသည့် ခေါင်းစဉ်နှင့် ဤသို့ ရေးသားထားသည်။ "ပုံသေနည်းအရ ခင်ပွန်းနှင့် ဇနီးတူညီသောအဆင့် ဂုဏ်သိက္ခာရှိသည်။ သို့သော် လက်တွေ့တွင်မူ ဇနီး (အမျိုးသမီး)သည် ပိုနိမ့်သောအဆင့်၌ရှိသည်၊ ဘုရားသခင်၏ မူလအစီအမံဖြစ်သော အမျိုးသမီး၊ အမျိုးသားကြားတွင် တန်းတူညီမျှရေးသည် ဓမ္မဟောင်းခေတ် ဂျူးလူမျိုးများက သွေဖယ်သွားစေခဲ့ကြသည်။ ၄င်းကို ဓမ္မသစ်ခေတ်တွင် သခင်ယေဇူးက ပြန်လည်ချမှတ် ပေးခဲ့ရသည်။ ကမ္ဘာဦးကျမ်းတွင် (မ)နှင့် (ကျား)တန်းတူညီ ဂုဏ်ရည်ရှိမှုကို တင်ပြ ထားပေသည်။ ဖန်ဆင်းရှင်၏ အလိုတော်မှာ ဂုဏ်ရည်တူ လူအမျိုးအစား နှစ်မျိုးတို့အချင်းချင်း အကူအညီဖြစ်စေ၊ အပြန်အလှန် ဖြည့်စွက်ကြစေရန် အလို့ငှါသာ ရည်ရွယ်ခဲ့သည်။" (ကမ္ဘာဦး ၂း၂၃)။

"အမျိုးသမီးနှင့် အမျိုးသား၏ လုပ်ဆောင်ရန် တာဝန်အခန်းကဏ္ဍ မတူညီ ကွဲပြားသည် မှန်ပါ၏၊ သို့သော် လူပုဂ္ဂိုလ် တန်ဖိုးချင်းမူကား တန်းတူရည်တူသာ ဖြစ်ကြပါသည်။ အမျိုးသားက အမျိုးသမီးအပေါ် မတရား အထက်စီးမှ အနိုင်ယူသည်ဟု ပြောရန်မှာ ၀မ်းနည်းဖွယ်၊ ရှက်ဖွယ်ဖြစ်၏။ သခင်ခရစ်တော်သည် ဖန်ဆင်းခြင်း အစကတည်းက ထားရှိရည်ရွယ်သော အမျိုးသမီးတို့ ဂုဏ်သိက္ခာကို ပြန်လည်ထူမြောက်ပေးရန် ကြွလာခဲ့ပေသည်" ဟူ၍လည်း "Woman: a person uniquely creative" စာအုပ်တွင် ရေးသားထားပါသည်။


လူတွင် အဆင့်အတန်း၊ အမျိုးအမည်၊ အသင်းအဖွဲ့၊ မြေနေရာဒေသ စသဖြင့်ခွဲခြားခြင်းကို ၀ါသနာပါသည့် စရိုက်ရှိနေပေသည်။ ခွဲခြားမှု အမျိုးမျိုးထဲမှ အမျိုးသမီး၊ အမျိုးသား(အမ၊ အဖို) ခွဲခြားမှု တစ်ခုကလည်း အခိုင်အမာ အမြစ်တွယ်နေသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ ကျွန်မတို့နေထိုင်သော လောကကို အမျိုးသား (အဖို)ကြီး စိုးလျက်ရှိကြောင်း ထင်ရှားပေသည်။

အမျိုးသမီး၊ အမျိုးသားနှစ်မျိုးလုံး ပါဝင်သော ကိစ္စတစ်ခုခု တင်ပြရန်ရှိလျှင် ထိပ်မှ၊ ရှေ့မှ အမျိုးသားအမည်များ အစီအရီ ရေးသားပြီးမှသာ နောက်မှ အမျိုးသမီးအမည်များ ရေးလေ့ရှိကြသည်။ အသေးဆုံး ဥပမာ အဖြစ် - သီချင်းခွေ၊ စီဒီဖုံးပေါ်မှ အဆိုတော်များ အမည်စာရင်းကိုသာ ကြည့်ပါ။


ဤသည်မှာ ရှေးပဝေသဏီမှ မြစ်ဖျားခံလာသော အယူအဆဖြစ်၍ မည်သူ့ကိုမျှ တရားခံစစ် ရှာမရနိုင်သကဲ့သို့ အပြစ်ပုံချရမည့်သူလည်း တွေ့မည် မဟုတ်ပါ။ အမျိုးသားက မြတ်သည်၊ မြင့်သည် ဟူသည့် အယူအဆကို အမျိုးသမီးများ ကိုယ်တိုင်ကပင် ကျေကျေနပ်နပ် လက်ခံနေကြပေသည်။ အမျိုးသား၏ မြင့်ခြင်း၊ မြတ်ခြင်း
အယူအစွဲသည် မည်မျှထိ ခရီးရောက်သွားသနည်းဟူမူ မိမိကိုးကွယ်သည့် ဘုရားနှင့်ပင် နှိုင်းယှဉ်၊ တိုင်းတာသည်အထိ ဖြစ်သွားရသည်။ အဖိုမဟုတ်၊ အမမဟုတ်၊ ခန္ဓာကာယလည်းမရှိ၊ ၀ိညာဉ်သက်သက်ဖြစ်သော ဘုရားကိုပင် အမျိုးသား (အဖို) အဖြစ်သာ မြင်ယောင်တင်စား လက်ခံ ထားကြလေသည်။

ဤအချက်နှင့် ဆက်စပ်၍ "အာရှအမျိုးသမီးအသင်းတော် (EWA)" ဒုတိယအကြိမ် အစည်းအဝေး (အင်ဒိုနီးရှား)တွင်၂၀၀၄ခုနှစ်က သွားရောက် ပါဝင်ဆွေးနွေးခဲ့သော Sr.AnnShwe, SJA၏ ရှင်းလင်းကိုးကားချက်များမှ တစ်ချက် ထုတ်နှုတ် ဝေမျှလိုသည်မှာ" ဖန်ဆင်းရှင်ဘုရားကို ဖြူသော ၀တ်ရုံတော် ၀တ်ဆင်ထားလျက် မုတ်ဆိတ်ရှည်ကြီးနှင့် (ယောက်ကျားသား) အဖိုးကြီး၏ ပုံရိပ်မျိုး မြင်ယောင်တတ်ခြင်းကို မေ့ဖျောက် ပစ်ကြပါစို့။ ဘုရားကို မည်သူမျှ မမြင်စဖူးပါ၊ အမျိုးသားပန်းချီ၊ ပန်းပုဆရာများက ရေးဆွဲထုလုပ်သည့် ဘုရားပုံတော်များကိုသာ မျက်စိယဉ်နေခဲ့ကြသည်။ စွဲထင် နေခဲ့ကြပေသည်။ အကယ်၍ တစ်စုံတစ်ယောက်မှ ဘုရားကို ဤသို့ အမျိုးသားဟန် သဏ္ဍန်ဖြင့် ရူပါရုံ မြင်ရပါသည် ဆိုလျှင်ပင် ၄င်းသည် ကာလံ၊ ဒေသံနှင့် အခြေအနေတစ်ခု၏ သီးခြားလိုအပ်မှုအတွက်သာ ဖြစ်ပါလိမ့်မည်။ (အမ၊ အဖို) ခပ်သိမ်းကို အသက်ပေးသွင်းသူ လိင်မဲ့၊ ခန္ဓာမဲ့ဝိညာဉ် သက်သက်ဖြစ်သော ဖန်ဆင်းရှင်ဘုရားကို ကျမ်းစာမှလည်း ဘုရားသခင်သည် (အဖို) ဖြစ်တော်မူ၏။ သို့မဟုတ် (အမ) ဖြစ်တော်မူ၏ဟု ဖေါ်ပြခြင်းထက်၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ (၁ ယော ၁း၁၆ ) ဟုသာ တွေ့ရမည်ဖြစ်သည်။


ဘုရားသခင်သည် လူကို ဖန်ဆင်းကတည်းက "ငါတို့နှင့် တညီ၊ တစ်သဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့" ဟုသာ ပြောခဲ့ပါသည်။ "လူတန်းစား နှစ်မျိုးကို ဖန်ဆင်းကြစို့" ဟုမပြောပါ။


(ကမ္ဘာဦးကျမ်း ၁၆း၇၈) က ဟာဂရအမည်ရှိသော ကျွန်မတစ်ယောက်ကို ကောင်းကင်တမန်က မေးသည့် "ဘယ်ကလာပြီး၊ ဘယ်ကိုသွားမှာလဲ" ဟူသော မေးခွန်းသည် အမျိုးသမီးတိုင်း မိမိကိုယ်ကို ပြန်မေးရမည့် မေးခွန်းပင် ဖြစ်ပါသည်။ ၄င်းမေးခွန်းကို ဖြေရန် ကျွန်မတို့ ငယ်ငယ်က ဘုရားစကား၌ သင်ခဲ့ရသော အမေး၊ အဖြေတစ်ခုက အကျုံးဝင်နေပါသည်။ "ဘုရားသခင်က လူကို ဘာအတွက် ဖန်ဆင်းတာလဲ" "သူ့ကို သိဖို့၊ သူ့ကို ချစ်ဖို့၊ သူ့ကို အစေခံဖို့နဲ့ နောင်ဘ၀ကျရင် သူနဲ့အတူ ထာဝရပျော်ရွှင်မှုကို ခံစားရစေဖို့" ဟူ၏။ သို့ဖြစ်လျှင် ဘုရားထံမှလာကာ ဘုရားထံသို့ ပြန်သွားရမည့် အမျိုးသမီး၏ အရည်အသွေးကို ပို၍ ညံ့ဖျင်းသော လူသားတစ်မျိုးအဖြစ် ဖန်ဆင်းထားပါမည်လော။ အမျိုးသမီး (အမ) ဖြစ်စေ၊ အမျိုးသား (အဖို) ဖြစ်စေသူ၏ ဖန်ဆင်းရှင်ဖြစ်သော ဘုရားနှင့် တလုံးတ၀တည်း ဖြစ်စေရန်သာ ဖန်ဆင်းထားပါသည်။ ၀ိညာဉ်သက်သက်ဖြစ်သော အဖိုလည်းမဟုတ်၊ အမလည်းမဟုတ်သော၊ အနန္တမေတ္တာရှင်သည် ချစ်ခြင်း မေတ္တာဖြစ်သောကြောင့် ထိုဘုရားသည် လူကိုအညံ့၊ အကောင်းခွဲခြား ပါမည်လော။ ထို့ကြောင့် အမျိုးသမီး ဖြစ်နေခြင်းကြောင့် တစ်ဆင့်နိမ့်၊ ဒုတိယတန်းစား၊ အရည်အသွေးညံ့ဘ၀ရှင်ပါ ဟူသည့် အယူအဆကို ခေါင်းထဲမှထုတ်ပစ်ကြပါစို့။" ဤသို့ဆိုထားသည်။


ဘုရားကို "အဖေ" မခေါ်လို၍ မဟုတ်ပေ။ ကောင်းကင်ဘုံသခင် ဖန်ဆင်းရှင်ကို (အဖ) (အဖေ)ဟုတမ်းတ ခေါ်ရခြင်းသည် ဘုရားသား၊ သမီးအဖြစ် ဂုဏ်ယူစရာ ပီတိတစ်ခု ဖြစ်သကဲ့သို့ ဘုရားနှင့် လူသား၏ရင်းနှီးခြင်း၊ အားကိုးချစ်ခင်ခြင်းကို သရုပ်ထင်းထင်း ပေါ်လွင်စေပေသည်။ သို့သော် ဤနေရာ၌ ထောက်ပြလိုသည်မှာ လူသားတို့၏ သမိုင်းရေစီးကြောင်းကို အမျိုးသား (အဖို) ကြီးစိုးသော လောကအဖြစ် ဆွဲယူပုံသွင်းနေမှုကို သမင်လည်ပြန် ကြည့်မြင်ကာ၊ သုံးသပ်မိစေရန်သာ ဖြစ်ပါသည်။


သင်သည် အမျိုးသမီးတစ်ဦးဖြစ်ပါက သင့်ကိုယ်သင်ကော မည်သို့ခံယူထားပါသလဲ။ ဘာသာရေး၌၊ လူမှုရေး၌ သင့်မိသားစုအတွင်း၌ကော သင့်ကိုယ်သင် မည်သည့်နေရာ၌ ထားပါသလဲ။ မည်သည့် နေရာ၌ နေရပါသလဲ။


(ရှေ့ဆက်ဖတ်ပါရန်)


Ref:
- What is your image of God ?
What is your Female image of God?
By Sr. Ann Shwe , (SJA)
- Woman: a person uniquely creative.
By (Luciano Cian)
- In God's image ( Vol-19, No-2, June 2002)
- Gathering the voices of the silenced (EWA)
- Weekly Eleven news letter
( June,2006)

အင်ဝိုင်းပန် (SJA)

Mar 6, 2010

ကူညီမယ်ဆိုရင်

ကူညီမယ်ဆိုရင်

အာရုံစူးစိုက်နာတောင်ပါ
သူတဖက်သားကို ကြင်နာသနားခြင်းပြရန် သူပြောသမျှကို မျက်စိနှင့်၊ နားနှင့်၊ နှလုံးသားနှင့်၊ စိတ်ရောကိုယ်ပါ နားထောင်ပေးတတ်ဖို့ လိုအပ်ပါတယ်။ ခင်ပွန်းသည်က ဇနီးသည်ပြောသမျှကို လေးလေး နက်နက်အာရုံစူးစိုက်မှ သူမရဲ့ စိတ်နေသေဘောထားနဲ့ ရည်ရွယ်ချက် အမှန်ကိုသိနိုင်မှာပါ။ ကိုယ့်ဇနီးက ကိုယ့်ထက် သူတစ်ပါးကို ပိုပြီး စိတ်ဝင်စားသွားမှာကို ခင်ပွန်းသည်တွေ စိုးရိမ်တတ်ကြပါတယ်။ ဒီလိုမဖြစ်အောင် လိုက်နာဖို့ နည်းလမ်းက အင်မတန်ရိုးစင်ပါတယ်။ ဇနီးသည်ကို ပိုပြီး နားလည်မှုပေးဖို့၊ ပိုပြီး ယုယကြင်နာဖို့၊ ပိုပြီး မေတ္တာပြဖို့ပါပဲ။ အာရုံစူးစိုက် နားထောင်ခြင်း မရှိရင်တော့ ဒါတွေ ဖြစ်မလာနိုင်ပါဘူး။

အတ္တကိုထိန်းသိမ်းပါ
လူတိုင်းဟာ အတ္တနဲ့ မကင်းနိုင်ကြပါဘူး။ ဇာတ်ခုံပေါ်တက်၊ မင်းသမီး/မင်း သားလုပ်ပြီး ပရိတ်သတ်ရဲ့ အားပေးချီး မြှောက်မှုကို လိုချင်တတ်ကြပါတယ်။ မင်းသားမလုပ်ရရင် ပတ်မကြီးကို ထိုးဖောက်ချင်တတ်ပါတယ်။ သူတဖက်သားကို မေတ္တာထားတယ်ဆိုရင်တော့ မီးရောင်အောက်မှာ ကိုယ်တိုင်ဝင်မကဘဲ သူတစ်ပါးကို ဦးစားပေးလိုက်ပါ။ နေရာတကာ ဆရာကြီးလုပ်ချင်တဲ့ သူဆိုရင် လူတွေက ရှောင်ချင်ကြပါတယ်။ ဒါရဲ့ ဆန့်ကျင်ဖက် သိမ်မွေ့နှိမ့်ချတဲ့ သူတွေကတော့ ကကယ့် သူရဲကောင်းလို့ ဆိုရပါလိမ့်မယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်တဲ့ သူတွေမှာသာ ဖြစ်နိုင်ပါတယ်။ ဒီလို အရည်အချင်းနဲ့ ပြည့်ဝဖို့ရာ သူတစ်ပါးကို ဦးစားမပေးခင် ကိုယ့်အတ္တကို အရင်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ "မိမိနှင့် နီးစပ်သူကို ကိုယ်နှင့်အမျှ ချစ်လော့" (မာတေဦး ၁၂း၁၃) ဆိုတာ ဒါကို ရည်ညွှန်းတာပါပဲ။ ကိုယ်နဲ့ကိုယ့် အဇ္ဇျတ္တငြိမ်းချမ်းမှုမရသ၍ သူတစ်ပါးကို မေတ္တာထားနိုင်မှာ မဟုတ်ပါဘူး။ အနည်းငယ်သော လူတချို့သာလျှင် လုံးဝအတ္တ ကင်းစင်ကြပါတယ်။ မိမိရဲ့ အတ္တကို ထိန်းသိမ်းနိုင်တာနဲ့အမျှ သူတစ်ပါးရဲ့ သောကတွေ လျော့ပါးလာအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

စိတ်ရှည်သီးခံပါ
ကိုယ်ကူညီချင်တဲ့သူက သူ့ရဲ့ဒုက္ခ ကနေ သူကိုယ်တိုင် ရုန်းထွက်နိုင်တဲ့အချိန်ထိ စောင့်ဆိုင်းပေး၊ နားထောင်ပေး၊ သူ့ဖက်က ရပ်တည်ပေးမှသာ မေတ္တာပြရာ ရောက်ပါတယ်။

လက်တွေ့ကူညီပါ
သူတစ်ပါးရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းမပေးဘူး၊ ဒုက္ခတွေကိုမျှဝေ မခံစားဘူးဆိုရင် သူု့ကို ခင်တယ်ဆိုတာ အလကားပါ။ သင့်ရဲ့ မေတ္တာကို သူတစ်ပါး လက်တွေ့ခံစားရမှ သက်သေပြရာရောက် ပါတယ်။ လူမှုဆက်ဆံရေးကို လေးနက်ခိုင်မာစေတာ လက်တွေ့ပါတဲ့ စေတနာပါ။ စေတနာမှန်ရင် ရောင်ပြန်ပုံရိပ် ထင်ပါတယ်။ မေတ္တာတရားဟာ ကူးစက်ပျံ့ပွား လွယ်ပါတယ်။ စိုက်ပျိုးတဲ့အတိုင်း ရိတ်သိမ်းရမှာ အမှန်ပါပဲ (ဂလာတိ ၆း၇)။

Ref: "Compassion" from "Book of Tips" by Julio F. Silverio

ဝိုင်းတော်သားတစ်ဦး

Mar 4, 2010

သံဇူဇယ်၏ စောင့်မခြင်း

သံဇူဇယ်၏ စောင့်မခြင်း

စာရေးသူသည် ယခင်က သံဇူဇယ်အား ဆုတောင်းသဒ္ဒါ ကြည်ညိုမှု မပြုခဲ့ဘူးပါ။ မယ်တော်သခင်မ၏ ခင်ပွန်းတော်၊ ကိုယ်တော်ရှင်ယေဇူး၏ ကလေးဘ၀ အုပ်ထိန်းသူ၊ လောကမှ ဖခင်တစ်ဦး အဖြစ်သာ လက်ခံကာ ရိုသေခဲ့တာဘဲ ရှိပါတယ်။ တစ်ခါတုံးက သိုးထိန်းအသံမှာ အဖသံဇူဇယ်အကြောင်းကို အကျယ်တ၀င့် ရေးသားထားသည်ကို ဖတ်ရပါတယ်။ သံဇူဇယ်ဟာ သူငယ်ယေဇူးကို အသက်ဘေးမှ ကာကွယ်စောင့်ရှောက်သူ၊ ကျွေးမွေးပြုစုခဲ့သ၊ူ မယ်တော်နှင့် သခင်ယေဇူးမှလွဲရင် သံဇူဇယ်သည် အမြင့်မြတ်ဆုံးသော ရဟန္တာဖြစ်ကြောင်း၊ လောကမှာနေစဉ် ကတည်းက နှုတ်နည်းသူ ဖြစ်သောကြောင့် လူတွေက သတိမမူမေ့ထားကြောင်း၊ သံဇူဇယ်ကို ကိုးစားပါက ကြီးမားသော ကူညီစောင့်ရှောက်မှုရကြောင်း ရေးထားပါတယ်။

သံဇူဇယ်အကြောင်းကို ဖတ်ရပြီးတဲ့နောက် စာရေးသူ ဗုဒ္ဓဟူးနေ့တိုင်း သံဇူဇယ်မေတ္တာကို မှန်မှန်ဆိုခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် စိန်ဂျိုးဇက်(လဖုန်း)ကျောင်း၌ ကျင်းပသော နိုဗီနားမိစ္ဆားတရားကို သားအမိတွေ (၃)ရက်ပါဝင်ခဲ့ပါတယ်။ ၂၀၀၅ခုနှစ် မေလ (၃၁)ရက် အင်္ဂါနေ့ကျပြီး ဇွန်(၁)ရက် ဗုဒ္ဓဟူးနေ့ ကျပါတယ်။ မေ(၃၁)ရက်နေ့ညတွင် စိပ်ပုတီးစိပ်၊ ညမေတ္တာဆိုပြီး ၁၀း၄၅မိနစ်မှာ အိပ်ရာဝင်ခဲ့ပါတယ်။ စာရေးသူ အိပ်ပျော်နေစဉ် ဘယ်သူဘယ်ဝါ သဏ္ဍာန် မသဲကွဲတဲ့ အမျိုးသားတစ်ယောက်က စာရေးသူကို လက်ညိုးနှင့် တို့တော့မယ်ဆိုတာ အာရုံရနေစဉ် တကယ်ဘဲ ခါးကို လက်ညိုးတစ်ချောင်းနှင့် ထိုးခံလိုက်ရရာ စာရေးသူလည်း အိပ်ပျော်ရာမှ နိုးလာပါတော့တယ်။ ထိုအချိန်မှာပဲ နှာခေါင်းမှလည်း စူးရှပြင်းပြသော ညှော်နံ့ကို ရှုလိုက်ရပါတယ်။ သို့သော်လည်း ဒီအချိန်မှာ ဘာညှော်နံ့မှ မရှိနိုင်ဘူး။ စိတ်ထင်လို့ပါဆိုပြီး ဆက်အိပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဟူးနေ့ နံနက်အကူး ၁နာရီ ၃၀မိနစ်တိတိ အချိန်ဖြစ်နေလို့ပါပဲ။ သို့သော်လည်း ဆက်အိပ်လို့မရ ညှော်နံ့တွေလည်း ဆက်တိုက်နံနေလို့ စဉ်းစားကြည့်လိုက်တော့ မနက်အတွက် အဆင်သင့်ဖြစ်အောင် ထမင်းအိုးတည်ခဲ့မိတာကို အမှတ်ရပြီး မီးခလုတ်များ ဖွင့်ထားခဲ့မိသလားလို့ ထကြည့်လိုက်တော့ ဒန်အိုး မီးလောင်နေတာကို တွေ့ရတယ်။ တုန်လှုပ်၊ ကြောက်ရွံ့ပြီး အံ့သြနေမိတယ်။ တုန်လှုပ်၊ ကြောက်ရွံ့တာက လူတွေ အိပ်မောကျချိန် တစ်ဆောင်လုံး မီးပြာကျပြီး လူအသက် အပေါင်း၂၀ ကျော် မီးလောင်ခံရမည့် အဖြစ၊် အံ့သြမိတာက စာရေးသူကို ခါးတို့ပြီး နှိုးလိုက်သော သဏ္ဍာန်မသဲကွဲသည့် ပုဂ္ဂိုလ် ယောက်ျားကိုပါ။ ထိုအချိန်မှာ ခင်ပွန်းက ခရီးထွက်နေပါတယ်။ ခင်ပွန်းသည်ရဲ့ ၀ိညာဉ်လား ဒါလည်း မဖြစ်နိုင်ပါ။ အံ့သြရင်း၊ စဉ်းစားရင်း အိပ်ပျော်သွားပါတယ်။

မနက် အိပ်ရာထ နောက်ကျ၍ အချိန်နောက်မကျခင် ဗုဒ္ဓဟူးနေ့ နံနက်မေတ္တာဆိုရာမှာ သံဇူဇယ်မေတ္တာကို ဆိုမယ်လုပ်ခါမှ နှလုံးသား ထဲမှာ "သံဇူဇယ်"ဆိုသည့် နာမပဲ့တင်ထပ် မြည်ဟိန်းထွက်ပေါ် လာပါတော့တယ်။ အဲဒီကျမှ ကိုယ့်ရဲ့ ပေါ့လျော့မှုကြောင့် အဆောင်တစ်ခုလုံး လူပေါင်း ၂၀ကျော် မီးလောင်ပြာကျမှုမှ သံဇူဇယ် ကယ်တင်လိုက်ကြောင်း သိရပြီး အံ့သြနေမိတယ်။ မိမိဘ၀မှာ ယခင်က အပြစ်သားဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းမှာ အတတ်နိုင်ဆုံး ဘုရားတရား ကြည်ညိုတယ်။ ဘုရားအတွက် အချိန်ပေးတယ် ဆိုပေမဲ့ ဘုရားသခင်က ဒီလောက် နီးနီးကပ်ကပ် နေလိမ့်မယ်လို့ မထင်ရဲတာ အမှန်ပါ။ ဒါကြောင့် ကိုယ့်အချိန်ထဲက တတ်နိုင်သမျှဖဲ့ပြီး ဘုရားသခင်အတွက် ဆက်ကပ်တယ်ဆိုရင် ဘုရားသခင်က ကိုယ့်အတွက် အများကြီး ပြန်ပေးတယ်ဆိုတာကို ဓမ္မမိတ်ဆွေများအား သတင်းကောင်းဝေမျှရင်း အဖသံဇူဇယ်၏ ကူညီစောင်မပေး သနားတော်မူခြင်းကို ကျေးဇူးတော် ချီးမွမ်းလျှက် သက်သေခံပါသည်။

ဂုဏ်တော်ကို ချီးမွမ်းလျှက်
ရွက်ဝါ(တိတိဇုန်း)

Mar 1, 2010

မေး/ဖြေ ။။ ခရူစူးအမှတ်အသားပြုလုပ်ရခြင်း


မေး။။ ခရူစူးအမှတ်အသား ပြုလုပ်ရခြင်းရဲ့ အဓိပ္ပါယ်နဲ့ ဘယ်အချိန်ကစပြီး စတင် အသုံးပြုခဲ့တယ် ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ကက်သလစ်ဘာသာဝင်များ ပြုလုပ်တဲ့ ခရူစူးအမှတ်အသားဟာ သခင်ခရစ်တော် လက်ဝါးကပ်တိုင်တင်သတ် ခံရပြီး သေခြင်းမှ ရှင်ပြန် ထမြောက်တော်မူခြင်းအားဖြင့် ယုတ်ညံ့သော လက်ဝါးကပ်တိုင်သည် ခရစ်တော်ရဲ့ အောင်လံတော် ဖြစ်လာပါတယ်။ အဲဒီ ခရစ်တော်ရဲ့ အောင်လံတော် ခရူစူးလက်ဝါးကပ်တိုင်ဟာ ခရစ်ယာန်များရဲ့ ကယ်တင်ခြင်း သရဖူဖြစ်လာပါတယ်။ အဲဒီခရူစူးအမှတ် အသားပြုခြင်း သင်္ကေတကို ဘယ်သူက စတင်ပြုလုပ်ခဲ့တယ်ဆိုကိုတော့ အတိအကျမသိ ခဲ့ရပေမယ့် ရှေးကနဦးအစ ဒုတိယရာစုနှစ် ကတည်းကပင် ခရစ်ယာန်တို့သည် မိမိတို့ နဖူးပေါ်တွင် လက်မဖြင့် ခရူစူးမှတ်သားခြင်းကို သမိုင်း အထောက်အထားများအရ ဘာသာရေး သက်သေခံချက် ထုံးတမ်းစဉ်လာ တစ်ခုအဖြစ်ဖြင့် လက်ခံခဲ့ကြကြောင်း သိနိုင်ပါတယ်။

ခရစ်သက္ကရာဇ် အေဒီ(၁၉၆) ခုနှစ်က သီတင်းသုံးတော်မူခဲ့တဲ့ Tertullian ဆိုတဲ့ ပုဂ္ဂိုလ်သည် ခရစ်ယာန်ဘာသာ၌ ပထမဦးဆုံး လက်တင်ဘာသာဖြင့် စာပေများကို ရေးသားခဲ့တဲ့ အာဖရိကနွယ်ဖွား ကာသေ့ခ်ျမြို့သား အသင်းတော်ရဲ့ ရှေးကနဦး ဖခင်ကြီးဖြစ်ပါတယ်။ အဲဒီ အချိန်အခါတုံးက ခရစ်ယာန်လောကမှာ ဂရိဘာသာစာနဲ့ စကားကို အသုံးမပြုသေးပါ။ တာတူလီးယာန်းဆိုတဲ့ ဓမ္မ သုခမိန်ကြီးရဲ့ အရေးအသားများထဲမှ ကောက်နှုတ်ချက် တစ်ခုကတော့ "ကျွန်ုပ်တို့သည် အဘယ်အရပ်သို့ သွားသည်ဖြစ်စေ၊ အဘယ်အရပ်မှ ပြန်လာသည်ဖြစ်စေ၊ အ၀တ်အစား ဆင်ယင်သည့်အခါပင်ဖြစ်စေ၊ ခြေနှင့်တောင်ဝှေးကို ဆင်ယင်သည့် အခါပင်ဖြစ်စေ၊ စားသောက်သည့် အခါနဲ့ပင် ဖြစ်စေ၊ အိပ်ယာဝင်ခါနီး အချိန်ပင်ဖြစ်စေ၊ ခရူစူးလက်ဝါးကပ်တိုင် အမှတ်အသားကို ပြုလုပ်ကြ၏"။ ခရစ်သက္ကရာဇ်(၃၇၃) ခုနှစ်တွင် သီတင်းသုံးတော်မူခဲ့တဲ့ ရဟန္တာသူတော်မြတ် အေဖရိမ် (Ephraem) အရှင်မြတ်က ဆီးရီးယားလူမျိုးထဲမှ တစ်ဦးတည်းသော ကျမ်းတတ်ပုဂ္ဂိုလ် တစ်ပါးဖြစ်ပါတယ်။ သူတော်မြတ်ရဲ့ ရေသားချက် တစ်ခုကတော့ "ချစ်သား သင်၏ လုပ်ငန်းဆောင်တာ အားလုံး၌ အသက်ပေးသော ခရူစူးအမှတ်အသားဖြင့် ပြီးမြောက်စေရမည်။ သူ၏ စားခြင်း၊ သောက်ခြင်း၊ သွားလာခြင်း၊ သူ၏အိမ်၌ နေခြင်းနှင့် အိပ်ခါနီးအချိန်တို့၌ ဤခရူစူးအမှတ် အသားပြုလုပ်ခြင်းထက် ပိုမိုကောင်းမွန်သော အပြုအမူသည် မရှိတော့ပေ။ ထိုခရူစူး အမှတ်အသားပြုခြင်းသည် သင်၏ လုပ်ငန်းဆောင်တာ အားလုံးတို့အတွက် လုံခြုံမှုပေးခြင်းဖြစ်သည်။ ထိုအပြုအမူကို သင်၏ သားသမီးတို့အား သင်ကြားပေးလော့"။

အမိအသင်တော်ကြီးရဲ့ ကနဦး ဒီကျမ်းတတ်နှစ်ပါးရဲ့ ရေးသားထားချက်များကို ထောက်ရှုခြင်းအားဖြင့် ခရူစူးအမှတ်သား ပြုလုပ်ခြင်းသည် ဘယ်သူဘယ်ဝါက စတင်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ရေရေရာရာ မသိခဲ့ရပေမယ့် အမိအသင်းတော်ကြီးထဲမှာ ရှေးဦးအစကပင် စတင်ခဲ့တယ် ဆိုတာကိုတော့ သိနိုင်ပါတယ်။ စတုတ္ထရာစုနှစ်ပိုင်းတွင်မူ ၀တ်ပြု ကိုးကွယ်ခြင်း အခမ်းအနားများ၌ စတင် မှတ်သား ပြုလုပ်လာခဲ့ကြပါတယ်။ အချို့က နဖူးပေါ်နဲ့ မျက်လုံးများအပေါ်မှာ ခရူစူးမှတ်သားကြပြီး အချို့တို့က နှုတ်ခမ်းများပေါ်၌လည်း ခရူစူးမှတ်သားခဲ့ကြကြောင်း အဋ္ဌမရာစုနှစ်ပိုင်းများတွင် သက်သေ သာဓကများ ရှိခဲ့ပါတယ်။

နဖူး၊ ရင်ဘတ်နဲ့ ပုခုံးများပေါ်မှာ မှတ်သားခြင်းဟာ ပဉ္စမရာစုနှစ်က ထုံးတမ်းစဉ်လာ တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပေမယ့် ရသေ့ကျောင်းတိုက်များတွင် ဆယ်ရာစုကျမှ တရားဝင်လက်ခံခဲ့ပြီး ခရူစူးမှတ်သားလာကြခြင်း ဖြစ်တယ်။ ဆယ့်သုံးရာစုမှာတော့ ပုပ်ရဟန်းမင်းကြီး တတိယမြောက် အင်နိုဆင့် (Pope Innocent III) အရှင်သူမြတ်ရဲ့ ညွှန်ကြားချက်မှာ လက်ညှိုးသုံးချောင်းဖြင့် နဖူးမှအစချီကာ ဒုတိယ ရင်ပတ်မှာတို့ ထိပြီး အဲဒီနောက် ညာလက်ပုခုံး မှဘယ်လက်ပုခုံးသို့ တို့ထိ မှတ်သားရန် သွန်သင် တော်မူခဲ့ပေမယ့် တစ်ဖြည်းဖြည်း ဘယ်လက်ပုခုံးမှ ညာလက်ပုခုံးသို့ အဆုံး သတ်တဲ့အလေ့အထသို့ ပြောင်းသွားခဲ့ပါတယ်။

ခရူစူးမှတ်သားရာ၌ ရွတ်ဆိုရသော ဆုတောင်းမေတ္တာမှာ "ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမတော်မြတ်၌၊ အာမင်။" လို့ ရှေးကတည်းက ရွတ်ဆိုခဲ့ကြပေမယ့် သြသိုဒေါက်အသင်း များမှာတော့ "သန့်ရှင်းတော်မူသောဘုရား၊ တန်ခိုးကြီးတော်မူသောဘုရား၊ မသေနိုင်သောဘုရား၊ ကျွန်ုပ်တို့ကို သနားတော်မူပါ" ဟု ရွတ်ဆိုခဲ့ကြပါတယ်။ ၀တ်ပြုကိုးကွယ်ခြင်း အခမ်းအနားများ၌ ခရူစူးမှတ်သားခြင်းသည် အနက်အဓိပ္ပါယ် အမျိုးမျိုးကို ပေါ်လွင်စေပါတယ်။ ဆေးကြောခြင်းခံ၍ ဘာသာဝင်လာသူ တစ်ဦးအပေါ်မှာ ခရူစူးအမှတ်သား ပေးခြင်းအားဖြင့် ဒီလူဟာ ခရစ်တော်ဘုရားရှင်ရဲ့ ပိုင်ဆိုင်ခြင်း ခံရကြောင်း အမှတ်တံဆိပ်ခတ် နှိပ်ခံရတဲ့ သဘောကို ဆောင်ပါတယ်။ မကောင်းဆိုးဝါး နတ်ဆိုးများကို နိုင်နင်းတော်မူတဲ့ ခရစ်တော်ဘုရားရှင်ရဲ့ ဘုန်းအာနုဘော်တော်ကိုလည်း အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။

ခရူစူးမှတ်သားခြင်းသည် အတောမသတ်နိုင်အောင် များပြားတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးများ စီးဆင်းရာ အမှတ်အသား ဖြစ်နေတဲ့အတွက် လူတစ်ဦးဦးကို အရာဝတ္ထုတစ်ခုခုကို ကောင်းချီးပေးခြင်း၊ ဘုရားရှင်တော်မြတ်ရဲ့ လက်တော်ထဲ ပူဇော်အပ်နှံလိုက်ခြင်း အနက်အဓိပ္ပါယ်ကို ပေါ်လွင်စေပါတယ်။ ခရစ်တော်မပေါ်မီက ကျွန်များကို သခင်တစ်ယောက်ယောက် ပိုင်ထားကြောင်း၊ ပိုင်ရှင်ရှိကြောင်း ပြဖို့အတွက် နဖူးပေါ်မှာ အလွယ်တကူ မပျောက်ပျက်နိုင်တဲ့ အမှတ်အသားဖြင့် မှတ်သားခြင်းခံခဲ့ကြပါတယ်။ ထိုခေတ်က ဘာသာရေး အယုံအကြည်များ၌လည်း မိမိတို့ယုံကြည်ရာ ဘုရားများရဲ့ အမှတ်များဖြင့် မှတ်သားခဲ့ကြပါတယ်။ ခရစ်ယာန်များကလည်း မိမိတို့ ယုံကြည်ရာနဲ့ သက်သေခံရာ အောင်လံတော် အမှတ်အသားအဖြစ် ခရူစူးအမှတ်အသားကို စတင်ပြုခဲ့ကြပါတယ်။

ခရူစူးမှတ်သားခြင်းကို အသုံးပြုရခြင်း အကြောင်းကား အလွန် သန့်ရှင်းစင်ကြယ်၍ မြင့်မြတ်တော်မူလှသော ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားကို အောက်မေ့သတိရရန်နဲ့ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားအနက် ဒုတိယပုဂ္ဂိုလ် သားတော်ဘုရားသည် ခရူစူးပေါ်မှာ အသက်တော် စွန့်တော်မူကြောင်းကို သတိရရန်အတွက် ဖြစ်ပါတယ်။ ခရူစူးအမှတ်အသားကို ပြုတဲ့အခါမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမတော်မြတ်၌ ဆိုသောစကားဖြင့် ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားကို အောက်မေ့ သတိရကြပါတယ်။

ခရူစူးမှတ်သားခြင်းပြုရာမှာ ကျွန်ုပ်တို့ ကိုယ်ပေါ်တွင် လက်ဝါးကပ်တိုင် ပုံသဏ္ဍာန်အတိုင်း ပြုခြင်းဖြင့် ခရစ်တော်ဘုရားရှင်သည် ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်၌ အသက်တော် စွန့်တော်မူကြောင်းကို သတိရစေပါတယ်။ ဘုရားရှင်ရဲ့ ကောင်းချီး မင်္ဂလာတော်ကို ခံစားရရှိရန်အတွက်နဲ့ ၀ိညာဉ်ရော ခန္ဓာကိုယ်ပါ ဘေးဥပါဒ်အန္တရာယ် ခပ်သိမ်းမှ ကာကွယ်စောင့်ရှောက်မှု ရရှိရန်အတွက် ခရူစူးမှတ်သားခြင်းကို ပြုကြဖို့ လိုအပ်ပါတယ်။ (ဂလာတိသြ၀ါဒစာ ၆း၁၄) "ငါဖြစ်လျှင် ငါတို့သခင် ယေဇူးခရစ်တော်၏ လက်ဝါးကပ်တိုင်တော်မှ တစ်ပါး အဘယ်အရာ၌မှ ၀ါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဖို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏"။

ဘုန်းတော်ကြီး ဒေါမနစ်ဂြိုလ်တု