Apr 22, 2010

သရက်ခုန်ရွာ ရဟန်းခံပွဲတော်သရက်ခုန်ရွာ


သရက်ခုန်ရွာ ရဟန်းခံပွဲတော်သရက်ခုန်ရွာ


ဦးပဉ္ဇင်းကြီး ဂျိုးဇက်ထွန်းထွန်းဝင်းသည် မတ်လ၂၈ရက်နေ့တွင် မန္တလေး ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်လက်တော်မှ ထာဝရရဟန်းအဖြစ်ကို ခံယူခဲ့သည်။ ရဟန်းတော်သစ်ထွန်းထွန်းဝင်၏ မိဘနှစ်ပါးဖြစ်သော ဦးဖိုးဝင်းနှင့် ဒေါ်ချစ်တင်တို့သည် သရက်ခုန် ဇာတိဖြစ်ကြသော်လည်း ရေကြည်ရာမြတ်နုရာ ဆိုရိုးရှိသည့်အတိုင်း မန္တလေးမြို့ စိန်ဂျွန်း(မနောယမံ) ရပ်ကွက်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့ကြသောကြောင့် ထွန်းထွန်းဝင်းကို မန္တလေးမြို့ မနော်ယမံရပ်ကွက်တွင် မွေးဖွားခဲ့ကြသည်။

သူ၏ရဟန်းသိက္ခာတင်ပွဲကို သူ၏မိဘနှစ်ပါးရွာ၌ လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တောင်တွင်းကြီးနယ်မှ ဒေသခံ လူငယ်လူရွယ်များ ရဟန်းသိက္ခာခံခြင်း အခမ်းအနားကို တွေ့မြင်ခြင်းအားဖြင့် ရဟန်းဘောင်သို့ ခေါ်တော်မူခြင်းရရှိရန် ရည်ရွယ်ပါသည်။

သို့ပါ၍ ဆရာတော်နှင့်တကွ ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာဝင် အချို့တို့သည် မန္တလေးမှ တောင်တွင်းနယ် ချင်းညောင်ပင်သာရွာသို့ မတ်လ (၂၆)ရက် တနင်္လာနေ့ နံနက်(၆)နာရီတွင် ထွက်ခွာခဲ့ကြပါသည်။ မိတ္ထီလာမြို့ ဖာသာရ်ပီတာဦးလှရွှေ ကျောင်းတွင် ခေတ္တအနားယူပြီး ခရီးဆက်ခဲ့ကြရာ ညနေ(၅)နာရီလောက်တွင် ညောင် ပင်သာရွာသို့ ဆိုက်ရောက်ခဲ့ကြပါသည်။ ညောင်ပင်သာရွာသည် ဘုန်းတော်ကြီး ဦးဟံသာနှင့် ဘုန်းတော်ကြီးဦးဂြိုလ်တုတို့၏ ရွာဖြစ်ပါသည်။ တောင်တွင်းနယ်တွင် ခရစ်တော်၏ ဘာသာတရားကို လက်ခံကြသောရွာများထဲတွင်ပဌမဦးဆုံးရွာတစ်ရွာ ဖြစ်သည်။ မန္တလေးသာသနာမှာ ချင်းတောင်ဒေသကို ပြန်လည်မဖွင့်လှစ်မှီ တောင်တွင်းနယ်သည် ရှေ့တန်းဒေသဖြစ်ခဲ့သည်။ ရှေ့တန်းဒေသဟု ခေါ်ဆိုရာမှာ ဖွံဖြိုးတိုးတက်မှု နှေးကွေးပြီး သွားရေးလာရေး ခက်ခဲသောကြောင့်ဖြစ်သည်။

နောက်တစ်နေ့မတ်လ (၂၇)ရက်နံနက်တွင် ခရီးဆက်ကြရသည်။ ခေတ်မီ မှန်လုံကားကြီးကို ညောင်ပင်သာရွာမှာ ထားခဲ့ပြီး အုတ်ခဲတို့၊ ကြံတို့ တိုက်နေတဲ့ ကားကြီးနှင့် ၁၀မိုင်ကျော်ကွာဝေးသော သရက်ခုန်ရွာသို့ ခရီးကြမ်းနှင်ကြရသည်။ နံနက် (၁၀) နာရီ လောက်တွင် ရောက်ကြပါသည်။ ၎င်းင်းနေ့ ညနေ(၅)နာရီခွဲတွင် စိန်ဂျိုးဇက်ဘုရား ကျောင်းဖြစ်သဖြင့် ၎င်းင်းပွဲကို ကျင်းပကြပါသည်။ မိစ္ဆားတရားတော်ကို မိတ္ထီလာဇုံမှုး ဖာသာရ်ပီတာဦးလှရွှေက ဦးဆောင်ပြီးပူဇော်ခဲ့ပါသည်။ ဘုန်းတော်ကြီးဂျွန်ဦးအေးကျော်က စိန်ဂျိုးဇက်နှင့်ပတ်သက်ပြီး သြ၀ါဒမိန့်ကြားပေးခဲ့ပါသည်။ မတ်လ (၂၈)ရက် ဗုဒ္ဓဟူးနေ့ နံနက်တွင် ဦးပဉ္ဇင်းကြီးဂျိုဇက်ထွန်းထွန်းဝင်းသည် မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်လက်တော်မှ ထာဝရရဟန်းအဖြစ်သို့ တင်မြှောက်ခြင်းခံရလေသည်။ ရဟန်းသိက္ခာတင်ပွဲတော်သို့ ရဟန်းတော် နှစ်ဆယ့်ခြောက်ပါး၊ သီလရှင်ရှစ်ပါး၊ ကိုရင်ခြောက်ပါးနှင့် ဘာသာဝင်ရှစ်ရာခန့် တက်ရောက် အားပေးကြပါသည်။

ဦးပဉ္ဇင်းကြီးထွန်းထွန်းဝင်းသည် မန္တလေးမြို့ စိန်ဂျွန်းအုပ်စုတွင် ဖွားမြင်ခဲ့သော်လည်း သရက်ခုန်ရွာသည် သူ၏မိဘနှစ်ပါးရွာဖြစ်သောကြောင့် ၎င်းင်းရွာတွင် သိက္ခာခံယူခြင်း ဖြစ်ပေသည်။ ဆွေမျိုးသားချင်းများလည်း သရက်ခုန်ရွာတွင် နေထိုင်ကြသည်။

သရက်ခုန်ရွာတွင် ကက်သလစ်ဘာသာဝင်များနှင့်အတူ နှစ်ခြင်းနှင့် ဗုဒ္ဓဘာသာဝင်များလည်း အေးချမ်းစွာ အတူယှဉ်တွဲပြီး နေထိုင်ကြသည်။ ရဟန်းသိက္ခာတင်ပွဲအတွက်လည်း ဘာသာမရွေးဘဲ ရွာသူရွာသားများမှ အတူစုပေါင်းပြီး လုပ်ကိုင်ပေးခဲ့ကြသည်။ ဘာသာသုံးဘာသာ စည်းလုံးညီညွှတ်စွာ နေထိုင်ခြင်းသည် စံနမူနာဖြစ်ပါသည်။

သရက်ခုန်ကျေးရွာသည်အရှိုချင်းများနေထိုင်ရာဒေသဖြစ်ပြီး ၁၉၂၀ ၀န်းကျင်တွင် သာသနာစပြီး ပြုခဲ့ပါသည်။ ငှက်ဖျားရောဂါထူထပ်ပြီး တောကြီးစိမ့်ကြီးများနှင့် တောရိုင်း တိရစ္ဆာန်ပေါများသော နေရာဖြစ်သည်။ ရောင်စုံသူပုန်များ တောခိုရာနေရာ ဖြစ်သည်။ စာရေးသူအနေဖြင့် သရက်ခုန်ဟူသည် ဘုန်းဘုန်းအသစ်လေးဖာသာရ်စီရီ လူးဦးချစ်မောင် ပဌမဆုံးတာဝန်ကျရာနေရာဖြစ်သည်ဟု ခေါင်းထဲမှာ မှတ်ယူထားပါသည်။ ၁၉၄၆ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ချမ်းသာရွာ၌ ဘုန်းတော်ကြီးလေးပါး သိက္ခာခံယူခဲ့ကြပြီး အသီးသီး တာဝန်ခွဲဝေပေးခဲ့သည်။ ဖာသာရ်စီရီလူးမှာ သရက်ခုန်ရွာတွင် တာဝန်ကျခဲ့သည်။ ရဟန်းခံပြီး (၉)လကြာသောအခါ သရက်ခုန်ရွာတွင်ပင် ငှက်ဖျားရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။ ၎င်းင်း၏အုတ်ဂူတွင် ဆုတောင်းခဲ့ပြီး အုတ်ဂူပေါ်တွင် ရေးထားသော ကဗ္ဗည်းစာအရ ဘုန်းတော်ကြီးစီရီလူး ဦးချစ်မောင် ၁၉၄၇ခုနှစ် သြဂုတ်လ၂၀ရက်နေ့တွင် ပျံလွန်တော်မူကြောင်း သိရှိခဲ့ရသည်။ ယခုတိုင်လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် နေရာဖြစ်နေသေးပါက နှစ်ပေါင်း (၆၀)လောက်က ဖာသာရ်စီရီလူးတို့ခေတ်တွင် မည်မျှခက်ခဲမည်ကို စဉ်းစားကြည့်နိုင်ပါသည်။ ထိုအခါက တောကြီးပြီး တိရစ္ဆာန်ရိုင်းများလည်း ရှိခဲ့သည်။ ဘုန်းတော်ကြီး ဒိစနက်စ်သည် ကိုးတောင်ကျားကြီး တစ်ကောင်ကို ညောင်ပင်သာရွာ၏ တောင်ဘက်နားတွင် ပစ်ခဲ့ဘူးသည်ဟု သိခဲ့ရသည်။ ယခုအခါတွင် တောရိုင်းတိရစ္ဆာန်များလည်းမျိုးတုံးပြီး ကျွန်းပင်များလည်း မရှိသလောက် ရှားပါးသွားပါသည်။


ဘုန်းတော်ကြီးပေါလ်ထွန်းမြင့်သည် သရက်ခုန်ရွာတွင်ကျောင်းထိုင်ပြီး ပတ်ဝန်းကျင်ရွာများကိုလည်း ကြည့်ရှုရပါသည်။ ဘုန်းတော်ကြီးသြဂုတ်စတင်းတင်မောင်ထွန်းသည် ညောင်ပင်သာမှာ ကျောင်းထိုင်ပါသည်။ မကွေးတိုင်းတောင်တွင်းကြီးနယ်သည် ဘာသာတူ လူဦးရေအတော်နည်းပါးပါသည်။ သာသနာအနေဖြင့် အားသွန်ခွန်စိုက် လုပ်ကိုင်လျှက်ရှိပါသည်။ လယ်ကွင်းပြင်ကျယ်ပြန့်ပြီး လုပ်သားများမှာ နည်းပါးပါသည်။ လုပ်သားများကို စေလွှတ်ပေးရန် လယ်ကွင်းရှင် ဘုရားသခင်အား ၀ိုင်းဝန်းပြီး ဆုတောင်းပေးကြပါစို့။

Msgr. Canute ဦးလွန်းအောင်

No comments: