Jan 30, 2010

သူတော်စင်များအတွက်သာမကသောဆင်ရဲခြင်း၊ ဖြူစင်ခြင်း နှင့်နာခံခြင်းပါရမီ


"သူတော်စင်များအတွက်သာမကသောဆင်ရဲခြင်း၊ ဖြူစင်ခြင်း နှင့်နာခံခြင်းပါရမီ"


အင်ဒိုနီးရှားနိုင်ငံမှာ ကက်သလစ်သင်းတော် အကြီးအကဲတို့က ကက်သလစ် မိသားစုများအား ဆင်းရဲခြင်း၊ နာခံခြင်းနှင့် ဖြူစင်ခြင်း ပါရမီတို့အပေါ် အခြေခံသော ၀ိညာဉ်ရေးတိုးတက်စေရန်နှင့် ထိုဝိညာဉ်ရေး တိုးတက်မူဖြင့်သာလျှင် စစ်မှန်သော ပျော်ရွှင်မှုကို ရယူနိုင်ကြောင်း လှုံ့ဆော်ခဲ့သည်။
အင်ဒိုနီးရှား ဆရာတော်များ အဖွဲ့ချုပ်ရှိ မိသားစုရေးရာဆိုင်ရာ ဆရာတော်ကြီး အလွိုက်ရှက်စ်ဆူဒါဆို (Aloy- sius Sundanso) က ၂၀၀၁ ခုနှစ် ဂျွန်လ ၁၃ ရက်မှ ၁၅ ရက်အတွင်း ပြုလုပ်သော မိသားစု အစည်းအဝေးပွဲ (Family Apostolate) တွင်ပြောကြားရာ၌ ဧ၀ံဂလိဆိုင်ရာ ပါရမီများဖြစ်သော နာခံခြင်း၊ ဆင်းရဲခြင်းနှင့် ဖြူစင်ခြင်းတို့သည် ခရစ်ယာန်အားလုံးတို့အတွက် မိမိကိုယ်ကို မိမိမြှင့်တင်ခြင်း၌ အရေးပါကြောင်း တင်ပြသွားခဲ့သည်။
မိသားစု ၀ိညာဉ်ရေးအပေါ် သုံးသပ်ချက်အရ မိသားစုတိုင်းသည် မိသားစုဝင်အားလုံး၏ ရင့်ကျက်မှုကြီးထွားလာရေး အတွက် အခြေအနေကို ဖန်တီးရန် တာဝန်ရှိသည်။ ခရစ်ယာန်ဘာသာဝင်တိုင်း သူတို့၏ ဘ၀ခေါ်တော်မူခြင်းနှင့် မိသားစုအခြေ အနေပေါ်မူတည်၍ ပါရမီအားလုံးတို့ကို ကျင့်ဆောင်သွားရမည်ဟု ဆက်လက်မိန့်မှာခဲ့သည်။ ဆရာတော်တစ်ပါးက နာခံခြင်း ပါရမီဆိုသည်မှာ လူ၏စိတ်နှလုံးက ဘုရားသခင်၏ လမ်းညွှန်ချက်ကို လိုက်နာရန် အဆင်သင့်ရှိခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

မိသားစုအတွင်းရှိ နာခံခြင်းပါရမီ ဆိုသည်မှာ မိသားစုဝင်များအနေဖြင့် တစ်ဦးအပေါ် တစ်ဦးနားထောင်ရန် အဆင်သင့်ရှိခြင်း၊ ကျမ်းစာနှင့် စက္ကရမင်တူးတို့မှ တဆင့်လာသော ဘုရားသခင်နှင့် အသင်းတော်၏ သွန်သင်ချက်ကို လက်ခံရန် အဆင်သင့်ရှိခြင်းတို့ပင်ဖြစ်သည်။
ဆရာတော်ဆူဒါဆိုက "ဆင်းရဲခြင်းပါရမီသည် အလိုရမက်နှင့် သြဇာအာဏာ ရယူပိုင်ဆိုင်လိုခြင်းကို ထိန်းချပ်ပေးသည်။ စည်းစိမ်ဥစ္စာသည် ကျွန်ုပ်တို့လူ့ ဘ၀၏ ပန်းတိုင်မဟုတ်သကဲ့သို့ ထိုစည်းစိမ် ဥစ္စာသည် ကျွန်ုပ်တို့၏ လိုအင်ဆန္ဒကို မည်သည့်အခါမျှ ဖြည့်ဆီးပေးနိုင်မည် မဟုတ်ပေ။ အကယ်စင်စစ် ပစ္စည်းဥစ္စာသည် တစ်ခြားသူများ၏ ခံစားနေရသော ဝေဒနာနှင့် ၀န်ထုပ်များကို ဖြေဖျောက်ရန်သာ ဖြစ်ကြောင်း" ပြောကြားသွားခဲ့သည်။
ထို့အတူ ဆရာတော်က "မိသားစု အတွင်း အတ္တတရားနှင့် အလိုရမက်ကို ထိန်းချုပ်ခြင်းနှင့် စစ်မှန်သောချစ်ခြင်း မေတ္တာကို ပျိုးထောင်ခြင်းဖြင့် ဖြူစင်ခြင်း ပါရမီကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အတ္တတရားသည် စစ်မှန်သောအချစ်ကို ဖျောက်ဖျက်ပြီး တခြားသူများအား စော်ကားမှုကိုသာ ဖြစ်ပေါ်စေကြောင်း" ပြောကြားသွားခဲ့သည်။
ခရစ်ယာန်တို့၏ ၀ိညာဉ်ရေးဆိုင်ရာအသက်တာသည် ကြီးကျယ်သောအမှုများကို ပြုလုပ်ခြင်းမဟုတ်ဘဲ သာမန် လုပ်ရိုးလုပ်စဉ်များကို မြင့်မြတ်သော စိတ်ဓါတ်ဖြင့် ပြုလုပ်ခြင်းသာဖြစ်ကြောင်း ဆက်လက် မိန့်ကြားသွားခဲ့ပါသည်။

(Poverty, Chastity and Obdience can help family life, says bishops in Jakarta)
ဘာသာပြန်
အောင်မြင့်ဦး (ပြည်)

No comments: