Apr 28, 2009

ကလေးငယ်ပြသည့် ကိုယ်တော်မြတ်၏ တန်ဘိုး


ကလေးငယ်ပြသည့် ကိုယ်တော်မြတ်၏ တန်ဘိုး

လွန်ခဲ့သည့် တပါတ်အတွင်း ရိုးရိုး သာမန်တနင်္ဂနွေနေ့ မစ္ဆားတရားအပြီးတွင် ကျွန်တော်သည်အံ့သြဘွယ်ရာ အဖြစ် အပျက်တစ်ခုကို ကြုံတွေ့လိုက်ရသည်။ မစ္ဆားဟောသည့် ဘုန်းတော်ကြီးသည် အသက် ၄ နှစ် မှ ၁၁ နှစ် အရွယ်ကလေးငယ်တို့အား ရှေ့သို့ထွက်လာစေလျှက် သူတို့ဘ၀တွင်အဘယ်အရာသည် အရေး ကြီးဆုံးနှင့် ဘာအတွက် ကျေးဇူးတင်ချင်သနည်းဟူသော မေးခွန်းကို တစ်ဦးချင်းစီ အားမေးလေ၏။ ကလးငယ်များစွာတို့က သူတို့ဘ၀တွင် မိသားစု အရေးကြီးကြောင်း သူတို့၏ မိသားစုအား ကျေးဇူးတင်ကြောင်း အစရှိသည်ဖြင့်ဖြေကြားသွားခဲ့သည်။ သို့သော် ကက်သရင်းစတီပါ (Catherine Stypa) ဟူသော ကလးမငယ်လေးအလှည့် ရောက်ရှိလာချိန်တွင်ကား ထိုကလေးမငယ်သည် တခြားသူများ မထင်မှတ်သော အဖြေကို ပေးလိုက်သည်။

သူမသည် သေးငယ်သောအသံ လေးဖြင့် "ကျွန်မသည် ယခုအသက်လေး နှစ်ရှိပါပြီ။ ဘုရားသခင်သည် ကျွန်မဘ၀တွင် အရေးကြီးဆုံးသောအရာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် သူ့အား အရမ်းချစ်ပါသည်။ ထို့အတူ သူ့အား ကိုယ်တော်မြတ် စက္ကရမင်တူးကို ပင့်ယူခြင်းအားဖြင့် လက်ခံလိုပါသည်။ ဤလိုလားချက်သည် ကမ္ဘာပေါ်ရှိ မည်သည့်အရာတို့ နှင့်မျှမလဲနိုင်ပါ" ဟု တုန်ယင်စွာဖြင့် မျက် ရည်တသွင်သွင် စီးကျလျက် ပြောဆိုသွားခဲ့လေသည်။

ပရိသတ်ထဲရှိ ယောင်္ကျားကြီးတို့သည် ကလေး၏ အဖြေကိုကြားရသောအခါ သူတို့၏ မျက်နှာများကို လက်များဖြင့် ပွတ်လျှက်ရှိသည်။ အမျိုးသမီးတို့သည် သက်ပြင်းချကြသည်။ ဆယ်ကျော်သက် အရွယ်တို့ကမူ ကက်သလရင်း၏ ရိုးသား ဖြူစင်မှုနှင့်အပြစ် ကင်းမှုတို့ကို ကြည့်လျှက် ပြုံးကြသည်။ ကျွန်တော်သည် ဖော်မပြနိုင်သော ခံစားချက် တစ်ခုကိုရရှိလိုက်သည်။ ထို့နောက် ကျွန်တော်သည် ကျွန်တော်နှင့် အတူ ဘာသာတူအားလုံး မည်သည့် အချိန်တွင် ကိုယ်တော်မြတ်စက္ကရမင်တူးကို ထိုကလေးမ ကက်သရင်းကဲ့သို့ လိုလား တောင့်တခဲ့ကြသနည်း ဆိုသည်ကို စဉ်းစားမိနေမိသည်။

လောကကြီးထဲတွင် ကျွန်ုပ်တို့ လူသားများသည် အလကားရသော အရာတို့ကို တန်ဖိုး မထားတတ်ကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများကို ကြိုက်သည့်အချိန်တွင် ရယူနိုင်သော ကြောင့်ဖြစ်သည်။ ထိုအရာများထဲတွင် ကျွန်ုပ်တို့ ကက်သလစ်ဘာသာဝင်တို့အဖို့ "ကိုယ်တော်မြတ် စက္ကရမင်တူး" ပါဝင်နေခြင်းကို ၀မ်းနည်းစွာ တွေ့မြင်ရသည်။ ကျွန်ုပ်တို့ ဘာသာဝင်တို့သည် ကိုယ်တော်မြတ် စက္ကရမင်တူးကို မစ္ဆားတရားအချိန်တိုင်းတွင် ပင့်ယူခွင့်ရရှိနေသောကြောင့်ဖြစ်သည်။

အကယ်၍ ကျွန်ုပ်တို့သည် အရာဝတ္ထုတစ်ခုခုနှင့် မပတ်သက်ရန် တားမြစ်ခံရပါက သို့တည်းမဟုတ် ဝေးကွာနေခဲ့ပါက ထိုအရာဝတ္ထု၏ အရေးပါမှုကို သိရှိလာရပေသည်။ ထို့အတူ ထိုအရာအားပို၍ပင် တောင့်တမိသည်။ ထားမြစ်ထားသော အရာကိုပို၍လိုချင်ကြသည်။ မစားရဟူသော အစားအစာကို ပို၍စားချင်ကြသည်။ ကက်သရင်းသည် အသက် ၄ နှစ်မျှသာ ရှိသေးသောကြောင့် ကိုယ်တော်မြတ် စက္ကရမင်တူးကို မပင့်ယူရသေးသဖြင့် သူမသည် ကိုယ်တော်မြတ် စက္ကရမင်တူးအား ကမ္ဘာပေါ်ရှိ အခြားအရာအားလုံးတို့ထက် ပိုမို တောင့်တမိပေမည်။

ထို့ကြောင့် နောင်ခါများ၌ ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်ပင့်ယူရန် သွားကြသည့် အခါတိုင်း၊ ကမ္ဘာပေါ်ရှိ ကိုယ်တော်မြတ် စက္ကရမင်တူးပင့်ယူခွင့် ပိတ်ပင်ခံရသော ကက်သလစ် ဘာသာဝင်တို့အကြောင်း တွေးသင့်ကြသည်။ ထို့အတူ ကက်သရင်းကဲ့သို့ ကျွန်ုပ်တို့ အမြဲတမ်း လွယ်လွယ်ကူကူ ရရှိသော ကိုယ်တော်မြတ်ကို ကမ္ဘာပေါ်ရှိ အရာအားလုံးတို့ထက် ပိုမိုတောင့်တသင့် ကြသည်။

ဤအချက်ကို စဉ်းစားထောက်ရှု ပြီး ကျွန်ုပ်တို့ ရရှိလာသော ကျေးဇူးတော်အား တန်ဖိုးထားနိုင်ကြပေမည်။


ဘာသာပြန်-
အောင်မြင့်ဦး (ပြည်)

Apr 24, 2009

မယ်တော် မာရီယာပြန်ပေးဆွဲခံရခြင်း။ (ဟာသ)


မယ်တော် မာရီယာပြန်ပေးဆွဲခံရခြင်း။

ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ ကောင်လေးကအမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီးစာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို "ကောင်လေး ဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံးလက်ဆောင်ပေးလိမ့်မယ်"လို့ပြောလိုက်တယ်။

ဒါနဲ့ကောင်လေးကဘုရားသခင်ထံစာရေးတော့တယ်။
"ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။

ကောင်လေးကစာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကိုေ ကာက်ရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။ ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြင်ရေးလိုက်တယ်။

ကောင်လေးကစာကို တစ်ခေါက်ပြန်ဖြစ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။ ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး ဘုရားကျောင်းကိုသွားခဲ့တယ်။

ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ ကောင်လေးကစတုတ္ထမြောက်စာကိုရေးပြီး မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။

Apr 23, 2009

အမေး ၊အဖြေ။ (အာမင် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်)


အမေး ၊အဖြေ။


မေး ။ ။ ခရစ်ယာန်များ သုံးစွဲလေ့ရှိတဲ့ "အာမင်" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ သမ္မာကျမ်းစာ နောက်ခံတွေနဲ့ သိချင်ပါတယ်။

ဖြေ။ ။ "အာမင်" ဆိုတဲ့ ဝေါဟာရဟာ ဟေဗရူးဘာသာစကားရဲ့ ကြိယာဝိသေသန တစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါမှာ "So be it" မြန်မာလို "အထက်ကဆိုတဲ့အတိုင်း၊ ပြောတဲ့အတိုင်း ဖြစ်ပါစေ" လို့ ပြန်ဆိုကြပါတယ်။ ဒီသဘောတရားကတော့ ဆန္ဒ သက်သက်သာ ဖော်ပြရာရောက်လို့ မပြည့် စုံပါဘူး။ တကယ်တော့ "အာမင်" ရဲ့ အဓိပ္ပာယ်ဟာ သေချာရေရာခြင်း၊ သေချာတယ်လို့ ယုံကြည်စိတ်ချခြင်း၊ မှန်ကန်တည်တံ့ ခိုင်မာခြင်း၊ အခိုင်အမာ တညီတညာ တည်းဖြစ်ခြင်း၊ ဧကန်မုချ စိတ်ချယုံကြည်ရခြင်းဆိုတဲ့ သဘောတရားများ ဖြစ်ပါတယ်။

"အာမင်"လို့ ပြောဆိုလိုက်ခြင်းဟာ ဆုတောင်းမေတ္တာထဲမှာ မိမိကိုယ်မိမိ နှစ်မြှုပ်မည်၊ တလုံးတ၀တည်း ဖြစ်စေမည်၊ လုပ်မည် (သို့မဟုတ်) မိမိတင်ပြသည့် အကြောင်းအရာကို အတည်ပြုမည်ဆိုတဲ့
ရည်ရွယ်ချက်တွေနဲ့ မိမိပြောဆိုခဲ့တဲ့အရာ၊ ဆုတောင်းမေတ္တာအတွက် မှန်ကန်သေချာကြောင်း အာမခံ ပြောဆို ကြွေးကြော်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သာမန်ဆန္ဒပြု ခြင်း မျိုးထက်ပိုပါတယ်။
"အာမင်"ဟာ မိမိကိုပေးအပ်တဲ့ တာဝန်ကို လက်ခံတာ၊ ပူဇော်တာ၊ အပ်နှံတာဖြစ်ပြီး တစ်ခဲနက် ၀ိုင်းဝန်းကြွေးကြော် အတည်ပြုခြင်းဆိုတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။ ဥပမာ- (ဓမ္မရာဇ၀င် တတိယ စောင် ၁း၃၆) မှာ တစ်စုံတစ်ယောက်နဲ့ မိမိရဲ့ သဘောတူညီ လက်ခံမှုကို အတိ အလင်းထုတ်ဖော် ကြေညာတဲ့ သဘော တရားတွေ့ရပါတယ်။ "ယောယဒသား ဗေနာယက အာမင် အရှင်မင်းကြီး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်လည်း ထိုသို့ မိန့်တော်မူပါစေသော်" ဆိုပြီး ဒါဝိဒ်မင်းကြီးရဲ့ တာဝန်ပေးချက်ကို ဗေနာယ က လက်ခံကာ မိမိကိုယ် မိမိပေး အပ်ပူဇော်အပ်နှံပြီး တာဝန်ကျေအောင် လုပ်ဆောင်ပါမယ်လို့ ပြောဆိုခြင်း ဖြစ်ပါတယ်။

နောက်တစ်မျိုး အသုံးကတော့ မိမိကျိန်ဆိုတဲ့ အချက်ကို မိမိက တာဝန်ယူကြောင်း၊ ကျိန်စာတိုက်တဲ့အခါ မှာလည်း "အာမင်" ဆိုတဲ့စကားနဲ့ ၀န်ခံရတဲ့အကြောင်း (တောလည်ရာကျမ်း - ၅း၂၂) မှာ "ကျိန်ခြင်းဘေးဖြစ်စေသော ဤရေသည် သင်၏ ၀မ်းထဲသို့ဝင်၍ ၀မ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းကို ဖြစ်စေသတည်းဟု ယဇ် ပုရောဟိတ်သည် ကျိန်ခြင်း အကျိန်တိုက်လျှင် မိန်းမက အာမင်၊ အာမင် ဟု ၀န်ခံရ မည်။" လို့ ဖော်ပြပါရှိပါတယ်။


ဝတ်ပြုကိုးကွယ်ခြင်းများမှာ ကိုယ် ပြုထားတဲ့ ကတိသစ္စာကို ပြန်လည်ပြုလုပ်တဲ့ အခါမှာလည်း "အာမင်" ကိုဆိုကြောင်း ( တရားဟောရာကျမ်း- ၂၇း၁၅-၂၆) မှာ ဖတ်ရှုနိုင်ပါတယ်။ " ... မိဘကို မထီမဲ့ မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်းဟုကျိန်လျှင် လူအပေါင်းတို့က အာမင်ဟု ၀န်ခံကြရမည် ..." စသဖြင့် ပါရှိပါသည်။ (ဆာလံကျမ်း- ၄၁း၁၃) မှာ "ဣသရေလအမျိုး၏ ဘုရားသခင်တည်း ဟူသော ထာဝရဘုရားသည် ကမ္ဘာ အဆက်ဆက် မင်္ဂလာရှိ တော်မူစေသတည်း။ အာမင်နှင့် အာမင်။" လို့ တွေ့ရ သလို (ရာဇ၀င်ချုပ် ပထမစောင် - ၁၆း၃၆) မှာလည်း "ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာ အဆက်ဆက်မင်္ဂလာရှိတော်မူစေသတည်း ဟု သီချင်းဆိုကြသောအခါ၊ လူများ အပေါင်းတို့သည် "အာမင်" ဟု ၀န်ခံလျက် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။" လို့တွေ့ရပြီး (ဗျာဒိတ်တော်ကျမ်း - ၃း၁၄) မှာ "ခရစ်တော်ကို ဘုရားသခင် ၏ အာမင်"လို့ ကြေညာထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ခမည်းတော်ဘုရားရဲ့ ဗျာဒိတ်တော်အားလုံးဟာ ခရစ်တော်မှာ ပြည့်စုံတယ်။ ခရစ်တော်မှာ မျက်မြင်ကိုယ်တွေ့ အကောင်အထည် ဖော်လို့ဖြစ်ပါတယ်။ "ဤသြ၀ါဒသည် ထာဝရဘုရား ဖန်ဆင်းတော်မူသော အရာအပေါင်းတို့၏ အစမူလဖြစ်တော်မူသော၊ သစ္စာရှိ၍ဟုတ် မှန်သော သက်သေခံဖြစ်တော်မူသော အာမင်ထံ မှဖြစ်၏။" လို့ တွေ့ရတဲ့အပြင် (ဗျာဒိတ်-၅း၁၄) မှာလည်း ဘုရားသခင် အား ချီးမွမ်းထောမနာ ဧကျူးအပြီးမှာ သတ္တ၀ါလေးပါးတို့က "အာမင်" လို့ တုန့် ပြန်ကြတယ်ဆိုပြီးရေးသားထားပါတယ်။


ခေတ်သစ် ခရစ်ယာန်တွေက "အာမင်" ဆိုတဲ့ စကားကို အကြမ်းအားဖြင့် အောက်ပါအတိုင်း သုံးစွဲလေ့ရှိကြပါတယ်။

  • ပထမဦးဆုံး ခရစ်ယာန် မေတ္တာစာများနဲ့ ဆုတောင်းခြင်းများ၊ သီချင်းချီးမွမ်း ဧကျူးခြင်းများရဲ့ အဆုံးသတ် စကားအဖြစ် နှင့်တစ်မျိုး။
  • တရားဟောပွဲများမှာ ဖြစ်စေ၊ ဘာသာ ရေးဆွေးနွေးပွဲ၊ ၀ိညာဉ်ရေးရာအတွေ့ အကြုံရှင်းလင်းပွဲတွေမှာ ဟောပြော၊ ဆွေး နွေးတဲ့သူက ထိထိမိမိ အချက်ကျကျပြော ဆိုရင် အာမင်၊ အာမင်ဆိုပြီး တရားနာ ပရိတ်သတ်က သဘောကျလို့ ထောက်ခံ အားပေးတဲ့ အခါမျိုးမှာ အော်တတ်သလို။
  • တစ်ယောက်ယောက်က ဘုရားအတွက်၊ လူသားများအတွက် ကုသိုလ်လုပ်တဲ့အခါမှာ ကိုယ်ကျိုးစွန့် အလုပ်လုပ်တဲ့ အခါမျိုးမှာ အားပေး ထောက်ခံကြောင်း ၀မ်းသာ၊ ၀မ်းမြောက်ကြောင်းပြတဲ့အခါ "အာမင်"လို့ ရွက်ဆိုတတ်ကြပါတယ်။
  • တစ်ခုခု အရေးကြီးကြောင်း အဓိကထားပြောချင်တဲ့ အခါမှာလည်း ရှေ့ကနေ "အာမင်" လို့ ထည့်ပြောတတ်ကြပါတယ်။
"အာမင်" ဆိုတဲ့စကားကို တွင်တွင်ကြီး နေရာတကာမှာ သုံးတတ်တာကတော့ Charistmatic လို့ ခေါ်တဲ့ သန့် ရှင်းသောဝိညာဉ်တော်ဘုရားကို အထူးကြည်ညိုတဲ့ ခရစ်ယာန်အဖွဲ့သားများက အသုံးများပါတယ်။

မြန်မာနိုင်ငံမှာတော့ ကက်သလစ်ခရစ်ယာန်တွေဟာ မေတ္တာစာ (သို့) ဆုတောင်းခြင်း အဆုံးသတ်တာကလွဲပြီး ကျန်တဲ့နေရာတွေမှာ သုံးလေ့သုံးထ မရှိပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ကက်သလစ် ခရစ်ယာန်များကြားမှာတော့ တော်တော်လေး အသုံးပြုတာကိုတွေ့ရပြန်ပါတယ်။

ခရစ်ယာန်ဂိုဏ်းကွဲများက "အာမင်" ကို ကက်သလစ်ခရစ်ယာန်များထက် နေရာတကာမှာ ပိုမိုပြီး အသုံးပြုတာတွေ့ ရပါတယ် ဆိုတဲ့အကြောင်း ဖြေကြားလိုက်ရပါတယ်။


ဝဿန်မိုး

Apr 20, 2009

မွှေးပါစေ


မွှေးပါစေ

ကုန်းမြေမြင့်တွေပေါများလှတဲ့ ရှမ်းပြည်နယ်ကို သွားရတော့မယ်ဆိုတော့ အမျှော်ကြီးမျှော်၍ အပျော်ကြီး ပျော်ခဲ့ရပါသည်။ ဒါကြောင့် ချယ်ရီပင်လေးများ၊ တောင်ပေါ် တောင်အောက် လမ်းကလေးများကို ကျွန်တော်တို့အဖွဲ့ စိတ်ကူးယဉ် လာခဲ့ကြပါသည်။ သို့သော် တကယ်တမ်းတွင်တော့ ကြုံဖူးမှ ယုံရသည်ဆိုသည့် အတိုင်း ဖုန်ထူထူနှင့် ထနောင်းပင်အရိပ်ကို အားပြု၍ ခရီးထွင်ခဲ့ဘူးသော ကျွန်တော်တို့ လူငယ်များသည် ကွေ့ကောက်လိမ်ဖယ် တောအထပ်ထပ် တောင်အသွယ်သွယ်ကြား၌ ဖောက်လုပ်ထားသော ကားလမ်း ကျဉ်းကျဉ်းလေးပေါ်တွင် ရှမ်းပြည်နယ်၏ လှပမှုကိုခံစားရမည်ဟု အာသီသ ပြင်းပြခဲ့ပါသည်။ ရွာငံရောက်ခဲ့ပြီဆိုရင်ပဲ အညာမြေနှင့် မတူတော့သည့် ပန်းများကို တွေ့ရပါတော့သည်။ လမ်းဘေးတစ်ဖက် တစ်ချက်စီ၌ လှပသည့် တောရိုင်းပန်းများကို လည်းကောင်း၊ လုပ်လက်စ နေလှန်းအုတ် များကို လည်းကောင်း၊ မညီမညာ မြေနီနီပေါ်၌ လှေခါးထစ်စိုက်ခင်းများကို လည်းကောင်း မှတ်တမ်းတင်မိပါသည်။ အောင်ပန်းကို ရောက်သည်ဟု ဆိုရင်ပင် အညာဌာနေနှင့် လုံးဝမတူသော သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တို့ လေ့လာခံစားရပါသည်။ အရာရာမှာ တောင်ကုန်း တောင်တန်းတွေနှင့် ပြည့်နှက်နေတဲ့ နေရာပင်။ ဒီမှာတော့ တောင်တွေက အရပ်ရှစ်မျက်နှာလုံး အုပ်မိုးခင်းကျင်းထား လျှက်ရှိပါသည်။ ဒီလိုနဲ့ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ကျော်ဖြတ်လာပြီးနောက် မှောင်ရီပြိုးပြအချိန်တွင် တောင်ကြီးမြို့ထဲသို့ ကျွန်တော်တို့ ကားကလေးဆိုက် ရောက်လာခဲ့ပါသည်။ နှင်းတွေဝေနေသော်လည်း မြို့သူမြို့သားတို့၏ လှုပ်ရှား မှုများကတော့ ပျားပန်းခတ်မျှပါပဲ။ ဒီလိုနဲ့ ညရောက်တော့ ကျွန်တော်တို့ရဲ့ အဖွဲ့ ခေါင်းဆောင်က မနက်ဖြန် မနက် ဘုရားဖြူသို့ အလည်တစ်ခေါက် ရောက်ဦးမည်ဟု ပြောသဖြင့် ပျော်ခဲ့ရပါသည်။ တောင်ကြီးဆိုလျှင် ဓါတ်ပုံထဲ၌ပင် ကောင်းစွာမမြင်ဖူးခဲ့သော ကျွန်တော်တို့သည် တောင်ကြီးမြို့ကို လှည့်ပတ်ကာ ပျော်ရွှင်ခဲ့ကြပါသည်။ ဒီလိုနဲ့ နောက်နေ့ မနက်ခပ်စောစောမှာ မစ္ဆား တရားပြီးသည်နှင့် ကျွန်တော်တို့အဖွဲ့ စတင်ထွက်ကြပါတော့သည်။ ဘုရားဖြူဆိုတာ ကျွန်တော်တို့ ခရစ်ယာန်တွေအနေနဲ့ တရင်းတနှီး ရှိပြီးသားဖြစ်ပါတယ်။ ဘုရားဖြူမှာ ဆွံ့အ၊ နားမကြား ကလေးတွေရှိ တယ်ပေါ့လေ။ ဟိုးအရင်များဆီက တစ်ခါ တလေ စိတ်ဝင်စားခဲ့ဖူးပါတယ်။

ဘုရားဖြူကို ကျွန်တော်တို့ ရောက်ခဲ့ပါပြီ။ ကျွန်တော်၏ တွေးထင်ချက်တို့ ဝေးလွင့်ခဲ့ရပါသည်။ ကျွန်တော် တွေ့လိမ့်မည်ဟု မျှော်မှန်းခဲ့သော အနိဌာရုံမြင်ကွင်းတို့ကို ထင်သလောက် မတွေ့ခဲ့ရသည် သာကမ မိမိကိုယ်မိမိ အထင်ကြီးခဲ့သော စိတ်များ၊ မိမိကိုယ်ကို အားရခဲ့သော စိတ်များ ဝေးလွင့်ခဲ့ရပါတော့သည်။ ထို့ အတူ ဘုရားရှင်၏ကျေးဇူးတော်၊ ဖန်ဆင်းရှင်၏ ကြီးမြတ်လှသော ဂရုဏာတော်ကို ခံစားခဲ့ရပါသည်။ ကျွန်တော်တို့တတွေ ရပ်ကွက်ထဲမှာ တစ်ယောက်စနှစ်ယောက်စ တွေ့ရတတ်သော ကိုယ်ခန္ဓာအားနည်းသော ပုဂ္ဂိုလ်များကို ဤနေရာတွင် ရာနှင့်ချီ၍တွေ့ရသောအခါ ၎င်းင်းတို့အလယ်တွင် ၀င်ထွက်သွားလာဖို့ကိုပင် ပထမ၌ ခပ်ရှိန်ရှိန် ဖြစ်နေခဲ့ပါသည်။ သို့သော် သူတို့လေးတွေ၏ ပြုံးရွှင်နေသော မျက်နှာထားနှင့် ချစ်စရာကောင်းသော ဖြူစင်သော အပြုအမူများက ကျွန်တော့်ကို ယဉ်ပါးစေခဲ့ပါသည်။ ရှေးဦးစွာ ကျွန်တော်တို့သည် မည်သည့်အဖွဲ့တွင်မျှ မသတ်မှတ်ရသေးသော ကလေးများထံသို့ ရောက်ခဲ့ကြပါသည်။ ဤနေရာတွင် လေ့ကျင့်ကစားစရာ ပစ္စည်းမျိုးစုံနှင့် ကလေးငယ်များ လှုပ်ရှားသွားလာနိုင်ရန် သီလရှင်များနှင့် စေတနာရှင် ဆက်ကပ်လူငယ်လေးများမှ ၀ိုင်းဝန်းကူညီပေး လျှက်ရှိပါသည်။ အချို့ကလေးများသည် လမ်းလျှောက်နိုင်လာကြသလို အချို့ ကလေးများသည် ကျောင်းတက်လာနိုင် လာကြသည်။ အချို့ ကလေးများမှာတော့ မည်သို့ပင် ကြိုးစားစေကာမူ ၀မ်းတွင်းကပါလာသော ရောဂါကို ဆက်လက်၍ ခံစားနေကြရပါသည်။ ကျွန်တော်တို့လည်း အိပ်ဆောင်များသို့ လေ့လာသည့် သဘောနှင့် လှည့်ပတ်ကြည့်ရှုကြရာ အချို့ကလေးများသည် အာရုံကြော သန်စွမ်းမှုမရှိသဖြင့် မိမိတို့၏ အိပ်ခန်းဆောင်၌ သာလျှင် နေထိုင်ကြရပါသည်။ သို့ပေမဲ့ ကျွန်တော်တွေး ထင်ထားသကဲ့သို့ ပတ်ဝန်းကျင်မျိုးကို မတွေ့ခဲ့ရပါ။ သန့်ရှင်းသပ်ရပ်သော ကုတင်၊ အိပ်ခန်းများနှင့် ပြုံးပျော်နေသော မျက်နှာလေးများကိုပါ တွေ့ခဲ့ရပါသည်။ ဘုရားရှင်အရိပ်တော်၌ ရှိနေကြသော သူများဖြစ်သည့် အတွက်ကြောင့် မိမိတို့၏ ဒုက္ခိတဘ၀ကို မထောက်ထားပဲ မိမိတို့၏ သန်စွမ်းသမျှသော ခြေလက်အင်္ဂါများဖြင့် ဘ၀တူညီအစ်ကိုများကို ကူညီနေကြသူများကို တွေ့ရတော့ သံဝေဂရစရာ ကောင်းလှပါသည်။ ဆွံ့အ၍ စကားမပြော တတ်သော်လည်း ထင်းပေါက်နေသော ဦးလေး ကြီး၊ မိမိကိုယ်မိမိ မနည်း ထိန်းသိမ်းသွားလာ၍ မီးဖိုချောင် ဝေရာဝစ္စများကို ကူညီ နေကြသော ပုဂ္ဂိုလ်များ၊ လုံးဝအလင်း အာရုံမရှိသော်လည်း ထင်းပုံမှထင်းကို မီးဖိုဆောင်အတွက် နိစ္စဓူဝ သယ်ပေးလျှက်ရှိသော အန်တီလေးတို့ကို တွေ့ရတော့ မိမိ ကိုယ်မိမိ အသုံးဝင်လှပြီဟု ထင်သောစိတ် ဘ၀င်ကို ၀မ်းနည်းစွာ အားမလို အားမရ ဖြစ်မိရုံမက ဘုရားပေးသော စုံလင်သော ကိုယ်လက်အင်္ဂါများကို အသုံးမချမိတဲ့ အတွက် နောင်တရမိပါသည်။ ဒီထက် ၀မ်းနည်းစေတာ ကတော့ ကိုယ်လက်အင်္ဂါ မစွမ်းသော်လည်း စာသင်ကျောင်းကို တစ်တန်းပြီး တစ်တန်းတက်ကာ ဆုတွေယူနေတဲ့ ကလေးတွေကို တွေ့တော့ ဘယ်အတန်းမှာမှ ဆုမရရှိခဲ့ဖူးသော ကျွန်တော်အဖြစ်ကို ရှက်လာမိပါသည်။ ဤသို့ဖြင့် ကျွန်တော့် အနေနှင့် တွေးထင်မိတာကတော့ ဘုရားရှင်၏ကျေးဇူးတော်ပါပဲ။ ကျွန်တော်တို့လည်းပဲ ဘုရားရှင်၏ ကျေးဇူးတော်ကြောင့်သာလျှင် ဤကလေးငယ်များ၏ အဖြစ်မျိုး ရောက်ရှိမလာခဲ့ခြင်း ဖြစ်ပါတယ်။ ထို့အတူ ကျေးဇူးရှင်မိဘနှစ်ပါး၏ သန္ဓေတည်စမှစ၍ ပြုစုထိန်းသိမ်းခဲ့မှု အရေးပါပုံကိုလည်း သိမြင်ခဲ့ရပါသည်။

လူငယ်မောင်မယ် အပေါင်းတို့ ခင်ဗျား ကျွန်တော်တို့သည်လည်း တစ်နေ့သောအခါတွင် မိခင်များ၊ ဖခင်များ ဖြစ်လာကြမည် ဖြစ်၍ မိမိတို့ အပြုအမူလေးတစ်ခုသည် အလွန်ပင် နုနယ်လှသော အပြစ်မဲ့သည့် ရင်သွေးငယ်တို့၏ ဘ၀ကို တစ်သက်တာ ထိခိုက်စေသည်ကို လေးနက်စွာ စဉ်းစားစေလိုပါသည်။ ဤကဲ့သို့ အသိစိတ်ဖြင့် ဤလောက လူ့ဘောင်ကို ၀ိုင်းဝန်းကူညီ ကြင်နာယုယ ထိန်းသိမ်း စောင့်ရှောက်ကြမည်ဆိုလျှင် ပွင့်သော ပန်းတိုင်းမွှေးမည်၊ ရင်သွေးငယ်အပေါင်း ပျော်ရွှင်ကြည်နူး စေမည်မှာ အမှန်ပဲဖြစ်ပါသည်။ ချစ်သောလူငယ်အပေါင်း လောကကြီးအား တစ်နေ့သော အချိန်၌အလှဆင်နိုင်သော ဥယျာဉ်မှူုးများ ဖြစ်နိုင်ကြပါစေ။



ရွှေဂဲ

Apr 17, 2009

မယ်တော်မြတ်၏ နာကျင်ခြင်း (၇) ချက်

မယ်တော်မြတ်၏ နာကျင်ခြင်း (၇) ချက်


(၁) ရင်ဝယ်ပိုက်ထွေး သားတော်လေး၏
အနာဂတ္တိစကား
စီမေအုံသူမြတ် ဟောကြားချက်မှာ
နှလုံးတော်ကို သံလျှက်ထိုးဖောက်
ငိုကြွေးရမှာ အမိမယ်တော်ပါ။


(၂) သူငယ်ကိုသတ် ဟေရုဒ်အမိန့်
သားတော်အသက် ချမ်းသာရရေး
ထွက်ပြေးခဲ့ရ အီဂျစ်ပြည်သို့
စိုးရိမ်ထိတ်လန့် ပူဆွေးခဲ့ရ
မယ်တော့်ရင်ဝယ်


(၃) သားတော်အသက် (၁၂) နှစ်ချိန်
ကျောင်းဗိမာန်မှာ ဆရာများနှင့်
ကျန်ရစ်ခဲ့စဉ် ပျောက်သောသားအတွက်
နှလုံးမီးတောက် ခံစားရသူ
မယ်တော်သာတည်း။



(၄) ရက်စက်ကြမ်းကြုတ် အသေဆုံးအတွက်
ရုပ်ပျက်ဆင်းပျက် ကားတိုင်ကိုထမ်း
နှလုံးသည်းချေ ပျက်လုမတတ်
ငိုကြွေးခဲ့ရ မယ်တော့်ဘ၀။


(၅) အနှိုင်းမဲ့တဲ့ ဝေဒနာဒုက္ခ
ခံစားရင်းဖြင့် ကားတိုင်အထက်
အသက်တော်စွန့် ချစ်မြတ်သားအတွက်
ပဲကြွေနှလုံး လစ်ဟာသူမှာ မယ်တော်ရှင်သာ။


(၆) နံဘေးတော်ကို လှံဖြင့်ထိုးဖောက်

သေဆုံးရုပ်လောင်း ကားတိုင်ထက်မှ
ချယူထွေးပိုက်
ဝမ်းနည်းပူဆွေးခြင်း မယ်တော့်ရင်ဝယ် အပြည့်ကွယ်။



(၇) ချစ်သားအလောင်း သင်္ဂြိုဟ်သည့်အချိန်
မိခင်နှလုံးဝယ် ခံစားခဲ့ရ
ပူဆွေးခြင်းတွေ
မည်သူတွေးတောဝံ့မည်နည်း ...



မြတ်နိုး

(စက်တင်ဘာ (၁၅) ရက် မယ်တော့် နာကျင်ခြင်း ခုနှစ်ထွေပွဲနေ့ အမှတ်တရ)

Apr 14, 2009

ဘာသာတရားကို ယဉ်ကျေးမှုနှင့် အညီပြုကြမည်ဆိုပါက.. (အပိုင်း ၂)


ဘာသာတရားကို ယဉ်ကျေးမှုနှင့် အညီပြုကြမည်ဆိုပါက..
(အပိုင်း ၂)


ရိုးရာ ယဉ်ကျေးမှု
ကြိုတင်သိထားသင့်သည့် နောက် အချက်တစ်ခုမှာ လူမျိုးတစ်ခု၏ ရိုးရာ ယဉ်ကျေးမှုဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ လူမျိုးစုတိုင်းတွင် မည်မျှပင်ရှေးကျစေကာမူ ရိုးရာဓလေ့ အမွေအနှစ်များရှိကြပါသည်။ မည်မျှပင် တောကျစေကာမူ သူတို့ ကိုယ်ပိုင် ဓလေ့များရှိကြပါသည်။ တစ်ချို့ လူမျိုးစုများတွင် ထို ရိုးရာဓလေ့များကို ပေထက် အက္ခရာတင်ကာ ရေးသားထားခဲ့ကြ၏။ တစ်ချို့လူမျိုးစုများကမူ မိမိတို့၏ ရိုးရာဓလေ့ကို စာအုပ်စာပေနှင့် မှတ်တမ်း ပြုမထားခဲ့ကြပါ။ သို့သော် ဘိုးဘွားအမွေ အနှစ်အဖြစ် လက်ဆင့်ကမ်း သယ်လာခဲ့ ကြလေသည်။
လူမျိုးစုတစ်ခု၏ ရိုးရာယဉ်ကျေးမှုဟုဆိုရာတွင် သူတို့၏ ရိုးရာဘာသာနှင့် ဓလ့ထုံးတမ်းစဉ်လာ အမွေအနှစ်များ ပါဝင်သည်။ သူတို့၏ နေထိုင်၊ ပြောဆို၊ ၀တ်စား ဆင်ယင်ပုံများလည်း ပါဝင်သည်။ ၀တ်ပြု ကိုးကွယ်ပုံ၊ ပွဲတော်အခမ်းအနား ကျင်းပပုံ၊ သေသူ သင်္ဂျိုလ်ပုံများလည်း ပါဝင် သည်။ သူတို့၏ ရေးခြစ်ရာများ၊ ရုပ်ပုံကောက် ကြောင်း၊ နိမိတ်ပုံများ၊ အမှတ် အသား၊ အထိမ်းအမှတ်၊ သင်္ကေတ၊ ပန်းချီ၊ ပန်းပု၊ အရေး၊ အဆို၊ အတီး၊ အက စသည့် အနုပညာများပါဝင်ပါသည်။ အယူအဆ၊ အတွေးအခေါ်၊ ဖွဲစည်းအုပ်ချုပ်ပုံများလည်း ပါဝင်ပါသည်။
ရိုးရာ ယဉ်ကျေးမှုတစ်ခုသည် ထိုလူမျိုးစု ရှင်သန်လှုပ်ရှားသွားလာရာ ဒေသရှိ သဘာဝ တောတောင် ရေမြေအပေါ် အခြေခံပါသည်။ နေ့စဉ် မြင်တွေ့နေရသော သက်ရှိသက်မဲ့ လောကကမ္ဘာကြီး အပေါ်ထားသည့် သူတို့၏ ခံယူချက်ကို အခြေခံပါသည်။ သန့်ရှင်းမြင့်မြတ်သော သဘောတစ်ခု၊ နေရာတစ်ခု (သို့မဟုတ်) လုံးဝဥဿုံ ပြည့်စုံသော အရှင်တစ်ပါးပါး အပေါ်ထားသည့် သူတို့၏ ယုံကြည်ချက်ကို အခြေခံပါသည်။ ထို တန်ခိုးတော်အရှင်နှင့် သော်လည်းကောင်း၊ လူထက်သာလွန်ပြည့်စုံ သော သဘာဝလွန်အဖြစ်တော်နှင့်သော် လည်းကောင်း၊ ပြောဆိုဆက်ဆံရာတွင် အခြေခံပါသည်။ ရိုးရာယဉ်ကျေးမှုတစ်ခုသည် ယောင်္ကျား၊ မိန်းမ၊ သက်ရှိသတ္တ၀ါ၊ လောကီလောကုတ္တရာမှ ရုပ်မဲ့နာမ်မဲ့များ အပေါ်ထားသည့် ထိုလူမျိုးစု၏ ယုံကြည်ခံ ယူပုံအပေါ် အခြေခံပါသည်။ လူ့ဒုက္ခနှင့် သေခြင်းတရား အပေါ်ထားသည့် သူတို့၏ အယူအဆကိုလည်း အခြေခံပါသည်။
ဘာသာကို ရိုးရာယဉ်ကျေးမှုပြု မည်ဆိုပါက ဤအချက်များကို သိထားရပါမည်။ ဘာသာတရားတစ်ခုကို လူမျိုးတစ်ခုအား ထိရောက်စွာ ဟောပြော ကြေညာနိုင်ရန် ထိုလူမျိုးစု၏ လောကီ လောကုတ္တရာ ခံယူချက် များကို ကြေညက်စွာ သိထားရပေမည်။
ရိုးရာဓလေ့တစ်ခုမှ မပြုအမူတစ်ခုသည် အယူသည်းသည့်အရာတစ်ခုဟု ထင်မြင်ထားခဲ့သော်လည်း အထက်ပါ အတိုင်း သဘောပေါက်ပါက အယူသည်းမှု တစ်ခုမဖြစ်တော့ပေ။ ရဟန္တာ ရှင်သြဂုတ်စတင်းက "နိမိတ်ပုံတစ်ခု (သို့မဟုတ်) သင်္ကေတတစ်ခုသည် လူမျိုးစုတစ်ခုလုံး တူညီစွာလက်ခံထားသည့် ဓလေ့ထုံးစံ တစ်ခု ဖြစ်ပါသည်။" တစ်ခုတည်းသော အမှတ်အသား သင်္ကေတတစ်ခုပင်ဖြစ်လင့်ကစား ရေမြေ တောတောင်ဒေသ ခြားနားမှုအပေါ် မူတည်ကာ ကွဲပြားသွားတတ်ပါသည်။ ဥပမာ - အာရှတိုက်သားတို့အတွက် ဖိနပ် သည် အနိမ့်ဆုံးအရာ၊ အရိုသေ အနည်းဆုံး အရာဖြစ်သည်။ ဘုရားကျောင်းကန်သို့သွား ပါက (သို့) ဘုရားဝတ်ပြုပါက ရိုသေလေးစားသည့် အနေဖြင့် ဖိနပ်ချွတ်ကြသည်။ ဥရောပသားတို့နှင့် တစ်ခြားကမ္ဘာ့တိုက် သားတို့အတွက်မူ ဖိနပ် (သို့) ရှုးဖိနပ်ကို သပ်ရပ်သေချာစွာ ၀တ်ဆင်ပါမှ ရိုသေလေး စားကြောင်း အဓိပ္ပာယ်ရလေသည်။ ကက်သလစ် ဘုန်းတော်ကြီးက လူသေကို သင်္ဂြိုလ်ရာနှင့် ဘုရားဝတ်ပြုရာတွင် လော် ဗာန်ကို မီးရှို့ပူဇော်တာကို ကက်သလစ် ခရစ်ယာန်မဟုတ်သူတစ်ဦးအတွက် နားမလည်နိုင်ပေ။ ကက်သလစ် ခရစ်ယာန် ကလေးငယ် တစ်ဦးက လည်ပင်းမှာ စိတ်ပုတီး (သို့) ဘုရား ရုပ်ပွားတော်ဆွဲ ထား ပါက ခရစ်ယာန် မဟုတ်သူတစ်ဦး အတွက်တော့ အယူသည်းမှုတစ်ခုဖြစ်နေပါမည်။ ကက်သလစ်ခရစ်ယာန်တစ်ဦး အတွက် တော့ ထိုသင်္ကေတသည် ရှင်းနေပါမည်။
ထိုနည်းတူ နိုင်ငံခြားသားတစ်ဦးအတွက် အမျိုးမတူသူ လူမျိုးတစ်မျိုး၏ ရိုးရာဓလေ့ ထုံးစံတို့သည် တစိမ်းဆန်နေပါမည်။ အယူသည်းမှုတစ်ခု ဖြစ်နေပါမည်။ ထိုပုဂ္ဂိုလ်သည် ရိုးသားနှိမ့်ချစွာ ထိုသင်္ကေတ၏ အဓိပ္ပာယ်ကို မမေးမြန်း မလေ့လာပါက နားလည်မှုလွဲနေမည်။ ဆုံးဖြတ်ချက် မှားနေပေမည်။ ဘာမျှ ဆက်လက် လုပ်ကိုင်နိုင် တော့မည်မဟုတ် ပါ။ လုပ်ဆောင်နေသော်လည်း သိပ်ပြီး ထိရောက်မည် မဟုတ်ပါ။
ခရစ်တော်ဘုရားရှင်၏ တရားတော်ကို ကြေညာဟောပြောသက် သေခံနေ ကြသော သာသနာပြုများ ( တိုင်းရင်းသား များရော၊ တိုင်းတစ်ပါးသားများပါမကျန်) မိမိရောက်ရာဒေသ၏ ရိုးရာ ယဉ်ကျေးမှု ဓလ့ထုံးတမ်းစဉ်လာတို့ကို သင်ယူရပါမည်။ နားလည်အောင် ကြိုးစားရပါမည်။ အသေးစိတ်အထိ လေ့လာရပါမည်။ ထိုဒေသ ထို လူမျိုးသုံးနေသည့် သင်္ကေတ (သို့) ဓလ့၏ လေးနက်စစ်မှန်သော အဓိပ္ပာယ်ကို သိနိုင်မှသာ ဝေဖန်မှုမမှားတော့ပေ။ အထင်သေး စိတ် ပျောက်ကွယ်သွားပေမည်။ နှိမ်လိုစိတ် ကင်းလာပေလိမ့်မည်။ အမှန်တွင် ဓလေ့ ထုံးတမ်းတစ်ခုသည် အပေါ်ယံအဓိပ္ပာယ်ထက် ထိုလေးနက်သည့် အဓိပ္ပာယ်များဖြင့်သာ ပြည့်နေတတ်ပါသည်။ ထိုလေးနက် ပြီးပြည့်ဝသည့် အဓိပ္ပာယ်များကို သိလာခြင်း ဖြင့်သာ ထိုလူမျိုးစု၏ လောကီလော ကုတ္တရာအပေါ်ထားသည့် ယုံကြည် ခံယူချက်များကို သိခွင့်ရလာပေလိမ့်မည်။
ထိုသို့ဆိုပါက မြန်မာ ကက်သလစ် သာသနာတော်သည် မြန်မာ့ ယဉ်ကျေးမှုနှင့် ထိတွေ့မှု နည်းသေးတာကို တွေ့လာရပါသည်။ မြန်မာ့ယဉ်ကျေးမှုကို သေသေချာချာ ဂဃနဏ မသင်ယူသေးတာကို ထောက်ပြနေပါသည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ကိုလည်း တရားတော် ဟောပြောရာတွင် တွင်ကျယ်စွာ အသုံးမပြုတာကို မြင်လာပါသည်။ ၀တ်ပြုကိုးကွယ်ရာတွင်လည်း မြန်မာ့ဟန်နှင့် ရိုးရာဓလေ့၏ အငွေ့အသက်နည်းနေတာကို ၀န်ခံရပါမည်။
ဘာသာကို မြန်မာမှုပြုဖို့ မြန်မာ့ ဓလေ့ထုံးတမ်းနှင့် ရိုးရာယဉ်ကျေးမှုများကို လေ့လာသင်ယူရပါမည်။ သို့မှသာ သွေဖီ ရာများကို စွန့်ပစ်နိုင်မည်။ ဆီလျော်ရာ များကို ပွေ့ပိုက်နိုင်ပါလိမ့်မည်။ သာမန်ဘာသာဝင်များ ပါဝင်မှု ကြိုတင်သိထားသင့်သည့် တတိယအချက်မှာ ရင့်ကျက်၊ ရိုးသားပြီး တက်ကျွမ်း သော ဘာသာဝင်များ၏ အခန်းကဏ္ဍပင် ဖြစ်ပါသည်။ ဘာသာကို ယဉ်ကျေးမှုပြုခြင်းသည် သီအော်လောဂျီပညာရှင်များ၏ အလုပ်သက်သက်မဟုတ်ပါ။ ကျောင်းထိုင် တစ်ဦးတည်း၏ အလုပ်လည်း မဟုတ်ပါ။ ဘာသာကို ယဉ်ကျေးမှုပြုခြင်းသည် သာသနာတစ်ခုလုံး၏ လက်ခံပါဝင်မှု လိုအပ်ပါသည်။ အထူးသဖြင့် ယုံကြည်ခြင်း၌ ခိုင်မာရင့်ကျက်သော ဘာသာဝင်များ လိုအပ်ပါသည်။
ဘာသာကို မြန်မာမှုပြုခြင်းသည် မြန်မာခရစ်ယာန်များ အားလုံးအတွက်ဖြစ် ပါသည်။ ထို့ကြောင့် "ဘယ်အချက်တော့ဖြင့် မြန်မာမှုပြုမယ်။" "ဘယ်လို လုပ်ကြမယ်" "ဘယ်ဟာတော့ဖြင့် မဆီလျော်ဘူးထင် တယ်။" စသည်ဖြင့် အတူတကွ ဆုံးဖြတ်လုပ် ဆောင်နိုင်ကြပေမည်။
ဘာသာဝင်များ ထိုကဲ့သို့ပါဝင် လာခြင်းဖြင့် မြန်မာမှုပြုထားသော အရာတစ်ခုသည် မိမိတို့အတွက် ပါလားဟု ခံစားလာပေလိမ့်မည်။ မိမိတို့ ယုံကြည်ခြင်း ပိုမို အသက်ရှင်စေဖို့ ဖြစ်ပါလားဟု လက်ခံ လာပါလိမ့်မည်။

ကက်သလစ် သာသနာ့ သံဃာများပါဝင်မှု
ကြိုတင်သိထားသင့်သည့် စတုတ္ထ အချက်မှာ သာသနာတော်၏ ဦးခေါင်းများ ဖြစ်သည့် ဘုန်းတော်ကြီးများ၏ အမြင် ကျယ်ကျယ်နှင့် လက်ခံအားပေးမှု ဖြစ်ပါသည်။ ယဉ်ကျေးမှုပြုခြင်းတွင် သာသနာပိုင် ဆရာတော်ကြီးသည် ရှေ့ဆုံး မှ ဦးအောင်သူဖြစ်ရပါမည်။ ဘာသာဝင် များနှင့်အတူ လက်တွဲကာ မည်သို့ မည်ပုံ လုပ်ကြမည်။ မည်သည့်အရာကို ဦးစွာလုပ်ကြမည်။ စသည်ဖြင့် တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး လုပ်ဆောင်ကြရပါမည်။ သာသနာ့ ဦးစီးများက စိတ်လည်းမပါ၊ အားလည်းမပေး၊ မပူမနွေးဖြစ်နေပါက အောင် မြင်မှု နှေးကွေးနေပါမည်။

ဒေသခံကျွမ်းကျင်သူများ
ပဉ္စမမြောက် ကြိုတင်သိထားသင့် သည့်အချက်မှာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ပတ်သက်သည့် အသိပညာရှင် အတတ်ပညာရှင်များ ရှိထားဖို့လိုအပ်ခြင်း ဖြစ်ပါသည်။ မြန်မာ့ အတီးအမှုတ်အဆိုအက တွင် စိတ်ဝင်စားသူများ လိုအပ်ပါသည်။ မြန်မာ့ လက်မှုပညာတွင်လည်း ကျွမ်းကျင်သူများ လိုအပ်ပါသည်။ ပန်းချီ၊ ပန်းပု ပညာ တတ်မြောက်သူများ မွေးထုတ်ပေးရပါမည်။ သည့်အပြင်ယဉ်ကျေးမှုအနုပညာများကို လေ့လာနိုင်သည့် ရုံးခန်းများ လိုအပ်ပါသည်။
အသိပညာရှင်၊ အတတ်ပညာရှင်များရှိရမည် ဆိုသော်လည်း သူတို့ချည်းလည်း မဖြစ်နိုင်ပါချေ။ အားလုံး စုပေါင်း ပါဝင်လုပ်ဆောင်ကြဖို့ ပိုမိုလိုအပ်ပါသည်။

-မာကု (ဒဿန)-

ဘာသာတရားကို ယဉ်ကျေးမှုနှင့်အညီပြု ကြမည်ဆိုပါက (အပိုင်း ၁)


ဘာသာတရားကို ယဉ်ကျေးမှုနှင့်အညီပြု ကြမည်ဆိုပါက ....
(အပိုင်း ၁)

သာသနာတော်သည် မိမိရောက်ရှိ ရာဒေသရှိ လူမျိုးစုတို့၏ ရိုးရာဓလေ့ထုံးတမ်းနှင့် ရိုးရာ ဘာသာတို့ကို ဦးစွာ လေ့လာဖို့လိုပါသည်။ သူတို့၏ အတွေးအခေါ် အယူအဆတို့ကိုလည်း သိနားလည်ထားဖို့ လိုပါသည်။ ထို့ကြောင့်ဘာသာတရားကိုယဉ်ကျေးမှုပြု မည်ဆိုပါက ထိုဘာသာ၏ သွန်သင်ရာ တရားတော်မြတ်နှင့် ပြုလုပ်မည့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ကို သေသေချာချာ ဂဃနဏနားလည်ဖို့လို အပ်ပါသည်။
ဘာသာတရားကို ယဉ်ကျေးမှုပြုခြင်း အောင်မြင်နိုင်ဖို့ ထိုဒေသရှိ ဆရာတော်ကြီး၏ အားပေးထောက်မမှု အထူးလို အပ်ပါသည်။ ထို့အတူ သာသနာတော်တွင်းရှိဘာသာဝင်များ၏ နားလည်လက်ခံ အားပေးမှုလည်း လိုပါသည်။ ထိုကိစ္စသည် ကျောင်းထိုင် ဘုန်းတော်ကြီးတစ်ပါးတည်း၏ တာဝန်မဟုတ်ပါ။ သာသနာတစ်ခုလုံးနှင့် သက်ဆိုင်ပါသည်။ စစ်မှန်လျက် အဓိပ္ပာယ်ရှိသော ယဉ်ကျေးမှုပြုခြင်းတိုင်းသည် ထိုဘာသာ တရားတော် သွန်သင်ရာများနှင့် ယုံကြည်မှုဆိုင်ရာ အချက်အလက်များမှ သွေဖီမသွားဖို့ လိုအပ်ပါသည်။ နေရာဒေသတစ်ခုရှိ သာသနာသည် သာသနာတော်တစ်ခုလုံးနှင့် ကွဲပြား ခြားနားမနေဘဲ တူညီစေရပါ မည်။
ယဉ်ကျေးမှုပြုခြင်း အကြောင်းကို ဘာသာဝင်များ နားလည်သဘောပေါက် သည်အထိ ကြိုတင် မပြင်ဆင်ဘဲ ဘာတစ်ခုမျှ မလုပ်ဆောင်သင့်ပါ။ ထို့ကြောင့် စစ်မှန်သော ယဉ်ကျေး မှုပြုလုပ်နိုင်ရန် ကြိုတင်သိထားသင့်သည့် အောက် ဖေါ်ပြပါ ကဏ္ဍ (၅) ခုကို (ကျွန်တော် အနေနှင့်) တင်ပြလိုပါသည်။

၁) မြန်မာစာ မြန်မာစကား
လူတစ်ဦးက နောက်တစ်ဦးကို ဆက်သွယ်လိုပါက စကားနှင့် ဆက်သွယ်ရပါသည်။ တရုတ်လူမျိုးတစ်ဦးကို တစ်ခုခု မေးလိုပါက တရုတ်စကားတတ်ရပါလိမ့်မည်။ မြန်မာတစ်ယောက်ကိုတစ်ခုခု ပြောလိုပါက မြန်မာစကားနှင့် ပြောပါကပို လွယ်ကူလိမ့်မည်။


စကားသည် အချင်းချင်း ကူးလူး ဆက်သွယ် ရေးအတွက် မရှိမဖြစ်သည့် ဆက်သွယ်ရေးနည်း စနစ်တစ်ခုဖြစ် ပါသည်။ ဘုရားဝတ်ပြုကိုးကွယ်ရာတွင် ၀မ်းမြောက် ဖွယ်ရာ သတင်းကောင်းကို လူ စကားနှင့် ကျေညာ ဟောပြောပါသည်။ အနန္တဘုန်းတော်ရှင် ဘုရားသခင်ကို လူ့ စကားနှင့် တောင်းဆုပြုခြင်းလည်း ဖြစ်ပါသည်။
ထို့ကြောင့် ၀တ်ပြုကိုးကွယ်ခြင်းနှင့် တရားတော် ဟောပြောရာတွင် သုံးစွဲကြသည့် စကားလုံးတိုင်းသည် တရားတော်မှ သွေဖီမသွားဖို့ လိုအပ်လှပါသည်။ တရား တော်သည် မြင့်မြတ် သန့်ရှင်း တော်မူသောကြောင့် စကားလုံး ရွေးချယ်အသုံးပြု ရာတွင် ထိုမြင့်မြတ် သန့်ရှင်းတော်မူခြင်းကို ပေါ်လွင်စေရပါမည်။
မည်သည့်ဘာသာစကားရပ်တွင် မဆို အရပ်သုံးစကားနှင့် ကြီးကျယ်ခန်းနားသည့် စကားဟူ၍ ရှိပါသည်။ ရင်းနှီးသူချင်း ပြောစကားနှင့် ယဉ်ကျေး သိမ်မွေ့စွာပြော ဆိုဆက်ဆံရမည့် စကားဟူ၍ ရှိကြပါသည်။ ကျွန်တော်တို့ မြန်မာစကားတွင်လည်း ထိုသို့ပင်ဖြစ်ပါသည်။
မြန်မာစကားတွင် သည့်ထက်ပင် ပိုသေးတော့သည်။ နေ့စဉ်ပြောဆို ဆက်ဆံရာတွင် အဆင့် သုံးဆင့်ထားပြောတတ်ဆို တတ်ကြတာ တွေ့ရပါသည်။ သူငယ်ချင်း အဆင့်ထားကာ "မင်းနဲ့ငါနဲ့" ပြောစကား။ အသက်ကြီးသူ (သို့) ရိုသေထိုက်သူ (သို့) မရင်းနှီး သူများနှင့် ပြောဆိုရာတွင် လေးစားစွာဖြင့် "ခင်ဗျားနှင့် ကျွန်တော်"ပြောစကား။ ဘုရား (သို့) ဘုန်းတော်ကြီး (သို့) ရှင်ဘုရင်တို့နှင့် ပြောဆိုရာတွင် "ဘုန်း တော်ရှင်နှင့် ကျွန်တော်မျိုး" (သို့) "ဘုရား နှင့် တပည့်တော်" ဆိုကာ အသုံးခွဲလေ့ရှိပါသည်။ တရားတော်ဟောပြောရာနှင့် ၀တ်ပြု ကိုးကွယ်ရာတွင် စကားလုံးများကို ဆီလျော်စွာ သုံးစွဲတတ်ရပါမည်။
ခရစ်ယာန်တရားတော်၊ ကျမ်းစာတော်နှင့် ၀တ်ပြုကိုးကွယ်ခြင်းတို့ကို ဘာသာပြန်ခြင်းသည် ပထမအဆင့်သာ ဖြစ်ပါ သည်။ ဘာသာပြန်တစ်ခုသည် မူရင်း ရေးသားထားသော ဘာသာစကားလောက် ဘယ်သောအခါမှ မတိကျပါ။ တစ်ချို့ စကားလုံးများသည် မူရင်းစကားလောက် မရှင်းလင်းနိုင်ပါ။ တစ်ချို့ အဓိပ္ပာယ်ဖွင့် ဆိုချက်တို့သည် မူရင်း အဓိပ္ပာယ်လောက် တိကျမည်မဟုတ်ပါ။ ဘာသာပြန် စာတစ်အုပ်သည် မူရင်း စာအုပ်လောက် ဆိုလိုရင်း အဓိပ္ပာယ်မရောက်နိုင်ပါ။ ဘာသာပြန်ထားသော စာအုပ်သည် ထိုစာအုပ်ကို ဖတ်သူ နားလည်နိုင်အောင် ရှင်းပြခြင်းအဆင့် သာဖြစ်ပါသည်။
တစ်ချို့စကားလုံးများသည် မူရင်း စာအုပ်တွင်ရှိသော်လည်း ဘာသာပြန်ဆိုမည့် စကားတွင် ရှာမတွေ့သည့်အခါ စကား လုံးအငှါး သုံးရလေ့ရှိသည်။ ဥပမာ - ရုပ်မြင် သံကြားစက် ပေါ်လာသောအခါ တီဗွီဟု ခေါ်ကြသည်။ အရင်က မရှိသေးသည့် စကားလုံးတစ်လုံးကို အငှါးသုံးလိုက်ခြင်း ဖြစ်ပါသည်။ ကက်သလစ်ဘာသာ၏ ၀တ်ပြု ကိုးကွယ်ခြင်းတွင် မူရင်းစကားမှ စက္ကရမင်တူး (သို့) မစ္ဆားဆိုသည့် စကားလုံးများကို မြန်မာစာ၊ မြန်မာစကားတွင် မရှိသောကြောင့် အငှါးသုံးထားသည့် စကားလုံးဖြစ်ပါသည်။ ကက်သလစ်ဘာသာဝင် တစ်ယောက်အတွက် မွေးကတည်းက ကြားနေရတာမို့ နားလည်ပါသော်လည်း တစ်ခြား သူတစ်ဦးအတွက် နားမလည် နိုင်သော စကားလုံးဖြစ်နေပါမည်။
မြန်မာစာတွင် "ပရိတ်မင်္ဂလာ" ဆိုသည့် စကားလုံးတစ်လုံးရှိပါသည်။ ကက်သလစ်ဘာသာ တရားတွင်သုံးသည့် စက္ကရမင်တူး စကားလုံးနှင့် ထပ်တူနီးပါး အဓိပ္ပာယ်ရှိပါသည်။ ကြားရသည့် မြန်မာတိုင်း နားလည်သဘောပေါက်နိုင်သည့် စကားလုံး တစ်လုံး ဖြစ်ပါသည်။
သို့သော်ဘာသာပြန်ဆိုခဲ့သူသည် ထိုစကားလုံးကို မသုံးဘဲ စကားလုံး အငှါးကိုသာ သုံးခဲ့ပါသည်။ မြန်မာ စကားလုံး တွင် မရှိဘူးဟု ထင်သောကြောင့် ထိုကဲ့သို့ အငှါးစကားလုံးသုံးခဲ့ကောင်း သုံးခဲ့ပါလိမ့်မည်။ သို့သော် အဖြစ်နိုင်ဆုံးက "မြန်မာ စကားလုံး စစ်စစ်ကိုသုံးပါက အဓိပ္ပာယ် မပြည့်စုံနိုင်ဟု ထင်ကောင်းထင်ခဲ့လို့ ဖြစ်ပါ လိမ့်မည်။ (သို့မဟုတ်) တစ်ခြားဘာသာ တွေက သည်စကားလုံးကို သုံးပြီးသားဖြစ်နေလို့ ရှောင်သုံး တာဖြစ် ကောင်းဖြစ်ပါလိမ့်မည်။" စကားလုံးတစ်လုံးကို မည်သည့် ဘာသာက ဦးစွာ သုံးနေပါစေ၊ ထိုစကားလုံးသည် မြန်မာစကားလုံး ဖြစ်ပါသည်။ မြန်မာတစ်ယောက်အတွက် မြန်မာစကားလုံးကိုသာ ပိုနားလည်နိုင်သည့် အချက်ကို ဘာသာပြန်ဆိုသူ မေ့နေခဲ့ဟန် တူပါသည်။

မာကု (ဒဿန)

Apr 7, 2009

ဝါတွင်းကာလ ပြန်လည် စဉ်းစားဆင်ခြင်ရန်။ သန့်ရှင်းသော အင်္ဂါနေ့ (၇ ဧပြီလ ၂၀၀၉)


ဝါတွင်းကာလ ပြန်လည် စဉ်းစားဆင်ခြင်ရန်။
သန့်ရှင်းသော အင်္ဂါနေ့
(၇ ဧပြီလ ၂၀၀၉)

Apr 6, 2009

ဝါတွင်းကာလ ပြန်လည် စဉ်းစားဆင်ခြင်ရန်။ သန့်ရှင်းသော တနင်္လာနေ့ (၆ ဧပြီလ ၂၀၀၉)


ဝါတွင်းကာလ ပြန်လည် စဉ်းစားဆင်ခြင်ရန်။
သန့်ရှင်းသော တနင်္လာနေ့
(၆ ဧပြီလ ၂၀၀၉)

Apr 4, 2009

၂၄ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့


၂၄ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့
(၅ ဧပြီလ ၂၀၀၉)