Sep 15, 2010

ပုခက်လွှဲသောလက်များ

ပုခက်လွှဲသောလက်များ

ပုခက်လွှဲသောလက်များ ဟုဆိုလျှင် မည်သူ၏ လက်များဖြစ်သည်ကို ရိပ်စားမိမည် ဖြစ်ပါသည်။ ကျွန်မတို့ကို ကိုးလလွယ်ဆယ်လတွင် မွေးဖွားပေးကြသော မိခင် အမျိုးသမီးများ၏ လက်များပင် ဖြစ်ပါသည်။ ကျွန်မတို့ကို လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင် လူ့လောကကြီးကို ရင်ဆိုင်ရန် ပညာရဲရင့် ပွဲလယ်တင့်သော ဘ၀မျိုးသို့ ရောက်ရှိရန် သွန်သင်ဆုံးမ ပညာပေးခဲ့သော ကျေးဇူးရှင် မိခင် အမျိုးသမီးများပင် ဖြစ်ပါသည်။ ကျွန်မတို့အနေနှင့် မိခင်သာမက ဖခင်၏ မေတ္တာ အားပေးမှုပါရရှိ၍ ကံကောင်းသူများဟု ခေါ်ဆို နိုင်သော်လည်း တချို့ ကလေးသူငယ်များမှာ ဖခင်၏ စွန့်ပစ်ခြင်းကိုခံရကာ မိခင်၏ မေတ္တာအရိပ်အောက်မှာသာ ကြီးပြင်း လာရသူများလည်း မနည်းပါ။

ထိုသို့ အိမ်ထောင်စုများတွင် ပုခက်လွှဲသောမိခင်များ၏ လက်မှာ မည်မျှပင် ခိုင်မာသန်စွမ်းသည်ဆိုသည့် ဥပမာများကို ကမ္ဘာကျော် ပုဂ္ဂိုလ်များဖြင့် ပြရလျှင် တစ်ဦးတည်းသော သား/သမီးများဖြစ်သည့် အမေရိကန်သမ္မတ Bill Clintin သမ္မတဟောင်း Jimmy Carter ဖိလစ်ပိုင် သမ္မတဟောင်း Sergio Osmena နှင့် ရုရှား ၀န်ကြီးချုပ် Michael Gorbachev တို့မှာ မိခင်အမျိုးသမီးများဦးစီး အုပ်ချုပ်သော အိမ်ထောင်စုများမှာ ကြီးပြင်းလာသူများပင် ဖြစ်ပါတယ်။ အမေတစ်ခု သားတစ်ခုသာ ဖြစ်သော်လည်း မိခင်အမျိုးသမီးများ၏ ချစ်ခြင်းမေတ္တာ၊ ဆုံးမ သွန်သင်မှုများမှာ ထိရောက်လှ၍ ကမ္ဘာက အသိအမှတ်ပြုရသော နိုင်ငံတော် ခေါင်းဆောင်များ ဘ၀သို့ရောက်ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဆိုရသော် ပုခက်လွှဲသော လက်များက ကမ္ဘာကို အုပ်ချုပ်သည့်အဖြစ်သို့ ရောက်ရှိသည်ဟု ဆိုလျှင် မမှားပါ။

ထိုသို့ မိခင်က ဦးစီးအုပ်ချုပ်သည့် အိမ်ထောင်စုများမှ ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သကဲ့သို့ တစ်ခါတရံတွင်လည်း အချို့ အိမ်ထောင်စုများတွင် မိခင်များသည် ၎င်းင်းတို့၏ တစ်ဦးတည်းသော သားများကို အချစ်ပိုမှု၊ အလိုလိုက်မှုများကြောင့် အလိုလိုက် အမိုက်စော်ကားသော သားများအဖြစ်သို့ ရောက်ရှိခဲ့သူများလည်း မနည်းပါ။ အမေရိကန်ပြည်ထောင်စုတွင် လူမည်းမိသားစုများတွင် အထူးသဖြင့် အမျိုးသမီးတစ်ဦးတည်းက ဦးစီးသည့် အိမ်ထောင်စုမျိုးတွင် ထိုအဖြစ်မျိုး များစွား တွေ့မြင်နိုင်ပါသည်။ မိခင်များက ၎င်းင်းတို့၏ တစ်ဦးတည်းသောသားများကို ဖူးဖူးမှုတ် အလိုလိုက်ထားသဖြင့် သားများသည် လမ်းပေါ်မှ လူတေလူပေများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ဘ၀သို့ရောက်ရှိသွားကြသည်။ ထို့ကြောင့် ပုခက်လွှဲသော မိခင်၏လက်များမှာ သားသမီးများ၏ ရှေ့ရေး အကောင်းအဆိုးများကို ဖန်တီးနိုင်ပေရာ နိုင်ငံကို အကျိုးပြုသည့် သားကောင်းရတနာ၊
သမီးကောင်းရတနာများ ဖြစ်ရန်လည်း ထိန်းကျောင်း ပြုပြင် ဖန်တီးပေးနိုင်သော လက်များပင် ဖြစ်ပါတယ်။

မည်သည့် မိခင်မဆို မိမိတို့၏ သားသမီးများကို ဆင်စီး မြင်းရံသည်ကိုသာ မြင်ချင်ကြ၍ သားသမီးများကို ဆုံးမ သွန်သင် ပဲ့ပြင်မှု ပြုကြ စမြဲ ဖြစ်ပါသည်။ ဤတာဝန်ကြီးမှာ လွယ်မယောင်နှင့် ခက်သည့် တာဝန်ကြီးတစ်ခုပင် ဖြစ်ပါတယ်။ သားသမီးရတနာများမှာ ဘုရားသခင်က ပေးသည့် အထူးလက်ဆောင်များဖြစ်၍ မိခင်အမျိုးသမီးများတွင် အထူးမစ်ရှင် (Mission) တာဝန်ရှိရာ မည်သို့ပင် ခက်ခဲ ပင်ပန်းသည်ဖြစ်စေ မိခင်အမျိုးသမီးများအနေနှင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်ရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ပုခက်လွှဲသောလက်များမှာ ပျော့ပျောင်း နုနယ်သော်လည်း ၎င်းင်းတို့ထမ်းဆောင် လွှဲခက်နေရသည့် တာဝန်မှာ ကြီးမားလေးလံပါသည်။


ကျွန်မတို့ငယ်စဉ်က ကျွန်မတို့၏ မိခင်များသည် ကျွန်မတို့ စည်းကမ်းရှိ ပညာတတ်ပြီး ကြီးပွားချမ်းသာသည်ကို မြင်တွေ့လို၍ စည်းကမ်းများ ချမှတ်ကာ ဆုံးမသွန်သင်မှု ပြုခဲ့ကြသည်။ ထိုအချိန်အခါက ကျွန်မတို့အနေနှင့် မိခင်အမျိုးသမီးများ၏ ဂုဏ်ကျေးဇူးကို မသိမမြင်မိသည်မှာ အမှန်ပါ။ သို့ရာတွင် ယခုလို အရွယ်ရောက်၍ ကျွန်မတို့ကိုယ်တိုင်၌ မိခင်များ ဖြစ်လာသောအခါတွင် မိခင်၏ ချစ်ခြင်းမေတ္တာ ကြီးမားပုံ၊ စည်းကမ်းရှိစေလို၍ သားသမီးများကို ကြီးပွားချမ်းသာစေလို၍ ပဲ့ပြင် သွန်သင်ဆုံးမပုံများကို ပိုမို သိရှိနားလည် လာပါသည်။ အိမ်ထောင်စုတစ်ခုတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင် ပုခက်လွှဲသော လက်များသည် မည်မျှ အရေးပါအရာရောက်သည်ကို သိရှိ နားလည်ကာ မိခင်အမျိုးသမီးများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုသင့်ကြောင်း တင်ပြလိုက်ရပါတယ်။


မမာလာ (RVA)

No comments: