Sep 7, 2009

သားကိုရင်ထံသို့ အိတ်ဖွင့်ပေးစာ


သားကိုရင်ထံသို့ အိတ်ဖွင့်ပေးစာ


သားထံ အဖေစာရေး လိုက်ပါတယ်။ အဖေစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဘူးတယ်။ အဖေကသားကို ဘယ်လို ဆုံးမသလဲဆိုတော့ သား မင်းအရွယ်မှာ အာဗာဟန်လင်ကွန်းဟာ ကျောင်းတက်ဖို့ရန် (၁၀) မိုင်ခရီးကို နေ့စဉ် လမ်းလျှောက်ရတယ်လို့ ပြောတော့၊ သားက ““အဖေ အဖေရွယ်မှာဆိုရင် အာဗရာဟန် လင်ကွန်းက အမေရိကန် သမ္မတ ကြီးဖြစ်နေပြီဗျာ”” လို့ ပြန်ပြောလိုက်တယ်။ သားကလည်း အဖေ့ကို ဆုံးမချင်လို့၊ ဆုံးမစာတွေများ ရေးခိုင်းနေသလား မသိပါဘူး။ ကိုယ့်ကို ကိုယ်ဆုံးမပြီးမှ သူများကို ဆုံးမရတယ်ဆိုရင်လည်း မမှားပါဘူး။ အဖေဟာ လယ်သမားဖြစ်ပေမယ့် သားကို သမ္မတဖြစ်စေချင်တာကတော့ မိဘတွေရဲ့ စေတနာဖြစ်ပါတယ်။

သိပ်ပြီး တည်ငြိမ်အေးဆေးတဲ့ ဘုန်းကြီးတစ်ပါး၊ အလွန်တော်တဲ့ ဘုန်းကြီးတစ်ပါး၊ သိပ်ပြီး စင်ကြယ်တယ်လို့ ထင်ရတဲ့ဘုန်းကြီးတစ်ပါး လူထွက်ပြီး မိန်းမယူတယ်လို့ ကြားရတော့၊ လူတွေဟာ အံ့သြတွေဝေ၊ နှမြောတသကြတယ်။ နားမလည်နိုင်ကြဘူး။ အဲဒီလိုပဲ အချို့ သီလရှင်တွေ ထွက်ကြတယ်။ နိုင်ငံကျော် ဗုဒ္ဓဘာသာတရားဟော ဓမ္မကထိက ဘုန်းတော်ကြီးတွေလည်း ထွက်ကြတာပါပဲ။ သူတို့ နှစ်တွေအကြာကြီး
ကြိုးစား အားထုတ်ပြီးမှ ရဟန်းဖြစ်ခဲ့ကြတယ်။ ရဟန်းဘ၀မှလည်း နှစ်ရှည်လများ ကြိုးစားလုပ်ကိုင်ခဲ့ကြတယ်။ ဒါပေမယ့် ရုတ်တရက် ထွက်ကြတယ်။ ဘာဖြစ်လို့လဲ၊ ပြင်ပ အနှောက်အယှက်တွေက ကြီးမားလွန်းလို့လား။ အဲဒီလို ရုတ်တရက် ဒုစရိုက် ချောက်ကမ်းပါးထဲကို ကျရောက်သွားခြင်းဟာ ပြင်ပ အနှောက်အယှက်တွေ ကြီးမားလို့ မဟုတ်ပါဘူး။ သူ့ရဲ့ အတွင်းနဲ့သာ ဆိုင်ပါတယ်။ သခင်ယေဇူးက ပြင်ပအရာများသည် လူကို ညစ်ညူးစေသည်မဟုတ် စိတ်နှလုံး အတွင်းမှလာသော အရာများသည် လူကို ညစ်ညူးစေသည်လို့ မိန့်ကြားခဲ့ပါတယ်။ အမှန်တော့ သူ့ရဲ့ မကောင်းတဲ့ အတွေး၊ ဒုစရိုက်အတွေးတွေဟာ သူ့ရဲ့ နှလုံးအိမ်အတွင်းမှာ လျှိုဝှက်စွာ ကိန်းအောင်းနေတယ်။ အချိန် ကာလရှည်ကြာစွာ စုစည်းထားပြီး၊ အခါအခွင့်သင့်တဲ့ အချိန်မှာ အားအင်နဲ့ ထင်ရှားစွာ ပေါ်ထွက်လာခြင်းသာ ဖြစ်တယ်။ လူကို မကောင်းမှု ဒုစရိုက်သမားအဖြစ်သို့ သက်ဆင်းစေတဲ့ တစ်ခုတည်းသော အရာဟာ၊ မကောင်းတဲ့အတွေး၊ မကောင်းတဲ့ စိတ်အကြံသာဖြစ်တယ်။

အတွေးဆိုတာ လူတွေ ထင်သလို၊ လျှိုဝှက် သိမ်းဆည်းထားလို့ရတဲ့ အရာ မဟုတ်ပါဘူး။ အတွေးဟာ အကျင့်အဖြစ်သို့ လျှင်မြန်စွာ ကူးပြောင်းသွားတယ် အကျင့်မှ တစ်ဆင့် လူ့ဘ၀အခြေအနေများ အဖြစ် ထင်ရှား ထွက်ပေါ်လာပါတယ်။ အတွေးအကြံကို မပြောင်းလဲဘဲ၊ အကျင့်ပြောင်းလဲရန် ကြိုးစားလျှင် မအောင်မြင်နိုင်ပါဘူး။ လူတစ်ယောက်၏ အတွေးကို သူဘာတွေ တွေးနေပါသည်ဟု ပြောသဖြင့် မသိရ၊ သူ့လုပ်ဆောင်ချက်များ အားဖြင့်သာ သိရ၏လို့ (အိုက်ဇက် ဘာရှီဘစ်ဆင်းဂါး) ဆိုတဲ့ ပုဂ္ဂိုလ်က ပြောခဲ့တယ်။


ကောင်းတာတွေ အမြဲတွေး နိုင်ဘို့ရန်၊ အမြဲ ဆုတောင်းခြင်း၊ ပုတီး စိတ်ခြင်း၊ ကမ္မဌါန်းရှုခြင်း၊ ကျမ်းစာ ဖတ်ခြင်း၊ ကောင်းတဲ့စာအုပ်များ ဖတ်ခြင်းတို့ကို အမြဲမပြတ် ပြုလုပ်စေလိုပါတယ်။ ညအိပ်တဲ့ အချိန်ပုတီးစိတ်ရင်းနဲ့ အိပ်ပျော်တဲ့ အကျင့်ပြုလုပ်ဖို့ကိုလည်း ထပ်မံတိုက်တွန်းလိုပါတယ်။


မြေမရှိတဲ့ ဧဒင်ဥယျာဉ်ဆိုတာ မရှိပါဘူး။ မကောင်းတဲ့ အတွေးတွေဟာ
လဲ ပေါ်လာမှာပါဘဲ။ ““ခေါင်းပေါ်မှာ ငှက်တွေဖြတ်ပြီး ပျံသန်းသွားတာ အရေးမကြီးဘူး၊ ခေါင်းပေါ်မှာ ငှက်သိုက် မလုပ်ခံဖို့ပဲ အရေးကြီးတယ်”” ဆိုတဲ့ ဆိုရိုးစကား တစ်ခုရှိတယ်။ အတွေးလှေကို ဘ၀သမုဒ်ပြင်ကျယ်မှာ လွင့်မျောချင်တိုင်း လွင့်မျောခွင့် ဘယ်တော့မှ မပေးပါနှင့်သား။

သားကို အဖေရေးပေးလိုက်တဲ့ ကဗျာစာအုပ်ထဲက ““ကောင်းတာတွေးပါ”” ဆိုတဲ့ ကဗျာရဲ့ နောက်ဆုံးအပိုဒ်နဲ့ပဲ နိဂုံး ချုပ်ပါရစေ။


သင်၏အတွေး ဆင်ခြင်တွေး
အတွေးကောင်းမှ သင့်ဘဝ
အနာဂတ်လှမည်တည်း။

သားကိုချစ်တဲ့
သားအတွက် အမြဲဆုတောင်းပေးနေတဲ့
အဖေ
အုတ်လှ

သိုး ပျောက်


သိုး ပျောက်

လူတစ်ဦးတွင် သိုးအကောင် တစ်ရာရှိပြီး ယင်းတို့အထဲမှ တစ်ကောင်သည်လမ်းလွဲ၍ ပျောက်ဆုံးသွားလျှင် သူသည် ကိုးဆယ်ကိုးကောင်တို့ကို တောင်ပေါ်တွင်ထားခဲ့လျက် ပျောက်ဆုံးသော သိုးကိုသွား၍ ရှာတတ်သည် မဟုတ်လော။ (မာတေဦး ၁၈း၁၂၊ လု ၁၅း၎)

အဖြစ်အပျက်ကတော့ ဒီလိုဗျ ပြီးခဲ့တဲ့ တစ်ပတ်လောက်က အသုဘကိစ္စ တစ်ခုမှာပေါ့ အလောင်းကို သဂြိုလ်ပြီးလို့ သားသမီးကိုးယောက်လုံးအတူ ပြန်ဆုံကြတဲ့အချိန်မို့ ထိုညီအစ်ကို မောင်နှမတွေထဲက အငယ်ဆုံးဖြစ်တဲ့ ဂျွန်က ရက်လည်နေ့ သူ့အိမ်မှာလည်း ဘုရားရှိခိုး ချင်တယ်ပေါ့။ ဒါနဲ့ ရက်လည်တဲ့နေ့မှာ တခြား ဘာသာဝင်တွေနဲ့ အတူတူညီအစ်ကို မောင်နှမ အားလုံး ဟင်နရီအိမ်မှာ ဘုရားရှိခိုးကြတာပေါ့။ ဘုရားရှိခိုးလို့လည်းပြီးရော ကျန်ရစ်သူသားသမီး ညီအစ်ကို မောင်နှမတွေထဲက အကြီးဆုံးဖြစ်တဲ့ ဦးပီတာ
ကစပြီး စကားပြောလိုက်တယ်။ ကဲ့နေ့ဟာ အမေ့ရဲ့ရက်လည် ဘုရားရှိခိုး ဆုတောင်းခြင်း အစီအစဉ် ပြီးပြီမို့ တို့တတွေလူအုပ်စု မခွဲခင်မှာ် ကိုကြီး တစ် ပြောချင်တယ်။ အဲဒါဘာလဲ ဆိုတော့တို့တတွေရဲ့ အမေ ဆုံးရှုံး လိုက်ရပေမဲ့ ၀မ်းမနည်းကြနဲ့ မင်းတို့တတွေဝမ်းနည်းလို့ ငိုနေတဲ့မျက်ရည်ဟာ ဘုရားသခင်ဆီဝင်နေတဲ့ အမေ့ခြေလှမ်းတွေ တုန့်နှေးလေးကန်လိမ့်မယ်။ တို့အမေဟာ ဒီအချိန်မှာ ဘုရားရှင်ရင်ခွင်တော်မှာ ပျော်ရွှင်ဝမ်းမြောက်မှုနဲ့ ရှိနေပြီး ဘာကြောင့်လဲဆိုတော့ အမေဟာ အခြားဘာသာကနေ သက်ဝင်ယုံကြည်သူ ဖြစ်လာပြီး သေသည့်ကာလတိုင်အောင် ကောင်းသော အသက်ရှင်မှုကို ပြုသွားတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့ အဖေ့ပေါ်မှာရော အိမ်ထောင်စုပေါ်မှာရော တာဝန် ကျေသွားတဲ့ မိခင်ကောင်းဖြစ်တယ်။ ယောက်ျားဘာသာထဲ ၀င်တဲ့အမေဟာ နှစ်နှစ်ကာ ယုံကြည်နေရုံမျှမက မယ်တော် တမန်တော်မှာလည်း ကောင်းသောအသင်းဝင် ဖြစ်တဲ့အတွက် မယ်တော်က သူ့သားတော်ခရစ်တော်ရှင်ဆီ ဆုကျေးဇူး တောင်းခံပေး နေလောက်ပြ၊ီ သခင်ခရစ်တော်ဟာလည်း နေစရာ အခန်းများစွာ ရှိတဲ့ ကောင်းကင်နိုင်ငံတော်မှာ သူ့အတွက် သီးသန် နေရာပေးခဲ့လောက်ပြီ။

ဒါကြောင့် သူမဟာ မုချ ကောင်းကင်ဘုံမှာ စံနေလောက်ပြီ၊ အမှန်မှာအမေဟာ သေတာ မဟုတ်ဘဲ လူ့ပြည်ကို ငြီးငွေ့လို့ အဆင်း သဏ္ဍန်ပြောင်းလဲပြီး ကောင်းကင်ခရီးနှင်တာပဲကွ။ အေး တစ်ခုတော့ရှိတယ်။ အဖေနဲ့အမေဟာ ငြိမ်းချမ်းစွာ ကောင်းကင်ရောက်ရှိမဲ့ တို့အားလုံး သူတို့နဲ့ ကောင်းကင်ဘုံမှာ ဆုံနိုင်ပါမလားလို့ တွေးပြီး ၀မ်းနည်းတယ်။ ဘာကြောင့်လည်းဆိုတော့ ညီအစ်ကို မောင်နှမအားလုံးထဲမှာ ညီငယ်(၃)ယောက်က လက်ထပ်ခြင်း စက္ကမင်တူး မခံယူရသေးတော့ ဘာသာတရားရဲ့ အပြင်မှာရှိနေဆဲပဲ။ ဒါတွေအတွက် ညီငယ်တို့ကလည်း ကြိုးစားရမယ်။ တို့တစ်တွေကလည်း ဆုတောင်း ပေးရမယ်။ ဒါမှ တို့တွေဟာ မိဘတွေကို ခြေရာခံတဲ့ နောက်လိုက်ကောင်းတွေ ဖြစ်မှာ။ အသက်ရှင်ချိန်မှာ ကယ်တင်ခြင်း ရရှိဖို့က အဓိကအရေးကြီးတော့ ပိုကြိုးစား ကြပါလို့ပဲ ပြောချင်ပါတယ်ကွာ။


ဦးပီတာ၏ စကားအဆုံးမှာတော့ ကျွန်တော် လေးနက်စွာ စဉ်းစားမိပါတယ်။ လက်ထပ်ခြင်းမခံရတာက (၃)ယောက်။ အတူတူရန်ကုန်မှာ နေကြသူကိုတော့ အသာထားပြီး နီးစပ်တဲ့ ဂျိုးဇက်ဆိုသူ အိမ်ကိုပါ ဘုရားရှိခိုးသင့်တာပေါ့ လို့မြင်မိရာကနေ ကျိုးကြောင်းရှင်း ပြတဲ့အခါ အားလုံးက သဘောတူကြပါတယ်။ ၀မ်းသာစရာပါပဲ ကိုဂျိုးဇက်လည်း လှိုက်လှဲစွာ လက်ခံခွင့်ပြုလို့ ညီအစ်ကိုမောင်နှမများနဲ့အတူ သွား၍ ဆုတောင်းမေတ္တာများနဲ့တူ သွားပြီးဆုတောင်းမေတ္တာ ပို့ပေးကြပါတယ်။ ဘုရား ရှိခိုးဆုတောင်း၍ ပြီးသွားတဲ့
အခါကို ဂျိုးဇက်က ကျွန်တော်လက်ဝါးကို ဆုပ်ကိုင်ပြီး ဆရာရာ ဒီလိုမျိုး ဘုရားရှိခိုးချင်နေတာ ကြာပြီ။ ဒါပေမဲ့ ကျွန်တော်က လက်ထပ်ခြင်း မရသေးတော့ အားငယ်တယ်။ ခဏခဏ ၀င်ပေးပါ ဆရာရယ်၊ ဒါမှ ကျွန်တော် လက်ထပ်ဖို့ အခွင့်အရေး ကောင်းမှာ။ ကျွန်တော်မိန်းမက ဘာသာကွဲဆိုတော့ ဘာသာရေးအကြောင်း ဘာမှမသိဘူးလေ ကျွန်တော်လည်း ဘာမှသိပ်ပြီး မပြောတတ်ဘူးဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ ခုလေ ဒီနေ့ ဘုရားရှိခိုးတော့ သူကပြောတယ် လိုမျိုးဘုရားရှိခိုးတာ ပျော်စရာကြီးနော်တဲ့။ ဆရာ (၅) ခါ (၆) ခါ လောက်သာဝင်ပြီး ဒီလိုဆုတောင်း ပေးရင် ကျွန်တော်တို့လက်ထပ်ဖို့က အောင်မြင်လောက်ပါပြီ။ ပြီးတော့ အားလုံးမဟုတ်တောင် မိသားစုထဲမှာ(၃) ပုံ(၂)ပုံကပါဖို့ ကျိန်းသေလောက်တယ်။ ဆရာရယ် တကယ်တော့ ဘာသာရေးဟာ ထိတွေ့ဆက်ဆံမှုပဲ ဆရာရဲ့ထိတွေ့ ဆက်ဆံမှု နည်းရင်အေးမယ်၊ ပေါ့မယ်။ ပျက်မယ် ပေါ့ဗျာ။

ကျွန်တော်တို့ ညီအစ်ကိုတွေကို ပစ်မထားပါနဲ့ ဆရာရယ်။ အမေ့အာသုဘမှာ သူများတွေ အာပတ်ဖြေ ကိုယ်တော်မြတ်ပင့်ကြတော့ ကျနော်လေ ၀မ်းနည်းပြီး မျက်ရည်ဝဲလာတယ်။ အဲဒီအခါကျမှ ကျွန်တော်ဟာ အပြင် လူတစ်ယောက် လိုဖြစ်နေမှန်း ခံစားလာရတယ်။ ကျွန်တော်လည်း နားထောင်ရင်း ၀မ်းနည်းလာပါတယ်။
ပြီးတော့ ကိုဂျိုးဇက်က ဆက်ပြောတယ် ကျွန်တော့်ဘ၀ရဲ့ မျှော်လင့်ချက် ရောင်ခြည် စသမ်း လာပါပြီ ဆရာရယ်။ ဒီနေ့ဟာ ကျွန်တော်ဘ၀ရဲ့ အမှောင်ထဲ အာရုံသန်းလာတဲ့နေပါ သူပြောရင်း အသံတိမ်ဝင်လျက် မျက်နှာကိုလည်း အောက်သို့ ငုံထားရင် လက်ချောင်းနဲ့လည်း မျက်လုံးကို တို့တို့ နေသည်ကိုတွေ့ရာ ရင်ထဲလှိုက်လှဲစွာ ၀မ်းသာသလို၊ ၀မ်းနည်းခြင်း ကရော ယှက်လျှက်ဖြစ်နေသည်။ ၀မ်းနည်းတာက ကျွန်တော်အနေနဲ့ ဓမ္မဆရာ တာဝန်ကို ကျေပွန်အောင်၊ နှံ့စပ်အောင် လုပ်နိုင်စွမ်း မရှိခြင်းဖြစ်ပြီး၊ ၀မ်းသာသည်က သခင်ခရစ်တော် အတွက် ပျောက်သော သိုးကို တွေ့ ရှိခြင်းပင်တည်း။ သူသည် ထိုသိုးကိုရှာ၍ တွေ့ လျင် မပျောက်ဆုံးသော သိုးကိုဆယ့်ကိုးကောင်တို့ထက် ထိုတစ်ကောင်၌ ပို၍ ၀မ်းမြောက်ခြင်းရှိမည်”” (မာတေဦး ၈း၁၃)

““သူသည် ထိုသိုးကို တွေ့သောခါ ၀မ်းမြောက် ၀မ်းသာဖြင့် ၄င်းကို ပုခံုးထက်တွင်တင်လေ၏”” (ရှင်လုကာ ၁၅း၅)

““ဤသိုးစုတွင် မပါဝင်သော အခြားသိုးများလည်း ငါ၌ရှိ၏။ ထိုသိုးများကိုလည်း ငါခေါ်ဆောင်ရအုံးမည်။ သူတို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ဤသို့ဖြင့် သိုးစုတစ်စု၊ သိုးထိန်း တစ်ပါးတည်း ဖြစ်ရလိမ့်မည်”” (ယော ၁၀း၁၆)


မန်းရော်(နတ်တော်)

Sep 4, 2009

ကျွန်တော်ရဲ့ခရီးဖော်


ကျွန်တော်ရဲ့ခရီးဖော်

လောကအလယ်
ခရီးကျယ်မှာ
ဘယ်ဆီဘယ်ဝယ်
ခရီးဆက်မယ်မသိတဲ့
လူသားတစ်ယောက်
ဟိုးအဝေးမှာ
မီးရောင်လေးတစ်ခု
သူ့အတွက်အားပြုရာ
ကယ်တင်ရှင်လေးတစ်ပါး
လတစ်စင်းအလား
ဝင်းလက်ပေးနေသူ
ယေဇူးရှင်ပါ။

အိုကယ်တင်သူ
ယေဇူးရှင်
အကျွန်ုပ်အပါး
တစ်ဖ၀ါးမခွါ
ဝိညာဉ်တွင်းမှာ
လာရောက်နေပါ
ရှေ့ဆက်ရမယ်
နေ့ရက်တွေအတွက်
ယေဇူးလက်နဲ့
အတူဆုပ်ကိုင်ပြီး
လောကခေါ်ဆောင်ရာ
ခရီးဖော်အဖြစ်
ရှိနေလှည့်ပါ။

-လူသား (ဆားမှော်)

Sep 2, 2009

ကိုးကွယ်မှု့ဘာသာတရားများကို လေ့လာဆည်းပူးစေချင်


ကိုးကွယ်မှု့ဘာသာတရားများကို လေ့လာဆည်းပူးစေချင်

ကမ္ဘာ့နိုင်ငံတိုင်းတွင် လူမျိုးနွယ်ဝင် အသီးသီး စုပေါင်းနေထိုင် လေ့ရှိကြပါတယ်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အေးချမ်းစွာ အတူနေထိုင်ကြလေ့ရှိပါတယ်။

အချင်းချင်းဆက်သွယ်ရာတွင် ကြားခံအဖြစ်မရှိမဖြစ်သည့် ဘာသာစကားဆိုတာရှိကြသည်။ နေထိုင် ကျက်စားရာ ဒေသအလျောက် စားပုံသောက်ပုံရှိကြသည်။ ထုံးဓလေ့များရှိ ကြသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု့များ ရှိကြသည်။ တွေးခေါ်ယူဆပုံနှင့် ယုံကြည်မှု့များ ရှိကြလေသည်။

လွပ်လပ်သော တွေးခေါ်ယူဆပုံကြောင့် မတူညီသော ယုံကြည်မှု့များ ရှိလာ
ကြလေသည်။ လွပ်လပ်စွာ တွေးခေါ်ယူဆခြင်းနှင့် မတူညီသော ယုံကြည်မှု့များကြောင့် သက်ဝင်ကိုးကွယ်သည့် ဘာသာတရားများလည်း ရှိလာကြလေသည်။ အခြေနေ အကြောင်းကြောင်းကို မူတည်ကာ ရိုးရာကိုးကွယ်မှု့များနှင့် ကမ္ဘာ့ကိုးကွယ်မှု့ ဘာသာတရား ကြီထွန်းကားလျက်ရှိသည်။

ယေဘုယျအားဖြင့် လူမျိုးတစ်မျိုး ကိုးကွယ်သည့် ဘာသာတရား၏ အဆုံးအမနှင့် ထုံးတမ်းစဉ်လာတို့သည် ထိုလူမျိုးစု၏ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှု့တို့ကိုလည်း လွှမ်းမိုးထားလေ့ရှိပါသည်။
ထိုကြောင့် တိုင်းနိုင်ငံတစ်ခုတွင် ငြိမ်းချမ်းမှု့ရှိဖို့နှင့် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ တစ်ဦးနှင့်တစ်ဦး၏ ယုံကြည်သက်ဝင်ရာ ဘာသာတရားကို အသိအမှတ်ပြု လေ့လာဖို့ လိုအပ်ပါတယ်။
သို့သော် ဘာသာတရား တစ်ခုနှင့်တစ်ခု အပြန်အလှန် လေ့လာသင်ယူခွင့်မရှိပါက (သို့မဟုတ်) လေ့လာသင်ယူဖို့ အခွင့်အလမ်းမရှိပါက (သို့မဟုတ်) လေ့လာဖို့ ကိုယ်တိုင်က စိတ်မပါကြလျင် ထိုတိုင်းထိုပြည်သားတို့သည် ဘာသာရေး ဗဟုသုတ ခေါင်းပါးကြပေမည်။


ဘာသာတရား ဗဟုသုတခေါင်းပါးမှု့ကြောင့် အခြားသူတစ်ဦး ကိုးကွယ်သည့် ဘာသာတရားကို ပေါ်ယံ သဘောလောက်သာ သိနေပေလိမ့်မည်။ လေးနက်မှု့ ကင်းနေပေလိမ့်မည်။ ကြားဖူးနားဝ အဆင့်သာ ရှိနေပေလိမ့်မည်။ အပေါ်ယံ သဘောသကန်လောက်သာ သိတာကြောင့် ထိုဘာသာတရား၏ အနှစ်သာရကို မသိတော့ပေ။ အနှစ်သာရကို မသိတာကြောင့် ထိုဘာသာတရားကို တန်ဖိုးထားရ ကောင်းမှန်း မသိတော့ပေ။ ချွတ်ချော်မှု့၊ တိမ်းပါးမှု့ မှားယွင်းစွာနားလည်မှု့များသာ စိုးမိုးနေပေလိမ့်မည်။
လေ့လာနိုင်ခွင့် သင်ယူနိုင်ခွင့် ကိုယ်တိုင်ကလည်း လေ့လာသင်ယူမှု့ မရှိလေသောအခါ ဘာသာတရားများ၏ မတူညီရာများကိုလည်း မသိနိုင်ကြပေ။ တူညီရာများကို တန်ဖိုးထားရကောင်းမှန်း မသိသလို မတူညီကွဲပြားရာများကိုလည်း နားလည် လေးစားမှု့ မရှိနိုင်ကြတော့ပေ။

အကျိုးဆက်ကတော့ ထိုတိုင်း ထိုပြည်သားတို့သည် တစ်ဦးနှင့်တစ်ဦး အထင်သေးနေလိမ့်မည်။ တစ်ဘာသာ နှင့် တစ်ဘာသာ ပုတ်ခတ်ရှုပ်ချ နေကြလိမ့်မည်။ အငြင်းပွားနေကြလိမ့်မည်။ ပြိုင်ဆိုင် နေကြလိမ့်မည်။ စကားရည် လုနေကြလိမ့်မည်။ တိုက်ခိုက်နေ ကြလိမ့်မည်။ အနိုင်ကျင့် နေကြလိမ့်မည်။ ဘာသာရေးယူသီးမှု့များ စိုးမိုးနေလိမ့်မည်။ ဘာသာရေးစစ်ပွဲများ ဖြစ်ပွားနေကြသည်။
လောကနိယာမက “တစ်စုံတစ်ဦး (သို့မဟုတ်) တစ်သင်းတစ်ဖွဲ့သည် အမှန်တရားမှ သွေဖီသွားပါက ကျန်ပုဂိုလ်များ ဆိုးကျိုးဆိုးမွေများ ခံရလေ့ရှိ၏။ (when someone or some people deviate from reality, others are often hurt) ” ဟုဆိုပါသည်။ သို့သော် ကိုးကွယ်မှု့ဘာသာ တရားများကို လေ့လာသင်ယူခြင်းသည် ဘာသာတရားများ၏ တူညီမှု့များကို တန်ဖိုးထားမြတ်နိုးစေသလို မတူညီကွဲပြားရာများကိုလည်း နားလည် လေးစားစေပါသည်။
ဘာသာတရားတို့၏ တူညီမှု့များကို တန်ဖိုးထားမြတ်နိုးခြင်းနှင့် မတူညီ ကွဲပြားရာများကိုလည်း နားလည် လေးစားခြင်းသည် ကိုးကွယ်မှု့ ဘာသာတရားများ အချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းနှင့် နှီးနှောဖလှယ်ခြင်းကို ရှင်သန်စေပါသည်။

အချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းနှင့် နှီးနှောဖလှယ်ခြင်းကြောင့် ကိုးကွယ်မှု့ဘာသာတရားများအကြား ငြိမ်းချမ်းခြင်းနှင့် စည်းလုံးညီညွတ်ခြင်းကို ဖြစ်စေပါသည်။
အိနိယနိုင်ငံ၏ လွပ်လွပ်ရေးဗိသသုကာကြီး မဟတ္တမ ဂန်ဒီက “ယနေ့ မျက်မှောက်ခေတ်အချိန်အခါ၏ လိုအပ်ချက်က ကိုးကွယ်မှု့ ဘာသာတရားတစ်ခုတည်း ဖြစ်လာစေရေး မဟုတ်ပါ။ သို့သော် ဘာသာတရားတိုင်းမှ သက်ဝင်ယုံကြည်သူတို့၏ (တစ်ဦးနှင့် တစ်ဦး၊ တစ်ဘာသာနှင့်တစ်ဘာသာ) စစ်မှန်သော ရိုးသားသော လေးစားမှု့နှင့် စိတ်ရှည်သည်းခြင်းဖြစ်ပါသည်။ (The need of moment is not religion, but truth respect and tolerance of the devote of the efferent religions- Mahatma Gandhi) ” ဟုဆိုပါသည်။

ထိုကြောင့် စာဖတ်သူအနေနှင့် ကိုးကွယ်မှု့ ဘာသာတရားများကို လေ့လာဆည်းပူး သင်ယူပါ။ အခွင့်အရေးကြုံပါက ဘာသာရေးသင်တန်းများကို တက်ဖြစ်အောင်တက်ပါ။ ဘာသာရေး စာအုပ်စာပေများကို ၀ယ်ယူဖတ်ရှု့ပါ။
ကိုးကွယ်မှု့ ဘာသာတရားများ အကြောင်း လေ့လာဖို့ မကြောက်ပါနှင့်။ ဘာလို့လဲဆိုတော့ ဘာသာတရားများကို သဘောပေါက်ခြင်းအားဖြင့် ပထမဦးစွာ မိမိကြည်ညို ကိုးကွယ်နေသည့် ဘာသာတရားမှာ ပိုမိုစွဲမြဲစေပါသည်။
ထိုအပြင် ဘာသာတရား အသီးသီး၏ စစ်မှန်သော သွန်သင်ရာများကို သိနားလည်ခြင်းဖြင့် လူတိုင်းလူတိုင်း မိမိသိုက်အမြံမှ ကြယ်ဝလာသော ဘာသာရေး အမွေအနှစ်များကို လေးစားလာပါလိမ့်မည်။ အပြုသဘောဆောင်သည့် ဆက်ဆံရေး၊ အလေးထားနားလည်ခြင်းများ ရှင်သန်ကာ ပွင့်လင်းသည့် စည်းလုံးမှု့များ ဖြစ်ပေါ်လာပါမည်။ ပွင့်လင်း စည်းလုံးခြင်းသည်သာ ကျွန်တော်တို့ လူသားကမ္ဘာကြီးကို ငြိမ်းချမ်းစေပါမည်။

ဤသည်တို့မှာ လူသားတို့ ဦးထိပ်ထားကိုးကွယ်ကြသည့် ဘာသာတရားများ၏ အနှစ်သာရများပဲဖြစ်ပါတော့တယ်။

မာကု (ဒသန)

Sep 1, 2009

ရဟန်းမင်းကြီး ဘေနဒစ်(၁၆)၏ စာချွန် ထဲမှ မယ်တော်အကြောင်း


ရဟန်းမင်းကြီး ဘေနဒစ်(၁၆)၏ စာချွန် ထဲမှ မယ်တော်အကြောင်း

ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) အရှင်သူမြတ် ရေးသားတော်မူတဲ့ ““ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။”” လို့အမည်ရတဲ့ စာချွန်တော်ထဲက မယ်တော်အကြောင်းကို ထုတ်နှတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ မာရီယားသခင်မဟာ ယုံကြည်ခြင်း အပြည့်ရှိတဲ့ မိန်းမဖြစ်တယ်။ (ရှင်လုကား ဧ၀ဂလိကျမ်း ၁း၄၅)ထဲက ဧလိဇဘတ်ရဲ့စကားကို ထောက်ရှု့ နိုင်ပါတယ်။ “ယုံကြည်သော မိန်းမသည် မင်္ဂလာရှိ၏။”တဲ့ မယ်တော်ရှင်ဟာ၊ ဧလိဇဘတ်နဲ့ တွ့တွေ့ခြင်းမှာဘဲ ရွတ်ဆိုလိုက်တဲ့ “မာညီဖိကပ်” သီချင်းဟာ မိမိနာမ်ဝိညဉ်ရဲ့ ပုံရိပ်ကိုမယ်တော် ဖော်လိုက်သလိုပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မိမိနာမ်ဝိညဉ် တစ်ခုလုံးဟာ သန့်စင် မြင့်မြတ်တော်မူလှ သမ္မာကျမ်းစာတော်မြတ်ရဲ့ ချည်မျှင်များတည်း ဟူသော ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှ ထုတ်ယူထား ချည်မျှင်များနဲ့ ယက်လုပ်ထားတဲ့ အချင်းအရာ ဖြစ်နေပါတယ်။ ဒီနေရာမှာ မာရီယားသခင်ဟာ ဘုရားရှင်ရဲ့ နှုတ်ကပတ်တရားတော်နဲ့၊ အတိုင်အဖောက် အညီလွတ်လပ်စွာ ရှင်သန်နေကြောင်း တွေ့မြင်နိုင်ပါတယ်။

မယ်တော်ရှင်ရဲ့တွေးအခေါ် ဆင်ခြင်ချက်များနဲ့၊ အပြောအဆို ခွန်းခြေချက်များဟာ၊ ဘုရားရှင်ရှင်ရဲ့ နှုတ်ကပတ်တရားတော်နဲ့ တထပ်တည်း ကျနေတဲ့အတွက်၊ ဘုရားရှင်ရဲ့ နှုတ်ကပတ် စကားဟာ၊ မိမိရဲ့ စကားဖြစ်လာသလို မိမိရဲ့ခွန်းခြေတဲ့ မြတ်ဟ စကားများဟာလည်း ဘုရားရှင်ရဲ့ နှုတ်ကပတ်တော် တရားစကားမှ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာလည်း၊ မယ်တော်ရှင်ရဲ့ အတွေးအခေါ် ဆင်ခြင်ချက်များဟာ ဘုရားရှင်ရဲ့ အတွေးအခေါ် ဘုရားရှင်ရဲ့အတွေးအခါ် ဆင်ချင်ချက်များနဲ့ လိုက်လျောညီထွေမှု့ ရှိနေတဲ့အတွက် မိမိရဲ့ အလိုဆန္ဒများဟာ ဘုရားရှင်ရဲ့ အလိုဆန္ဒတော်နဲ့ တစ်လုံးတစ်ဝတည်း၊ တထပ်တည်း ဖြစ်တော်မူတယ်။ မာရီယားသခင်မဟာ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တရားတော်နဲ့ ပြည့်ဝနေတဲ့အတွက် လူ့အဖြစ်ဇာတိကို ခံယူတော်မူသော နှုတ်ကပါတ်တော်ရဲ့ မိခင်မယ်တော် ဖြစ်လာရပါတယ်။ အဆုံးမှာတော့ မာရီယားသခင်မသည် ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝတဲ့ မိန်းမ ဖြစ်တော်မူတယ်။ ဒီလိုမှ မဟုတ်ရင်လည်း တစ်ခြား ဘယ်လိုဖြစ်နိုင်အုံးမှာလဲ။ ဒါပါပဲ။ ဘုရားရှင်ရဲ့ အတွေးအခေါ်နဲ့ တွေးခေါ် ဆင်ခြင်ပြီး ဘုရားရှင်ရဲ့ အလိုတော်အတိုင်းသာ အလိုရှိတဲ့ ယုံကြည်ကြီးမားလှတဲ့ မယ်တော်ရှင်အနေနဲ့ မေတ္တာတရားနဲ့ ပတ်သက်လာရှင်လည်း ချစ်ခြင်းမေတ္တာနဲ့ ပြည့်နေတဲ့ မိန်းမဖြစ်နေတဲ့ အတွက် ပျက်ကွက်လစ်ဟာမှု လုံးဝမရှိနိုင်တော့ပါ။ ဧ၀ံဂေလိကျမ်းစာတော်မြတ်မှ ကျမ်းလာစကား အတိုင်းဆိုရင် သူငယ်တော်ယေဇူးရဲ့ ခလေးငယ်ဘ၀မှာ အရာ အားလုံးကို မယ်တော်သည် မိမိရဲ့နှလုံး၌ မှတ်ကျုံးလေ၏ ဆိုတဲ့ ကျမ်းစကားအရ မယ်တော်ရှင်ရဲ့ ဆိတ်ငြိမ်စွာ တုန့်ပြန်တတ်မှုကို ရှုမြင်နိုင်ပါတယ်။

ကာနန်မြို့မင်္ဂလာ လက်ထပ်ပွဲမှာ သတို့သား သတို့သမီးတို့ရဲ့ အရှက်တကွဲဖြစ်တော့မယ့် လိုအပ်ချက် အခြေအနေကို မယ်တော်ရှင်သိပြီး မိမိရဲ့ သားတော် ယေဇူးဘုရားရှင်ထံ လျှောက်ထားခဲ့ခြင်း ဖြစ်ရပ်မှာလည်း မယ်တော်ရှင်ရဲ့ နူးညံ့သိမ်မွေ့ခြင်းဖြစ်အင်ကို ရှုမြင်နိုင်ကြပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ သက်တော်စဉ် နောက်ခံ အခြေအနေ သဘောတရားကို ရှုကြည့်လိုက်ပါက မယ်တော်ရှင်ရဲ့ နှိမ့်ချခြင်းအဖြစ်ကို တွေ့မြင် နိုင်ကြပါတယ်။ မယ်တော်ရှင်အနေနဲ့ မိမိရဲ့ သားတော်ဟာ မိသားစုအသစ်ကို ဖွဲ့စည်း တည်ထောင်ခြင်းနဲ့ အတူ သားတော်ရှင်ရဲ့ လက်ဝါးကပ်တိုင်တော်ပေါ်၌ တင်သတ်ခြင်းခံရတဲ့ သားတော်ရှင်ရဲ့ အချိန်နာရီဟာ မိခင်ဖြစ်သူရဲ့ မိမိရဲ့ အချိန်နာရီသာ ဖြစ်ကြောင်း သိမြင်ခဲ့ရပါတယ်။ ဒီအချက်တွေကို ရှင်ယောဟန် ခရစ်ဝင် - ၂း၎၊ ၁၃း၁ မှာ လေ့လာနိုင်ပါတယ်။ ရှင်ယောဟန် ခရစ်ဝင် - ၁၉း၂၅ -၂၇ ကို ဆက်လက် လေ့လာလိုက်ပါက မိမိရဲ့တပည့် သာဝကတွေဟာ ဝေးရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပေမယ့် မယ်တော်ရှင်မှာတော့ လက်ဝါးကပ်တိုင်တော် ခြေရှင်းမှာ အဆုံးထိတိုင်အောင် ရှိနေခဲ့ပါတယ်။ တမန်တော်ဝတ္ထုကျမ်း - ၁း၁၄ ကို ဖတ်ရှုလိုက်ပါက သန့်ရှင်းသော ၀ိညာဉ်တော်မြတ် ဘုရားရှင် ဆင်းသက်တော်မူတဲ့ အချိန်နာရီမှာကိုပဲ မယ်တော်ရှင်ရဲ့ ပတ်ပတ်လည်မှာ သူတို့တတွေ ၀န်းရံလျက် သန့်ရှင်းသော ၀ိညာဉ်တော်မြတ် ဘုရားရှင်
ကြဆင်းလာတော်မူခြင်းကို သူတို့ စောင့်မျှော်ခဲ့ကြပါတယ်။

စာချွန်တော်ရဲ့ နံပါတ် (၄၂) ကို လေ့လာလိုက်တဲ့ အခါမှာတော့ ရဟန္တာ သူတော်စင်သူတော်မြတ်တို့ရဲ့ ဘ၀ဟာ လောကမှာ သီတင်းသုံးခဲ့တဲ့ ဘ၀အထ္ထုပ္ပတ္တိလောက်နဲ့ ဘ၀နိဂုံးချုပ် မထားကြပဲ တမလွန် ဘ၀သို့ ကူးပြောင်းသွားကြတဲ့ အခါမှာလည်း ဘုရားရှင်၌ ဆက်လက်ပြီးတော့ ရှင်သန်ကြလျက် အမှုတော်မြတ်ကို ဆက်လက် ထမ်းရွက်လျှက် ရှိနေကြပါတယ်။ ရဟန္တာ သူတော်စင်သူတော်မြတ်တွေရဲ့ ဘ၀ အထဲမှာ ရှင်းလင်းစွာ သိမြင်နိုင်တဲ့ အရာတစ်ခုကတော့ ဘုရားရှင်နဲ့ နီးစပ်သောသူများ၊ ဘုရားရှင်ထံ ချဉ်းကပ်တဲ့သူများဟာ လူတွေဆီလည်း ချဉ်းကပ်ကြတယ်။ လူတွေနဲ့လည်း နီးစပ်လျှက် ရှိကြတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီအဖြစ်ကို ရှင်းလင်းပြက်သားစွာ ထင်ရှား ပီပြင်စွာ တစ်ခြားသူတွေထက် မယ်တော်ရှင်၌ ပိုပြီး တွေ့ရှိနိုင်ကြပါတယ်။ လက်ဝါးကပ်တိုင်တော် အထက်မှ ခရစ်တော်ဘုရားရှင်ဟာ မိမိရဲ့ ချစ်တပည့် ယောဟန်မှ တဆင့် တပည့်များ အားလုံးကို မိန့်တော်မူ ချက်ကတော့ (ရှင်ယောဟန် ဧ၀ံဂေလိကျမ်း - ၁၉း၂၇) ““သင်၏ အမိကို ကြည့်လော့””တဲ့။ ဒီလို မိန့်တော်မူချက်ဟာ မျိုးစဉ် နွယ်ဆက်တိုင်း အထဲမှာ သစ်လွင်စွာ ပြည့်စုံလျှက်ရှိတယ်။ မာရီယားသခင်မဟာ ယုံကြည်သူများ အားလုံးရဲ့ စစ်မှန်တဲ့ မိခင်၊ မယ်တော်ရှင် ဖြစ်လာရပါတယ်။ နေရာတိုင်းမှာ ကျားမအကုန် လူမျိုးစုံ အနေဖြင့် မယ်တော်ရှင်ထံ တိုးဝင်ချဉ်းကပ်ကြလျှက် မယ်တော်ရှင်ရဲ့ မိခင်မေတ္တာ အကြင်နာများကို ထောင်းခံကြပြီး မယ်တော်ရှင်ရဲ့ ကညာစင် ဘ၀ဖြူစင်ခြင်းများနဲ့ ကျေးဇူးတော်များကို အချိန်ခါမရွေး အခြေအနေ အရပ်ရပ်တိုင်း၌ တောင်းဆုပန်လျှက် ရှိနေကြပါတယ်။ မယ်တော်ရှင်ထံ တိုးဝင် ချဉ်းကပ်လာသူတိုင်း မိမိတို့ရဲ့ လိုအပ်ချက်အဖုံဖုံ၌ မိမိတို့ရဲ့ဆန္ဒများ၌ မိမိတို့ရဲ့ ၀မ်းမြောက်ခြင်း၊ ၀မ်းနည်းခြင်းများ၌ မိမိတို့ရဲ့ အထီးကျန်ဆန်တဲ့ အချိန်ခါမျိုးများ၌ မိမိတို့ရဲ့ အားတက်သရော ကြိုးပမ်းချက်များ၌ ကျေးဇူးတော်များနဲ့ မယ်တော်ရှင် ဖြည့်ဆည်းပေးပါတယ်။ မယ်တော်ရှင်ထံ တိုးဝင် ချဉ်းကပ်သူတိုင်းဟာ မယ်တော်ရှင်ရဲ့ နက်ရှိုင်းလှတဲ့ မိမိရဲ့နှလုံးသားမှ တည်မြဲခိုင်ခန့်လှတဲ့ မေတ္တာတော်ကို သွန်းချပေးခြင်း၊ မိမိရဲ့ မွန်မြတ်လှတဲ့ ဆုလဒ်တော်များကို အစဉ်မပြတ် ခံစားလျှက် ရှိနေကြပါတယ်။ မယ်တော်ရှင်အား ပြန်လည် ကျေးဇူးဆပ်တင်သောအားဖြင့် ကမ္ဘာအရပ်ရပ်မှ လူမျိုးတိုင်းသည် ဖြူစင်သော မေတ္တာကို ဆက်ကပ်ပူဇော်လျှက် သက်သေခံလျှက် ရှိကြပါတယ်။ တစ်ချိန်တည်းမှာပဲ ယုံကြည်သူ ဘာသာဝင်များရဲ့ သဒ္ဒါ ကြည်ညိုခြင်း အမှုများ ကနေ ဘာကို ညွှန်ပြနေသလဲဆိုတော့ ချစ်ခြင်းမေတ္တာတရားဟာ ဆောက်တည်နိုင်သောအရာ ဖြစ်တယ်ဆိုတာကို မမှားယွင်းနိုင်တဲ့ အာရုံအသိမှ ဖော်ပြနေခြင်းဖြစ်တယ်။ မေတ္တာတရားကို ဆောက်တည်နိုင်ခြင်းဟာ ဘုရားရှင်တော်မြတ်နဲ့ တစ်လုံးတစ်ဝ တည်းအဖြစ် ပေါင်းစပ်ခြင်းရဲ့ အကျိုးဆက် ရလဒ်ဖြစ်ပါတယ်။ လူ့ရဲ့ နာမ်ဝိညာဉ်ဟာ ဘုရားရှင်နဲ့ ဒီလို ပေါင်းစပ်ခြင်းအားဖြင့် ဘုရားရှင်ရဲ့ မေတ္တာတော်များ စိမ့်ဝင်လျှက် ပြည့်ဝလျှက် ဒီလို ဘုရားရှင်ရဲ့ ချစ်ခြင်း မေတ္တာတော်စမ်းရေမှ သောက်သုံးရတဲ့ ပုဂ္ဂိုလ်ဟာ တစ်ဖန်ပြန်ပြီးတော့ သူတစ်ပါးအတွက် မေတ္တာစီးဆင်းရာ အရင်းအမြစ် ပြန်ဖြစ်လိမ့်မယ်။ (ရှင်ယောဟန် ဧ၀ံဂေလိကျမ်း ၇း ၃၈) ငါ့ကို ယုံကြည်သော သူ၏ နှလုံးသားမှ အသက်စမ်းရေသည် မြစ်များကဲ့သို့ စီးဆင်းလိမ့်မည်တဲ့။ ကညာစင် မယ်တော် မာရီယားသခင်မဟာ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲဆိုတဲ့ အနက် အဓိပ္ပါယ်ကို ဖော်ပြပေးသလို၊ သစ်လွင်နေတဲ့ တန်ခိုးတော်များ ဖြစ်ပေါ်ရာနဲ့ ချစ်ခြင်းမေတ္တာကို ရယူနိုင်ရာ အရင်းခံ မူရင်းနေရာကို လမ်းညွှန် ပြသပေးလျှက် ရှိတော်မူတယ်။ မယ်တော်ရှင်၏ လက်တော်၌ သာသနာတော်ကြီးနဲ့ သာသနာပြု လုပ်ငန်းစဉ်များ အားလုံးဖြစ်တဲ့ ချစ်ခြင်းမေတ္တာ လုပ်ငန်းများကို ဆက်ကပ်ပူဇော်လိုက် ပါသည်။


ဘုရားရှင်၏ မယ်တော် သန့်ရှင်းသောမာရီယား မယ်တော်ရှင် အနေဖြင့် ကမ္ဘာကြီးသို့ စစ်မှန်သော အလင်းတော်ဖြစ်တော်မူသော မယ်တော်ရှင်ရဲ့သားတော်၊ အဘဘုရားရှင်ရဲ့ သားတော်ယေဇူးရှင်ကို ပေးတော်မူခဲ့ပါပြီ။ မိမိကိုယ်ကို ဥပက္ခာပြုလျှက် ဘုရားရှင်ရဲ့ ခေါ်တော်မူခြင်း နောက်သို့သာ လုံးလုံး လျားလျား လိုက်လျှောက်ခဲ့တဲ့ အတွက် ဘုရားရှင်ထံတော်မှ စီထွက်ရာ ကောင်းမြတ်ခြင်းများ စိမ့်ထွက်ရာ စမ်းရေတွင်း ဖြစ်လာပါ၏။ ယေဇူးရှင် ကျွန်ုပ်တို့အား ပြတော်မူပါ။ ကိုယ်တော်ထံသို့ ကျွန်ုပ်တို့အား ဦးဆောင်တော်မူပါ။ ကိုယ်တော်ရှင်ကို သိ၍ ချစ်မြတ်နိုးနိုင်ရအောင် သွန်သင်တော်မူပါ။ သို့မှသာလျှင် ကျွန်ုပ်တို့သည်လည်း အချစ်စစ်အချစ်မှန်၊ မေတ္တာစစ်မေတ္တာမှန်များဖြစ်လာနိုင်ကြလျှက် ဆာငတ် တောင်းတနေသော ကမ္ဘာကြီး အလယ်၌ အသက်စမ်းရေစီးဆင်းရာ စမ်းအိုင်များဖြစ်လာပါလိမ့်မည်။ မယ်တော် မာရီယားဟာ ကယ်တင်ခြင်း ဆုကျေးဇူးကို ကြိုပေးခြင်း ခံစားခဲ့ရပါတယ်။ ခရစ်တော်ဘုရားရှင်အားဖြင့် လူသားတို့ရရှိတော်မူတဲ့ ကယ်တင်ခြင်း ဆုကျေးဇူးတော်ကို မယ်တော်မာရီယားသည် ကြိုပေးခြင်း အခွင်ထူးကို ခံစားခဲ့ရတဲ့ အတွက် မိခင်ရှင်အန္နားရဲ့ ၀မ်းကြာတိုက် အတွင်းမှာ သန္ဓေ စတင်ယူခြင်းခံခဲ့ရစဉ် ဘ၀ကတည်းက အာဒံနဲ့ဧ၀တို့ရဲ့အပြစ် ရင်းဒဏ်မှကင်းစင်ခဲ့ပြီး ကျေးဇူးတော်၌ ဖွားမြင်ခြင်းကို ခံယူခဲ့ပါတယ်။ ဒါဟာ ပွဲတော်ရဲ့ အဓိပ္ပါယ်အစစ်အမှန် ဖြစ်ပါတယ်။ ဒါကြောင့် မယ်တော် ဘယ်လိုဆုတောင်း ထားသလဲဆိုတော့ (ရှင်လုကာ ခရစ်ဝင် - ၁း၄၇) ငါ့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ် သည် ရွှင်လန်းခြင်းရှိ၏။ မယ်တော်ရှင်က ငါ့ကို ကယ်တင်တော်မူသော အရှင် ဘုရားသခင်ကို အမှီပြု၍ မယ်တော်ရဲ့ ၀ိညာဉ်ဟာ ရွှင်လန်းခြင်းရှိတယ်တဲ့။ မယ်တော်ကို ကယ်တင်တော်မူတဲ့ အရှင် ဘုရားသခင်ဟာ ဘယ်သူလဲ။ မိမိရဲ့ဝမ်း ကြာတိုက်မှာ လွယ်ပိုက်ခဲ့ရတဲ့ မိမိရဲ့သားတော် ခရစ်တော်ဘုရားရှင်ပဲဖြစ်ပါတယ်။



(ဧဖက်သြ၀ါဒစာ - ၁း ၃-၄) ငါတို့ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျှက် အပြစ် ကင်းလွတ်လျှက် ဖြစ်မည့်အကြောင်း၊ ဤကမ္ဘာ မတည်မရှိမှီ၊ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင အညီ ကောင်းကင်နှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့ သခင်ယေဇူးခရစ်တော်၏ ခမည်းတော် ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။