Nov 1, 2008

သံပေါလု၏ သာသနာပြု ခရီးစဉ် (အပိုင်း ၁)


သံပေါလု၏ ပထမသာသနာပြု ခရီးစဉ်


အေဒီ (၄၈)

ရှင်ပေါလု သည် ရှင်ယောဟန်၊ ဘာနာဘက်တို့ဖြင့် သူ၏ ပထမသာသနာပြု ခရီးစဉ်ကို စီလိစီယပြည်၊ အနိယော့မြို့ မှတဆင့် ဆေလေဦးစီယာသို့ သွားခဲ့သည်။ ထိုမှတဆင့် စိပရုကျွန်းသို့ သင်္ဘောစီးခဲ့ပြီး၊ စီပရုကျွန်းရှိ ဆာလမစ်မြို့သို့ဆိုက်ရောက်သည်။ ထိုစိပရုကျွန်းတွင် လှည့်လည် သာသနာပြုတရားဟောခဲ့ပြီး စိပရုကျွန်းရှိ ပါဖို့မြို့သို့ရောက်ရှိခဲ့သည်။ ထိုနောက် ပါဖို့မှ တဆင့် ရွက်လွှင့်ပြီး ပမ်ဖိလိယပြည်၊ ပေဂါမြို့သို့သွားသည်။ ပေဂါမြို့တွင် ရှင်ယောဟန်သည် ဂျေရုဆလင်မြို့သို့ ပြန်သွားလေသည်။ (တမန်တော်ကျမ်း ၁၃း ၁၃) ရှင်ပေါလုနှင့် ဘာနာဘက်တို့သည် ပီစီဒိယပြည် အနိယော့မြို့သို့ဆက်လက် ခရီးဆက်ခဲ့ကြသည်။ (မှတ်ချက် - ယခု အနိယော့မြို့သည် ပီစီဒိယပြည် မှဖြစ်သည်။ ထွက်ခွာစဉ်က အနိယော့မြို့သည် စီလိစီယပြည် မှဖြစ်သည်။) ထိုနောက် အီကိုးနိယမြို့၊ လစတြာမြို့နှင့် ဒေးဘေမြို့များတွင် ဧ၀ံဂေလိသတင်းကောင်းကို ဆက်လက်လှည့်လည် ဟောပြောခဲ့ကြသည်။


အေဒီ (၄၉)

ထို့နောက် ဒေးဘေမြို့မှတဆင့် လစတြာမြို့နှင့် အီကိုးနိယမြို့များကို ဖြတ်ပြီး အနိယော့မြို့သို့ တဖန်ပြန်လာခဲ့လေသည်။ ထို့နောက် ပမ်ဖိလိယပြည် ပေဂါမြို့သို့ ပြန်လာပြီး စီလိစီယပြည်၊ အနိယော့ မြို့သို့ ပြန်လာခဲ့သည်။



သံပေါလု၏ ပထမနှင့် ဒုတိယသာသနာပြု ခရီးစဉ်မြေပုံ



သံပေါလု၏ ဒုတိယသာသနာပြု ခရီးစဉ်

အေဒီ (၅၀)

ဂျေရုဆလင်မြို့ အစည်းအဝေးသို့ ပေါလုနှင့် ဘာနဘတို့တက်ရောက်ခဲ့ကြသည်။ (တမန်တော် ၁၅)


အေဒီ (၅၁)

ပေါလုနှင့် ဘာနဘတို့သည် ဒုတိယ သာသာနာပြုခရီးစဉ်ကိုလည်း စီလိစီယပြည်၊ အနိယော့မြို့မှ စတင်ခဲ့သည်။ ရှင်ယောဟန်ကို မိမိတို့နှင့်အတူ ခေါ်သွားရေးနှင့် ပတ်သတ်ပြီး ပေါလုနှင့် ဘာနဘတို့ လမ်းခွဲခဲ့ကြသည်။ (ရှင်ယောဟန်သည် ပထမခရီးစဉ်တွင် လမ်းတ၀က်မှ ပြန်သွားခဲ့သည်။) ဘာနဘသည် ရှင်ယောဟန်ကို ခေါ်ပြီး စိပရုကျွန်းသို့သွားပြီး သံပေါလုက စီလပ်ကိုခေါ်ပြီး တာဆုမြို့ကို ဖြတ်ပြီး ပထမခရီးစဉ်မှသွားခဲ့သော ဒေးဘေမြို့၊ လစတြာမြို့များနှင့် အီးကိုးနယမြို့များသို့ ကုန်းတွင်းမှ သွားရောက်ခဲ့ကြသည်။ လစတြာမြို့တွင် တိမောသီဦးသည် သူတို့နှင့် အတူနောက်သို့ လိုက်ပါလာခဲ့သည်။


အေဒီ (၅၂)

ထိုနောက် ဖရိဂျီယနှင့် ဂါလားဆီယာနယ်များကို ဖြတ်ပြီး ထရောမြို့သို့ ရောက်ရှိခဲ့သည်။ ထို ထရောမြို့မှတဆင့် ဆာမိသရောဆေကျွန်းကိုဖြတ်ပြီး ဆက်လက်ရွက်လွှင့်ခဲ့ရာ နေအာပိုလစ်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုနောက် မာစီဒိုးနိယပြည်၏ အဓိကမြို့ဖြစ်သော ဖိလိပိမြို့သို့သွားကြသည်။ (တမန်တော် ၁၆း ၁၁) သူတို့သည် အမ်ဖီပိုလစ်နှင့် အာပိုလိုနိယမြို့တို့ကို ဖြတ်ပြီး သက်ဆာလောနိကမြို့သို့ ရောက်ကြလေ၏။ ဆက်လက်ပြီး ဘေးရေယမြို့သို့လည်း သွားရောက်တရားဟောကြလေသည်။ ဘေးရေယမြို့မှ ပေါလုသည် တစ်ဦးတည်း အေသင်မြို့သို့ပထမသွားရောက်ခဲ့ပြီး ထိုမြို့တွင် စိလပ်နှင့် တိမောသီဦးတို့ကို စောင့်ခဲ့လေသည်။ အေသင်မြို့မှတဆင့် ကောရိန့်မြို့သို့ရောက်ရှိခဲ့သည်။ ထိုမြို့တွင် သက်ဆာလောနိကသြ၀ါဒစာ ပထမစောင်ကို ရေးသားခဲ့သည်။ ကောရိန့်မြို့တွင် နောက်မှလိုက်လာသော စိလပ်နှင့် တိမောသီဦးတို့နှင့် ပြန်လည်တွေ့ဆုံခဲ့သည်။ အီတလီပြည်မှ ရောက်ရှိလာကြသော အာကွိလနှင့် ပရစိလတို့နှင့်လည်း တွေဆုံခဲ့သည်။


အေဒီ (၅၃)

ပေါလုသည် ကောရိန့်မြို့တွင် ဆက်လက်နေပြီး သက်ဆာလောနိကသြ၀ါဒစာ ဒုတိယစောင်ကို ရေးသားခဲ့သည်။


အေဒီ (၅၄)

ကောရိန့်မြို့မှတဆင့် ဧဖက်ဆုမြို့သို့ဆက်လက်ထွက်ခွာခဲ့သည်။ ထို ထရောမြို့ သို့ရောက်ရှိပြီး ထိုမှတဆင့် မီလက်တုမြို့၊ ထိုမှ တဆင့် ရေလမ်းခရီးဖြင့် ဂျေရုဆလင်မြို့သို့ ခရီးဆက်ခဲ့လေသည်။


(မြို့များ၏အမည်များမှာ ကက်သလစ်ကျမ်းစာမှနာမည်များဖြစ်ပြီး မြေပုံပေါ်မှနာမည်များမှာ နှစ်ခြင်းအသင်းတော်မှ ခေါ်သောအ မည်နာမများဖြစ်သည်။ အနည်းငယ် ကွဲပြားနေရခြင်းဖြစ်ပါသည်။)

No comments: