Jul 17, 2010

ယုံကြည်မှုအပြည့်ရှိသော မျိုးဆက်သစ်မိခင်များ


ယုံကြည်မှုအပြည့်ရှိသော မျိုးဆက်သစ်မိခင်များ


အိမ်ပြင်ပမှာ အလုပ်လုပ်ကိုင်လျက် ရှိကြတဲ့ အမေရိကန်နိုင်ငံသူ အမျိုးသမီးများဟာ အလုပ်လုပ်တာ သူတို့ဘ၀မှာ အရေးကြီးတဲ့၊ အကျိုးရှိတဲ့ ကဏ္ဍတစ်ရပ် ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီနေ့ခေတ် အမျိုးသမီးများ ကိုယ်တိုင် အလုပ်လုပ်တာကြောင့် စိတ်က အားမနေဘဲ၊ စိတ်ဓါတ် ဖွံ့ဖြိုးရှင်သန် ကြံ့ခိုင်မှုကို ရရှိစေတယ်၊ မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းက ရှာရာရောက်ကြောင်း ဖွင့်ဟ ခဲ့ကြပါတယ်၊၊
ဒါ့အပြင် သူတို့ဟာ အလုပ်ကိုပဲ အာရုံထားနေတာ မဟုတ်ဘဲ၊ မိခင်ကောင်းများလည်း ဖြစ်ကြကြောင်း ထပ်လောင်း ပြောဆိုခဲ့ကြပါတယ်။

သန့်ရှင်းရေး အလုပ်သမားများ၊ စက်ရုံအမှုထမ်းများမှအစ ဆရာဝန်များ၊ ပါမောက္ခများအဆုံး၊ အမေရိကန်သူ မိခင်များ သူတို့ လုပ်ကိုင်ရသောအလုပ်ကို များစွာ ဂုဏ်ယူ ကျေနပ်ကြောင်း၊ အလုပ်မှာ နှစ်သိမ့်မှု အပြည့်ရနေကြာင်း ၀န်ခံခဲ့ကြပါတယ်။ ဒီလို ပြောဆိုခဲ့သူပေါင်းမှာ စစ်တမ်း ကောက်ယူခဲ့သူများထဲက ၇၅%လောက် ရှိပါတယ်။

အမေရိကန်နိုင်ငံ တ၀န်းစစ်တမ်း ကောက်ယူခဲ့တဲ့ အမျိုးသမီးဦးရေ တစ်ထောင်ထဲမှာ အလွှာပေါင်းစုံ၊ ပညာရှင်ပေါင်းစုံ ပါဝင်ပြီး သူတို့အားလုံးဆီမှာ အသက်(၁၈)နှစ် အသက်အရွယ်သား၊ သမီးများရရှိထား ကြပါတယ်။ ဒီလို အမျိုးသမီးတွေ အလုပ်လုပ်တာကြောင့်၊ သူတို့ မိသားစုမှာ ကောင်းကျိုးတွေ ပိုရရှိစေပါတယ်။ (၂၁)ရာစုနှစ်မှာ အိမ်ထဲပဲ နေနေတဲ့ မိခင်များမရှိသလောက် ရှားပါး သွားတော့မှာ ဖြစ်တယ်လို့ ဟောကိန်း ထုတ်ခဲ့ကြပါတယ်။

တခြား စစ်တမ်း ကောက်ယူရရှိချက်တွေကို လေ့လာကြည့်အုံးမယ်ဆိုရင် (၇၀%)က အိမ်ပြင်ပမှာ အလုပ်လုပ်တာဟာ မိမိကိုယ်ကို မိမိ ယုံကြည်မှု အပြည့်ရှိစေကြောင်း၊ ပြောဆိုခဲ့ကြတယ်၊ (၈၀%)က မိမိတို့ဟာ မိခင်ကောင်းများ ဖြစ်ကြတယ်လို့ အပြည့်အ၀ ယုံကြည်ကြပါတယ်၊ (၉၀%)က မိမိတို့ လုပ်ရည်၊ ကိုင်ရည်နဲ့ သင့်တော်တဲ့ လစာ ရရှိတယ်လို့ ယူဆထား ကြပါတယ်၊ (၇၀%)က မိမိတို့သား၊ သမီးများဟာ နေ့ကလေးထိန်းဌါနများက သင်ကြားပေးတာတွေကြောင့် အများကြီး တိုးတက်မှု ရရှိခဲ့တယ်လို့ ရင်ဖွင့် ခဲ့ကြပါတယ်။

ဒီနေ့ခေတ် အမျိုးသမီးများဟာ အတိတ်ဆီက အမျိုးသမီးများနဲ့ အများကြီးကို ကွာခြား သွားပြီလေ။ အရင်ကဆိုရင် အမျိုးသားတွေကပဲ အဓိက ၀င်ငွေရှာသူများ ဖြစ်ခဲ့ကြပေမယ့်၊ အခုခါမှာ အမျိုးသမီးများက အမျိုးသားများနည်းတူ အဓိက ၀င်ငွေရှာသူများ ဖြစ်လာခဲ့ကြပြီး၊ ၈၀%က အလုပ်လုပ်ခြင်းရဲ့ အဓိကအကြောင်းရင်းဟာ မိသားစု ၀င်ငွေကို တစ်ဖက်တစ်လမ်းက ရှာဖွေထောက်ပံ့ ပေးချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်လုပ်ပြီး ၀င်ငွေရှာနိုင်တာတင် မကဘူး မိမိကိုယ်မိမိလည်း ယုံကြည်မှုအပြည့် ရလာစေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ ဖန်တီးတီထွင်နိုင်မှု စတဲ့ စွမ်းရည်များလည်း ရရှိလာနိုင်ပါတယ်။ အချိန်တွေ ပိုနေပြီး မိမိကိုယ်ကို ထိုင်သနားနေနိုင်တော့မှာ မဟုတ်ပါ။ အလုပ်လုပ်တဲ့ မိခင်များဟာ မိဘတာဝန်ကိုလည်း အလွန် ကျေပွန်စွာ ထမ်းဆောင်လျက် ရှိနေကြတယ်၊ သားသမီးများကလည်း ကျေနပ်စရာကောင်းလောက်အောင် အဖက်ဖက်က ထူးချွန်ကြတယ်လို့ (၉၀%)သော မိခင်များက အဖြေ ပေးခဲ့ကြပါတယ်။ တချို့မိခင်များက အလုပ်လုပ်ရတာ စိတ်လည်း သိပ်ချမ်းသာတယ်၊ ဒီလို စိတ်ချမ်းသာတော့ မိခင်တစ်ယောက်အဖြစ် တာဝန်ယူရတဲ့ နေရာမှာလည်း ပိုအဆင်ပြေတယ်လို့ ဆိုကြတဲ့ အပြင် အများစုကတော့ အလုပ်လုပ်တဲ့ မိခင်တစ်ယောက်ဟာ သားသမီးများအတွက် စံထားနမူနာယူစရာ ပုဂ္ဂိုလ်ဖြစ်တယ်၊ အသက်အရွယ် ကြီးလာရင် လူတိုင်း ကိုယ့်ရဲ့ ရည်မှန်းချက်တွေအတိုင်း ဖြစ်လာနိုင်တယ်၊ လုပ်နိုင်တယ်ဆိုတာ ကိုယ့်သား၊ သမီးများကို စံအဖြစ် ပြနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

စစ်တမ်းမှာ ပါဝင်တဲ့ အမျိုးသမီးများရဲ့ (၈၀%)က သူတို့ အလုပ်လုပ်တာကြောင့် သူတို့သားသမီးများဟာ မိမိတာဝန် မိမိယူတတ် လာကြတယ်လို့ ဆိုခဲ့ပါတယ်။ သား၊ သမီးများဟာ မိခင်ကိုချည်း တစ်ချိန်လုံး အားကိုးမနေတော့ဘဲ မိမိတာဝန် မိမိယူပြီး အလုပ်ပြီးအောင် လုပ်ကြပါတယ်။ အိမ်မှာ ၀ိုင်းကူရလို့ လုပ်အားတန်ဖိုးကိုရော၊ ပိုက်ဆံတန်ဖိုးကိုရော နားလည် လာကြပါတယ်။ သူတို့ လိုချင်သမျှ အဆင်သင့် ရှေ့မှာ ရောက်အောင် မိဘတွေကတစ်ချိန်လုံး လုပ်ပေးမနေ နိုင်ဘူးဆိုတာ နားလည်ကြတော့ ပိုပြီး ရင့်ကျက်မှု ရစေကြောင်း ပြောဆို ကြပါတယ်။

အလုပ်လုပ်တာကြောင့် အိမ်ထောင်ရေးမှာ သာယာချမ်းမြေ့မှုလည်း ရရှိနိုင်ပါတယ်။ (၆၀%)က မိမိတို့အလုပ်လုပ်တာကြောင့် ခင်ပွန်းသည်နဲ့ တန်းတူ ဆုံးဖြတ်ချက်များ ချနိုင်ကြောင်း ပြောဆိုခဲ့ပြီး၊ (၇၀%)ကတော့ သူတို့ ကိုယ်တိုင်အလုပ်လုပ်နေတာကြောင့် ခင်ပွန်းသည်က ပိုလေးစားကြောင်း ပြောဆို ၀န်ခံခဲ့ပါတယ်။ ဒါ့အပြင် ခင်ပွန်းသည်များ အနေနဲ့လည်း ၀င်ငွေနှစ်ခု ရှိနေလို့ သိပ်ခေါင်းခဲရတော့မှာ မဟုတ်ပါ။ ဇနီးသည်ရဲ့ ၀င်ငွေက တစ်ဖက်တစ်လမ်းက ရနေတာကြောင့် ခင်ပွန်းဖြစ်သူက မိမိတို့ နှစ်သက်ရာ တခြားအလုပ်သစ်ကို ပြောင်းရွှေ့ လုပ်နိုင်သလို၊ လိုင်းမတူတဲ့ အလုပ်တွေကိုလည်း စမ်းသပ်ပြီး လုပ်ကြည့်နိုင်ပါတယ်။ မတော်တဆ အလုပ်ပြုတ်သွားရင်လည်း ဇနီးသည်ရဲ့ ၀င်ငွေရှိတာကြောင့် အများကြီး ခံသာပါတယ်။

ပြင်ပမှာ ၀င်ငွေရှာတဲ့ မိခင်များဟာ မိမိတို့ဝါသနာပါတဲ့ ဥယျာဉ်စိုက်တာ၊ ပန်းချီဆွဲတာ၊ စာဖတ်တာ၊ ရေကူးတာစတဲ့ လုပ်ငန်းများလုပ်ဖို့ အချိန်က သိပ်နည်းပါးပေမယ့် မိခင်အများစုဟာ မိမိတို့ရဲ့ သားသမီးများနဲ့ ပြန်တွေ့ဆုံရချိန်မှာ ပြည့်စုံ လုံလောက်တယ်လို့ ပြောဆိုကြပါတယ်။ အလုပ်သွားနေရတဲ့ အတွက် သားသမီးတွေနဲ့ တွေ့ရတဲ့အချိန်ကို ပိုတန်ဖိုးထားတတ်လာပြီး၊ သား၊ သမီးတွေနဲ့ တွေ့ချိန်ကို ပိုအကျိုးရှိအောင် အသုံးချတတ်လာတယ်လို့ မိခင်တွေ ဆိုကြပါတယ်။


အမေရိကန်နိုင်ငံက အမျိုးသမီးများက အလုပ်လုပ်တဲ့ မိခင်များရဲ့ အနာဂတ်ရှေ့ရေး ကောင်းမွန်မယ့် အလားအလာ အများကြီးရှိတယ်လို့ ယူဆ ယုံကြည်ထားကြပါတယ်။ ၂၀၁၄-ခုနှစ်လောက်မှာတော့ အိမ်မှာပဲ ထိုင်နေတဲ့ အိမ်ရှင်မတွေ မရှိသလောက် နည်းပါး သွားနိုင်တယ်၊ မျိုးပြုန်းသွားတော့မယ်လို့လည်း ကြိုတင် ဟောကိန်းထုတ် နေကြပါတယ်။ ဒါပေမယ့် မိမိတို့ရဲ့ ခင်ပွန်းများ အိမ်ထောင့်တာဝန်တွေမှာ ဘယ်လောက်ဝင်ပြီး ကူညီမလဲဆိုတာကိုတော့ အမျိုးသမီးများ မမှန်းဆတတ်ပါ။ (၄၀%)ကပဲ မိမိတို့ ခင်ပွန်းများ အနာဂတ်မှာ အိမ်ထောင့်တာဝန်နဲ့ ကလေးထိန်းတဲ့ တာဝန်တွေကို ညီတူညီမျှ ခွဲဝေ တာဝန်ယူမယ်လို့ မျှော်လင့်ထားကြပါတယ်။ အမေရိကန်နိုင်ငံမှာ ယောင်္ကျားတာဝန်ပဲ၊ မိန်းမ တာဝန်ပဲလို့ ခွဲခြားလေ့မရှိပါ၊ မီးဖိုချောင်တာဝန်ကို ယောင်္ကျားကပါ ခွဲဝေ တာဝန်ယူလေ့ရှိပါတယ်။
တစ်ပတ်မှာ(၃)(၄)ရက်လောက် အလှည့်ကျ ချက်ပြုတ်တဲ့တာဝန်ကို ယူလေ့ရှိပါတယ်။ အရှေ့တိုင်းနဲ့ များစွာ ကွာခြားပါတယ်။ ဒီလိုပဲ အမျိုးသမီးများကလည်း ဒါတွေဟာယောင်္ကျားလေး လုပ်တဲ့အလုပ်တွေပဲ၊ ကိုယ်လုပ်စရာ မလိုဘူးဆိုတဲ့ အယူအဆတွေ မရှိကြပါ။ ဘယ်အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်တိုင်ကားမောင်းတတ်၊ ဓါတ်ဆီဖြည့်၊ လေထိုးတတ်ကြပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် ကားဘီးပေါက်တဲ့အခါ ကိုယ်တိုင်လဲ ယူနိုင်ကြပါတယ်။ အချိန်ရှားပါးတဲ့နိုင်ငံတွေမှာတော့ "ကျွန်မမှာ မိန်းမသားမို့ အားနွဲ့သူပါရှင်" ဆိုပြီး ကြောက်ရွံ့နောက်တွန့်နေရင်တော့ ဘာအလုပ်မှ ပြီးမှာ မဟုတ်ပါ။ ဒီနေ့ခေတ်မှာ အမျိုးသမီးများဟာ အချက်အပြုတ်၊ အချုပ်အလုပ်၊ အိမ်တွင်းမှုလုပ်ငန်းကလေးများ ကျွမ်းကျင်ရုံနဲ့ပဲ မနေသင့်တော့ပါ၊ မိမိတို့ အစွမ်းရှိသလောက် ခေတ်ပညာများ သင်ကြားပြီး လူ့လောကမှာ ကျရာနေရာကနေ ပါဝင်တာဝန်ထမ်းရွက် သင့်ပါတယ်။ ခြုံပြီး ပြောရမယ်ဆိုရင် အိမ်ထောင် ထိန်းသိမ်းရေး အလုပ်တစ်ခုတည်းပဲ၊ မိန်းမတို့ရဲ့ တာဝန်အဖြစ် မှတ်ယူမထားစေလိုပါ။ အခုခေတ် အမျိုးသမီးများဟာ မိမိဦးနှောက်နဲ့ ကြံရည်ဖန်ရည်ကို အသုံးချရတဲ့ လုပ်ငန်းရပ်များစွာတွေမှာ တာဝန်ယူ နေကြပြီဖြစ်ပါတယ်။ ပညာဆိုတာ ဘယ်ပညာမဆို တတ်မြောက်ထားဖို့ ကောင်းပါတယ်။ မိန်းကလေး ဆိုတာ စာတတ်စရာ မလိုဘူး၊ အိမ်ထောင်မှု ထိန်းတတ်ရင်ပြီးတာပဲဆိုတဲ့ ခေတ်က အဝေးကြီး ဝေးပြီး ကျန်ခဲ့ပါပြီ။ သူ့ခေတ် သူ့အခါကို လိုက်ပြီး သင့်တော်မှန်ကန်တဲ့ အတွေးအခေါ် အယူအဆများကို လက်ခံနိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် အမျိုးသမီးများဟာ မိမိတို့အစွမ်းအစရှိသလောက် ပညာ ဗဟုသုတကို ဆည်းပူးရှာမှီးပြီး၊ လောကကို အကျိုးပြုတဲ့ တာဝန်တွေကို ကျရာနေရာကနေ ထမ်းဆောင်နိုင်ကြကြောင်း တင်ပြ လိုက်ရပါတယ်။

mmala (RVA)

No comments: