Mar 27, 2010

၂၅ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ သ၀ဏ်လွှာ



ပုပ်ရဟန်းမင်းကြီး ၁၆ ကြိမ်မြောက် ဘယ်နဒစ် ၏
၂၀၁၀ ခုနှစ် မတ်လ ၂၈ ရက် တွင်ကျရောက်သော၂၅ ကြိမ်မြောက် ကမ္ဘာ့ လူငယ်များနေ့ သ၀ဏ်လွှာ

ဒုတိယမြောက် ယောဟန်ပေါလူး အမြော်အမြင်ကြီးမားစွာစတင်ခဲ့တဲ့ ကမ္ဘာ့လူငယ်များနေ့ဟာ အခုနှစ်မှာ ၂၅ နှစ် ပတ်လည်ရှိပါပြီ။ အခုလိုနှစ်စဉ်ကမ္ဘာ့လူငယ်များရဲ့တွေ့ဆုံပွဲကနေ ကောင်းကျိုးများစွာ ဖြစ်ထွန်းခဲ့တာကို မြင်တွေ့ နိုင်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေဟာ ခရစ်တော်ကိုမြင်တွေ့ကြရသလို အချင်းချင်းတွေ့ဆုံခွင့်လည်း ရရှိခဲ့ကြ တယ်၊ နှုတ်ကပါတ်တော်ကို ကြားနာခွင့်ရကြတယ်၊ အသင်းတော်ရဲ့ လှပခြင်းကို တွေ့မြင်ကြတယ်၊ ထက်သန်သော ယုံကြည်ခြင်းကို တွေ့ကြုံခံစားခွင့်ရခဲ့ကြပါတယ်။ အချို့လူငယ်တွေဆိုရင် ဒီပွဲကြောင့် မိမိကိုယ်ကို ဘုရားသခင်ထံ အပြီးအပိုင်အပ်နှံပူဇော်ခဲ့ကြတယ်။
၂၀၁၁ ခု သြဂုတ်လ၊ စပိန်နိုင်ငံ၊ မာဒရစ် မြို့မှာ ကျင်းပမယ့် ကမ္ဘာလူငယ်ပွဲတော်အတွက် ယခုကစပြင်ဆင်ကြမှာ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်ရင်း ဆင်ခြင်သုံးသပ်ကြဖို့ ဒီကျမ်းပိုဒ်ကိုပေးချင်ပါတယ်။ ကောင်းမြတ်သောဆရာသခင် ထာဝရအသက်ကို ခံစားရန် ကျွန်တော်သည် မည်သည့်အရာကို ပြုရပါမည်နည်း (မာကု ၁၀း၁၇)။ ဒီကျမ်းပိုဒ်ကို ၁၉၈၅ ခုနှစ်က ရဟန်းမင်းကြီး ဂျွန်ပေါလ် က လူငယ်တွေအတွက် ပထမဦးဆုံးရေးတဲ့ သ၀ဏ်လွှာမှာ ထောက်ရှု သုံးသပ်ခဲ့ ပါတယ်။

၁။ သခင်ယေဇူးနှင့် သူကြွယ်လူငယ်တွေ့ဆုံခြင်း

ကိုယ်တော်သည် ခရီးပြုရန် ထွက်ကြွလာတော်မူစဉ် လူတစ်ယောက်သည် အထံတော်သို့ ပြေးလာ၍၊ ကောင်းမြတ်သောဆရာသခင် ထာဝရအသက်ကိုခံစားရန် ကျွန်တော်သည် မည်သည့်အရာကို ပြုရပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။ သခင်ယေဇူးက အဘယ့်ကြောင့်ငါ့ကို ကောင်းမြတ်သည်ဟု သင်ခေါ်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှ ကောင်းမြတ်သည်မဟုတ်။ သင်သည် ပညတ်တော်များကိုသိ၏။ သူ့အသက်ကိုမသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မဟုတ်မမှန် သက်သေခံခြင်းကိုမပြုနှင့်။ သင်၏မိဘတို့ကို ရိုသေလော့ ဟုမိန့်တော်မူ၏။ ထိုသူက ဆရာသခင်၊ ကျွန်တော်သည် ဤအရာအားလုံးကို ငယ်စဉ်ကစ၍ စောင့်ထိန်းခဲ့ပါပြီဟု ကိုယ်တော်အားပြန်လျှောက်လေ၏။ သခင်ယေဇူးသည် သူ့ကိုကြည့်တော်မူ၍၊ သူ့အပေါ် ကရုဏာသက်တော်မူသဖြင့် သင်၌တစ်ခု လိုအပ် နေသေး၏။ သွား၍ သင်၌ရှိသမျှဥစ္စာပစ္စည်းတို့ကို ရောင်းချပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ဖြင့် သင်သည် ကောင်းကင်၌ဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ငါ့နောက်သို့လိုက်လော့ဟု သူ့အားမိန့်တော်မူ၏။ သူသည်ဤစကားကို ကြားလျှင် မျက်နှာညှိုးငယ်၍ ၀မ်းနည်းစွာ ထွက်ခွါသွားလေ၏။ အကြောင်းမူကား၊ သူသည်များစွာကြွယ်ဝချမ်းသာသောသူ ဖြစ်သောကြောင့်တည်း။ (မာကု ၁၀း၁၇-၂၂)


ဒီကျမ်းပိုဒ်ဟာ သခင်ယေဇူးရဲ့ သင်တို့လူငယ်တွေအပေါ်ထားတဲ့ မေတ္တာတရားကို ထုတ်ဖေါ်ပြသနေပါတယ်။ သခင်ယေဇူးဟာ သင်နဲ့၊ သင့်ရဲ့မျှော်လင့်ချက်တွေနဲ့၊ သင့်ရဲ့တောင့်တမှုတွေနဲ့ တွေ့ဆုံချင်တယ်။ သင့်နဲ့ လူချင်း တွေ့ပြီး စကားလက်ဆုံကျချင်တဲ့ ဆန္ဒပြင်းပြနေပါတယ်။ သခင်ယေဇူးဟာ သူ့ရဲ့ခရီးကို ရပ်ပြီး လူငယ်ရဲ့မေးခွန်းကို ဖြေခဲ့တယ်။ ဆရာသမားကောင်းနဲ့ ဆွေးနွေးချင်တဲ့ ဆန္ဒတွေပြည့်နေတဲ့ လူငယ်ကို အချိန်ပေးပြီး စကားပြောခဲ့ တယ်။ သင်တို့လည်း ဒီဆရာသမားကောင်းနဲ့ တွေ့ဆုံ ဆွေးနွေးဖြစ်အောင်ကြိုးစားပါ၊ ဒီအချက်ဟာ သင့်အတွက်၊ သင့်ဘ၀အတွက် အလွန်အရေးကြီးတဲ့အချက်ပါ။

၂။ ယေဇူးကိုသူ့ကိုကြည့်တော်မူ၍ သူ့အပေါ်ဂရုဏာ သက်တော်မူ၏

သခင်ယေဇူးရဲ့အကြင်နာအကြည့်ဟာ ဒီတွေ့ဆုံခြင်းမှာသာမက ခရစ်ယာန်အသက်တာမှာလည်း အဓိကကျတဲ့ အချက်ပါပဲ။ ခရစ်ယာန်တရားတော်ဟာ ဆောင်ရန်ရှောင်ရန်တွေသာ သင်ကြားတဲ့ ကိုယ်ကျင့်တရားသက်သက် မဟုတ်ပါဘူး။ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး ချစ်တဲ့ ခရစ်တော်နဲ့ သိကျွမ်းခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ သူ့ကို ကျောခိုင်းသွား ရင်တောင်မှ ခရစ်တော်ဟာ ကျွန်ုပ်တို့ကို ချစ်နေဦးမှာပါ။
သင်တို့လည်းသူ့ရဲ့အကြည့်ကို တွေ့ဖူးနိုင်ကြပါစေ၊ ဂရုဏာမေတ္တာနှင့် ခရစ်တော်ဟာ သင်တို့ကိုကြည့်နေတယ် ဆိုတဲ့ အမှန်တရားကို ခံစားသိမြင်နိုင်ကြပါစေ။ ခမည်းတော်ဘုရားဟာ ခရစ်တော်အားဖြင့်လူသားတွေကို ချစ်တယ်၊ ခရစ်တော်ဟာ သင်တို့တစ်ဦးစီကို ချစ်တယ်ဆိုတဲ့ အသိတရားက လူသားထုဖြစ်တည်နေဖို့ အဓိကကျ တဲ့ ပံ့ပိုးမှုပါပဲ။ ကျွန်ုပ်တို့ အပြစ်တွေကိုသိမြင်ကြောက်ရွံ့ခြင်း၊ ဝေဒနာဖိစီးမှုတွေနဲ့ စိတ်ဓါတ်ကျခြင်း စတဲ့ အခက် အခဲများစွာကို ကျော်လွှားနိုင်စွမ်းပေးမှာဖြစ်ပါတယ်။
ဒီအကြည့်ဟာ ခရစ်ယာန်အသက်တာကိုဆောက်တည်ဖို့၊ ခရစ်ယာန်သတင်းကောင်းကို ဖြန့်ဝေဖို့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ အကြင်နာအကြည့်ကို ကိုယ်တိုင်ခံစားဖူးတဲ့သူတစ်ဦးဟာ မခံစားဖူးသေးသူတွေကို ပြောပြာ ဝေငှချင်မှာ အမှန်ပဲဖြစ်ပါတယ်။

၃။ အသက်တာအတွင်း စီမံကိန်းတစ်ခုရှာဖွေခြင်း
ကျမ်းစာထဲကလူငယ်လေးဟာ သင်တို့တစ်ဦးစီနဲ့ တူနေတာကိုတွေ့ရပါတယ်။ သင်တို့စီမှာလည်း အရည်အချင်း တွေ၊ စွမ်းအားတွေ၊ မျှော်လင့်ချက် စိတ်ကူးအိပ်မက်တွေကိုယ်စီနဲ့ အလွန်ချမ်းသာကြွယ်ဝသူတွေ ဖြစ်ပါတယ်။ ဒီအရာတွေဟာ သင်တို့မှာရှိတဲ့ ကြီးမားတဲ့ အရင်းအမြစ်တွေပါပဲ။ သင်တို့ရဲ့ ငယ်ရွယ်နုပျိုခြင်းဟာ သင်တို့ အတွက် သာမက အသင်းတော်အတွက် ကမ္ဘာမြေအတွက် အလွန်တန်ဖိုးရှိတဲ့ ရတနာတစ်ပါးပါပဲ။
လူငယ်လေးက သခင်ယေဇူးကို `ကျွန်တော်ဘာလုပ်ရမှလဲ` လို့မေးခဲ့တယ်။ အခုသင်တို့ဖြတ်သန်းနေရတဲ့ အသက်တာရဲ့ကာလ ဟာလည်း သူလို ရှာဖွေနေရခြင်းဖြစ်ပါတယ်။ ဘုရားသခင်သင့်ကိုပေးထားတဲ့ ကျေးဇူးတော် ကို ရှာဖွေနေရတယ်၊ ဘုရားသခင်သင့်ကို ပေးထားတဲ့ တာဝန်ကိုရှာဖွေနေရပါတယ်။ အဲဒီတော့ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မှန်ကို ရှာဖွေနေရခြင်းဖြစ်ပါတယ်။ သင့်ကိုသင်ဒီမေးခွန်းမေးရပါလိမ့်မယ် `ငါ့ဘ၀ကိုငါကျေနပ်ရဲ့လား၊ ငါ့မှာ တစ်ခုခုဟာနေသလို ခံစားနေရလား။` ကျမ်းစာထဲက လူငယ်လေးလို သင်လည်း မသေချာခြင်းတွေ၊ သောကတွေ၊ ဝေဒနာတွေ၊ အပြောင်းအလဲမရှိ တုံးတိတိ ဘ၀ကနေ ကျော်လွန်ချင်တာတွေ ရင်ဆိုင်ခံစားနေရမှာပဲ။ သင်ကိုယ်သင်ဒီမေးခွန်းတွေ ပြန်မေးနေမိမှာပဲ `ဘာတွေက ဘ၀ကိုအောင်မြင်စေတာလဲ` `ငါဘာလုပ်ရဦးမှာလဲ` `ငါဘ၀ကို ဘယ်လိုအစီအစဉ်ချရမလဲ` `ငါ့ဘ၀မှာ ပြည့်ဝတဲ့ တန်ဖိုး၊ ပြည့်ဝတဲ့အဓိပ္ပါယ်ရှိဖို့ငါဘာလုပ်ရမှာလဲ`။
သင်ကိုယ်သင်ဒီမေးခွန်းတွေမေးဖို့ မကြောက်ပါနဲ့။ သင့်ကိုစိတ်အနှောက်အယှက်ဖြစ်စေတာထက် သင့်နှလုံးသားရဲ့ တောင့်တခြင်းတွေကို သင်ကြားနိုင်ဖို့ အသံထည့်ပေးနေတာပါ။ အဲဒါကြောင့်အဲဒီအသံတွေကို သင်နားထောင် ရမယ်။ ဒီမေးခွန်းတွေကို ပေးတဲ့ သင့်ရဲ့အဖြေဟာ အပေါ်ယံသက်သက်မဖြစ်ပါစေနဲ့။ စစ်မှန်သော ရှင်သန်ခြင်းနဲ့ ပျော်ရွှင်ခြင်း အတွက်တောင့်တနေတဲ့ သင့်နှလုံးသားကို ကျေနပ်မှုပေးနိုင်တဲ့ အဖြေမျိုး ဖြစ်ပါစ။
သင့်ကို အမှန်တကယ်ပျော်ရွှင်မှုပေးနိုင်မယ့် ဘ၀စီမံကိန်းတစ်ခုကို ရှာဖွေတွေ့ချင်တယ်ဆိုရင် ဘုရားသခင်ကို နားထောင်ပါ။ သင့်တို့တစ်ဦးစီအတွက် သူ့ဆီမှာ အကြင်နာစီမံကိန်းတွေရှိပါတယ်။ ယုံကြည်စွာနဲ့မေးပါ `အိုသခင် ကျွန်ုပ်၏ ဖခင်တစ်ဦး အနေနဲ့ ကျွန်ုပ်၏ဖန်ဆင်းရှင်တစ်ပါးအနေနဲ့ ကျွန်ုပ်ဘ၀အတွက် ဘာစီမံကိန်းတွေရှိပါသလဲ။` `ကိုယ်တော်အလို တော်က ဘာလဲ။ ကျွန်ုပ်ထမ်းဆောင်ဖြည့်စွက်ချင်ပါတယ်`။ ဧကန်မုချသူ အဖြေပေးပါလိမ့်မယ်။ သူပေးတဲ့အဖြေကိုမကြောက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကျွန်ုပ်တို့နှလုံးသားထက် ကြီးမားသူဖြစ်ပြီး၊ ကျွန်ုပ် တို့ တစ်ဦးစီကို ကောင်းကောင်းသိတဲ့သူဖြစ်ပါတယ်။

၎။ လာ ငါ့နောက်လိုက်ခဲ့ပါ။
သခင်ယေဇူးက လူငယ်ကို သူ့ရဲ့တောင့်တခြင်းတွေဖြေသိမ့်ဖို့ စီမံကိန်းဆွဲနေတာထက် ပိုပြီးလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါ တယ်။ `လာ ငါ့နောက်လိုက်ခဲ့`ခရစ်ယာန်ဘ၀ကို ခရစ်တော်ရဲ့ ချစ်ခြင်းနဲ့ဖိတ်ခေါ်သံကို ချစ်ခြင်းနဲ့တုန့်ပြန်ခြင်း အားဖြင့်သာ ပြည့်ဝစွာရှင်သန်နိုင်မှာဖြစ်ပါတယ်။ သခင်ယေဇူးဟာ သူ့ရဲ့တပည့်တော်ကြီးတွေကို ကိုယ်ကျိုးမရှာဘဲ ဘုရားသခင်အပေါ်အကြွင်းမဲ့ယုံကြည်ပြီး မိမိတို့ကိုယ်ကို လုံးလုံးလျားလျားပေးဆက်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ရဟန္တာတွေဟာ စိန်ခေါ်ခြင်းပြည့်နေတဲ့ဒီဖိတ်ခေါ်သံကို ကျိုးနွံနာခံနှိမ့်ချသောနှလုံးသားနဲ့ တုန့်ပြန်ပြီး လက်ဝါး ကပ်တိုင်ပေါ်အသေခံခဲ့ပြီး ရှင်ပြန်ခဲ့တဲ့ ခရစ်တော်နောက်လိုက်ခဲ့ကြတယ်။ လူသားအစွမ်းနဲ့ နားမလည်နိုင်ပေမဲ့ ယုံကြည်ခြင်းအသိနဲ့ သူတို့ဟာဧ၀ံဂေလိတရားတော်အတိုင်းရှင်သန်ရင်း ရေဆန်ကို လှန်တက်ခြင်းအားဖြင့် စုံလင် ခြင်း ရရှိသွားကြတယ်။
သင်တို့တစ်ဦးစီလည်း ဒီဖိတ်ခေါ်သံကို တုန့်ပြန်ပြီး ခရစ်တော်နောက်ကိုလိုက်လျှောက်ကြပါလို့ တိုက်တွန်းပါရစေ။ ခရစ်တော်နဲ့ရှင်သန်နေထိုင်ခြင်းဟာ ဒီလောကကြီးထဲမှာ သင်တို့ရဲ့အသက်တာကို အကျိုးအရှိဆုံး၊ အလှပဆုံး ရှင်သန်ခြင်းဖြစ်ပါလိမ့်မယ်။ ခရစ်တော်ကို အရာရာထက်ပိုချစ်ခင်ခြင်း၊ ကိုယ့်ရဲ့ညီအစ်ကိုမောင်နှမတွေကို အစေ ခံခြင်းတို့ဖြင့် သူ့နောက်ကို လက်တွေ့ကျကျ လိုက်ကြဖို့ ဆေးကြောခြင်းစက္ကရမင်းတူးခံယူစဉ်ကတည်းက ကျွန်ုပ် တို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကျမ်းစာထဲက လူငယ်သူဌေးလေး ကတော့ ၀မ်းနည်းစွာနဲ့ ဖိတ်ခေါ်သံကို ငြင်းဆန်ခဲ့တယ်။ သူ့ရဲ့ဥစ္စာပစ္စည်း တွေကို စွန့်လွှတ်ဖို့ သတတ္တိမရှိခဲ့တဲ့အတွက် သူ့စ္စည်းတွေထက် များစွာသာလွန် ကောင်းမွန်တဲ့အရာတွေ ခရစ်တော်ဆီမှာရှိနေတာကို သူသိမြင်ခွင့်မရခဲ့တော့ပါဘူး။
ကျမ်းစာထဲက လူငယ်သူဌေးလေးရဲ့ ၀မ်းနည်းခြင်းဟာ ခရစ်တော်ရဲ့ဖိတ်ခေါ်သံကိုနားထောင်ပြီး မှန်ကန်ပြတ်သား တဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ စွန့်လွှတ်စွန့်စားဖို့ ၀န်လေးနေတဲ့ ယနေ့လူငယ်တွေရဲ့ ၀မ်းနည်းခြင်းပါပဲ။ ဒါပေမဲ့ ခရစ်တော်ရဲ့ ခေါ်သံကို ပြန်ထူးဖို့ အရမ်းနောက်မကျသေးပါဘူး။
သခင်ယေဇူးဟာ ကျွန်ုပ်တို့ကိုသူ့နောက်လိုက်ဖို့ခေါ်ရလို့ မောပန်းသွားတယ်ဆိုတာမရှိပါဘူး။ အချို့ကို ပိုပြီး ယတိ ပြတ်ဆုံးဖြတ်တုန့်ပြန်ဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ လူငယ်လူရွယ်ယောက်ျားလေးတွေကို ယခုနှစ်ရဟန်းတော်များရဲ့ နှစ်မှာ ရဟန်းဘောင်ကိုခံယူကြဖို့ အထူးတိုက်တွန်းချင်ပါတယ်။ ရဟန်းများရဲ့ အကူအညီ၊ သင်တို့ရဲ့ ၀ိညာဉ်လမ်းညွှန် သူများရဲ့ အကူအညီနဲ့ ထူးခြားတဲ့ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတဖြစ်တဲ့ရဟန်းဘ၀ကို စိတ်ထန်သန်စွာ၊ သဒ္ဒါတရား ရက်ရောစွာခံယူကြဖို့ နှိုးဆော်လိုက်ပါတယ်။ လူငယ်လူရွယ်အပေါင်းတို့ ဘုရားသခင်ဟာ သင်တို့ကို ရဟန်းဘောင်၊ သူတော်စင်ဘောင်၊ ရသေ့ဘောင်၊ သူနာပြုဘောင် ကိုခေါ်တော်မူတယ်ဆိုရင် တုန့်ပြန်ပေးဆပ်ကြဖို့ မကြောက်ကြပါနဲ့။ ရက်ရောစွာ ပေးဆပ်ရဲတဲ့သူတွေကို ဘုရားသခင်က စိတ်ကြည်နူးခြင်းပေးပါလိမ့်မယ်။
အိမ်ထောင်သည်ဘ၀ကို ခေါ်တော်မူခြင်းရတဲ့လူငယ်တွေကိုလည်း သစ္စာတည်ကြည်သော ကြီးမြတ်သော ချစ်ခြင်း မေတ္တာနဲ့ အသက်တာကိုလေးစားတန်ဖိုးထားခြင်းတွေအပေါ် ခိုင်မာစွာအခြေပြုဆောက်တည်ရမဲ့ အသက်တာကို ယုံကြည်ခြင်းအပြည့်အ၀ဖြင့် ထွေးပိုက်ကြဖို့နှိုးဆော်ပါတယ်။ ဒီခေါ်တော်မူခြင်းဟာ လူ့ဘောင်အတွက် အမိအသင်း တော်အတွက် အလွန်တန်ဖိုးရှိတဲ့ ကျေးဇူးတော်ရတနာတစ်ပါးဖြစ်ပါတယ်။

၅။ ထာဝရအသက်ရှင်သန်ခြင်းဆီ ဦးတည်ပါ။
`ထာဝရအသက်ရဖို့ ကျွန်တော်ဘာလုပ်ရမှာလဲ` ဒီမေးခွန်းဟာ ယနေ့လူငယ်တော်တော်များများအတွက် မသက် ဆိုင်တဲ့မေးခွန်းတစ်ခုဖြစ်မှာပါ။ ယနေ့ကမ္ဘာဟာ ခဏသာတည်တဲ့ ကိုင်တွယ် ထိတွေ့ မြင်နိုင်တာတွေလောက်ကိုပဲ အာရုံထားတဲ့ကမ္ဘာ တစ်ခုပါ။ မတည်မြဲခြင်း၊ ပျက်စီးခြင်းတွေကို ကျွန်ုပ်တို့ ကိုယ်တိုင်လည်း ခံစားကြေကွဲဖူးကြမှာပါ။
လူငယ်လေးမေးတဲ့ ထာဝရအသက် ဆိုတာ ဘာကိုရည်ညွှန်းပါသလဲ။ သခင်ယေဇူးပြောပြခဲ့ပါတယ် `သင်တို့ ငါ့ကို တဖန် တွေ့မြင်ကြရလိမ့်ဦးမယ်၊ သင်တို့ရဲ့စိတ်နှလုံးပျော်ရွှင်ကြည်နူးလိမ့်မယ်။ သင်တို့ရဲ့ပျော်ရွှင်ခြင်းကို ဘယ်သူမှ လုယူနိုင်မှာ မဟုတ်ပါဘူး` (ယောဟန် ၆း၂၂)။ ဒီစကားလုံးတွေက အဆုံးမဲ့သော ပျော်ရွှင်ခြင်းဆိုတာရှိတယ်၊ ဘုရားသခင်ရဲ့ မေတ္တာတော်ဖြင့် ထာဝရလွှမ်းခြုံခြင်းဆိုတာရှိတယ် ဆိုတာကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။
ကျွန်ုပ်တို့အတွက် ထာဝရရှင်သန်ခြင်းရှိနေတယ်ဆိုတဲ့ မျှော်လင့်ခြင်းက လက်ရှိဘ၀ကို အဓိပ္ပါယ်ရှိစေပါတယ်။ ကျွန်ုပ်တို့ရဲ့ဘ၀စီမံကိန်းတွေဟာ အဲဒီထာဝရ အနှိုင်းမဲ့ကြီးမားကျယ်ပြန့်လွတ်လပ်သော အသက်တာကို ဦးတည်ရ ပါလိမ့်မယ်။ လက်ရှိကမ္ဘာလောကကြီးကို အလုံးစုံလို့ ယူဆလို့မဖြစ်ပါဘူး။ ရဟန္တာ သြဂုတ်စတင်းနဲ့ အတူ ကျွန်ုပ်တို့လည်း ဒီလိုပြောနိုင်ပါတယ် `အထက်အရပ်မှာရှိတဲ့ ကျွန်ုပ်တို့အိမ်ကိုတောင့်တကြရအောင်၊ ကောင်းကင် မှာရှိတဲ့ ကျွန်ုပ်တို့အိမ်အတွက် ရုန်းကန်ကြိုးစားကြရအောင်၊ ဒီကမ္ဘာပေါ်မှာ ကျွန်ုပ်တို့ဟာ သူစိမ်းတွေဖြစ်တယ် ဆိုတာ သိမှတ်ခံစားကြပါစို့`။
သင်တို့ရဲ့ဘ၀စီမံကိန်းထဲမှာ `ကျွန်ုပ်တို့ဟာ ထာဝရအသက်အတွက် ဖိတ်ထားခံရတယ်` ဆိုတဲ့ အချက်ကို ရှေးရှု ကြပါ။ သူနဲ့အတူ ထာဝရရှင်သန်ဖို့အတွက် ဘုရားသခင်ဟာကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။ ဒီအသိတရား ဟာ သင်တို့ဘ၀ကို အကောင်းမွန်ဆုံးအလှပဆုံးရှင်သန်ဖို့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကူညီပါလိမ့်မယ်။

၆။ ပညတ်တော်များသည် စစ်မှန်သောမေတ္တာတရားဆီသွားရာလမ်း
ပညတ်တော်များဟာ ထာဝရအသက်ရဖို့ လမ်းစဉ်ဖြစ်တယ်ဆိုတာ သခင်ယေဇူးက လူငယ်လေးကို ပြောပြခဲ့ပါ တယ်။ ကျွန်ုပ်တို့ဟာ မေတ္တာတရား၌ရှင်သန်ဖို့၊ အဆိုးအကောင်းရှင်းလင်းစွာခွဲခြားဖို့၊ ရေရှည်တည်တံခိုင်မာတဲ့ ဘ၀ စီမံကိန်းဆွဲဖို့ ပညတ်တော်များဟာ မဖြစ်မနေကိုးကားရမဲ့အချက်တွေဖြစ်ပါတယ်။ သခင်ယေဇူးက သင်ပညတ် တော်တွေကို သိသလား၊ စောင့်ထိန်းသလား၊ သင့်ရဲ့ သြတပ္ပစိတ်ကို ပညတ်တော်တွေ ရဲ့လမ်းညွှန်မှုအတိုင်း ဆောက်တည်ထားသလားဆိုတာ မေးမြန်းနေပါတယ်။
စိတ်လိုအင်ဆန္ဒတွေကို အတိုင်းအတာ အထားမခံချင်တဲ့ခေတ်၊ လူ့တန်ဖိုးလူ့စည်းကမ်းဘောင်တွေနဲ့ ကင်းလွတ်တဲ့ လွတ်လပ်မှုကို ရှေ့တန်းတင်ချင်တဲ့ မျက်မောက်ကမ္ဘာရဲ့ရေစီးနဲ့ ဒီမေးခွန်းတွေဟာ ဆန့်ကျင်နေတယ်ဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ အဲဒီအရာဟာ စစ်မှန်တဲ့ လွတ်လပ်မှုမဟုတ်ပါဘူး။ တကယ်တော့ဒီအရာတွေဟာ လူတွေကို ကျွန်ဘ၀ရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒီအတိုင်းအယူတွေက လူတွေကို သူတို့လိုအင် ဆန္ဒတွေ၊ ငွေကြေး၊ အာဏာ၊ အထိမ်းအကွတ်မဲ့တဲ့ ကိလေသာစိတ်တွေရဲ့ကျေးကျွန်ဖြစ်အောင်၊ ဖြားယောင်း တတ်တဲ့ လောကကြီးရဲ့လှည့်ကွက်တွေအောက် ကျွန်သပေါက်ဖြစ်ဖို့ တွန်းပို့နေခြင်းသာဖြစ်ပါတယ်။ သူတပါးကို ချစ်ခြင်း မေတ္တာထားဖို့ ဆိုတဲ့ လူတို့ရဲ့မွေးရာပါ ခေါ်တော်မူခြင်းကို ဖျက်စီးခြင်းသာဖြစ်ပါတယ်။
ကျွန်ုပ်တို့ကို စစ်မှန်တဲ့ လွတ်လပ်ခြင်းကို သင်ပြချင်လို့ ဘုရားသခင်ဟာ ပညတ်တော်များပေးထားခြင်း ဖြစ်ပါတယ်။ ကိုယ်တော်ဟာ တရားမျှတသော၊ ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာနိုင်ငံတော်ကို ကျွန်ုပ်တို့နဲ့အတူ လက်တွဲ ဆောက် တည်လိုတဲ့ ဆန္ဒရှိပါတယ်။ ပညတ်တော်တွေကို စောင့်ထိန်းလိုက်နာတဲ့အခါ ကျွန်ုပ်တို့ဟာ ကိုယ့်ကိုယ်ကို ပြန်ပြီး လှောင်ပိတ်ထားတာမဟုတ်ပါဘူး၊ ကျွန်ုပ်တို့ဟာ စစ်မှန်သောမေတ္တာလမ်း၊ လွတ်လပ်သောလမ်းစဉ်ကို ရှာဖွေတွေ့ ကြခြင်းသာဖြစ်ပါတယ်။ ပညတ်တော်တွေဟာ ပျော်ရွှင်ခြင်းကို ကန့်သတ်တာမဟုတ်ပါဘူး၊ တွေ့ရှိနိုင်ဖို့ ကူညီခြင်း သာ ဖြစ်ပါတယ်။ လူငယ်ကို စကားစပြောတဲ့အချိန်မှာ သခင်ယေဇူးက ဘုရားသခင်ဟာ ကောင်းမွန်တဲ့အတွက် ဘုရားသခင်ရဲ့ပညတ်တော်များဟာလည်း ကောင်းမွန်တယ်လို့ဆိုခဲ့ပါတယ်။

၇။ သင့်ကို ကျွန်ုပ်တို့ လိုအပ်ပါတယ်
ယနေ့ခေတ်မှာ လူငယ်ဖြစ်ရတယ်ဆိုတာ အလုပ်လက်မဲ့ပြဿနာ၊ မရေရာမသေချာသောအနာဂတ်တွေ စတဲ့ ပြဿနာများစွာကို ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ ဒီလိုကပ်ဆိုးတွေကြားမှာ တစ်ခါတစ်ရံဝမ်းနည်းအားငယ်မိကြပါ လိမ့်မယ်။ ဒီအခက်အခဲတွေရှိနေတာ မှန်ပေမဲ့ စိတ်ဓါတ်ကျအရှုံးမပေးကြပါနဲ့၊ သင်တို့ရဲ့မျှော်လင့်ချက်တွေကို လွှင့် မပစ်ကြပါနဲ့။ သင်တို့နှလုံးသားရဲ့ အလိုချင်ဆုံးဆန္ဒဖြစ်တဲ့ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ မိတ်သဟာယဖွဲ့ခြင်းတို့ ကို အတတ်နိုင်ဆုံးဖေါ်ဆောင်ကြပါ။ မျှော်လင့်ခြင်းနဲ့အသက်တာရဲ့ မှန်ကန်တဲ့အဖြေကို ရှာဖွေတတ်သူတို့ရဲ့ လက် ထဲမှာ အနာဂတ်ဆိုတာရှိနေပါတယ်။ သင်ဆန္ဒရှိတယ်ဆိုရင် အနာဂတ်ဟာ သင့်လက်ထဲမှာရှိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ခရစ်တော်နဲ့ပေါင်းစပ်ခြင်းမှာ ပုံသွင်းပြုပြင်ခံရတဲ့ သင်နှလုံးသားထဲမှာရှိနေတဲ့ ဘုရားသခင်ရဲ့ ကျေးဇူး တော် စွမ်းအင်တွေဟာ လောကကမ္ဘာအတွက် ကြီးမားသော မျှော်လင့်ချက်များစွာပေးစွမ်းနိုင်ပါတယ်။ ကိုယ်တော် ရှင်ရဲ့ မေတ္တာကိုယုံကြည်ခြင်းက သင့်ကိုသတ္တိတွေရက်ရောခြင်းတွေမွေးပေးပြီး မိသားစုတာဝန်၊ လုပ်ငန်းခွင် တာဝန်တွေကို ထမ်းဆောင်ကျေပြွန်နိုင်စွမ်းပေးပါလိမ့်မယ်။ မိမိကိုယ်ကိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာဆည်းပူး လေ့လာရေးတွေကို အထူးသတိပြုဆောင်ရွက်ပါ သင်ဟာလူသားထုကောင်းကျိုးကို သဒ္ဒါရက်ရောစွာ အပြည့်အ၀ သယ်ပိုးနိုင်ပါလိမ့်မယ်။
လူသားထုဘက်စုံဖွံ့ဖြိုးရေးကိုရှေးရှုတဲ့ `သစ္စာ၌မေတ္တာ`စာချွန်တော်မှာ လူသားတွေနဲ့ ကမ္ဘာကြီးတစ်ခုလုံး မဖြစ် မနေရင်ဆိုင်ရမယ့် စိန်ခေါ်ခြင်းတွေကို ကျွန်ုပ်ဖေါ်ပြခဲ့ပါတယ်။ အဲဒါတွေက ကမ္ဘာမြေ အရင်းအမြစ်များကို သုံးစွဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဥစ္စာပစ္စည်းများ အားမျှတစွာ ဖြန့်ဖြူးရေးနှင့် ငွေးကြေးလည်ပတ်မှုစနစ်၊ လူသားထုမိသားစုအတွင်းရှိ ဆင်းရဲသောနိုင်ငံများအား ပံ့ပိုးကူညီရေး၊ ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု တိုက်ဖျက်ရေး၊ လူသား လုပ်အား၏ဂုဏ်သိက္ခာကို ပိုမိုလေးစားတန်ဖိုးထားရေး၊ အသက်ကိုလေးစားခြင်း အလေ့အား အကျိုး ပြုရေး၊ လူသားများအကြား ငြိမ်းချမ်းမှုဆောက်တည်ရေး၊ ဘာသာယုံကြည်မှုများနှီးနှောဖလှယ်ရေး၊ လူမှု ဆက်သွယ်ရေးစနစ်များကို နည်းလမ်းတကျ အသုံးပြုရေး။
ဒီအချက်တွေက ပိုမိုတရားမျှတပြီး ချစ်ကြည်ရင်နှီးတဲ့ ကမ္ဘာတစ်ခုဆောက်တည်ဖို့သင့်ကို ခေါ်နေတဲ့ စိန်ခေါ်ခြင်း တွေပါပဲ။ သင့်မှာရှိတဲ့ ကျေးဇူးတော်အစွမ်းအစအားလုံးကို ထုတ်သုံးပြီး သင့်ဘ၀စီမံကိန်းကိုရေးဆွဲဖေါ်ဆောင်ဖို့ ခေါ်နေတဲ့စိန်ခေါ်ခြင်းတွေပါ။ ဒီလိုပြောလို့ သူရဲကောင်းကောင်းဆန်ဆန် ထူးထူးခြားခြားတွေ လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင့်မှာရှိတဲ့ ကျေးဇူးတော်အစွမ်းအစတွေကို ပိုမိုတိုးတက်စေပြီး ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ ကို ပိုမို ဖွံ့ဖြိုးစေအောင်ရှင်သန်နေထိုင်ခြင်းဖြစ်ပါတယ်။
ယခုနှစ် ရဟန်းတော်များရဲ့နှစ်မှာ နမူနာယူထိုက်တဲ့ သူတော်မြတ်တွေ အထူးသဖြင့် ရဟန်းတွေရဲ့ အကြောင်းကို အတတ်နိုင်ဆုံး လေ့လာမှတ်ယူကြပါ။ သူတို့ရဲ့ချစ်ခြင်း၊ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း လမ်းစဉ်မှာ ဘုရားသခင် ဘယ်လို လမ်းညွှန်ဖေးမကူညီခဲ့သလဲဆိုတာကို သင်တို့ သိလာကြပါလိမ့်မယ်။ သူနဲ့အတူလက်တွဲလုပ်ဆောင်ဖို့၊ သင့်ရဲ့တာဝန်ကိုဆောင်ရွက်ဖို့၊ ချစ်ခြင်းမေတ္တာကမ္ဘာတစ်ခုကိုဆောက်တည်ဖို့ သင်တို့တစ်ဦးစီကို ခရစ်တော် ဖိတ်ခေါ်နေပါတယ်။ သူ့ရဲ့နှုတ်ကပါတ်တော်ကို သင်နာယူလိုက်နာမယ်ဆိုရင် သင်ရဲ့လမ်းစဉ်ကို အလင်းပေး လိမ့်မယ်၊ သင့်ရဲ့ရှင်သန်ခြင်းကို ပြည့်ဝသောအဓိပ္ပါယ်၊ ပြည့်ဝသောပျော်ရွှင်ခြင်းပေးမယ့် မြင့်မားသော ပန်းတိုင်ဆီ ရောက်အောင် လမ်းညွှန် ခေါ်ဆောင်သွားပါလိမ့်မယ်။
အသင်းတော်၏မိခင်ဖြစ်သော ကညာစင်အမိမယ်တော်မာရီယားသည် သင်တို့ကို ထိန်းသိမ်းလမ်ညွှန် ကာကွယ် စောင့်ရှောက်ပါစေ။ ဆုတောင်းမေတ္တာများစွာ၊ ချစ်ခြင်းမေတ္တာများစွာဖြင့် သင်တို့အပေါ်ကျွန်ုပ်၏ ကောင်းကြီး မင်္ဂလာ ပို့သလိုက်ပါသည်။

ဗာတိကန် ၂၂ ရက် ဖေဖေါ်ဝါရီလ ၂၀၁၀ ခုနှစ်
ရဟန်းမင်းကြီး ဘယ်နဒစ် (၁၆)

မှတ်ချက် ။ ။ သင့်တော်အောင်ဘာသာပြန်ထားခြင်းဖြစ်သည်။ ဖတ်ရှုသူအပေါင်း ၀ိညာဉ်ရေးရာ၊ စိတ်ဓါတ်ရေးရာ ခွန်အားများရစေကြောင်း ဆန္ဒပြုလိုက်ပါသည်။ လူငယ်တိုင်းလူ့ဘ၀ကိုတန်ဖိုးရှိစွာ ရှင်သန် နေထိုင်နိုင်ကြပါစေ၊ လှပသောဘ၀ကို ဆောက်တည်နိုင်ကြပါစေ။
မေတ္တာများစွာဖြင့်ပါ . . .
ရောင်ခြည်

No comments: