Sep 28, 2009

ပုပ်ရဟန်းမင်းကြီး ဗြိတိန်သို့ သွားရောက်မည်


ပုပ်ရဟန်းမင်းကြီး ဗြိတိန်သို့ သွားရောက်မည်

ပုပ်ရဟန်းမင်းကြီး ဗြိတိန်သို့ သွားရောက်မည် နှစ်ပေါင်း(၂၀)မျှ ကြာမြင့်ပြီးနောက် ပုပ်ရဟန်းမင်းကြီးတစ်ပါးသည် ဗြိတိန်မြေသို့ ခြေချတော့မည်ဟု ဗာတီကန်နန်းတော် အသိုင်း အ၀ိုင်း က ကြေညာလိုက်သည်။ ပုပ်ရဟန်းမင်း ဘင်နဒစ်(၁၆)သည် ဗြိတိန်သို့ ၂၀၁၀ခုနှစ်
ဇန်န၀ါရီလတွင် ကြွရောက်မည်ဖြစ်ကြောင်း သိရ သည်။ သက်တော်(၈၂)နှစ် ရှိနေပြီဖြစ်သည့် ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ်ကြီးသည် ၁၉၈၂ခုနှစ်က ပုပ်ဂျွန်ပေါလ်(၂) ကြွရောက်ပြီးနောက် ဗြိတိန်မြေသို့ ပထမဆုံး ပြန်လည်ကြွရောက်မည့် ရဟန်းင်းကြီးလည်း ဖြစ်လာခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်းသည် ဗာတီကန်သို့ ၃ကြိမ်တိုင်တိုင် ပန်ကြားပြီးနောက် ရဟန်းမင်းကြီးက ယခုကဲ့သို့ အပူဇော်ခံ ကြွရောက်ရန် သဘောတူညီ လိုက်ခြင်းဖြစ်သည်။ ယခင်က ကြွရောက်ခဲ့သည့် ပုပ်ဂျွန်ပေါလ်(၂)သည် ဗြိတိန်တွင် ၆ရက်ကြာ စံမြန်းသွားပြီး အင်္ဂလန်၊ စကော့ တလန် နှင့် ဝေလပြည်နယ်များမှ ပြည်သူအမြောက်အမြားထံ အဖူးမျှော်ခံ ကြွရောက်ခဲ့သည်။ ၎င်းသည် ဗြိတိန်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည့် ပုပ်ရဟန်းမင်းကြီးလည်း ဖြစ်လာခဲ့သည်။ ပုပ်ဂျွန်ပေါလ်သည် ဖောက်ကလန်စ်ကျွန်းစစ်ပွဲ ပေါ်ပေါက်လာခြင်းနှင့် လုပ်ကြံခံရ မည် ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းတို့ကြောင့် ပယ်ဖျက်ရမလိုပင် ဖြစ်ခဲ့သေးသည်။ ယခုကြွရောက်မည့် ပုပ်ဘင်နဒစ်(၁၆)သည် သမိုင်းတလျှောက် ဗြိတိန်မြေသို့ ကြွရောက်မည့် ဒုတိယ ပုပ်ကိုယ်တော်အဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်ပြီး အင်္ဂလန်နှင့် ဝေလရှိ ရိုမန်ကက်သလစ် ကျောင်းတော်များသို့ သွားရောက်ကာ ဘာသာရေး အာဏာပိုင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Sep 27, 2009

မေး/ဖြေ။ ။ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူးနဲ့ ပတ်ပတ်ပြီး အသင်းတော်ရဲ့ ဥပဒေမှာ ဘယ်လိုပြဌါန်း ထားလဲဆိုတာ ဖြေကြားပေး စေလိုပါတယ်။


မေး။ ။ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူးနဲ့ ပတ်ပတ်ပြီး အသင်းတော်ရဲ့ ဥပဒေမှာ ဘယ်လိုပြဌါန်း ထားလဲဆိုတာ ဖြေကြားပေး စေလိုပါတယ်။

ဖြေ။ ။ ကက်သလစ်အသင်းတော်မှာ Canon Law လို့ ခေါ်တဲ့ အသင်တော်ရဲ့ ဥပဒေပုဒ်မ(၁)မှ (၁၇၅၂)ထိ ရှိတဲ့ အနက် ပုဒ်မ(၁၀၅၅)ကနေ (၁၁၆၅) ထိ စုစုပေါင်း (၁၁)ခုကို လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးနဲ့ ပတ်သက်ပြီး ပြဌာန်း ထားပါတယ်။ ပထဆုံးပုဒ်မ (၁၀၅၅)ရဲ့ အပိုဒ်(၁)မှာ လက်ထပ်ထိမ်းမြားခြင်းကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆို (Definition) ထားပါတယ်..."လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းဆိုသည်မှာ လက်ထပ် ထိမ်းမြားခြင်း ကတိသစ္စာအားဖြင့် တစ်ဦးနှင့် တစ်ဦးတစ်သက်တာ အပ်နှံကြသော သတိုသမီးနှင့် သတိုးသားတို့သည် အချင်းချင်း အပြန်အလှန် ကောင်းကျိုးပြုရန် အတွက်၎င်းင်း၊ သားသမီးများမွေးဖွားပြီး ဘက်စုံပညာပေးရန် ဟူသော ရည်ရွယ်ချက်နှင့်၎င်းင်း၊ ဆေးကြောခြင်းခံယူပြီးသူ အမျိုးသားနှင့် အမျိုသမီးတို့ ပြုလုပ်ကြသည့် ကတိသစ္စာကို စက္ကရမင်တူးအဖြစ် သခင်ယေဇူး တင်မြှောက်ထားခြင်းဖြစ်သည်။ "သမ္မာကျမ်းစာမှာတော့ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးရဲ့ ထာဝရတည်မြဲခြင်း သတို့သမီးနဲ့ သတို့သားတို့ရဲ့ အပြန်အလှန် လေးစားခြင်း၊ သစ္စာရှိခြင်း၊ ကွာရှင်းခွင့်မပြုခြင်း သတို့သမီးနဲ့သတို့သားတို့ရဲ့ အပြန်အလှန်လေးစားခြင်း၊ သစ္စာရှိခြင်း၊ ကွာရှင်းခွင့်မပြုခြင်းစတဲ့ အကြောင်းတွေကို သံလူကား ၁၆း၁၈၊ သံမာကု ၁၀း၁-၁၂၊ သံမာတေဦး ၅း၃၂၊ ၁၉း၃-၁၂၊ ပ-ကော ၇း၁-၁၆နဲ့ ဧဖက် ၅း၂၁-၃၃တို့မှာ ဖော်ပြထားပါတယ်။ လက်ထပ်ထိမ်းမြားခြင်းရဲ့ ရည်ရွယ်ချက်များ (Ends) ကတော့ သားသမီး ရတနာမွေးဖွားရန် (ကမ္ဘာ၁း၂၈)၊ သားသမီးများကို ဘက်စုံပညာပေးရန် (F.V.J.10) နဲ့ ဇနီးမောင်နှံအပြန်အလှန် ကောင်းကျိုးပြုရန် (ကမ္ဘာ ၂း၁၈) တို့ ဖြစ်ပါတယ်။ ဒီစက္ကရမင်တူးရဲ့ ဂုဏ်သတ္တိ (Properties) နှစ်ခုလာတော့ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း (hnity) (ကမ္ဘာ ၂း၂၄)နဲ့ မပြိုကွဲမပျက်စီးနိုင်ခြင်း (လု ၁၆း၁၈၊ မာကု ၁၀း၉-၂၊ မာတေ ၅း၃၂၊ ၁၉း၉)တို့ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း စက္ကရမင်တုးတစ်ခု တရားဝင် ထမြောက်အောင် မြင်ဖို့ရာ အဓိကအချက် (၃)ချက် လိုအပ်ပါတယ်။ အဲဒါတွေကတော့ အတားအဆီး မရှိခြင်း၊ အပြည့်အ၀ ၀န်ခံကတိပြုနိုင်ခြင်းနဲ့ အသင်းတော်က သတ်မှတ်ပေးထားတဲ့ ပုံစံအတိုင်း လက်ထပ်ပွဲ ကျင်းပခြင်းတို့ ဖြစ်ပါတယ်။

စက္ကရမင်တူးကို အထမမြောက် မအောင်မြင်စေနိုင်တဲ့ အတားအဆီး (၁၂)ခု ရှိပါတယ်။ တစ်ခုချင်းဖော်ပြရမယ် ဆိုရင်
၁။ အသက်မပြည့်ခြင်း
အသင်းတော်တစ်ခုလုံးမှာတော့ မိန်းခလေးဟာ အနည်းဆုံး (၁၄)နှစ်၊ ယောက်ျားလေးက(၁၆)နှစ် ရှိရမယ်လို့ ပြဌာန်းထားပြီး မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်လာတော့ မ( ၁၆)နှစ်နဲ့ ကျား(၁၈)နှစ်လို့ တိုးမြှင့် သတ်မှတ်ထားပါတယ်။
၂။ သားသမီးမရနိုင်ခြင်း အရပ်သုံးစကားနဲ့ ပြောရရင်တော့ အမျိုးသားပန်းသေ/ညှိုးခြင်း၊ အမျိုးသမီး မြုံခြင်းကို ဆိုလိုပါတယ်။
၃။ ယခင်က လက်ထပ်ခြင်း တည်ဆဲရှိခြင်း ယခင်အိမ်ထောင်ဖက် သက်ရှိ ထင်ရှားရှိနေသေးသ၍ ဒီစက္ကရမင်တူး တခြားသူတစ်ဦးဦးနဲ့ ခံယူခွင့် မရှိပါဘူး။
၎။ ဘာသာကွဲလက်ထပ်ခြင်း ကက်သလစ်များဟာ ဘာသာမတူသူတွေနဲ့ လက်ထပ်ခွင့်မရှိပါဘူး။ ဒါကြောင့် ဘာသာကွဲ လက်ထပ်လိုသူများ သက်ဆိုင်ရာ ဆရာတော်ထံမှာ ခွင့်ပြုချက် (Dispensation() တောင်းခံရခြင်းဖြစ်ပါတယ်။
၅။ သိက္ခာခံယူထားခြင်း ဦးပဇင်းကြီး၊ ရဟန်း၊ ဆရာတော်စတဲ့ ပုဂ္ဂိုလ်များဟာ တစ်သက်တာ ဖြူစင်ခြင်း ပါရမီကို စောင့်ထိန်း လိုက်နာပါ့မယ်လို့ ကတိသစ္စပြုထားတဲ့အတွက် လက်ထပ်ခွင့် မရှိပါဘူး။
၆။ ရာသက်ပန် ကတိသစ္စာပြုထားခြင်း ကိုရင်ကြီးများနဲ့ သီလရှင်များလည်း ထိုနည်းတူပါပဲ။ တစ်သက်သစ္စာမပြုမီ တစ်နှစ်တာအတွက် ယာယီကတိသစ္စာပြု ထားကြတဲ့ သူတော်စင်များကို မဆိုလိုပါဘူး။
၇။ အကြမ်းဖက်ခြင်း အတင်အဓမ္မအကျပ်ကိုင်ပြီး လက်ထပ်ခြင်းဟာ တရားမ၀င်ပါဘူး။
၈။ ရာဇ၀တ်မှုကျူးလွန်ခြင်း "သူ့မယားလိုချင် သူ့လင်လှံနဲ့ထိုး" ဆိုတာမျိုး၊ ဖောက်ပြန်လိုသူ နှစ်ဦးပူးပေါင်းပြီး သူတို့ရဲ့ အိမ်ထောင်ဖက်များ (သို့) ကျန်အိမ်ထောင်ဖက်ကို သေကြောင်း ကြံစည်ခြင်းမျိုးကို ဆိုလိုပါတယ်။
၉။ သွေးတော်စပ်ခြင်း ဘင်၊ ဘီ၊ ဘေး၊ ဘိုး၊ မိဘ၊ သားသမီး၊ မြေး၊ မြစ်၊ တီ၊ တွတ်တော်စပ်သူများဟာ လုံးဝလက်ထပ်ခွင့်မရှိပါဘူး (၀တ်ပြု ၁၈း၁-၃၀၊ ပ-ကော ၅း၁-၈)။ လက်ထပ်ခွင့် မရှိတဲ့ အခြားဆွေမျိုးသားချင်း များကတော့ မောင်နှမ၊ တူဝရီးနဲ့ တစ်ဝမ်းကွဲများပါပဲ။ တူဝရီးထက် တစ်ဝမ်းကွဲ ထက်ပို ဝေးမှသာ ခွင့်ပြုချက် မလိုဘဲ လက်ထပ်နိုင်ပါတယ်။
၁၀။ ချွေးတော်စပ်ခြင်း ယောက္ခမနဲ့ ချွေးမ/သမက်၊ ခဲအိုနဲ့ခယ်မ၊ မရီးမတ် လက်ထပ်ခွင့်မရှိပါဘူး။
၁၁။ တရားမ၀င် ဆွေမျိုးတော်ခြင်း လက်မထပ်ဘဲ အတူနေသူများကို ဘာသာတရားနဲ့ ညီညွှတ်ဖို့ရာ အသင်းတော်က အမြဲ ကြိုဆိုပါတယ်။ ဒါပေမယ့် စက္ကရမင်တူးကို အတူနေနေသူနဲ့ ခံယူတာ မဟုတ်ဘဲ အဲဒီသူရဲ့မိဘ၊ သားသမီး၊ ညီအစ်ကို မောင်နှမတစ်ဦးဦးနဲ့ ခံယူမှာ ဆိုရင်တော့ လုံးဝခွင့်မပြုပါဘူး။
၁၂။ တရားဝင် ဆွေမျိုးတော်စပ်ခြင်း တရားဝင် စာချုပ်စာတမ်းနဲ့ မွေးစားထားတယ်ဆိုရင် မွေးစားမိဘနဲ့ မွေးစားသား သမီး၊ မွေးစား မောင်နှမအချင်းချင်း လက်ထပ်ခွင့်မရှိပါဘူး။

လက်ထပ်ထိမ်းမြားခြင်းမှာ သတို့သမီးနဲ့ သတို့သားဟာ အပြန်အလှန် ကတိသစ္စာပြုခြင်းအားဖြင့် ဒီစက္ကရမင်တူးကို ကျင်းပသူများ ဖြစ်ကြပါတယ်။ ဒါကြောင့် အဲဒီလိုအပြည့်အ၀ ၀န်ခံကတိ သစ္စာဖလှယ်ခြင်းကို ထိခိုက်စေတဲ့ မပြည့်စုံစေတဲ့ အကြောင်းရင်း တစ်ခုခုရှိခဲ့ရင် စက္ကရမင်း အထမမြောက် မအောင်မြင်ပါဘူး။

ဒီလို ဖြစ်စေနိုင်တဲ့ အကြောင်းရင်း တစ်ချို့ကတော့

၁။ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိခြင်း ဥပမာ။ ကျပ်မပြည့်ခြင်း၊ ကျန်းမာရေး အလွန်ကျဆင်းနေခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း
၂။ မသိနားမလည်ခြင်း လက်ထပ်ထိမ်းမြားခြင်းရဲ့ ရည်ရွယ်ချက်နှင့် ဂုဏ်သတ္တိများကို လုံးဝမသိနားမလည်ခြင်း၊ လက်ထပ်ပြီး နောက်ထမ်းဆောင်ရမည့် ဇနီး၊ ခင်ပွန်း၊ မိခင်၊ ဖခင်တာဝန် ၀တ္တရားများကို လုံးဝ မသိနားမလည်ခြင်း
၃။ လိမ်ညာခံရခြင်း ဥပမာ။ လွတ်လပ်သူဟု ယုံကြည်၍ လက်ထပ်မိခြင်း၊ ဆွေမျိုး တော်မှန်းမသိ၍ လက်ထပ်မိခြင်း
၎။ လိမ်ညာဖုံးကွယ်ထားခြင်း ဥပမာ။ မိမိရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း၊ လွတ်လပ်သူ မဟုတ်ကြောင်း၊ ဆိုးဝါးသော ကူးစက်ရောဂါရှိနေကြောင်းကို လိမ်ညာ ဖုံးကွယ်ထားခြင်း
၅။ အဓမ္မအကျပ်ကိုင်ခြင်း စိတ်ုပိုင်း၊ ရုပ်ပိုင်းကို ဖိအားပေး၍ လက်ထပ်ခွင့်ရရန် ကြိုးပမ်းခြင်းကို ဆိုလိုပါတယ်။

ကက်သလစ် အသင်းတော်က ဒီစက္ကရမင်တူးကို ဘုရားရှေ့၊ ရဟန်းနဲ့ လူထုပရိတ်သတ်ရှေ့မှာ ခံယူ ကျင်းပစေ လိုပါတယ်။ ဒါကြောင့်
ကျောင်းထိုင်း ဘုန်းတော်ကြီး အပြင် လူရိုသေ ရှင်ရိုသေတဲ့ ဘာသာတူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ပါ အသိသက်သေအဖြစ် ပါဝင်ကြရပါတယ်။ အသင်းတော်ရဲ့ ဥပဒေမှာ သတို့သမီး နေထိုင်တဲ့ အုပ်စုက ဘုရားကျောင်းမှာ လက်ထပ်ရမယ်လို့ ပြဌာန်းမထားပါဘူး။ သတို့သမီးနဲ့ သတို့သားဟာ မိမိတို့ရဲ့ အိမ်ထောင်ဖက်ကို တရားဝင် ဇနီး/ခင်ပွန်းအဖြစ် သိမ်းပိုက်ရန် အလို ရှိကြောင်း၊ ရာသက်ပန် ချစ်ခင် လေးစားနိုင်ရန်၊ မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည် ဖြစ်စေ သစ္စာရှိရှိ ပေါင်းသင်းပါမည်ဟု လူသိရှင်ကြား အပြန်အလှန် ၀န်ခံကတိပြု ကြရပါတယ်။ ဒီကတိဟာ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးရဲ့ အဓိက အရေးကြီးဆုံး အချက်ပါပဲ။ ၀ိနည်းအတိုင်း လက်ထပ်ပြီးတဲ့အခါ လက်ထပ်တဲ့ နေ့ရက်၊ နေရာ၊ နှစ်ဖက်မိဘ အမည်များ ရေးသွင်းပြီး ကာယံရှင်နှစ်ဦး၊ အသိတက်သေ နှစ်ဦးနဲ့ လက်ထပ်ပေးတဲ့ ဘုန်းတော်ကြီးတို့က မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးကြပါတယ်။

အမိအသင်းတော်က ကက်သလစ်ဘာသာဝင်များကို "ဆေးကြောခြင်းခံ ယူထားသော ခရစ်ယာန် မဟုတ်သူ"
အခြား ဘာသာဝင်တစ်ဦးနဲ့ ဘာသာကွဲ လက်ထပ်ခြင်းကို ခွင့်မပြုပါဘူး။ ဒီလိုဘာသာကွဲ လက်ထပ်ခြင်းမျိုးမှာ သက်ဆိုင်ရာ ဆရာတော်ရဲ့ တရားဝင်ခွင့်ပြုချက် ရယူလိုတယ်ဆိုရင် အောက်ပါ အချက်(၃)ချက်နဲ့ ပြည့်စုံရပါမယ်။

၁။ ကက်သလစ် ဘာသာဝင်ဖြစ်တဲ့သူက မိမိရဲ့ ယုံကြည်ခြင်းကို ထိခိုက်စေမယ့် အန္တရာယ်ကို ဖယ်ရှားဖို့ အဆင့်သင့်ရှိကြောင်း၊ ရရှိလာမယ့် သားသမီး အားလုံးကို ဆေးကြောခြင်း ခံစေပြီး ကက်သလစ် အသင်းတော်မှာသာ ရှင်သန် ကြီးပြင်းစေဖို့ရာ အစွမ်းကုန် ကြိုးစားလုပ် ဆောင်ပါမယ်ဆိုတဲ့အကြောင်း ရိုးသားစွာနဲ့ ၀န်ခံ ကတိပြုရမယ်။
၂။ ကက်သလစ်ဖြစ်သူက မိမိဟာ ဒီကတိဝန်ခံချက်တွေ ပြုရမှာဖြစ်တယ်ဆိုတဲ့ အကြောင်း ဘာသာကွဲဖြစ်သူကိုလည်း အသိပေးရမယ်။ ဒါမှသာ ဘာသာကွဲဖြစ် သူအနေနဲ့ ကက်သလစ်ဖြစ်သူရဲ့ ကတိဝန်ခံချက်နဲ့ ၀တ္တရားတွေကို အလေးထားမှာ ဖြစ်တယ်။
၃။ လက်ထပ်ထိမ်းမြားခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ဂုဏ်အင်္ဂါရပ်တွေကို ဘာသာတူကဖြစ်စေ၊ ဘာသာကွဲကဖြစ်စေ၊ လုံးဝဖျက် ဆီးပိုင်ခွင့် မရှိဘူးဆိုတာ နှစ်ဦးစလုံးကို လမ်းညွှန်သွန်သင်ပေးရမယ်။

သတိထားရမယ့်အချက်တွေကတော့ မှတ်ချက်
၁။ ကက်သလစ်ဘာသာနှင့် အခြားဂိုဏ်းကွဲများတို့၏ ဘာသာ ရေးထုံးစံတို့ကို ရောနှောပြီး ထိမ်းမြားခြင်း မင်္ဂလာအခမ်းအနားကို ကက်သလစ်အသင်းတော်က လုံးဝခွင့်မပြုပါ။
၂။ ကက်သလစ်ဘာသာ ကျင့်ထုံးနှင့်အညီ လက်ထပ်ထိမ်းမြားပြီး နောက် အခြားဂိုဏ်းများ၏ ဘာသာရေး ကျင့်ထုံးအတိုင်း ထပ်ဆင့်၍ လက်ထပ်ထိမ်းမြားခြင်းကို အသင်းတော်က ခွင့်မပြုပါ။
၃။ သို့သော် ကက်သလစ်အသင်းတော် အတွင်း လက်ထပ်ပြီးနောက် အခြားသော ဘာသာ၏အကြီးအကဲများထံ သွားရောက် ဂါရ၀ပြုခြင်း၊ ရိုးရိုးကောင်းကြီးခံယူခြင်း သာလျှင် ခွင့်ပြုပါသည်။

ဇနီးနဲ့ခင်ပွန်းနှစ်ဦးစလုံးရဲ့တာဝန်တွေကတော့
- တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် သစ္စာရှိဖို့နဲ့
- ဘုရားသခင်ပေးသနားတဲ့ သားသမီးတွေရဲ့ ၀ိညာဉ်ကာယ ကောင်းကျိုးအတွက် အစွမ်းကုန်ကြိုးစားကြဖို့ ဖြစ်တယ်။ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးရဲ့ အဓိကအကျိုးသက်ရောက်မှုတွေကတော့
- စောင်မခြင်း ကျေးဇူးတော် တိုးပွားခြင်း၊
- လက်ထပ်ထိမ်းမြားခြင်း ပဋိညာဉ်မပြိုကွဲရေး၊
- ဇနီးနဲ့ခင်ပွန်းကြား အပြန် အလှန်သစ္စာထားနိုင်ဖို့၊ မေတ္တာပွားနိုင်ဖို့၊ သားသမီးတွေကို ကျွေးမွေးပြုစုနိုင်ဖို့၊ တခြားသူတွေ အထူးသဖြင့် မိသားစုဝင်တွေ၊ ဆွေမျိုး၊ မိတ်ဆွေတွေရဲ့ ၀ိညာဉ်ရေး တိုးတက်အောင် အကူအညီပေးနိုင်ဖို့ စတာတွေအတွက် ဘုရားသခင်က အထူး တလည်ခွန်အားပေး ကူညီခြင်း တို့ပဲဖြစ်တယ်။


ခံပွင့်

မေမေ့ထံသို့ တိတ်တခိုးရင်ဖွင့်သံ


မေမေ့ထံသို့ တိတ်တခိုးရင်ဖွင့်သံ


မနက်မိုးလင်းတာနဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံကို ကြားရပါတယ်။ ဒီနေ့ အသင်းတော်က သတ်မှတ် ပေးထားတဲ့ (တနင်္ဂနွေ) ဥပုသ်နေ့ပဲ မဟုတ်ပါလား။ စိတ်ထဲက တွေဝေမနေဘဲ အိပ်ယာက ထပြီး သွားတိုက်၊ မျက်နှာသစ်၊ အ၀တ်လဲပြီး ဘုရားကျောင်းကို သွားဖို့ ပြင်ဆင်ရပါတော့တယ်။ သမီးတို့ မိသားစုမှာ ဖေဖေဟာ ဘာသာခြား တစ်ဦးပါ။ ဖေဖေ့ကိုတော့ ဘုရားကျောင်းသွားဖို့ မခေါ်မိဘူး။ သမီးအာရုံထဲမှာ မေမေကို သတိရလိုက်မိတယ် ဆိုရင်ပဲ "မေမေရေ ဒီနေ့တနင်္ဂနွေနေ့လေ ဘုရားကျောင်းသွား ရအောင်နော်"လို့ မေမေ့ကို ပြောလိုက်တော့ "သမီးလေးပဲ သွားလိုက်ပါ။ မေမေ တို့က အရမ်းအလုပ်ရှုပ်တယ်။ သမီးက အလုပ်မရှိဘူး"တဲ့။ သမီးတို့ မိသားစုက မေမေ့သြဇာအောက်မှာ နေကြရတော့ နှစ်ခါမပြောရဲဘူး။ သမီး အရမ်းဝမ်းနည်း သွားမိတယ်။ "တနင်္ဂနွေနှင့် ဘာသာဝတ္တရားပွဲနေ့တို့၌ မစ္ဆားတရားတော်မြတ်ကို နာယူကုန်လော့" ဆိုတဲ့ အသင်းတော်ကျင့်ဝတ်ကို မေ့ကုန်ပြီထင်တယ်။ ဘုရားကို မေ့နေကြတယ်။ တွေးရင်းနဲ့ပဲ ဘုရားကျောင်းကို သွားရတော့တယ်။ ဒီလို တနင်္ဂနွေတွေများနေပြီနော် မေမေရေ။ ဘုရားကျောင်းရောက်တော့ သမီး သူငယ်ချင်းတွေက သူတို့မိဘတွေရဲ့ လက်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်လာ နေကြတယ်။ ဘုရားကျောင်း တက်တော့ အလှူငွေထည့်ဖို့ သူတို့မိဘတွေဆီမှာ တောင်းကြတယ်။ မိဘတွေက ပိုက်ဆံအိတ်ကြီး တွေဖွင့်ပြီး ပြုံးပြုံးပျော်ပျော် လှိုက်လှိုက် လှဲလှဲ ပေးနေကြတယ်။ သမီးကတော့ ဘယ်သူ့ဆီမှာ တောင်းပြီး အလှူငွေထည့် ၀င်ရမှာလဲ။ သူတို့လိုပဲ ချစ်မေမေနဲ့ လက်တွဲပြီး ဘုရားကျောင်းကို သွားချင် လိုက်တာ။ သြော်..... မေမေရယ်။

မိုင်အဲန်နီ (တောင်တွင်းကြီး)

Sep 21, 2009

ထာဝရ ဥယျာဉ်မှူးကြီးကို ကျေးဇူးဆပ်တင် ကြပါစို့


ထာဝရ ဥယျာဉ်မှူးကြီးကို ကျေးဇူးဆပ်တင် ကြပါစို့

ကျမအရမ်းကြိုက်တဲ့ ကဗျာ၊ ခွန်အားယူစရာကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။
ကြာနဲ့ဗေဒါ မတူတာက သဘာဝရဲ့ အလှတစ်မျိုးပဲ၊
ကျီးနဲ့ဗျိုင်းမတူ တာက သဘာဝရဲ့အလှ တစ်မျိုးပဲ၊
မင်းနဲ့ ငါမတူတာက သဘာဝရဲ့ အလှတစ်မျိုးပဲ၊
ဒါကြောင့် မင်းနဲ့သူများအသွင်ခြားလို့ အားမငယ်နဲ့သူငယ်ချင်း၊
သူများလိုမစွမ်း၊ မတတ်ကျွမ်းလို့ ၀မ်းမနည်းနဲ့သူငယ်ချင်း၊
မင်းမှာ သီးခြားပိုင်ဆိုင်ထားတဲ့
ဘုရား အမွေ အစွမ်းအစတွေလည်း
သူတို့ထဲမှာ သွားရှာဖွေလို့ တွေ့မှာမဟုတ်ဘူး။
အရာ အားလုံး လူအားလုံးဟာ တူနေပါလျှင်
ဖန်ဆင်းရှင်က အလှလျော့ပါးငြီးငွေ့ သွားမှာ သိခဲ့တာကြောင့်
တစ်ယောက် တစ်မျိုး မရိုးလေအောင်
အရောင်အဆင်း အရည် အချင်းများ
ခွဲခြားဖန်ဆင်း စီမံခြင်းပါ သူငယ်ချင်း"
ဆိုတဲ့ ကဗျာလေး ကို ဖတ်ဖူးခဲ့ပါတယ်။

ဖြူ၊ နီ၊ ၀ါ၊ ပြာ အရောင်မျိုးစုံ၊ အရွယ်မျိုးစုံနဲ့ ပန်းပေါင်းစုံဟာ လောက ကမ္ဘာကြီးရဲ့ အလှကို ပိုမိုပြည့်စုံလှပ စေကြတယ်။ အရောင်အသွေးစုံစွာနဲ့ လှပဝေဆာနေကြတဲ့ ပန်းလေးတွေမှာ ကိုယ်ပိုင်ရနံ ကိုယ်ပိုင်အလှနဲ့ ကိုယ်စီ သီးခြားစွာ ကွဲပြားနေကြတယ်။ တချို့ ပန်းလေးတွေရဲ့ ရနံဟာ မွှေးကြိုင်လွန်းလှ သလို တချို့ကျတော့ သင်းပျံ့တဲ့ ရနံလေးတွေနဲ့ လူသားအားလုံးအတွက် လေထုက တဆင့် စိတ်ကြည်နူးမှုကို ပေးစွမ်းနေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရောင်အဆင်းတွေကွဲပြား ထုံသင်းရနံတွေခြားနား နေပေမယ့် ပန်းပွင့်လေးတွေမှာ ကိုယ်ပိုင် ရနံ ကိုယ်ပိုင်အလှလေးတွေကို ဘုရားသခင်ဟာ ပိုင်ဆိုင်စေပါတယ်။ ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့ အရာဟူသမျှကို သူနေရာတကျတည်ရှိ လှပစေပါတယ်။ သင့်အနေနဲ့ ပင်လယ်ကြီးကို တွေ့မြင်ကြည့်လိုက်ပါ။ မုန်းတိုင်းထန်ချိန်မှာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ။ လှိုင်းတံပိုးတွေဟာ ဘေးမှာ ရှိနေတဲ့ တွေ့သမျှအရာတွေကို ၀ါးမျိုတော့မယ့် ဟန်တွေနဲ့ ကြိမ်းဝါးနေတဲ့အသံတွေ၊ ဒ်ီလိုအချိန်မှာ ပင်လယ်ကြီးဟာ ဘယ်လိုမှ မလှပနိုင်တဲ့ အကျည်းတန်လွန်းတယ်လို့ ကျမတို့ မှတ်ယူကြမှာပါ။ ဒါပေမဲ့ မုန်းတိုင်းတွေ ငြိမ်သက်သွားချိန်၊ ပင်လယ်ရဲ့ ကြိမ်းဝါးသံတွေ ရပ်တန့်သွားချိန်မှာတော့ ပင်လယ်ပြင်ရဲ့ အလှကို ရင်သပ်ရှုမောစွာနဲ့ ကျမတို့တွေ ခံစားကြရမှာပါ။ ဘယ်အရာမှာမဆို အကျည်းတန်မှုတွေသာ မဟုတ်ဘဲ လှပမှုလေးတွေ ကိုယ်စီရှိနေကြပါတယ်။ ကျမတို့တွေရော မိမိတို့ပိုင် ဆိုင်ထားကြတဲ့ ကိုယ်ပိုင်အလှတရားလေး တွေကို ရှာဖွေသတိထားမိကြရဲ့လား။ ကိုယ်ရဲ့ မျက်နှာပုံကိုတော့ အားလုံးသတိ ထားမိကြမှာပါ။ ငါ့ရဲ့မျက်နှာဟာ သူ့လို မလှဘူး။ သူ့လောက်မလှဘူး စသဖြင့် အကြိမ်ကြိမ် ညဉ်းတွားမိခဲ့ဖူးမှာပါ။ များသောအားဖြင့် ကိုယ့်မှာရှိတဲ့ အလှတရားကို မတွေ့တတ်ကြဘူး။ ဘုရားက ငါ့ကို ဘယ်ရုပ်မျိုး ဖန်ဆင်းထားတာလဲ။ ဘာလို့ ဒီလိုရုပ်ဆိုးတာလဲ အလှတရားကို မတွေ့ တတ်ကြဘူး။ ဘုရားက ငါ့ကို ဘယ်ရုပ်မျိုး ဖန်ဆင်းထားတာလဲ။ ဘာလို့ ဒီလိုရုပ်ဆိုးတာလဲ စတဲ့အတွေးမျိုးတွေ ကျမတို့စိတ်ထဲမှာ တစ်ခါတစ်ရံ တွေးတော နေမိတတ်ပါတယ်။ မတင်းတိမ်း မရောင့်ရဲတတ်တဲ့ စိတ်တွေနဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှကို မတွေ့မိဖြစ်ကြတယ်။ ရုပ်ပိုင်းဆိုင် ရာလှပဖို့၊ ပိုပြီး လှသထက်လှစေဖို့အတွက် လူတွေဟာ အမျိုးမျိုး ကြိုးစားပြုပြင် ကြတယ်။ ကျမ ပါအ၀င်လူအားလုံး လှချင်ကြတယ်။ မိန်းကလေးမှ လှချင်တာလဲ မဟုတ်ဘူးနော်။ အလှအပနဲ့ ပတ်သက်လာရင် ကိုယ်အတတ်နိုင်ဆုံး အတိုင်းတာနဲ့ အလှပဆုံး ဖြစ်စေကြတယ်။ လှပအောင် ပြုပြင်နေထိုင်တာ ကောင်းတဲ့ အရာတခုပါ။ ဒါပေမဲ့ ကျမတို့စဉ်းစားရမှာက မတည်မြဲနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုပဲ လှပစေမှာလား။ ပြုပြင်နေမှာလား သူ့ထက်ပိုလှအောင်ပဲ ကြိုးစားနေမှာလား။ ကျမတို့မှာ ခန္ဓာနဲ့ ၀ိညာဉ်ပူးတွဲ တည်ရှိနေတာပါ။ လောကီနဲ့ ဆိုင်တဲ့ ခန္ဓာရဲ့ အလှကို ပြုပြင်နေကြသလို လောကုတ္တရာနဲ့ဆိုင်တဲ့ ၀ိညာဉ်ရဲ့ လှပမှုကိုလဲ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာခန္ဓာအလှအတွက် Beauty Paler ကို ကြိုးစားပြီးသွားနေ ကြသလို ကျမတို့ရဲ့ စိတ်ဝိညာဉ်လှပဖို့ အတွက် လှပမှုတွေနဲ့ မွမ်းမံတန်ဆာဆင် ပေးမဲ့ သခင်ခရစ်တော်ရဲ့ ဗိမ္မာန်တော်ကို သွားဖို့အတွက် ကြိုးစားကြပါစို့။ ဘယ်အရာမှာမဆို ကိုယ်လိုချင်တာ တစ်ခု ရဖို့အတွက် ကိုယ့်မှာရှိတဲ့ တစ်ခုခုကိုတော့ ရင်းနှီးလုပ်ရတာပါပဲ။ အခုခေတ်စား နေတဲ့ ဆံပင်အဖြောင့် ဆွဲတယ်ဆိုပါစို့ လှပတဲ့ ဆံပင်ဖြောင့်ဖြောင့်လေးရဖို့အတွက် ကိုယ်တိုင်ဒါမှမဟုတ် မိဘက ကြိုးစားပမ်းစား ရှာဖွေလို့ ရထားတဲ့ပိုက်ဆံတွေကို အရင်းနှီးလုပ်လိုက်ရတာပဲ မဟုတ်လား။ ကျမတို့ခရစ်ယာန်တွေရဲ့ ဘ၀အသက်တာဟာ တစ်နေ့သောအခါ ကောင်းကင်နိုင်ငံမှာ ထာဝရဘုန်းစည်းစိမ်ကို ခံစားရဖို့ပဲလေ။ ဒီလိုတန်ဖိုးကြီးမား လှတဲ့ ထာဝရသုခဘုံကို စံစားရဖို့ ဆိုရင် ထိုက်သင့်တဲ့ ရင်းနှီးမှုတော့ ပေးရမှာပါ။ ခရစ်တော်ဟာ ဘယ်နေရာမျိုးတွေမှာ ရှိနေတတ်တယ်ဆိုတာ သိထားမှသာ ကျမတို့ ခရစ်တော်ရှိရာကို ဖြောင့်တန်းစွာ သွားနိုင်မှာပါ။ ခရစ်တော်ဟာသူ့ရဲ့ ကယ်တင်ခြင်းကို လူသားအားလုံးအတွက် ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူတစ်ဦးဆီကိုတော့ သူနဲ့အတူ ဒုက္ခစရိယာလမ်းကို မျှဝေခံထမ်းဖို့ကို လိုလားတောင့်တခဲ့ပါတယ်။ ခရစ်တော်ဟာ ကယ်တင်ခြင်းလမ်းကို ဘယ်လိုပဲ ခင်းပေးခဲ့၊ ပြင်ဆင်ပေးခဲ့ပါစေ မိမိကိုယ်တိုင် ပါဝင်လျှောက်လှမ်းပါမှ ထာဝရ သုခဘုံကို အရောက်လှမ်းနိုင်မှာပါ။ ထာဝရဘုရားဟာ ကောင်းတဲ့ သူအပေါ်မှာရော မကောင်းတဲ့သူ အပေါ် မှာပါ သူ့ရဲ့ မိုးကို ရွာသွန်းစေပါတယ်။ မိုးရေကို လိုချင်ရင် မိုးရွာချိန်မှာ ကိုယ်တိုင် ခံယူပါမှ မိုးရေရရှိမှာ ဖြစ်ပါတယ်။ ဒီလိုပဲ မိမိရဲ့ စိတ်နှလုံးဝိညာဉ်ကို လှပစေဖို့ ကိုယ်တိုင် ဖန်တီးဖို့ အင်အားတွေ လိုနေရင် အလှဖန်တီးရှင် ခရစ်တော်ရှိနေပါတယ်။ နှလုံးသားမာကျောသူတွေ၊ မပြည့်ဝမှုတွေနဲ့ အကျည်းတန်နေတဲ့ ကျမတို့ရဲ့ နှလုံးသားတွေကို လှပအောင် ပြုပြင်ပေးမဲ့ ခရစ်တော်ရဲ့ အလှပြုပြင်ရေးသင်တန်းရှိပါတယ်။ ခရစ်တော်ရဲ့ အလှဆင်သင်တန်းကို တက်ရောက်ဖို့အတွက် အသက်အရွယ်၊ လူမျိုး၊ ပညာအရည် အချင်း၊ ဓနဥစ္စာပိုင်ဆိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ လှပမှုတွေ ဘာတခုမှ ကန့်သတ်မှုမရှိပါဘူး။ ဒါပေမဲ့ ယုံကြည်မှု တစ်ခုတော့ အထူးလိုအပ်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ ရှိသင့်ရှိထိုက်တဲ့ လှပမှုလေးတွေကို ဘုရား သခင်က အားလုံးကို ပေးထားပါတယ်။ အားလုံးပြည့်စုံနေသူဆိုတာ လောကမှာ မရှိသလို ကောင်းတာလေးတစ်ခုမှ မရှိတဲ့ သူဆိုတာလဲ လောကမှာ မရှိပါဘူး။ သင့်မှာ ရော ကျမမှာပါ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ဘုရားသခင်ပေးထားပါတယ်။ ဒီအပြုံးလေးဟာ ဘယ်တော့မှ ရိုးအီမသွားနိုင်ပါဘူး။ သင်ပြုံးနေပါ၊ ဘယ်သူက သင့်ကို အရုပ်ဆိုးတယ်ပြော မလဲ။ အပြုံးဆိုတာ နှလုံးသာကလာတဲ့ အချက်မရှိပါဘူးလို့ ဘယ်သူပြောဦးမလဲ သင့်ကိုယ်သင့်ရော ပြောနိုင်ဦးမလား။

ကိုယ်က သူများလိုမလှလို့၊ သူများတက်တဲ့ ပညာကို ကိုယ်က မတတ်လို့ စိတ်ဓါတ်ကျ ၀မ်းနည်းနေချိန်မှာ ဒီကဗျာလေးနဲ့ ကျမတို့တတွေ ပြန်လည်သုံးသပ် ခွန်အားယူသင့်ပါတယ်။ သူများက အင်ဂျင်နီယာတွေပဲဆိုရင်လဲ လောကကြီးက ပြီးပြည့်စုံသွားမှာလား၊ လောကကို ပြည့်စုံစွာ လှပစေဖို့ ဘုရားသခင်က အကွက်ကျကျ စီမံပေးပြီးသားပါ။ ကျမတို့ အနေနဲ့ ဘုရားက ကိုယ့်အတွက် ပြင်ဆင်ပေးထားတဲ့ လမ်းအတိုင်းလေးပဲ လမ်းလွဲမသွားအောင်၊ ရိုင်လဲမသွားအောင် အလိုက်သင့် ထိန်းသွားရမှာပါ။ ပန်းရောင် စုံပွင့်ဖူးနေတဲ့ပန်းဥယျာဉ်ကို မြင်လို၊ ပိုင်ဆိုင်လိုရင် ဥယျာဉ်မှုးပျိုးပင်၊ မြေသြဇာ အားလုံး တူညီစွာ ကောင်းမွန်ရပါမယ်။ ဒါမှသာ ပန်းတို့ရဲ့ ရနံ့ဟာ နေ့ရောညပါ ထုံးသင်းနိုင်ပါလိမ့်မယ်။ ၀ိညာဉ်ရေးဆိုင်ရာမှာလဲ ကျမတို့တွေ လမ်းမှားမရောက်အောင်၊ အနာဂတ်ဘ၀ လှပစိုပြေနိုင်အောင်၊ လူတော်လူတောင်းတွေ ဖြစ်လာ နိုင်အောင်လမ်းပြပေးမဲ့ ခရစ်တော် ရှိနေပြီပဲ။ ကျမတို့ အနေနဲ့ ဘာများလိုအပ် သေးလဲ။

ကမ္ဘာမိုးမြေကိုဖန်ဆင်းပေးတဲ့ ခမည်းတော်ဘုရား၊ ဖန်ဆင်းခံသတ္တ၀ါတွေကို လမ်းကောင်းပြကြည့်ရှုပေးတဲ့ သားတော်၊ အဆိုးနဲ့အကောင်းကို ခွဲခြား နိုင်အောင်၊ အလင်းနဲ့အမှောင်ကို မီးမောင်းထိုးပြပေးတဲ့ သန့်ရှင်းသော ၀ိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးဟာလည်း ဥယျာဉ်ထဲက ပန်းကလေးတွေရဲ့ ပိုင်ရှင် ဥယျာဉ်မှူးကြီးလိုပါပဲ။ သူတို့ရဲ့ ပန်းလေးတွေကို တနေ့သောအခါ တန်ဖိုးရှိတဲ့ ဘုရားပန်းလေးတွေဖြစ်အောင် ပြုပြင်ပေး နေပါတယ်။ အဖဘုရားသခင်ဟာ ပိုင်ဆိုင် သင့်တဲ့အလှတရားတွေကို ကိုယ်စီပေးအပ် ထားပါရက်နဲ့ ကိုယ့်မှာရှိတဲ့ အလှတရား၊ အစွမ်းအစတွေနဲ့ မရောင့်ရဲ မတင်းတိမ်နိုင်ပဲ သူများနဲ့ယှဉ်လို့ ကိုယ့်ကိုယ်ကို ဝေဖန်ပြစ်တင်နေမယ်ဆိုရင် ဖန်ဆင်းရှင်က ဘယ်မှာ ပျော်ရွှင်ကျေနပ်နိုင်ပါ့မလဲ။ ဒါကြောင့် ကျွန်မတို့ တစ်ဦးချင်းအနေနဲ့ ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ အလှတရားတွေကို အရောင်လဲ့လာအောင်၊ တန်ဖိုးရှိလာ အောင်၊ တနေ့သောအခါ ကောင်းကင်ဘုံမှာ ဘုရးသခင်ကို ဆက်ကပ်နိုင်မယ့် ဖြူစင်တဲ့ ပန်းကလေးဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ဖန်တီးရင်း ကျွန်မတို့ရဲ့ ထာဝရဥယျာဉ်မှူးကြီးကို ကျေးဇူးဆပ်တင်ကြပါစို့။ နောင်တမလွန်ကောင်းကင်နှင့် ဆိုင်ရာ စိတ်ဝိညာဉ်ကိုလည်း လှသထက်လှ အောင် ပြုပြင်ဖန်တီးရင်း စစ်မှန်တဲ့ ခရစ်ယာန်တွေရဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်တဲ့ ထာဝရသုခဘုံကိုအရောက် လှမ်းနိုင်အောင် ကြိုးစားကြပါစို့။

နှင်း (နဘတ်)

Sep 19, 2009

God on the mountain


God on the mountain



GOD ON THE MOUNTAIN

Life Is Easy, When Your Up On The Mountain
and You've Got Peace Of Mind
like You've Never Known
but Then Things Change And Your Down In The Valley
don't Lose Hope For Your Never Alone

[Chorus]

for The God On The Mountain Is Still God In The Valley
when Things Go Wrong He'll Make Them Right
and The God Of The Good Times, Is Still God Of The Bad Times
and The God Of The Day Is Still God Of The Night

v. 2

you Talk Of Faith When Your Up On The Mountain
oh, But The Talk Comes So Easy
when Life's At Its Best
but Its Down In The Valley Of Trials And Temptations
that's Where Faith Is Really Put To The Test

Repeat Chorus 2 Times And Then:

and The God Of The Day Is Still God Of The Night

Sep 15, 2009

ရေနက်ရာသို့ရွေ့လော့

ရေနက်ရာသို့ရွေ့လော့

အတိတ်ကို ကျေးဇူးတင်ခြင်းများ စွာဖြင့် သတိရကြရန် အခြေအနေ အမျိုးမျိုး၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ဤသို့ပြုခြင်း သည် ခရစ်တော်ယေဇူး၌ သင်တို့အတွက် ဘုရားသခင်၏ အလိုတော်ဖြစ်သည် (၁သက် ၅း၁၈)။
နာဇရက် ကျောင်းတော်၏ ဆောင်ပုဒ်မှာ Duc in Altum "ရေနက်ရာ သို့ရွှေ့လော" ဟူ၍ဖြစ်သည်။ သက္ကရာဇ် ၂၀၀၀ခုနှစ် ဂျူဗလီနှစ်အပြီး ၂၀၀၁ခုနှစ် New Millennium စာစောင်တွင် အသင်းတော်၏ ဆောင်ပုဒ်ကို Duc in Altum ဟု ပေးပြီး ဘုရားမိသားစုဝင် အားလုံးကို ဖိတ်ခေါ်ထားပေသည်။ ရေနက်ရာသို့ ရွှေ့ရန် လိုက်နာရန်လိုအပ် သောအချက်သုံးချက်မှာ
၁) အတိတ်ကို ကျေးဇူးတင်ခြင်းများစွာဖြင့် သတိရကြရန်၊
၂) ယ္ခုပစ္စုပ္ပန်ကို ၀မ်းသာအားရ စိတ်အား ထက်သန်စွာဖြင့် နေထိုင်ရန်၊
၃) အနာဂါတ်ကို ယုံကြည်စိတ်ချခြင်းဖြင့် မျှော်ကြည့်ရန် ဖြစ်သည်။

၁။ အတိတ်ကို ကျေးဇူးတင်ခြင်းများစွာဖြင့် သတိရကြရန် အိုထာဝရဘုရားသခင် အကျွန်ုပ် သည် ကိုယ်တော်၏ မဟာမေတ္တာတော်ကို ကာလအဆက်ဆက်သီဆို ချီးမွမ်းပါမည် (ဆာလံ ၈၉း၁)။ ထာဝရဘုရားသခင်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ ကိုယ်တော်၏ ဂရုဏာမေတ္တာတော်သည် အစဉ်ထာဝရ တည်တော်မူ၏ (ဆာလံ ၁၁၈း၁)။ "သင်သည် ကျေးဇူးတင်ရန် မေ့လျော့နေခဲ့လျှင် ပျော်ရွှင်မှုရရန်ကို လည်း မေ့လျော့လိုက်ပါ" ဟု ဆိုရိုးစကား တစ်ခုရှိပါသည်။ ကျေးဇူးတင်ကြောင်းကို စိတ်စေတနာမှန်ကန်စွာဖြင့် ဖော်ပြရန်လို အပ်ပေသည်။ ထုတ်ဖော် ပြောဆိုခြင်းမပြုသော ကျေးဇူးတင်ခြင်းသည် မည်သူ့ အတွက်မျှ အသုံးမ၀င်ပါ။ အချည်းနှီးသက် သက်သာဖြစ်သည်။ သင်၏ နှလုံးသည် မှန်မှန်ခုန်နေသကဲ့သို့ သင်၏ ဘုရားသခင်အား ကျေးဇူးတင်သော စိတ်သည်လည်း မှန်မှန်ဖြစ်ပေါ်နေရမည်။ ကျေးဇူးတင် တတ်သော သူသည် သန့်ရှင်းမြင့်မြတ်သော သူဖြစ်သည်။ ၀ိညာဉ်တော်နှင့် ပြည့်ဝသော သူသည် ကျေးဇူးသိတတ်သောသူဖြစ်သည်။ အစစအရာရာ အားလုံးသည် ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ခဲ့သည်။ "ငါဟိုတုန်းက ဟိုလိုဖြစ်ခဲ့လျှင် ကောင်းမည်။}" "ဘယ်သူ့ကြောင့်"၊ "ကိုယ်ကအသုံးမကျလို့" စသည့် မျောက်စိတ်များကို ဖျောက်ဖျက်ပစ်ရမည်။ မည်သူ့ကိုမျှ အပြစ်မတင်ဘဲ အားလုံးကို ခွင့်လွှတ်ရမည်။ မိမိကိုယ်ကိုလည်း ခွင့်လွှတ်ရမည်။ ခွင့်လွှတ်ခြင်းဖြင့် ငြိမ်သက်ခြင်းကို ရရှိသည်။ ကျေးဇူးတင် သောစိတ်ဓါတ်၊ ကျေးဇူးသိတတ်သောစိတ် ဓါတ်သည် အလိုအလျှောက်ဖြစ်ပေါ်လာ သည်မဟုတ်။ ပြုစုပျိုးထောင်ပေးရန်လိုအပ် သည်။ ကျေးဇူးတင်သော စိတ်ဓါတ်ကို ပြုစုပျိုးထောင်ပေးလျှင် အံ့သြစရာကောင်း သောရလဒ်များကို သင်ရိတ်သိမ်းရလိမ့်မည်။

၂) ယ္ခုပစ္စုပ္ပန်ကို ၀မ်းသာအားရစိတ်အား ထက်သန်စွာဖြင့်နေထိုင်ရန် ရေနက်ရာသို့ ရွှေ့ရန်အတွက် ဒုတိယလိုအပ်သော အချက်မှာ ယ္ခုပစ္စုပ္ပန် ကာလ၊ လက်ရှိအချိန်ကာလကို စိတ်အား ထက်သန်စွာဖြင့် အားရပါးရ မြိန်မြိန်ယှက်ယှက် နေထိုင်လုပ်ကိုင်ရန်ဖြစ်သည်။ စိတ်အားထက်သန်ခြင်း enthusiastic ဆိုသည်မှာ ဂရိစကားလုံး enthuos "ဘုရား နှင့် ပေါင်းစည်းအသင်ဝင်နေခြင်း" ကို ခေါ်သည်။ လူတော်တော်များများသည် အတိတ်ကို စမြုံးပြန်၍ နောင်တရနေတတ်သည်။ အနာဂတ်ကို တွေးပြီး စိတ်ပူပန်နေ တတ်ကြသည်။ သူတို့၏ စွမ်းအားများသည် အတိတ်ကာလနှင့်၊ အနာဂတ်ကာလတွင် ပိတ်ဆို့၍ နေတတ်သည်။ ယ္ခုလက်ရှိအခြေ အနေ၊ လက်ရှိဘ၀သည် အကောင်းဆုံးဖြစ်သည်။ ဘုရားရှင်ဖန်တီးသော နေ့ရက် ဖြစ်သည်။ ဒီနေ့ဒီဘ၀ကို အားရနေရမည်။ ခရစ်တော်ဘုရားသည် ယနေ့၊ ယခုကာလတွင် ၀မ်းသာအားရ စိတ်အားထက်သန်စွာ နေထိုင်ရန် ရည်ညွှန်းလျှက် တောင်ပေါ် ဒေသနာ (မာတေဦး ၆း၂၄-၃၄) တွင် ကောင်းကင်ငှက်များကို ကြည့်၊ တောနှင်း ပန်းပင်များကိုကြည့်၊ မနက်ဖြန် အတွက် စိုးရိမ်ပူပန်ခြင်း မရှိကြနှင့် မနက်ဖြန်နေ့သည် မိမိအတွက် စိုးရိမ်ပူပန်လိမ့်မည်ဟု မိန့်ကြားခဲ့သည်။ ဗုဒ္ဓဂေါဓမကလည်း ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာခြင်း၏ လျို့ဝှက်ချက်မှာ အတိတ်ကာလအတွက် မငိုကေးနှင့် အနာဂတ်ကာလအတွက်လည်း မစိုးရိမ်နှင့် သို့သော် ယ္ခုလက်ရှိ အချိန်ကို ပညာသတိရှိစွာ စိတ်ပါလက်ပါ စိတ်အားထက်သန်စွာနေထိုင်ခြင်း ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ယ္ခုလက်ရှိကာလကို မည်ကဲ့သို့ ပညာသတိရှိစွာ စိတ်ပါလက်ပါ၊ စိတ်အား ထက်သန်စွာနေထိုင်မည်နည်း။

က) မိမိကိုယ်မိမိ သန့်ရှင်းစွာနေထိုင်ရမည်။ ခန္ဓာကိုယ်ကို သန့်ရှင်းအောင်ဝတ်ဆင် နေထိုင်ရမည်။ မိမိအိမ်ကို သန့်သန့်ရှင်း ရှင်းထားရမည်။ ခန္ဓာကိုယ်အိမ်ထက် မိမိ၏ ၀ိညာဉ်ကိုလည်း အပြစ်နှင့်ကင်းရှင်း အောင်ထားရမည်။ အပြစ်နှင့် နေထိုင်လျှင် ကျွန်ုပ်တို့သည် စိတ်မချမ်းသာနိုင်ပါ။ မပျော်ရွှင်နိုင်ပါ။ အထူးသဖြင့် ကျွန်ုပ်တို့၏ စွဲနေသော အပြစ်များသည် ကျွန်ုပ်တို့အား ထိခိုက်နစ်နာစေသည်။ ကျွန်ုပ်တို့အား ၀မ်းမြောက်ရွှင်လန်းခြင်းနှင့် ကင်းဝေး စေသည်။ စိတ်အားထက်သန်မှု ကင်းမဲ့စေ သည် (ဆာလံ ၆၆း၁၈)တွင် "ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင် ဘုရားရှင်သည် နားထောင်တော်မမူ" ဟု ဆိုထားပေသည် (ယောရှုမှတ်စာ ၇) တွင် ဘုရားသခင်သည် ယောရှုအား စစ်အောင် နိုင်ရန် ကတိပေးထားသော်လည်း သူတို့အထဲမှ အာခန့်သည် ခိုးမှုကျူးလွန် ထားသောကြောင့် သူတို့စစ်ရှုံးကြရသည်။ အာခန်သည် သူ ခိုးထားသောပစ္စည်းများ ကို ပြန်ပေးအပ်ပြီး ၀န်ခံမှသာ သူတို့စစ် အောင်နိုင်ခဲ့ကြသည်။ ထိုကြောင့် အပြစ်ကို တွယ်တာနေလျှင် စိမ်မချမ်းသာနိုင်ပါ။ စိတ်ထဲမှာ အရှုံးပြနေသည်။ ဘုရားနှင့်အ တူမရှိသောကြောင့်ဘ၀မှာ အားရပါးရ စိတ်အားထက်သန်မှုမရှိတော့ပါ။ ထို့ကြောင့် ဘ၀မှာ အားရပါးရစိတ်အား ထက်သန်မှုမရှိတော့ပါ။ ထို့ကြောင့် အပြစ် နှင့် ကင်းရှင်းအောင်နေရမည်။ တစ်ကိုယ် ရည်သန့်ရှင်းမှုရှိရမည်။ မိမိအိမ်ကို သန့်ရှင်းရမည်း။ တစ်ကြိမ်တစ်ခါသန့်ရှင်း ရေးလုပ်ရုံနှင့်မပြီး ရှုပ်တိုင်းပြန်ရှင်းရမည်။ မှားလျှင်ပြင်ရမည်။ လဲလျှင်ပြန်ထရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သည်။ အခွင့်လွှတ်သည်။ သန့်သန့်ရှင်းရှင်းထား ချင်သည်။ ဖြူဖြူစင်စင်မြင်ချင်သည်။

ခ) ယ္ခုလက်ရှိအချိန်ကာလကို စိတ်အား ထက်သန်စွာ စိတ်ပါလက်ပါ နေထိုင်နိုင်ရန် ဒုတိယ လိုအပ်သော အချက်မှာ ချစ်ခင် တတ်ပါ၊ ချစ်ပါ၊ မေတ္တာရှိပါ၊ နောက်ထပ် ပို၍ ချစ်နိုင်ရန်ကြိုးစားပါ။ ချစ်တတ်သော သူသည် အခွင့်လွှတ်တတ်သော သူဖြစ် သည်။ ချစ်တတ်သောသူသည် ဘုရားနှင့် အတူရှိသောကြောင့် ယ္ခုလက်ရှိအချိန် ကာလကို စိတ်ပါလက်ပါ၊ အားရပါးရ စိတ်အားထက်သန်စွာနေထိုင်နိုင်သော သူဖြစ်သည်။ ]]ချစ်ခြင်းမေတ္တာရှိသော သူသည်ဘုရားသခင်ထံမှ မွေးဖွားခြင်းခံ၍ ဘုရားသခင်ကို သိ၏။ ချစ်ခြင်းမေတ္တာမရှိ သောသူသည် ဘုရားသခင်ကို မသိချေ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်။}} (၁ယော ၄း၇-၈)။ ထို့ကြောင့် မချစ်တတ်သောသူသည် မည်သည့်အခါမျှ စိတ်ပါလက်ပါ စိတ်အား ထက်သန်မှုမရှိနိုင်ပါ။ ထို့ကြောင့် သင်ဇနီး ကို ချစ်ပါ၊ သင့်ခင်ပွန်းကို ချစ်ပါ၊ သင်သား သမီးများကို ချစ်ပါ၊ သင်မိဘကို ချစ်ပါ၊ သင်ယောက္ခမကို ချစ်ပါ၊ သင်နှင့်နီးစပ်သူ များအားလုံးကို ချစ်ပါ။ ချစ်တတ်သော သူမှာဘုရားသခင်ရှိသောကြောင့် ဘ၀ကို စိတ်ပါလက်ပါ စိတ်အားထက်သန်စွာ နေထိုင်နိုင်မည်ဖြစ်သည်။ ၃) အနာဂတ်ကိုယုံကြည်စိတ်ချခြင်းဖြင့် မျှော်ကြည့်ရန်
Duc in Altum ရေနက်ရာသို့ ရွှေ့ရန်လိုအပ်သော တတိယအချက်မှာ အနက်ဂတ်ကာလကို စိတ်ချယုံကြည်စွာ မျှော်လင့်ခြင်းဖြင့် မျှော်ကြည့်ရန်ဖြစ်သည်။ "ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ် တော်မူ၏။ ငါ၌လိုလေသေးမရှိပြည့်စုံ၏" (ဆာလံ ၂၃း၁)။ လူအတော်များများသည် အနာ ဂတ်ကာလအတွက် စိုးရိမ်ပူပန်ကြောက် လန့်ကြသည်။ အဘယ်ကြောင့်ဆိုသော် အနာဂတ်ကာလတွင် ဘာဖြစ်မည်ကို မသိသောကြောင့် ဖြစ်သည်။ အနာဂတ် ကာလကို မသိလျှင် အနာဂတ်ကို ပိုင်ဆိုင် သောဘုရားရှင်အားသိရန် ယုံကြည်စိတ် ချရန် လိုအပ်ပေသည်။ (ဟေဘရေဦး ၁၃း၈)တွင် "ခရစ်တော်ယေဇူးသည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ် အမြဲမပြောင်း မလဲတည်ရှိတော်မူ၏" ဟု ရေးသားထား သည်။ ဓမ္မဟောင်းခေတ် ဒါဝိတ်ရေးသားခဲ့ သော ဆာလံစာသားများသည် ကျွန်ုပ်တို့ နှင့်ခရစ်တော်၏ ဆက်ဆံရေး ပုံစံဖြစ်ရ မည်။ "ထာဝရဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါ၌လိုလေသေးမရှိပြည့်စုံ ၏။ ကိုယ်တော်၏နာမတော်အဖို့ အလို့ငှါ ငါ့အားလမ်းမုန်ကိုပြတော်မူ၏။ သေခြင်း၏ အရိမ်လွှမ်းမိုးသော ချိုမ့်ဝှမ်းအတွင်း၌ လျှေညပ်လှမ်ရသော်လည်း ဘေးအန္တရယ်ကို မကြောက်ရွံ့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ ရှိတော်မူ၍ ကိုယ်တော်၏ လှံတံတော်နှင့် တောင်ဝှေ့ တော်သည် ကျွန်ုပ်ကို နှစ်သိမ့်မှုပေးပါ၏။ ကိုယ်တော်သည် ကျွန်ုပ်ရန်သူအပေါင်းတို့ ၏ ရှေ့မှောက်တွင် အကျွန်ုပ်အဖို့ စားပွဲကို တည်ခင်းတော်မူပြီ။ အကျွန်ုပ်၏ ဦးခေါင်းကို ဆီနှင့် သွန်းလောင်းတော်မူပြီ။ အကျွန်ုပ်၏ ဖလားသည်လည်း ပြည့်လျှံလျက်ရှိပါ၏။ ဤဆာလံတွင် မည်သည့်စိုးရိမ် စိတ်ပူပန်သောက၊ တစ်လုံးမျှမပါရှိပါ။ လုံးဝ ယုံည်ြအားထားသည်။ ဘုရားသခင်သည် ကျွန်ုပ်၏ သိုးထိန်းဖြစ်သည်။ လိုအပ် ချက်များကို ဖြည့်ပေးမည်။ ကျေးဇူးတော်၏ ကရုဏာတော်ကို တစ်သက်လုံးခံစားရ မည်။ အားလုံး အကောင်းပဲရရှိမည်ဟု ဆိုရာတွင် ဘ၀တစ်ခုလုံး အဆင်ပြေမည်။ မကောင်းတာ အဆင်မပြေတာ တစ်ခုမျှ မရှိ၊ ထမင်းကောင်း၊ ဟင်းကောင်း၊ အ၀တ် အစားကောင်း၊ ရာသီဥတုကောင်းရမည်။ ယင်းကဲ့သို့ ဆိုလိုခြင်းမဟုတ်ပါ။ ကောင်း ခြင်းသည် နောက်ကလိုက်ပါလာမည်။ ဘ၀မှအစစအရာရာဖြစ်သမျှ၊ စိန်ခေါ် သမျှ၊ အခြေအနေအမျိုးမျိုးစိတ်ရှုပ်စရာ မျာမှ ဘုရားသခင်သည် ကောင်းခြင်းများ ကို ဖြစ်စေမည်ဟု ယုံကြည်စိတ်ချခြင်းဖြစ် သည်။

အချုပ်ဆိုရလျှင် နာဇရက် ကျောင်းတော်၏ ဆောင်ပုဒ်သည်
Duc in Altum "ရေနက်ရာသို့ရွှေ့လော့" ဖြစ်၏။ သက္ကရာဇ်၂၀၀၁ခုနှစ်ရဟန်း မင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး ၏ ဆောင်ပုဒ်သည် အင်းဝခေတ်လည်း Du in Altum ရေနက်ရာသို့ ရွှေ့လော့ဟူ၍ ဖြစ်သည်။ ရေနက်ရာသို့ရွှေ့ရန် ဖော်ပြခဲ့သော အချက်သုံးချက်လို အပ်သည်။ ကျွန်ုပ်တို့၏ဘ၀တွင် ဤအချက် သုံးချက်တိုင်း လိုက်နာကျင့်ဆောက် တည်ကာ ရေနက်ရာသို့ရွှေ့၍ ပိုက်ကွန်ကို ချခဲ့လျှင် "သူတို့သည် အမိန့်တော်အတိုင်း ပြုကြသောအခါများစွာသော ငါးတို့ကို ဖမ်းမိသဖြင့်ပိုက်ကွန်များ စုတ်ပြဲ စပြုလေ ၏" (လုကာ၅း၆)ဟု ရေးသားထားသည့် အတိုင်း အကျွန်ုပ်တို့၏ဘ၀သည် အောင်မြင်မည်။ ဆလေးရှင်း ဘ၀ အောင်မြင်မည်။ ကျေးဇူးတော်များခံစားရမည်။ ကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော်ကို အစဉ်အမြဲသီချင်းဆိုပါ မည် (ဆာလံ ၈၉း၁)။

၁၆.၂.၀၇ အနီးစခန်းနာဇရက် ကျောင်းနှစ် (၅၀) ရွှေဂျူဗလီမစ္ဆားတရားတွင် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုမိန့်ကြားသော သြ၀ါဒကို ဆောင်းပါးအဖြစ်ပြန်လည်တင်ပြပါသည်။
နာဇရက်ကျောင်းသားဟောင်းတစ်ဦး

Sep 7, 2009

သားကိုရင်ထံသို့ အိတ်ဖွင့်ပေးစာ


သားကိုရင်ထံသို့ အိတ်ဖွင့်ပေးစာ


သားထံ အဖေစာရေး လိုက်ပါတယ်။ အဖေစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဘူးတယ်။ အဖေကသားကို ဘယ်လို ဆုံးမသလဲဆိုတော့ သား မင်းအရွယ်မှာ အာဗာဟန်လင်ကွန်းဟာ ကျောင်းတက်ဖို့ရန် (၁၀) မိုင်ခရီးကို နေ့စဉ် လမ်းလျှောက်ရတယ်လို့ ပြောတော့၊ သားက ““အဖေ အဖေရွယ်မှာဆိုရင် အာဗရာဟန် လင်ကွန်းက အမေရိကန် သမ္မတ ကြီးဖြစ်နေပြီဗျာ”” လို့ ပြန်ပြောလိုက်တယ်။ သားကလည်း အဖေ့ကို ဆုံးမချင်လို့၊ ဆုံးမစာတွေများ ရေးခိုင်းနေသလား မသိပါဘူး။ ကိုယ့်ကို ကိုယ်ဆုံးမပြီးမှ သူများကို ဆုံးမရတယ်ဆိုရင်လည်း မမှားပါဘူး။ အဖေဟာ လယ်သမားဖြစ်ပေမယ့် သားကို သမ္မတဖြစ်စေချင်တာကတော့ မိဘတွေရဲ့ စေတနာဖြစ်ပါတယ်။

သိပ်ပြီး တည်ငြိမ်အေးဆေးတဲ့ ဘုန်းကြီးတစ်ပါး၊ အလွန်တော်တဲ့ ဘုန်းကြီးတစ်ပါး၊ သိပ်ပြီး စင်ကြယ်တယ်လို့ ထင်ရတဲ့ဘုန်းကြီးတစ်ပါး လူထွက်ပြီး မိန်းမယူတယ်လို့ ကြားရတော့၊ လူတွေဟာ အံ့သြတွေဝေ၊ နှမြောတသကြတယ်။ နားမလည်နိုင်ကြဘူး။ အဲဒီလိုပဲ အချို့ သီလရှင်တွေ ထွက်ကြတယ်။ နိုင်ငံကျော် ဗုဒ္ဓဘာသာတရားဟော ဓမ္မကထိက ဘုန်းတော်ကြီးတွေလည်း ထွက်ကြတာပါပဲ။ သူတို့ နှစ်တွေအကြာကြီး
ကြိုးစား အားထုတ်ပြီးမှ ရဟန်းဖြစ်ခဲ့ကြတယ်။ ရဟန်းဘ၀မှလည်း နှစ်ရှည်လများ ကြိုးစားလုပ်ကိုင်ခဲ့ကြတယ်။ ဒါပေမယ့် ရုတ်တရက် ထွက်ကြတယ်။ ဘာဖြစ်လို့လဲ၊ ပြင်ပ အနှောက်အယှက်တွေက ကြီးမားလွန်းလို့လား။ အဲဒီလို ရုတ်တရက် ဒုစရိုက် ချောက်ကမ်းပါးထဲကို ကျရောက်သွားခြင်းဟာ ပြင်ပ အနှောက်အယှက်တွေ ကြီးမားလို့ မဟုတ်ပါဘူး။ သူ့ရဲ့ အတွင်းနဲ့သာ ဆိုင်ပါတယ်။ သခင်ယေဇူးက ပြင်ပအရာများသည် လူကို ညစ်ညူးစေသည်မဟုတ် စိတ်နှလုံး အတွင်းမှလာသော အရာများသည် လူကို ညစ်ညူးစေသည်လို့ မိန့်ကြားခဲ့ပါတယ်။ အမှန်တော့ သူ့ရဲ့ မကောင်းတဲ့ အတွေး၊ ဒုစရိုက်အတွေးတွေဟာ သူ့ရဲ့ နှလုံးအိမ်အတွင်းမှာ လျှိုဝှက်စွာ ကိန်းအောင်းနေတယ်။ အချိန် ကာလရှည်ကြာစွာ စုစည်းထားပြီး၊ အခါအခွင့်သင့်တဲ့ အချိန်မှာ အားအင်နဲ့ ထင်ရှားစွာ ပေါ်ထွက်လာခြင်းသာ ဖြစ်တယ်။ လူကို မကောင်းမှု ဒုစရိုက်သမားအဖြစ်သို့ သက်ဆင်းစေတဲ့ တစ်ခုတည်းသော အရာဟာ၊ မကောင်းတဲ့အတွေး၊ မကောင်းတဲ့ စိတ်အကြံသာဖြစ်တယ်။

အတွေးဆိုတာ လူတွေ ထင်သလို၊ လျှိုဝှက် သိမ်းဆည်းထားလို့ရတဲ့ အရာ မဟုတ်ပါဘူး။ အတွေးဟာ အကျင့်အဖြစ်သို့ လျှင်မြန်စွာ ကူးပြောင်းသွားတယ် အကျင့်မှ တစ်ဆင့် လူ့ဘ၀အခြေအနေများ အဖြစ် ထင်ရှား ထွက်ပေါ်လာပါတယ်။ အတွေးအကြံကို မပြောင်းလဲဘဲ၊ အကျင့်ပြောင်းလဲရန် ကြိုးစားလျှင် မအောင်မြင်နိုင်ပါဘူး။ လူတစ်ယောက်၏ အတွေးကို သူဘာတွေ တွေးနေပါသည်ဟု ပြောသဖြင့် မသိရ၊ သူ့လုပ်ဆောင်ချက်များ အားဖြင့်သာ သိရ၏လို့ (အိုက်ဇက် ဘာရှီဘစ်ဆင်းဂါး) ဆိုတဲ့ ပုဂ္ဂိုလ်က ပြောခဲ့တယ်။


ကောင်းတာတွေ အမြဲတွေး နိုင်ဘို့ရန်၊ အမြဲ ဆုတောင်းခြင်း၊ ပုတီး စိတ်ခြင်း၊ ကမ္မဌါန်းရှုခြင်း၊ ကျမ်းစာ ဖတ်ခြင်း၊ ကောင်းတဲ့စာအုပ်များ ဖတ်ခြင်းတို့ကို အမြဲမပြတ် ပြုလုပ်စေလိုပါတယ်။ ညအိပ်တဲ့ အချိန်ပုတီးစိတ်ရင်းနဲ့ အိပ်ပျော်တဲ့ အကျင့်ပြုလုပ်ဖို့ကိုလည်း ထပ်မံတိုက်တွန်းလိုပါတယ်။


မြေမရှိတဲ့ ဧဒင်ဥယျာဉ်ဆိုတာ မရှိပါဘူး။ မကောင်းတဲ့ အတွေးတွေဟာ
လဲ ပေါ်လာမှာပါဘဲ။ ““ခေါင်းပေါ်မှာ ငှက်တွေဖြတ်ပြီး ပျံသန်းသွားတာ အရေးမကြီးဘူး၊ ခေါင်းပေါ်မှာ ငှက်သိုက် မလုပ်ခံဖို့ပဲ အရေးကြီးတယ်”” ဆိုတဲ့ ဆိုရိုးစကား တစ်ခုရှိတယ်။ အတွေးလှေကို ဘ၀သမုဒ်ပြင်ကျယ်မှာ လွင့်မျောချင်တိုင်း လွင့်မျောခွင့် ဘယ်တော့မှ မပေးပါနှင့်သား။

သားကို အဖေရေးပေးလိုက်တဲ့ ကဗျာစာအုပ်ထဲက ““ကောင်းတာတွေးပါ”” ဆိုတဲ့ ကဗျာရဲ့ နောက်ဆုံးအပိုဒ်နဲ့ပဲ နိဂုံး ချုပ်ပါရစေ။


သင်၏အတွေး ဆင်ခြင်တွေး
အတွေးကောင်းမှ သင့်ဘဝ
အနာဂတ်လှမည်တည်း။

သားကိုချစ်တဲ့
သားအတွက် အမြဲဆုတောင်းပေးနေတဲ့
အဖေ
အုတ်လှ

သိုး ပျောက်


သိုး ပျောက်

လူတစ်ဦးတွင် သိုးအကောင် တစ်ရာရှိပြီး ယင်းတို့အထဲမှ တစ်ကောင်သည်လမ်းလွဲ၍ ပျောက်ဆုံးသွားလျှင် သူသည် ကိုးဆယ်ကိုးကောင်တို့ကို တောင်ပေါ်တွင်ထားခဲ့လျက် ပျောက်ဆုံးသော သိုးကိုသွား၍ ရှာတတ်သည် မဟုတ်လော။ (မာတေဦး ၁၈း၁၂၊ လု ၁၅း၎)

အဖြစ်အပျက်ကတော့ ဒီလိုဗျ ပြီးခဲ့တဲ့ တစ်ပတ်လောက်က အသုဘကိစ္စ တစ်ခုမှာပေါ့ အလောင်းကို သဂြိုလ်ပြီးလို့ သားသမီးကိုးယောက်လုံးအတူ ပြန်ဆုံကြတဲ့အချိန်မို့ ထိုညီအစ်ကို မောင်နှမတွေထဲက အငယ်ဆုံးဖြစ်တဲ့ ဂျွန်က ရက်လည်နေ့ သူ့အိမ်မှာလည်း ဘုရားရှိခိုး ချင်တယ်ပေါ့။ ဒါနဲ့ ရက်လည်တဲ့နေ့မှာ တခြား ဘာသာဝင်တွေနဲ့ အတူတူညီအစ်ကို မောင်နှမ အားလုံး ဟင်နရီအိမ်မှာ ဘုရားရှိခိုးကြတာပေါ့။ ဘုရားရှိခိုးလို့လည်းပြီးရော ကျန်ရစ်သူသားသမီး ညီအစ်ကို မောင်နှမတွေထဲက အကြီးဆုံးဖြစ်တဲ့ ဦးပီတာ
ကစပြီး စကားပြောလိုက်တယ်။ ကဲ့နေ့ဟာ အမေ့ရဲ့ရက်လည် ဘုရားရှိခိုး ဆုတောင်းခြင်း အစီအစဉ် ပြီးပြီမို့ တို့တတွေလူအုပ်စု မခွဲခင်မှာ် ကိုကြီး တစ် ပြောချင်တယ်။ အဲဒါဘာလဲ ဆိုတော့တို့တတွေရဲ့ အမေ ဆုံးရှုံး လိုက်ရပေမဲ့ ၀မ်းမနည်းကြနဲ့ မင်းတို့တတွေဝမ်းနည်းလို့ ငိုနေတဲ့မျက်ရည်ဟာ ဘုရားသခင်ဆီဝင်နေတဲ့ အမေ့ခြေလှမ်းတွေ တုန့်နှေးလေးကန်လိမ့်မယ်။ တို့အမေဟာ ဒီအချိန်မှာ ဘုရားရှင်ရင်ခွင်တော်မှာ ပျော်ရွှင်ဝမ်းမြောက်မှုနဲ့ ရှိနေပြီး ဘာကြောင့်လဲဆိုတော့ အမေဟာ အခြားဘာသာကနေ သက်ဝင်ယုံကြည်သူ ဖြစ်လာပြီး သေသည့်ကာလတိုင်အောင် ကောင်းသော အသက်ရှင်မှုကို ပြုသွားတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့ အဖေ့ပေါ်မှာရော အိမ်ထောင်စုပေါ်မှာရော တာဝန် ကျေသွားတဲ့ မိခင်ကောင်းဖြစ်တယ်။ ယောက်ျားဘာသာထဲ ၀င်တဲ့အမေဟာ နှစ်နှစ်ကာ ယုံကြည်နေရုံမျှမက မယ်တော် တမန်တော်မှာလည်း ကောင်းသောအသင်းဝင် ဖြစ်တဲ့အတွက် မယ်တော်က သူ့သားတော်ခရစ်တော်ရှင်ဆီ ဆုကျေးဇူး တောင်းခံပေး နေလောက်ပြ၊ီ သခင်ခရစ်တော်ဟာလည်း နေစရာ အခန်းများစွာ ရှိတဲ့ ကောင်းကင်နိုင်ငံတော်မှာ သူ့အတွက် သီးသန် နေရာပေးခဲ့လောက်ပြီ။

ဒါကြောင့် သူမဟာ မုချ ကောင်းကင်ဘုံမှာ စံနေလောက်ပြီ၊ အမှန်မှာအမေဟာ သေတာ မဟုတ်ဘဲ လူ့ပြည်ကို ငြီးငွေ့လို့ အဆင်း သဏ္ဍန်ပြောင်းလဲပြီး ကောင်းကင်ခရီးနှင်တာပဲကွ။ အေး တစ်ခုတော့ရှိတယ်။ အဖေနဲ့အမေဟာ ငြိမ်းချမ်းစွာ ကောင်းကင်ရောက်ရှိမဲ့ တို့အားလုံး သူတို့နဲ့ ကောင်းကင်ဘုံမှာ ဆုံနိုင်ပါမလားလို့ တွေးပြီး ၀မ်းနည်းတယ်။ ဘာကြောင့်လည်းဆိုတော့ ညီအစ်ကို မောင်နှမအားလုံးထဲမှာ ညီငယ်(၃)ယောက်က လက်ထပ်ခြင်း စက္ကမင်တူး မခံယူရသေးတော့ ဘာသာတရားရဲ့ အပြင်မှာရှိနေဆဲပဲ။ ဒါတွေအတွက် ညီငယ်တို့ကလည်း ကြိုးစားရမယ်။ တို့တစ်တွေကလည်း ဆုတောင်း ပေးရမယ်။ ဒါမှ တို့တွေဟာ မိဘတွေကို ခြေရာခံတဲ့ နောက်လိုက်ကောင်းတွေ ဖြစ်မှာ။ အသက်ရှင်ချိန်မှာ ကယ်တင်ခြင်း ရရှိဖို့က အဓိကအရေးကြီးတော့ ပိုကြိုးစား ကြပါလို့ပဲ ပြောချင်ပါတယ်ကွာ။


ဦးပီတာ၏ စကားအဆုံးမှာတော့ ကျွန်တော် လေးနက်စွာ စဉ်းစားမိပါတယ်။ လက်ထပ်ခြင်းမခံရတာက (၃)ယောက်။ အတူတူရန်ကုန်မှာ နေကြသူကိုတော့ အသာထားပြီး နီးစပ်တဲ့ ဂျိုးဇက်ဆိုသူ အိမ်ကိုပါ ဘုရားရှိခိုးသင့်တာပေါ့ လို့မြင်မိရာကနေ ကျိုးကြောင်းရှင်း ပြတဲ့အခါ အားလုံးက သဘောတူကြပါတယ်။ ၀မ်းသာစရာပါပဲ ကိုဂျိုးဇက်လည်း လှိုက်လှဲစွာ လက်ခံခွင့်ပြုလို့ ညီအစ်ကိုမောင်နှမများနဲ့အတူ သွား၍ ဆုတောင်းမေတ္တာများနဲ့တူ သွားပြီးဆုတောင်းမေတ္တာ ပို့ပေးကြပါတယ်။ ဘုရား ရှိခိုးဆုတောင်း၍ ပြီးသွားတဲ့
အခါကို ဂျိုးဇက်က ကျွန်တော်လက်ဝါးကို ဆုပ်ကိုင်ပြီး ဆရာရာ ဒီလိုမျိုး ဘုရားရှိခိုးချင်နေတာ ကြာပြီ။ ဒါပေမဲ့ ကျွန်တော်က လက်ထပ်ခြင်း မရသေးတော့ အားငယ်တယ်။ ခဏခဏ ၀င်ပေးပါ ဆရာရယ်၊ ဒါမှ ကျွန်တော် လက်ထပ်ဖို့ အခွင့်အရေး ကောင်းမှာ။ ကျွန်တော်မိန်းမက ဘာသာကွဲဆိုတော့ ဘာသာရေးအကြောင်း ဘာမှမသိဘူးလေ ကျွန်တော်လည်း ဘာမှသိပ်ပြီး မပြောတတ်ဘူးဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ ခုလေ ဒီနေ့ ဘုရားရှိခိုးတော့ သူကပြောတယ် လိုမျိုးဘုရားရှိခိုးတာ ပျော်စရာကြီးနော်တဲ့။ ဆရာ (၅) ခါ (၆) ခါ လောက်သာဝင်ပြီး ဒီလိုဆုတောင်း ပေးရင် ကျွန်တော်တို့လက်ထပ်ဖို့က အောင်မြင်လောက်ပါပြီ။ ပြီးတော့ အားလုံးမဟုတ်တောင် မိသားစုထဲမှာ(၃) ပုံ(၂)ပုံကပါဖို့ ကျိန်းသေလောက်တယ်။ ဆရာရယ် တကယ်တော့ ဘာသာရေးဟာ ထိတွေ့ဆက်ဆံမှုပဲ ဆရာရဲ့ထိတွေ့ ဆက်ဆံမှု နည်းရင်အေးမယ်၊ ပေါ့မယ်။ ပျက်မယ် ပေါ့ဗျာ။

ကျွန်တော်တို့ ညီအစ်ကိုတွေကို ပစ်မထားပါနဲ့ ဆရာရယ်။ အမေ့အာသုဘမှာ သူများတွေ အာပတ်ဖြေ ကိုယ်တော်မြတ်ပင့်ကြတော့ ကျနော်လေ ၀မ်းနည်းပြီး မျက်ရည်ဝဲလာတယ်။ အဲဒီအခါကျမှ ကျွန်တော်ဟာ အပြင် လူတစ်ယောက် လိုဖြစ်နေမှန်း ခံစားလာရတယ်။ ကျွန်တော်လည်း နားထောင်ရင်း ၀မ်းနည်းလာပါတယ်။
ပြီးတော့ ကိုဂျိုးဇက်က ဆက်ပြောတယ် ကျွန်တော့်ဘ၀ရဲ့ မျှော်လင့်ချက် ရောင်ခြည် စသမ်း လာပါပြီ ဆရာရယ်။ ဒီနေ့ဟာ ကျွန်တော်ဘ၀ရဲ့ အမှောင်ထဲ အာရုံသန်းလာတဲ့နေပါ သူပြောရင်း အသံတိမ်ဝင်လျက် မျက်နှာကိုလည်း အောက်သို့ ငုံထားရင် လက်ချောင်းနဲ့လည်း မျက်လုံးကို တို့တို့ နေသည်ကိုတွေ့ရာ ရင်ထဲလှိုက်လှဲစွာ ၀မ်းသာသလို၊ ၀မ်းနည်းခြင်း ကရော ယှက်လျှက်ဖြစ်နေသည်။ ၀မ်းနည်းတာက ကျွန်တော်အနေနဲ့ ဓမ္မဆရာ တာဝန်ကို ကျေပွန်အောင်၊ နှံ့စပ်အောင် လုပ်နိုင်စွမ်း မရှိခြင်းဖြစ်ပြီး၊ ၀မ်းသာသည်က သခင်ခရစ်တော် အတွက် ပျောက်သော သိုးကို တွေ့ ရှိခြင်းပင်တည်း။ သူသည် ထိုသိုးကိုရှာ၍ တွေ့ လျင် မပျောက်ဆုံးသော သိုးကိုဆယ့်ကိုးကောင်တို့ထက် ထိုတစ်ကောင်၌ ပို၍ ၀မ်းမြောက်ခြင်းရှိမည်”” (မာတေဦး ၈း၁၃)

““သူသည် ထိုသိုးကို တွေ့သောခါ ၀မ်းမြောက် ၀မ်းသာဖြင့် ၄င်းကို ပုခံုးထက်တွင်တင်လေ၏”” (ရှင်လုကာ ၁၅း၅)

““ဤသိုးစုတွင် မပါဝင်သော အခြားသိုးများလည်း ငါ၌ရှိ၏။ ထိုသိုးများကိုလည်း ငါခေါ်ဆောင်ရအုံးမည်။ သူတို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ဤသို့ဖြင့် သိုးစုတစ်စု၊ သိုးထိန်း တစ်ပါးတည်း ဖြစ်ရလိမ့်မည်”” (ယော ၁၀း၁၆)


မန်းရော်(နတ်တော်)

Sep 4, 2009

ကျွန်တော်ရဲ့ခရီးဖော်


ကျွန်တော်ရဲ့ခရီးဖော်

လောကအလယ်
ခရီးကျယ်မှာ
ဘယ်ဆီဘယ်ဝယ်
ခရီးဆက်မယ်မသိတဲ့
လူသားတစ်ယောက်
ဟိုးအဝေးမှာ
မီးရောင်လေးတစ်ခု
သူ့အတွက်အားပြုရာ
ကယ်တင်ရှင်လေးတစ်ပါး
လတစ်စင်းအလား
ဝင်းလက်ပေးနေသူ
ယေဇူးရှင်ပါ။

အိုကယ်တင်သူ
ယေဇူးရှင်
အကျွန်ုပ်အပါး
တစ်ဖ၀ါးမခွါ
ဝိညာဉ်တွင်းမှာ
လာရောက်နေပါ
ရှေ့ဆက်ရမယ်
နေ့ရက်တွေအတွက်
ယေဇူးလက်နဲ့
အတူဆုပ်ကိုင်ပြီး
လောကခေါ်ဆောင်ရာ
ခရီးဖော်အဖြစ်
ရှိနေလှည့်ပါ။

-လူသား (ဆားမှော်)

Sep 2, 2009

ကိုးကွယ်မှု့ဘာသာတရားများကို လေ့လာဆည်းပူးစေချင်


ကိုးကွယ်မှု့ဘာသာတရားများကို လေ့လာဆည်းပူးစေချင်

ကမ္ဘာ့နိုင်ငံတိုင်းတွင် လူမျိုးနွယ်ဝင် အသီးသီး စုပေါင်းနေထိုင် လေ့ရှိကြပါတယ်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အေးချမ်းစွာ အတူနေထိုင်ကြလေ့ရှိပါတယ်။

အချင်းချင်းဆက်သွယ်ရာတွင် ကြားခံအဖြစ်မရှိမဖြစ်သည့် ဘာသာစကားဆိုတာရှိကြသည်။ နေထိုင် ကျက်စားရာ ဒေသအလျောက် စားပုံသောက်ပုံရှိကြသည်။ ထုံးဓလေ့များရှိ ကြသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု့များ ရှိကြသည်။ တွေးခေါ်ယူဆပုံနှင့် ယုံကြည်မှု့များ ရှိကြလေသည်။

လွပ်လပ်သော တွေးခေါ်ယူဆပုံကြောင့် မတူညီသော ယုံကြည်မှု့များ ရှိလာ
ကြလေသည်။ လွပ်လပ်စွာ တွေးခေါ်ယူဆခြင်းနှင့် မတူညီသော ယုံကြည်မှု့များကြောင့် သက်ဝင်ကိုးကွယ်သည့် ဘာသာတရားများလည်း ရှိလာကြလေသည်။ အခြေနေ အကြောင်းကြောင်းကို မူတည်ကာ ရိုးရာကိုးကွယ်မှု့များနှင့် ကမ္ဘာ့ကိုးကွယ်မှု့ ဘာသာတရား ကြီထွန်းကားလျက်ရှိသည်။

ယေဘုယျအားဖြင့် လူမျိုးတစ်မျိုး ကိုးကွယ်သည့် ဘာသာတရား၏ အဆုံးအမနှင့် ထုံးတမ်းစဉ်လာတို့သည် ထိုလူမျိုးစု၏ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှု့တို့ကိုလည်း လွှမ်းမိုးထားလေ့ရှိပါသည်။
ထိုကြောင့် တိုင်းနိုင်ငံတစ်ခုတွင် ငြိမ်းချမ်းမှု့ရှိဖို့နှင့် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ တစ်ဦးနှင့်တစ်ဦး၏ ယုံကြည်သက်ဝင်ရာ ဘာသာတရားကို အသိအမှတ်ပြု လေ့လာဖို့ လိုအပ်ပါတယ်။
သို့သော် ဘာသာတရား တစ်ခုနှင့်တစ်ခု အပြန်အလှန် လေ့လာသင်ယူခွင့်မရှိပါက (သို့မဟုတ်) လေ့လာသင်ယူဖို့ အခွင့်အလမ်းမရှိပါက (သို့မဟုတ်) လေ့လာဖို့ ကိုယ်တိုင်က စိတ်မပါကြလျင် ထိုတိုင်းထိုပြည်သားတို့သည် ဘာသာရေး ဗဟုသုတ ခေါင်းပါးကြပေမည်။


ဘာသာတရား ဗဟုသုတခေါင်းပါးမှု့ကြောင့် အခြားသူတစ်ဦး ကိုးကွယ်သည့် ဘာသာတရားကို ပေါ်ယံ သဘောလောက်သာ သိနေပေလိမ့်မည်။ လေးနက်မှု့ ကင်းနေပေလိမ့်မည်။ ကြားဖူးနားဝ အဆင့်သာ ရှိနေပေလိမ့်မည်။ အပေါ်ယံ သဘောသကန်လောက်သာ သိတာကြောင့် ထိုဘာသာတရား၏ အနှစ်သာရကို မသိတော့ပေ။ အနှစ်သာရကို မသိတာကြောင့် ထိုဘာသာတရားကို တန်ဖိုးထားရ ကောင်းမှန်း မသိတော့ပေ။ ချွတ်ချော်မှု့၊ တိမ်းပါးမှု့ မှားယွင်းစွာနားလည်မှု့များသာ စိုးမိုးနေပေလိမ့်မည်။
လေ့လာနိုင်ခွင့် သင်ယူနိုင်ခွင့် ကိုယ်တိုင်ကလည်း လေ့လာသင်ယူမှု့ မရှိလေသောအခါ ဘာသာတရားများ၏ မတူညီရာများကိုလည်း မသိနိုင်ကြပေ။ တူညီရာများကို တန်ဖိုးထားရကောင်းမှန်း မသိသလို မတူညီကွဲပြားရာများကိုလည်း နားလည် လေးစားမှု့ မရှိနိုင်ကြတော့ပေ။

အကျိုးဆက်ကတော့ ထိုတိုင်း ထိုပြည်သားတို့သည် တစ်ဦးနှင့်တစ်ဦး အထင်သေးနေလိမ့်မည်။ တစ်ဘာသာ နှင့် တစ်ဘာသာ ပုတ်ခတ်ရှုပ်ချ နေကြလိမ့်မည်။ အငြင်းပွားနေကြလိမ့်မည်။ ပြိုင်ဆိုင် နေကြလိမ့်မည်။ စကားရည် လုနေကြလိမ့်မည်။ တိုက်ခိုက်နေ ကြလိမ့်မည်။ အနိုင်ကျင့် နေကြလိမ့်မည်။ ဘာသာရေးယူသီးမှု့များ စိုးမိုးနေလိမ့်မည်။ ဘာသာရေးစစ်ပွဲများ ဖြစ်ပွားနေကြသည်။
လောကနိယာမက “တစ်စုံတစ်ဦး (သို့မဟုတ်) တစ်သင်းတစ်ဖွဲ့သည် အမှန်တရားမှ သွေဖီသွားပါက ကျန်ပုဂိုလ်များ ဆိုးကျိုးဆိုးမွေများ ခံရလေ့ရှိ၏။ (when someone or some people deviate from reality, others are often hurt) ” ဟုဆိုပါသည်။ သို့သော် ကိုးကွယ်မှု့ဘာသာ တရားများကို လေ့လာသင်ယူခြင်းသည် ဘာသာတရားများ၏ တူညီမှု့များကို တန်ဖိုးထားမြတ်နိုးစေသလို မတူညီကွဲပြားရာများကိုလည်း နားလည် လေးစားစေပါသည်။
ဘာသာတရားတို့၏ တူညီမှု့များကို တန်ဖိုးထားမြတ်နိုးခြင်းနှင့် မတူညီ ကွဲပြားရာများကိုလည်း နားလည် လေးစားခြင်းသည် ကိုးကွယ်မှု့ ဘာသာတရားများ အချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းနှင့် နှီးနှောဖလှယ်ခြင်းကို ရှင်သန်စေပါသည်။

အချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းနှင့် နှီးနှောဖလှယ်ခြင်းကြောင့် ကိုးကွယ်မှု့ဘာသာတရားများအကြား ငြိမ်းချမ်းခြင်းနှင့် စည်းလုံးညီညွတ်ခြင်းကို ဖြစ်စေပါသည်။
အိနိယနိုင်ငံ၏ လွပ်လွပ်ရေးဗိသသုကာကြီး မဟတ္တမ ဂန်ဒီက “ယနေ့ မျက်မှောက်ခေတ်အချိန်အခါ၏ လိုအပ်ချက်က ကိုးကွယ်မှု့ ဘာသာတရားတစ်ခုတည်း ဖြစ်လာစေရေး မဟုတ်ပါ။ သို့သော် ဘာသာတရားတိုင်းမှ သက်ဝင်ယုံကြည်သူတို့၏ (တစ်ဦးနှင့် တစ်ဦး၊ တစ်ဘာသာနှင့်တစ်ဘာသာ) စစ်မှန်သော ရိုးသားသော လေးစားမှု့နှင့် စိတ်ရှည်သည်းခြင်းဖြစ်ပါသည်။ (The need of moment is not religion, but truth respect and tolerance of the devote of the efferent religions- Mahatma Gandhi) ” ဟုဆိုပါသည်။

ထိုကြောင့် စာဖတ်သူအနေနှင့် ကိုးကွယ်မှု့ ဘာသာတရားများကို လေ့လာဆည်းပူး သင်ယူပါ။ အခွင့်အရေးကြုံပါက ဘာသာရေးသင်တန်းများကို တက်ဖြစ်အောင်တက်ပါ။ ဘာသာရေး စာအုပ်စာပေများကို ၀ယ်ယူဖတ်ရှု့ပါ။
ကိုးကွယ်မှု့ ဘာသာတရားများ အကြောင်း လေ့လာဖို့ မကြောက်ပါနှင့်။ ဘာလို့လဲဆိုတော့ ဘာသာတရားများကို သဘောပေါက်ခြင်းအားဖြင့် ပထမဦးစွာ မိမိကြည်ညို ကိုးကွယ်နေသည့် ဘာသာတရားမှာ ပိုမိုစွဲမြဲစေပါသည်။
ထိုအပြင် ဘာသာတရား အသီးသီး၏ စစ်မှန်သော သွန်သင်ရာများကို သိနားလည်ခြင်းဖြင့် လူတိုင်းလူတိုင်း မိမိသိုက်အမြံမှ ကြယ်ဝလာသော ဘာသာရေး အမွေအနှစ်များကို လေးစားလာပါလိမ့်မည်။ အပြုသဘောဆောင်သည့် ဆက်ဆံရေး၊ အလေးထားနားလည်ခြင်းများ ရှင်သန်ကာ ပွင့်လင်းသည့် စည်းလုံးမှု့များ ဖြစ်ပေါ်လာပါမည်။ ပွင့်လင်း စည်းလုံးခြင်းသည်သာ ကျွန်တော်တို့ လူသားကမ္ဘာကြီးကို ငြိမ်းချမ်းစေပါမည်။

ဤသည်တို့မှာ လူသားတို့ ဦးထိပ်ထားကိုးကွယ်ကြသည့် ဘာသာတရားများ၏ အနှစ်သာရများပဲဖြစ်ပါတော့တယ်။

မာကု (ဒသန)

Sep 1, 2009

ရဟန်းမင်းကြီး ဘေနဒစ်(၁၆)၏ စာချွန် ထဲမှ မယ်တော်အကြောင်း


ရဟန်းမင်းကြီး ဘေနဒစ်(၁၆)၏ စာချွန် ထဲမှ မယ်တော်အကြောင်း

ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) အရှင်သူမြတ် ရေးသားတော်မူတဲ့ ““ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။”” လို့အမည်ရတဲ့ စာချွန်တော်ထဲက မယ်တော်အကြောင်းကို ထုတ်နှတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ မာရီယားသခင်မဟာ ယုံကြည်ခြင်း အပြည့်ရှိတဲ့ မိန်းမဖြစ်တယ်။ (ရှင်လုကား ဧ၀ဂလိကျမ်း ၁း၄၅)ထဲက ဧလိဇဘတ်ရဲ့စကားကို ထောက်ရှု့ နိုင်ပါတယ်။ “ယုံကြည်သော မိန်းမသည် မင်္ဂလာရှိ၏။”တဲ့ မယ်တော်ရှင်ဟာ၊ ဧလိဇဘတ်နဲ့ တွ့တွေ့ခြင်းမှာဘဲ ရွတ်ဆိုလိုက်တဲ့ “မာညီဖိကပ်” သီချင်းဟာ မိမိနာမ်ဝိညဉ်ရဲ့ ပုံရိပ်ကိုမယ်တော် ဖော်လိုက်သလိုပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မိမိနာမ်ဝိညဉ် တစ်ခုလုံးဟာ သန့်စင် မြင့်မြတ်တော်မူလှ သမ္မာကျမ်းစာတော်မြတ်ရဲ့ ချည်မျှင်များတည်း ဟူသော ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှ ထုတ်ယူထား ချည်မျှင်များနဲ့ ယက်လုပ်ထားတဲ့ အချင်းအရာ ဖြစ်နေပါတယ်။ ဒီနေရာမှာ မာရီယားသခင်ဟာ ဘုရားရှင်ရဲ့ နှုတ်ကပတ်တရားတော်နဲ့၊ အတိုင်အဖောက် အညီလွတ်လပ်စွာ ရှင်သန်နေကြောင်း တွေ့မြင်နိုင်ပါတယ်။

မယ်တော်ရှင်ရဲ့တွေးအခေါ် ဆင်ခြင်ချက်များနဲ့၊ အပြောအဆို ခွန်းခြေချက်များဟာ၊ ဘုရားရှင်ရှင်ရဲ့ နှုတ်ကပတ်တရားတော်နဲ့ တထပ်တည်း ကျနေတဲ့အတွက်၊ ဘုရားရှင်ရဲ့ နှုတ်ကပတ် စကားဟာ၊ မိမိရဲ့ စကားဖြစ်လာသလို မိမိရဲ့ခွန်းခြေတဲ့ မြတ်ဟ စကားများဟာလည်း ဘုရားရှင်ရဲ့ နှုတ်ကပတ်တော် တရားစကားမှ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာလည်း၊ မယ်တော်ရှင်ရဲ့ အတွေးအခေါ် ဆင်ခြင်ချက်များဟာ ဘုရားရှင်ရဲ့ အတွေးအခေါ် ဘုရားရှင်ရဲ့အတွေးအခါ် ဆင်ချင်ချက်များနဲ့ လိုက်လျောညီထွေမှု့ ရှိနေတဲ့အတွက် မိမိရဲ့ အလိုဆန္ဒများဟာ ဘုရားရှင်ရဲ့ အလိုဆန္ဒတော်နဲ့ တစ်လုံးတစ်ဝတည်း၊ တထပ်တည်း ဖြစ်တော်မူတယ်။ မာရီယားသခင်မဟာ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တရားတော်နဲ့ ပြည့်ဝနေတဲ့အတွက် လူ့အဖြစ်ဇာတိကို ခံယူတော်မူသော နှုတ်ကပါတ်တော်ရဲ့ မိခင်မယ်တော် ဖြစ်လာရပါတယ်။ အဆုံးမှာတော့ မာရီယားသခင်မသည် ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝတဲ့ မိန်းမ ဖြစ်တော်မူတယ်။ ဒီလိုမှ မဟုတ်ရင်လည်း တစ်ခြား ဘယ်လိုဖြစ်နိုင်အုံးမှာလဲ။ ဒါပါပဲ။ ဘုရားရှင်ရဲ့ အတွေးအခေါ်နဲ့ တွေးခေါ် ဆင်ခြင်ပြီး ဘုရားရှင်ရဲ့ အလိုတော်အတိုင်းသာ အလိုရှိတဲ့ ယုံကြည်ကြီးမားလှတဲ့ မယ်တော်ရှင်အနေနဲ့ မေတ္တာတရားနဲ့ ပတ်သက်လာရှင်လည်း ချစ်ခြင်းမေတ္တာနဲ့ ပြည့်နေတဲ့ မိန်းမဖြစ်နေတဲ့ အတွက် ပျက်ကွက်လစ်ဟာမှု လုံးဝမရှိနိုင်တော့ပါ။ ဧ၀ံဂေလိကျမ်းစာတော်မြတ်မှ ကျမ်းလာစကား အတိုင်းဆိုရင် သူငယ်တော်ယေဇူးရဲ့ ခလေးငယ်ဘ၀မှာ အရာ အားလုံးကို မယ်တော်သည် မိမိရဲ့နှလုံး၌ မှတ်ကျုံးလေ၏ ဆိုတဲ့ ကျမ်းစကားအရ မယ်တော်ရှင်ရဲ့ ဆိတ်ငြိမ်စွာ တုန့်ပြန်တတ်မှုကို ရှုမြင်နိုင်ပါတယ်။

ကာနန်မြို့မင်္ဂလာ လက်ထပ်ပွဲမှာ သတို့သား သတို့သမီးတို့ရဲ့ အရှက်တကွဲဖြစ်တော့မယ့် လိုအပ်ချက် အခြေအနေကို မယ်တော်ရှင်သိပြီး မိမိရဲ့ သားတော် ယေဇူးဘုရားရှင်ထံ လျှောက်ထားခဲ့ခြင်း ဖြစ်ရပ်မှာလည်း မယ်တော်ရှင်ရဲ့ နူးညံ့သိမ်မွေ့ခြင်းဖြစ်အင်ကို ရှုမြင်နိုင်ကြပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ သက်တော်စဉ် နောက်ခံ အခြေအနေ သဘောတရားကို ရှုကြည့်လိုက်ပါက မယ်တော်ရှင်ရဲ့ နှိမ့်ချခြင်းအဖြစ်ကို တွေ့မြင် နိုင်ကြပါတယ်။ မယ်တော်ရှင်အနေနဲ့ မိမိရဲ့ သားတော်ဟာ မိသားစုအသစ်ကို ဖွဲ့စည်း တည်ထောင်ခြင်းနဲ့ အတူ သားတော်ရှင်ရဲ့ လက်ဝါးကပ်တိုင်တော်ပေါ်၌ တင်သတ်ခြင်းခံရတဲ့ သားတော်ရှင်ရဲ့ အချိန်နာရီဟာ မိခင်ဖြစ်သူရဲ့ မိမိရဲ့ အချိန်နာရီသာ ဖြစ်ကြောင်း သိမြင်ခဲ့ရပါတယ်။ ဒီအချက်တွေကို ရှင်ယောဟန် ခရစ်ဝင် - ၂း၎၊ ၁၃း၁ မှာ လေ့လာနိုင်ပါတယ်။ ရှင်ယောဟန် ခရစ်ဝင် - ၁၉း၂၅ -၂၇ ကို ဆက်လက် လေ့လာလိုက်ပါက မိမိရဲ့တပည့် သာဝကတွေဟာ ဝေးရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပေမယ့် မယ်တော်ရှင်မှာတော့ လက်ဝါးကပ်တိုင်တော် ခြေရှင်းမှာ အဆုံးထိတိုင်အောင် ရှိနေခဲ့ပါတယ်။ တမန်တော်ဝတ္ထုကျမ်း - ၁း၁၄ ကို ဖတ်ရှုလိုက်ပါက သန့်ရှင်းသော ၀ိညာဉ်တော်မြတ် ဘုရားရှင် ဆင်းသက်တော်မူတဲ့ အချိန်နာရီမှာကိုပဲ မယ်တော်ရှင်ရဲ့ ပတ်ပတ်လည်မှာ သူတို့တတွေ ၀န်းရံလျက် သန့်ရှင်းသော ၀ိညာဉ်တော်မြတ် ဘုရားရှင်
ကြဆင်းလာတော်မူခြင်းကို သူတို့ စောင့်မျှော်ခဲ့ကြပါတယ်။

စာချွန်တော်ရဲ့ နံပါတ် (၄၂) ကို လေ့လာလိုက်တဲ့ အခါမှာတော့ ရဟန္တာ သူတော်စင်သူတော်မြတ်တို့ရဲ့ ဘ၀ဟာ လောကမှာ သီတင်းသုံးခဲ့တဲ့ ဘ၀အထ္ထုပ္ပတ္တိလောက်နဲ့ ဘ၀နိဂုံးချုပ် မထားကြပဲ တမလွန် ဘ၀သို့ ကူးပြောင်းသွားကြတဲ့ အခါမှာလည်း ဘုရားရှင်၌ ဆက်လက်ပြီးတော့ ရှင်သန်ကြလျက် အမှုတော်မြတ်ကို ဆက်လက် ထမ်းရွက်လျှက် ရှိနေကြပါတယ်။ ရဟန္တာ သူတော်စင်သူတော်မြတ်တွေရဲ့ ဘ၀ အထဲမှာ ရှင်းလင်းစွာ သိမြင်နိုင်တဲ့ အရာတစ်ခုကတော့ ဘုရားရှင်နဲ့ နီးစပ်သောသူများ၊ ဘုရားရှင်ထံ ချဉ်းကပ်တဲ့သူများဟာ လူတွေဆီလည်း ချဉ်းကပ်ကြတယ်။ လူတွေနဲ့လည်း နီးစပ်လျှက် ရှိကြတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီအဖြစ်ကို ရှင်းလင်းပြက်သားစွာ ထင်ရှား ပီပြင်စွာ တစ်ခြားသူတွေထက် မယ်တော်ရှင်၌ ပိုပြီး တွေ့ရှိနိုင်ကြပါတယ်။ လက်ဝါးကပ်တိုင်တော် အထက်မှ ခရစ်တော်ဘုရားရှင်ဟာ မိမိရဲ့ ချစ်တပည့် ယောဟန်မှ တဆင့် တပည့်များ အားလုံးကို မိန့်တော်မူ ချက်ကတော့ (ရှင်ယောဟန် ဧ၀ံဂေလိကျမ်း - ၁၉း၂၇) ““သင်၏ အမိကို ကြည့်လော့””တဲ့။ ဒီလို မိန့်တော်မူချက်ဟာ မျိုးစဉ် နွယ်ဆက်တိုင်း အထဲမှာ သစ်လွင်စွာ ပြည့်စုံလျှက်ရှိတယ်။ မာရီယားသခင်မဟာ ယုံကြည်သူများ အားလုံးရဲ့ စစ်မှန်တဲ့ မိခင်၊ မယ်တော်ရှင် ဖြစ်လာရပါတယ်။ နေရာတိုင်းမှာ ကျားမအကုန် လူမျိုးစုံ အနေဖြင့် မယ်တော်ရှင်ထံ တိုးဝင်ချဉ်းကပ်ကြလျှက် မယ်တော်ရှင်ရဲ့ မိခင်မေတ္တာ အကြင်နာများကို ထောင်းခံကြပြီး မယ်တော်ရှင်ရဲ့ ကညာစင် ဘ၀ဖြူစင်ခြင်းများနဲ့ ကျေးဇူးတော်များကို အချိန်ခါမရွေး အခြေအနေ အရပ်ရပ်တိုင်း၌ တောင်းဆုပန်လျှက် ရှိနေကြပါတယ်။ မယ်တော်ရှင်ထံ တိုးဝင် ချဉ်းကပ်လာသူတိုင်း မိမိတို့ရဲ့ လိုအပ်ချက်အဖုံဖုံ၌ မိမိတို့ရဲ့ဆန္ဒများ၌ မိမိတို့ရဲ့ ၀မ်းမြောက်ခြင်း၊ ၀မ်းနည်းခြင်းများ၌ မိမိတို့ရဲ့ အထီးကျန်ဆန်တဲ့ အချိန်ခါမျိုးများ၌ မိမိတို့ရဲ့ အားတက်သရော ကြိုးပမ်းချက်များ၌ ကျေးဇူးတော်များနဲ့ မယ်တော်ရှင် ဖြည့်ဆည်းပေးပါတယ်။ မယ်တော်ရှင်ထံ တိုးဝင် ချဉ်းကပ်သူတိုင်းဟာ မယ်တော်ရှင်ရဲ့ နက်ရှိုင်းလှတဲ့ မိမိရဲ့နှလုံးသားမှ တည်မြဲခိုင်ခန့်လှတဲ့ မေတ္တာတော်ကို သွန်းချပေးခြင်း၊ မိမိရဲ့ မွန်မြတ်လှတဲ့ ဆုလဒ်တော်များကို အစဉ်မပြတ် ခံစားလျှက် ရှိနေကြပါတယ်။ မယ်တော်ရှင်အား ပြန်လည် ကျေးဇူးဆပ်တင်သောအားဖြင့် ကမ္ဘာအရပ်ရပ်မှ လူမျိုးတိုင်းသည် ဖြူစင်သော မေတ္တာကို ဆက်ကပ်ပူဇော်လျှက် သက်သေခံလျှက် ရှိကြပါတယ်။ တစ်ချိန်တည်းမှာပဲ ယုံကြည်သူ ဘာသာဝင်များရဲ့ သဒ္ဒါ ကြည်ညိုခြင်း အမှုများ ကနေ ဘာကို ညွှန်ပြနေသလဲဆိုတော့ ချစ်ခြင်းမေတ္တာတရားဟာ ဆောက်တည်နိုင်သောအရာ ဖြစ်တယ်ဆိုတာကို မမှားယွင်းနိုင်တဲ့ အာရုံအသိမှ ဖော်ပြနေခြင်းဖြစ်တယ်။ မေတ္တာတရားကို ဆောက်တည်နိုင်ခြင်းဟာ ဘုရားရှင်တော်မြတ်နဲ့ တစ်လုံးတစ်ဝ တည်းအဖြစ် ပေါင်းစပ်ခြင်းရဲ့ အကျိုးဆက် ရလဒ်ဖြစ်ပါတယ်။ လူ့ရဲ့ နာမ်ဝိညာဉ်ဟာ ဘုရားရှင်နဲ့ ဒီလို ပေါင်းစပ်ခြင်းအားဖြင့် ဘုရားရှင်ရဲ့ မေတ္တာတော်များ စိမ့်ဝင်လျှက် ပြည့်ဝလျှက် ဒီလို ဘုရားရှင်ရဲ့ ချစ်ခြင်း မေတ္တာတော်စမ်းရေမှ သောက်သုံးရတဲ့ ပုဂ္ဂိုလ်ဟာ တစ်ဖန်ပြန်ပြီးတော့ သူတစ်ပါးအတွက် မေတ္တာစီးဆင်းရာ အရင်းအမြစ် ပြန်ဖြစ်လိမ့်မယ်။ (ရှင်ယောဟန် ဧ၀ံဂေလိကျမ်း ၇း ၃၈) ငါ့ကို ယုံကြည်သော သူ၏ နှလုံးသားမှ အသက်စမ်းရေသည် မြစ်များကဲ့သို့ စီးဆင်းလိမ့်မည်တဲ့။ ကညာစင် မယ်တော် မာရီယားသခင်မဟာ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲဆိုတဲ့ အနက် အဓိပ္ပါယ်ကို ဖော်ပြပေးသလို၊ သစ်လွင်နေတဲ့ တန်ခိုးတော်များ ဖြစ်ပေါ်ရာနဲ့ ချစ်ခြင်းမေတ္တာကို ရယူနိုင်ရာ အရင်းခံ မူရင်းနေရာကို လမ်းညွှန် ပြသပေးလျှက် ရှိတော်မူတယ်။ မယ်တော်ရှင်၏ လက်တော်၌ သာသနာတော်ကြီးနဲ့ သာသနာပြု လုပ်ငန်းစဉ်များ အားလုံးဖြစ်တဲ့ ချစ်ခြင်းမေတ္တာ လုပ်ငန်းများကို ဆက်ကပ်ပူဇော်လိုက် ပါသည်။


ဘုရားရှင်၏ မယ်တော် သန့်ရှင်းသောမာရီယား မယ်တော်ရှင် အနေဖြင့် ကမ္ဘာကြီးသို့ စစ်မှန်သော အလင်းတော်ဖြစ်တော်မူသော မယ်တော်ရှင်ရဲ့သားတော်၊ အဘဘုရားရှင်ရဲ့ သားတော်ယေဇူးရှင်ကို ပေးတော်မူခဲ့ပါပြီ။ မိမိကိုယ်ကို ဥပက္ခာပြုလျှက် ဘုရားရှင်ရဲ့ ခေါ်တော်မူခြင်း နောက်သို့သာ လုံးလုံး လျားလျား လိုက်လျှောက်ခဲ့တဲ့ အတွက် ဘုရားရှင်ထံတော်မှ စီထွက်ရာ ကောင်းမြတ်ခြင်းများ စိမ့်ထွက်ရာ စမ်းရေတွင်း ဖြစ်လာပါ၏။ ယေဇူးရှင် ကျွန်ုပ်တို့အား ပြတော်မူပါ။ ကိုယ်တော်ထံသို့ ကျွန်ုပ်တို့အား ဦးဆောင်တော်မူပါ။ ကိုယ်တော်ရှင်ကို သိ၍ ချစ်မြတ်နိုးနိုင်ရအောင် သွန်သင်တော်မူပါ။ သို့မှသာလျှင် ကျွန်ုပ်တို့သည်လည်း အချစ်စစ်အချစ်မှန်၊ မေတ္တာစစ်မေတ္တာမှန်များဖြစ်လာနိုင်ကြလျှက် ဆာငတ် တောင်းတနေသော ကမ္ဘာကြီး အလယ်၌ အသက်စမ်းရေစီးဆင်းရာ စမ်းအိုင်များဖြစ်လာပါလိမ့်မည်။ မယ်တော် မာရီယားဟာ ကယ်တင်ခြင်း ဆုကျေးဇူးကို ကြိုပေးခြင်း ခံစားခဲ့ရပါတယ်။ ခရစ်တော်ဘုရားရှင်အားဖြင့် လူသားတို့ရရှိတော်မူတဲ့ ကယ်တင်ခြင်း ဆုကျေးဇူးတော်ကို မယ်တော်မာရီယားသည် ကြိုပေးခြင်း အခွင်ထူးကို ခံစားခဲ့ရတဲ့ အတွက် မိခင်ရှင်အန္နားရဲ့ ၀မ်းကြာတိုက် အတွင်းမှာ သန္ဓေ စတင်ယူခြင်းခံခဲ့ရစဉ် ဘ၀ကတည်းက အာဒံနဲ့ဧ၀တို့ရဲ့အပြစ် ရင်းဒဏ်မှကင်းစင်ခဲ့ပြီး ကျေးဇူးတော်၌ ဖွားမြင်ခြင်းကို ခံယူခဲ့ပါတယ်။ ဒါဟာ ပွဲတော်ရဲ့ အဓိပ္ပါယ်အစစ်အမှန် ဖြစ်ပါတယ်။ ဒါကြောင့် မယ်တော် ဘယ်လိုဆုတောင်း ထားသလဲဆိုတော့ (ရှင်လုကာ ခရစ်ဝင် - ၁း၄၇) ငါ့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ် သည် ရွှင်လန်းခြင်းရှိ၏။ မယ်တော်ရှင်က ငါ့ကို ကယ်တင်တော်မူသော အရှင် ဘုရားသခင်ကို အမှီပြု၍ မယ်တော်ရဲ့ ၀ိညာဉ်ဟာ ရွှင်လန်းခြင်းရှိတယ်တဲ့။ မယ်တော်ကို ကယ်တင်တော်မူတဲ့ အရှင် ဘုရားသခင်ဟာ ဘယ်သူလဲ။ မိမိရဲ့ဝမ်း ကြာတိုက်မှာ လွယ်ပိုက်ခဲ့ရတဲ့ မိမိရဲ့သားတော် ခရစ်တော်ဘုရားရှင်ပဲဖြစ်ပါတယ်။



(ဧဖက်သြ၀ါဒစာ - ၁း ၃-၄) ငါတို့ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျှက် အပြစ် ကင်းလွတ်လျှက် ဖြစ်မည့်အကြောင်း၊ ဤကမ္ဘာ မတည်မရှိမှီ၊ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင အညီ ကောင်းကင်နှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့ သခင်ယေဇူးခရစ်တော်၏ ခမည်းတော် ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။