Jun 10, 2010

ထာဝရ နေအိမ်

ထာဝရ နေအိမ်

အားလုံးနီးပါးသော လူတွေဟာ သေခြင်းအကြောင်းကို မကြားချင်၊ မပြောချင်ကြဘူး။ မပြောကောင်းပါဘူး နိမိတ် မရှိလိုက်တာဆိုပြီး ရှောင်ဖယ်တတ်ကြပါတယ်။ သေခြင်းတရားဟာ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး တွေ့ကြုံ ရင်ဆိုင်ကြရမဲ့အရာပါ။ ဒါကို လူတိုင်းသိနားလည် ပြီးသားပါ။ ကျွန်မတို့လူသားတွေဟာ ဒီ လောကနဲ့ဆိုင်တဲ့ အရာတွေ၊ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ ကိုယ်စီထားရှိ ကြပါတယ်။ သူဌေးကြီးဖြစ်ဖို့၊ ဆရာဝန်ကြီးဖြစ်ဖို့၊ အဆိုတော်စသဖြင့် လောကရဲ့ပြည့်စုံ ကြွယ်ဝမှုတွေအတွက် ကြိုးစားနေကြပါတယ်။ မိမိ ရည်မှန်းချက်အတွက်၊ မိသားစုအတွက် ကြိုးစားရှာဖွေခြင်းဟာ ကောင်းတဲ့ အချက်ပါပဲ။ ဒါပေမဲ့ လောကနဲ့ဆိုင်တဲ့ အရာတွေအတွက်သာ လုံးပမ်းရင်းနဲ့ ဘုရားသခင်ပေးထားတဲ့ အသက်ဝိညာဉ်ကို မေ့လျော့ နေတတ်ကြပါတယ်။ ကျွန်မတို့မှာ အခြားသတ္တ၀ါတွေလို ခန္ဓာကိုယ်ချည်းသာ ဖန်ဆင်းခံထားရတာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ရွှေပုံသဏ္ဍာန်နဲ့တူတဲ့ အသက်ဝိညာဉ်ကိုပါ ထည့်သွင်းပေးထားတာပါ။ ကျွန်မတို့တွေ တန်ဖိုးထားကြတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ လောကကြီးထဲမှာ ထာဝရနေထိုင်သွားရမှာ မဟုတ်ပါဘူး။ မြေကြီးကနေ ဖြစ်တည်လာတဲ့ ခန္ဓာကိုယ်ကြီးဟာ တစ်နေ့မှာ မြေကြီးအဖြစ် ပြန်လည်ရောက်ရှိ သွားမှာအမှန်ပါ။ ဒါကြောင့် ဘုရားသခင်ကလည်း သူပေးထားတဲ့ အသက်ဝိညာဉ်ကို ပြန်လည်အလိုရှိမှာပါပဲ။ ထာဝရအရှင်ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း ရည်ရွယ်ချက်ဟာ ကျွန်မတို့လူသားတွေ အားလုံးကို သူနဲ့အတူ ထာဝရ ဘုန်းစည်းစိမ် ခံစားရဖို့အတွက်ပါ။ ထာဝရဘုရားရဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်မတို့အားလုံး အပေါ်မှာ ကြီးမားလွန်းလှပါတယ်။ တစ်ပါးတည်းသော သားတော်ကို ဒီလောကကို စေလွှတ်ပြီး ချစ်ခြင်းမေတ္တာကို အရင်းခံကာ အပြစ်ကိုရှောင်နိုင်ဖို့၊ သေခြင်းကို အောင်နိုင်ဖို့ လမ်းခင်းပေးစေခဲ့ပါတယ်။ ခရစ်တော်ယေဇူးဟာ လူသားတစ်ယောက်အဖြစ် အမှန်စင်စစ်သေဆုံးခဲ့ပြီး သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သေခြင်းကို အောင်မြင်ခဲ့တယ် မဟုတ်လား။ ဒါကြောင့် စစ်မှန်တဲ့ ဘာသာတရားကို ယုံကြည်လက်ခံပြီး လိုက်နာကျင့်ကြံတဲ့ ခရစ်တော်နောက်လိုက်ဖြစ်တဲ့ ကျွန်မတို့ခရစ်ယာန်တွေဟာ သေခြင်းကို ကြောက်ရွံ့နေဖို့ လိုအပ်ပါသလား။ သေခြင်းတရားဟာ ဆုံးရှုံးသွားခြင်းလို့ ခံယူနေကြဦးမှာလား။ ကျွန်မတို့ရဲ့ထာဝရနေအိမ် ဖြစ်တဲ့ ကောင်းကင်နိုင်ငံကိုရောက်ရှိဖို့ အတွက် သေခြင်းဟာ မဖြစ်မနေ ဖြတ်လျှောက်ရမဲ့ တံတားလေးတစ်ခုမျှသာ ဖြစ်ပါတယ်။

ခရစ်တော်က "သူခိုးလာမဲ့အချိန်ကို အိမ်ရှင်သိပါလျှင် မအိပ်ဘဲ စောင့်နေကြလိမ့်မည်"လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့တတွေဟာလည်း ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုနည်းနဲ့ ဘုရားသခင်ပြန်လည် သိမ်းပိုက်ခြင်းခံရမယ်ဆိုတာ မသိကြပါဘူး။ အခုလို တိုးတက် လွန်းလှတဲ့ မီဒီယာခေတ်ကြီးထဲမှာ လူတွေဟာ အသစ်အဆန်းတွေကို အမျိုးမျိုး ဖန်တီးယူရင်း ဘ၀ရဲ့သာယာလှပခြင်းတွေကို ရယူ ခံစားနေကြပါတယ်။ အသိပညာတွေ မြင့်မားလွန်းလို့ သဘာဝကိုကျော်လွန်ပြီး ရေစီးကြောင်းကို ပြောင်းလဲပစ်နိုင်ခဲ့ရင်တောင် ထာဝရဘုရားရဲ့ အကြံအစည်တော်ကိုတော့ ဘယ်သူမှ ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။ သေခြင်းတရားကိုလည်း ရှောင်ပုန်းလို့ မရနိုင်ပါဘူး။ အသက်ငယ်သေးလို့၊ ပိုက်ဆံချမ်းသာလို့၊ ရုပ်ဆင်းအင်္ဂါလှပလွန်းလို့ မသေနိုင်သေးဘူးဆိုတာ မရှိသလို ဘုရားသခင်ဟာ ကျွန်မတို့ကို ဘယ်အချိန် ပြန်သိမ်းပိုက်မယ်ဆိုတာ ပြောမထားတဲ့အတွက် သေခြင်းတရားကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားဖို့ လိုမှာပါ။ ကျွန်မတို့အနေနဲ့ ဘုရားသခင်ရဲ့ နှုတ်တော်ထွက် သမ္မာကျမ်းစကားတွေကို လိုက်နာပြီး အသင်းတော်ရဲ့ စည်းကမ်းများကို စောင့်သိကာ စစ်မှန်သော ခရစ်တော်နောက်လိုက်ကောင်းများ ဖြစ်ကြရင်း ပြင်ဆင်နေထိုင်သင့်ပါတယ်။

လူသား သဘာဝအလျောက် လောကကြီးထဲက ထွက်ခွာသွားသူအတွက် ၀မ်းနည်းကြေကွဲမဆုံး ဖြစ်နေမဲ့အစား သူတို့ရဲ့ ၀ိညာဉ်အတွက် မစ္ဆားတရား ပူဇော်ပေးခြင်း၊ ဆုတောင်းပေးခြင်း၊ အလှူဒါနပြုပေးခြင်းအားဖြင့် ကူညီပေးရမှာဖြစ်ပါတယ်။ "သေသူ ရှင်သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ် ခံစားရကြောင်း"ဆိုတဲ့ ယုံကြည်ရာအချက်အရ ကျွန်မတို့ရဲ့ ဆုတောင်းပေးခြင်း၊ ခြိုးခြံခြင်းအားဖြင့် သေလွန်သူဝိညာဉ်တွေဟာ အပြစ်အနာအဆာများမှ လွတ်ငြိမ်းခွင့် ရရှိနိုင်ကြပါတယ်။ ကျွန်မတို့အားလုံးပဲ အသက်ရှင် နေထိုင်ရတဲ့ ခဏတာအချိန်လေးမှာ ၀မ်းရေးအတွက် ကြိုးစား ရှာဖွေကြသလို ကျွန်မတို့ ၀ိညာဉ်ကယ်တင်ခြင်းရရှိဖို့အတွက်ကိုလည်း ကြိုးစားရမှာ ဖြစ်ပါတယ်။ "ကောက်ကွေ့သောလမ်းများကို ဖြောင့်စေကြလော့၊ တောင်ကြီး တောင်ငယ်ရှိသမျှကို ဖြိုကြ၍ ချိုင့်ဝှမ်းရှိသမျှတို့ကိုဖို့ ကြလော့"ဆိုတဲ့ သခင်ခရစ်တော်ရဲ့ ဆုံးမစကားကို အသစ် တဖန်ပြန်လည်ကြားယောင်ပြီး ကျွန်မတို့ တတွေ ကြိုးစားလိုက်နာကာ ထာဝရအဖရဲ့ အိမ်တော်ကိုရောက်ရှိနိုင်ဖို့ ကြိုးစားကြပါစို့။ "ပြီးခဲ့အချိန်ကာလမှာသာ ငါဘာလုပ်ခဲ့ရရင်" ဆိုတဲ့ ရင်နင့်ဖွယ်ရာ အကောင်းဆုံး နောင်တကို မခံစားရအောင် ယခုပစ္စုပ္ပန်ကာလမှာ မိမိရဲ့ဝိညာဉ်အတွက် ကြိုးစား ပြင်ဆင်ကြပါစို့။ ကျွန်မတို့အနေနဲ့ သေခြင်းတရားဟာ မီးရောင်ကိုမှိတ်လိုက်ခြင်း မဟုတ်ဘဲ နေမင်း အလင်းရောင်ဖြာထွက် လာတဲ့အတွက် မီးခွက်ကို ဖယ်လိုက်ခြင်း ဖြစ်တယ်ဆိုတာကို နားလည်လက်ခံပြီး ခရစ်ယာန်တွေအားလုံး သေခြင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ဖို့၊ အတိအကျမသိတဲ့ ကျန်ရှိနေတဲ့ အချိန်လေးမှာ မိမိရဲ့ဝိညာဉ် အသက်ရရှိဖို့ အကောင်းဆုံး ပြင်ဆင်ထားကြပါစို့။ သမ္မာကျမ်းစာတော်မြတ်ကို ကိုးကားပြီး ခရစ်တော်ရဲ့လမ်းစဉ်ကို ပုံတုယူကာ ၀ိညာဉ်တော်ရဲ့ကျေးဇူးကို တောင်းခံရင်း ထာဝရအဖဘုရားရဲ့ နေအိမ်တော်မှာ ပျော်ရွှင်စွာ စံစားနိုင်ဖို့ အားလုံးအတူတကွ ကြိုးစားကြပါစို့။

နှင်း (SJA)

Jun 9, 2010

နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးခံစားရခြင်း


နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးခံစားရခြင်း ( Mutual Enrichment )


ယုံကြည်ကိုးကွယ်မှု မတူညီသူတွေနဲ့ တွေ့ဆုံနှီးနှောဖလှယ်ခြင်းကို ပြုလုပ်ခြင်းအားဖြင့် ပါဝင်ပြုလုပ်သူရဲ့ ယုံကြည်ခြင်း Faith ကိုလည်း တိုးတက် ရှင်သန်လာစေပါတယ်။ တစ်ခြားဘာသာရဲ့ ယုံကြည်ချက်တွေ beliefs၊ ကျင့်စဉ်တွေ practices နဲ့ သူတို့ အမြတ်တနိုးထားတဲ့ သူတို့ဘာသာရဲ့ တန်ဖိုးတွေကို ကြားရ၊ သိရတဲ့အခါ မခံမရပ်နိုင်ဖြစ်ပြီး လက်မခံနိုင်တာမျိုးမဖြစ်ဘဲ၊ တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံမယ်ဆိုရင် မိမိရဲ့ဘာသာရေး ယုံကြည်ချက်တွေမှာ တိုးတက်ရှင်သန်လာပါတယ်။ တစ်ခြားဘာသာတရားရဲ့ အမြင်တွေကို တွေ့ကြုံ သိရှိလာရတဲ့အခါ မိမိရဲ့ဘာသာရေးခံယူချက် religious conviction တွေကို မိမိကိုယ်တိုင် ပိုပြီး နှစ်သက်လာရတယ်။ ပိုပြီးတော့ လေ့လာလာရတယ်၊ ပိုပြီးလေးနက် လာရတယ်၊ ကိုယ့်ဘာသာအကြောင်းကို ပိုမိုနားလည်လာပြီး ပိုပြီး ခိုင်မာတဲ့သံန္နိဌာန်နဲ့ မိမိဘ၀ကို အသက်ရှင်လာတယ်။


ဥပမာအားဖြင့် စာရေးသူဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခုကို သွားလည်တဲ့အခါ ဗုဒ္ဓ သံဃာတော်တွေဟာ ကျိန်းစက်တဲ့အခါမှာ နူးညံ့တဲ့ မွေ့ယာကိုမသုံးဘဲ အမာကြီးပေါ်မှာ ကျိန်းစက်ကြတာကို တွေ့ရတယ်။ တစ်နေ့လျှင် ဆွမ်းတစ်နပ်သာလျှင် ဘုဉ်းပေးကြတယ်။ သူတစ်ပါး အသက်ကိုရှောင်ပြီး သက်သက်လွတ်စားကြတာကို တွေ့ခဲ့ရတယ်။ အိမ်ထောင်သားမွေး မပြုဘဲ ငယ်ဖြူဘ၀နဲ့ ကျင့်ကြံနေထိုင်ကြတာကို တွေ့ရတဲ့အခါမှာ စာရေးသူကိုယ်တိုင် ခံစားမိတာက ငါတို့ ခရစ်ယာန်ဘာသာမှာလည်း ဒါမျိုး ကျင့်စဉ်တွေရှိတယ်ဆိုပြီး အရင်ကထက် ပိုပြီး ခိုင်ခိုင်မာမာ လေးလေးနက်နက် အသက်ရှင်နေထိုင်လာရအောင် စိန်ခေါ်နေသလိုမျိုး ခံစားခဲ့ရပါတယ်။ နောက်ပြီး အစ္စလာမ်ဘာသာတရားကို တကယ် အသက်ဝင်လိုက်စားတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးဟာ တစ်နေ့လျှင် ငါးကြိမ် ဘုရားရှိခိုးတယ်။ လူတွေ ရှုပ်ယှက်ခတ်နေတဲ့ ဘူတာရုံထဲမှာရောက်နေရင်လည်း လူတွေ အထင်သေးရှုတ်ချမှာကို မရှက်မရွံ့ဘဲ ဘုရားရှိခိုးကြတယ်။ ဒီအခါမှာ မိမိကိုယ်ကို ပြန်မေးမိတယ်။ ခရစ်ယာန်တွေ ဘာကြောင့်များ စားသောက်ဆိုင်ထဲ ရောက်ရင် ခမည်းတော်၊ သားတော်တားရမှာကို ရှက်ကြရတာလဲ။ ဘတ်စ်ကားစီးနေရင်းနဲ့ ဘာကြောင့် စိတ်ပုတီး မစိပ်ရဲရတာလဲ။ လူစုဝေးရာနေရာတွေမှာ ရောက်နေရင် ဘာကြောင့် အန်ဂျေလူးမေတ္တာကို မဆိုရဲ ကြတာလဲ။

ဒါကြောင့် တွေ့ဆုံနှီးနှောဖလှယ်ခြင်းမှာ ပါဝင်လှုပ်ရှားသူဟာ မိမိတွေ့ ကြုံဆုံရတဲ့ တစ်ခြားဘာသာဝင်အားဖြင့် ဘုရားသခင်က မိမိထဲမှာ လုပ်ဆောင်နေတယ်ဆိုတာကို သတိပြုမိတယ်ဆိုရင် မိမိရဲ့ ဘာသာပျက်မသွားဘဲ ခိုင်မြဲစွာ ဘာသာထဲမှာ ဆက်လက်ပြီး နေထိုင်နိုင်တဲ့ အပြင် မိမိရဲ့ ၀ိညာဉ်ရေး Spirituality တိုးတက်ရှင်သန်လာနိုင်ပါတယ်။
တွေ့ဆုံနှီးနှောဖလှယ်ခြင်းကို ပြုလုပ်ခြင်းအားဖြင့် ပါဝင်လုပ်သူတို့ကို အကျိုးပြုတာ တင်မဟုတ်သေးဘဲ သူ့ကိုယ်စားပြုတဲ့ ဘာသာကြီးတစ်ခုလုံးကိုလည်း အကျိုးဖြစ်စေပါတယ်။

ဥပမာ - နှီးနှောဖလှယ်ခြင်းအားဖြင့် ခရစ်ယာန်ဘာသာတရား Christianity နေပြီး တစ်ခြားဘာသာတွေကို တိုးတက်သွားစေခြင်း၊ လှုံ့ဆော်ပေးခြင်းတွေ ဖြစ်စေပါတယ်။ ဘာသာတရားဟာ လူမျိုးစုတစ်စု၊ နိုင်ငံတစ်နိုင်ငံ၊ အုပ်စုတစ်စု ကလေးအတွက် သီးသန့်မဟုတ်ဘဲ စင်္ကြ၀ဠာတစ်ခုလုံးနဲ့ သက်ဆိုင်တယ်။ Universality ဆိုတာကို သဘောပေါက်စေပါတယ်။ ခရစ်ယာန်ဘာသာနဲ့ တွေ့ဆုံနှီးနှောခြင်းအားဖြင့် တစ်ချို့သော ဘာသာတွေမှာ သူတို့မှားယွင်းစွာ လက်ခံယုံကြည် လိုက်ကျင့်နေကြတဲ့ လူသတ်ပြီး ယဇ်အဖြစ်
ပူဇော်ပသခြင်း ဓလေ့၊ အမွှာပူးမွေးရင် သတ်ပစ်တာ၊ မိခင် ၀မ်းဗိုက်ထဲမှာရှိနေသေးတဲ့ ကလေးတွေရဲ့ အခွင့်အရေးတွေ၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ချိုးနှိမ်ခြင်းတွေကို ပြောင်းလဲသွားစေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ်ယာန်တွေနဲ့ တွေ့ဆုံနှီးနှောဖလှယ်ခြင်း ပြုခြင်း အားဖြင့် လူသားတွေ ဖွံ့ဖြိုးတိုးတက်စေဖို့၊ လူမှုရေးလုပ်ငန်းတွေ ပိုမိုပြီး လုပ်ဆောင်နိုင်အောင် စိတ်ဝင်စားလာစေပါတယ်။ ထိုင်ဝမ်နိုင်ငံက ဗုဒ္ဓဘာသာမယ်သီလရှင်တစ်ပါးက သူမအခုလို လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီး လုပ်ဆောင်လာရတာဟာ ကက်သလစ်သီလရှင်များရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ပြီး စိတ်ဝင်စားခဲ့တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ပြောပြတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေက ခရစ်ယာန်ဘာသာမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူရည်တူ သဘောထားတာကို တွေ့မြင်ကြပါတယ်။ မိရိုးဖလာရိုးရာ ဘာသာတွေကို ကိုးကွယ်ကြသူတွေကလည်း မိမိတို့ရှာဖွေ နေကြတဲ့ အမြင့်မြတ်ဆုံးသောဝိညာဉ် The Supreme Spirit ကို ခရစ်ယာန် ဘာသာတရားတော်မှာ အပြည့်ဝဆုံး၊ အစုံလင်ဆုံး ရှိနေတယ်ဆိုတာကို တွေ့ရှိလာကြတယ်။ နောက်ပြီး မေးခွန်းတစ်ခု ရှိသေးတယ်။ "ဘာသာ (Religion)၊ တိုင်းပြည် (Country)နဲ့၊ ယဉ်ကျေးမှု (Culture) တို့အကြား တစ်ခုနဲ့ တစ်ခုစပ်ဆိုင်မှု ရှိသလား" တစ်ချို့ ဗုဒ္ဓဘာသာ အများစု၊ အစ္စလာမ်ဘာသာ အများစုဖြစ်တဲ့ နိုင်ငံတွေမှာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာ၊ ဒါမှမဟုတ် အစ္စလာမ်ဘာသာနဲ့ ထပ်တူပြုတတ်ကြတယ်။ ဥပမာ - မြန်မာ့ယဉ်ကျေးမှုကို ဗုဒ္ဓဘာသာယဉ်ကျေးမှု အဖြစ် သတ်မှတ်တတ်ကြတာမျိုး ဖြစ်တယ်။ ဒီလိုမျိုးတွေ ထိုင်းနိုင်ငံနဲ့ အာရပ်နိုင်ငံအချို့မှာလည်း တွေ့ရတတ်တယ်။ တစ်ချို့ ဟိန္ဒူဘာသာဝင်တွေ တွေးထင်တတ်ကြတာက အိန္ဒိယလူမျိုးဆိုရင် ဟိန္ဒူပဲ ဖြစ်ရမယ်ဆိုတာမျိုး။ ဘာသာတရားဟာ လူမျိုးစုတစ်မျိုးတည်း၊ အုပ်စုတစ်ခု၊ နိုင်ငံတစ်နိုင်ငံထဲအတွက်သာ မဟုတ်ဘဲ စင်္ကြ၀ဠာတစ်ခုလုံး၊ လူမျိုး အားလုံးနဲ့ သက်ဆိုင်တယ်။ Universality ဆိုတာကို ခရစ်ယာန်ဘာသာ အထူးသဖြင့် ကက်သလစ်ဘာသာကနေ တွေ့ဆုံနှီးနှောဖလှယ်ခြင်း Dialogue ပြုလုပ်ရာမှာ တစ်ခြားဘာသာတွေ သဘောပေါက် လက်ခံလာအောင် လမ်းပြပေးပါတယ်။

အသင်းတော် The Church ကနေသွန်သင်ချက် Doctrine ကို သွန်သင်တဲ့အခါ ဟိုနေရာမှာတစ်မျိုး၊ ဒီနေရာမှာ တစ်မျိုးမဖြစ်ဘဲ တညီတညွတ်ထဲ သွန်သင်တယ်။ အသင်းတော်ဟာ ဘာသာရေး ခေါင်းဆောင်တွေ (Authority) တွေရဲ့ အောက်မှာ တစည်းလုံးတည်း (Unity) ရှိတယ်။ ဒါပေမဲ့လည်း လူတိုင်းမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး လွတ်လွတ် လပ်လပ် ကိုယ်ကြိုက် နှစ်သက်ရာဘာသာကို ယုံကြည်ကိုးကွယ်နိုင်တဲ့ (င်္Freedom) ကိုလည်း တန်ဖိုးထားလေးစားတယ်။ ယုံကြည်ခြင်း (Faith) တစ်ခုထဲကိုပဲ လက်ခံထားတာ ဖြစ်ပေမဲ့ လူမျိုးစုတိုင်းမှာ ရှိကြတဲ့ သူတို့ရဲ့ ယဉ်ကျေးမှုထုံးတမ်းဓလေ့၊ သူတို့ရဲ့ ဘာသာစကား၊ ရိုးရာအတိုင်း ၀တ်ပြု ရှိခိုးကိုးကွယ်မှုတွေကို အသင်းတော်က တကယ် အလေးအနက်ထားပြီး အားပေးတယ်။ တကယ်တော့ ခရစ်ယာန် တရားတော်ကနေ ပြောနေတဲ့အချက်တွေက ဘုရားသခင်ဟာ ကျွန်ုပ်တို့လူသားတွေ အားလုံးရဲ့ ဖခင်ဖြစ်တယ်။ ကျွန်ုပ်တို့အားလုံးက ညီအစ်ကိုမောင်နှမတွေ ဖြစ်ကြတယ်။ ဒါကြောင့်မို့ ခွဲခြားခြင်းမရှိဘဲ အတူတကွလက်တွဲပြီး ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးကို ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ နေရာ ဖြစ်လာအောင် အလုပ်လုပ်ကြရမယ် ဆိုတာတွေဖြစ်ပါတယ်။

ဒီသဘောတရားကို ကမ္ဘာ့ဘာသာကြီး တော်တော်များများက လက်ခံထားကြပါတယ်။ ကက်သလစ်ဘာသာရဲ့ အချို့သော အဓိကယုံကြည်ချက်များနဲ့ ကျင့်စဉ်တွေကို သူတို့ လက်မခံနိုင်ကြပေမဲ့လည်း သူတို့မှာ ပုပ်ရဟန်းမင်းကြီးကို လာရောက် တွေ့ဆုံလိုတဲ့ဆန္ဒ၊ ရောမကို အလည်သွားလိုတဲ့ ဆန္ဒ၊ ကက်သလစ်တွေနဲ့ အတူလက်တွဲပြီး အလုပ်လုပ်လိုကြတဲ့ ဆန္ဒတွေကြောင့် သူတို့မှာ ခရစ်ယာန်များနဲ့ အမြင်ခြင်း၊ အတွေ့အကြုံခြင်း ဖလှယ်လိုကြတဲ့ ဆန္ဒရှိကြကြောင်း တွေ့မြင်ရပါတယ်။


ဘာသာပြန်ဆိုသူ
ဘုန်းတော်ကြီး ရစ်ချတ်လှမင်းဦး

Jun 7, 2010

သီရိဒုံအမေ "ရှားလတ်"

သီရိဒုံအမေ "ရှားလတ်"

အရိုင်းကာလ လွန်လေကတည်းက ယောင်္ကျား၊ မိန်းမတို့ တန်းတူအခွင့် အရေးကို ကြွေးကြော်ခဲ့ကြပါတယ်။ ဒါပေမဲ့ တချို့သော ဒေသတွေမှာတော့ အမှောင်ကျဆဲပါ။ ဒီအထဲမှာ အမျိုးသမီးတွေက အမေ (သို့) မိခင်နေရာ (သို့) ဒေသတစ်ခုရဲ့ ရှေ့ဆောင်ရှေ့ရပ်ပမာ ဖြစ်လာကြပါတယ်။ ဒါဟာ လိင်ခွဲခြားမှုဆိုတာ ပဓာနမကျတဲ့၊ အရေးမပါတဲ့ ကိစ္စရပ်ဖြစ်ကြောင်း ခွဲခွဲခြားခြား သိမြင်လာခြင်းပင် ဖြစ်ပါတယ်။ ကျား၊ မတို့ဟာ စိတ်သဘောအရ ခြားနားမှုမရှိကြောင်း ခိုင်မာတဲ့ကျမ်းတစ်စောင် ဖတ်ဖူးပါတယ်။ အမှန်တကယ် ကျား၊ မ ဟာ ပြဿနာတစ်ရပ် မဟုတ်ပါ၊ ၎င်းင်းတို့ ဘာတွေလုပ်ဆောင်နိုင်ကြတယ် ဆိုတာကိုသာ စဉ်းစားစရာကောင်းပါတယ်။ အသက်ပိုင်းနဲ့ ပိုင်းဖြတ်မလား၊ အရပ်ဒေသနဲ့ တွက်ချက်မလားဆိုတာကိုသာ သုံးသပ်ရမှာပါ။ ပုခက်လွှဲသောလက်သည် ကမ္ဘာကိုစိုးကိုင်နိုင်သည်ဆိုတဲ့ အဆိုလို သေချာတာတစ်ခုက ၎င်းင်းတို့ မွေးဖွားပေးသော သားသမီးများက ၎င်းင်းတို့ကိုယ်စား စွမ်းဆောင်ကြရင်ဖြင့် အမေနဲ့မကင်းသော မျက်မှောက် ကမ္ဘာကြီးဖြစ်လာတာက သက်သေပင်ဖြစ်ပါတယ်။ ကမ္ဘာမှာလူသိများခဲ့တဲ့ အမျိုးသမီးများကို ရေတွက်ကြည့်မိရင်း ဦးစွာ ပထမအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြေးကြည့်မိပါတယ်။ ထိုင်းနိုင်ငံရဲ့ မိခင်လို့ဘွဲ့ခံယူခဲ့သူ သီရိမယ်ရဲ့မျက်နှာကို မြင်ယောင်မိပါတယ်။ ထိုင်းနိုင်ငံရဲ့မိခင်လို့ တင်စားခံရတဲ့ မိဖုရားကြီး သီရိမယ်ဟာ သူမရဲ့နိုင်ငံနဲ့လူမျိုးတို့အပေါ် စေတနာ ပိုရှာပါတယ်။ ဒေသမျိုးစုံသို့သွားကာ ထိုင်းလူမျိုးတို့အရေးကို တတ်နိုင်သည့် ဖက်က သယ်ပိုးခဲ့ပါတယ်။ မိဖုရားကြီးရဲ့ ဓါတ်ပုံများကိုကြည့်ရင် ခန့်ညားလှသလို၊ ကြင်နာတဲ့ မျက်နှာကို တွေ့မြင်နိုင်တဲ့အပြင် အလုပ်တစ်ခုမှာ အာရုံစူးစိုက်နေတဲ့ မျက်နှာထားကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဘာသာတရားကို ကိုင်းရှိုင်းမှုရုပ်လွှာကိုလည်း တွေ့နိုင်ပါတယ်။ သူမရဲ့ အပြစ်အနာအဆာတွေကို သတင်းထဲမှာ မကြားရပါ။ မဂ္ဂဇင်းထဲမှာ မဖတ်ရပါ။ အနောက်နိုင်ငံက တော်ဝင်မိသားစုရဲ့ အသံတွေလို ပူပူညံညံမကြားရပါ။ မိဖုရားကြီးသီရိမယ်ကို ၁၉၃၂-ခုနှစ်၊ သြဂုတ်လ ၁၂- ရက်နေ့မှာ မွေးဖွားပြီး ဆွစ်ဇာလန်နိုင်ငံက အင်ဂျင်နီယာပညာရပ်ကို ငယ်ငယ်ရွယ်ရွယ်သင်ခဲ့တဲ့ မိန်းမသားတစ်ယောက် ဖြစ်ပါတယ်။ ၁၆နှစ်ပြည့် မွေးနေ့မှာ ကြင်ယာတော်ထံမှ စိန်လက်စွပ် တစ်ကွင်းကို လက်ဆောင်ရခဲ့ပြီး နောက်နှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။

၁၉၅၁-ခုနှစ်မှာ သားကြီး ဥဘောရာတာနာကို မွေးဖွားပြီး ၁၉၅၂-ခုနှစ်မှာ ဒုတိယသားတော် ဘာဂျီရာလောင်ကွန်း၊ ၁၉၅၅ ခုနှစ်မှာ သမီးကြီး မဟာချက်ကရီသီရိဒုံနဲ့ ၁၉၅၇ ခုနှစ်မှာ သမီးငယ်ချုလက်ဟုန်တို့ကို မွေးဖွားခဲ့ပါတယ်။ ဒီလို သား၊ သမီး ၄-ယောက် စလုံး သူတို့နေရာနဲ့ သူတို့ ထွန်းတောက်နေတဲ့ အတိုင်းအတာကို နှိုင်းဆကြည့်ရင် မိခင်တစ်ယောက်ရဲ့ အခန်းကဏ္ဍကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း (National Mothers Day) ဆိုတဲ့ "နိုင်ငံရဲ့အမေများနေ့"ကို သူမမွေးနေ့မှာ သတ်မှတ်ခြင်းဖြစ်ပါတယ်။

ထီးရိပ် နန်းရိပ်အောက်မှာ အေးဆေး သက်သာစွာနေနိုင်သူ အမျိုးသမီးဖြစ်ပေမဲ့လည်း ၁၉၅၆ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ ထိုင်းအမျိုးသမီးကောင်စီကို သူ့ရဲ့ထီးရိပ် နန်းရိပ်မှာ ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသမီးငယ်များရဲ့ ဘ၀တိုးတက်ရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို အာရုံဝင်စားဆောင်ရွက်ခဲ့ ပြန်ပါတယ်။ ဒါ့အပြင် ဆေးဝါးဖက်ဆိုင်ရာ အမျိုးသမီးအသင်းတစ်ခုကို ၁၉၆၀ ခုနှစ်မှာ ထူထောင်ခဲ့ပြန်ပါတယ်။ ၁၉၅၃ ခုနှစ်မှာ ထူထောင်တဲ့ အမျိုးသမီးရှေ့နေများ၊ ဥပဒေပညာရှင်များအသင်းမှာလည်း ပါဝင် ဦးဆောင်မှု ပေးခဲ့ပါတယ်။


၁၉၈၀ ခုနှစ်မှာတော့ အရေးပေါ် အဆောက်အအုံလို့ခေါ်နိုင်တဲ့ ခိုကိုးရာမဲ့ အမျိုးသမီးများ၊ ကလေးများကိုစောင့်ရှောက်ဖို့ ရိပ်သာတစ်ခု ဖွင့်ခဲ့ပါတယ်။ ဒါတင်မကဘဲ စီးပွားရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အမျိုးသမီးအသင်းများကိုလည်း တတ်စွမ်းသမျှ ကူညီခဲ့ဟန်တူပါတယ်။

တိုင်းရေးပြည်ရာ မငြိမ်းချမ်းလို့ အင်ဒိုချိုင်းနားဒေသက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်များကို စခန်းချပေးထားရာဖြစ်တဲ့ ထိုင်းနိုင်ငံ အရှေ့ဖက်နယ်နမိတ်စည်း ချောင်းတစ်လျှောက်ရှိ၊ ထိုင်းနိုင်ငံကြက်ခြေနီအသင်း ဒုက္ခသည်စခန်းကိုလည်း ကိုယ်တိုင်လိုက်ပြီး သွားရောက် ကြည့်ရှု့ပါသေးတယ်။


သားရိုင်းတိရိစ္ဆာန်များ မတိမ်ကော၊ မပပျောက်ရေးကိုလည်း သောကရှိဟန်တူပါတယ်၊ ကြိုးကြာငှက်လိုမျိုးကိုပင် လျစ်လျူရှုမထား၊ သားရိုင်းတိရစ္ဆာန်များနဲ့ ပတ်သက်တဲ့ W.F.T နဲ့ A.C.W လို အဖွဲ့များမှာလည်း ပါဝင် လိုက်ပါသေးတယ်။ သစ်တောရေးရာဌါနနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးမှာလည်း အားတက်သရော ပါဝင်ပြန်ပါတယ်။


နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေ မပျောက်ပျက်ရေးအတွက်လည်း၊ ထိုင်းလက်မှုပညာကို Support ဆိုတဲ့ အဖွဲ့များ ဖွဲ့ကာ နည်းပညာထွန်းကားရေး အားပေးခဲ့ပါတယ်။ ကိုယ်တိုင် ကိုယ်ကျလည်း ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းဖို့ လှုံ့ဆော်တဲ့ လုပ်ငန်းခွင်တွေထဲ ပါဝင်ပါတယ်။ အမျိုးသမီးများ ယဉ်ကျေးမှုကလပ်မှာလည်း လုပ်အား ထည့်ဝင်ခဲ့ပြန်ပါတယ်။
သူမရဲ့ ထိုင်းလက်မှုပညာ ပြန့်ပွားရေး စွမ်းဆောင်ချက်တွေက များပြားလှပါတယ်။ သမီးဖြစ်သူ သီရိဒုံကိုလည်း သူမရဲ့ခြေရာကို နင်းစေခဲ့ပါတယ်။

သားကောင်းတို့ မိခင်လည်းဖြစ်ခဲ့ပြီး ထီးရိပ်ဘုံမှာ တçရာရဘ၀နဲ့ အပါးခိုမနေခဲ့ဘဲ အမျိုးသမီးကောင်းပီသစွာ တတ်နိုင်တဲ့ နေရာများကနေ လုပ်အားပေး စွမ်းဆောင်ခဲ့ပါတယ်။ ဒုက္ခသည်နဲ့သမီးငယ်များ၊ ခိုကိုးရာမဲ့ကလေးသူငယ်များအပြင် သူ့မြေ သူ့လေကို အားကိုးနေထိုင်ကျက်စားတဲ့ တိရစ္ဆာန်များ အရေးကိုပင် ပစ်ပယ်မထားခဲ့ပါ။


ဒါကြောင့် သီရိဒုံအမေ"ရှားလတ်"
ခေါ် "သီရိမယ်"မှာ စံနမူနာယူလောက်တဲ့ တော်ဝင်အမျိုးသမီးတစ်ဦးဖြစ်တယ် ဆိုတာကို လူတိုင်းက ထောက်ခံခဲ့တာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မမာလာ (RVA)

Jun 5, 2010

ကျမ်းစကားများနှင့်အောင်မြင်သော လုပ်ငန်းရှင်များ


ကျမ်းစကားများနှင့်အောင်မြင်သော လုပ်ငန်းရှင်များ


သို့ ...
သူငယ်ချင်း

ငါလည်း စာမရေးတာ တော်တော့ကို ကြာသွားပြီကွယ်။ ခွင့်လွှတ်ပါ။ အလုပ်တွေ ရှုပ်ရှုပ်နေလို့ဆိုပြီး ဆင်ခြေပေးရင်း ဒီစာတိုလေးကိုရေးပြီး မျှဝေ ခံစားလိုက်ပါတယ်။ ငါ့ရဲ့ ဆရာမကြီးတစ်ယောက် ပြောခဲ့ဖူးတာကို ပြန်ပြီး သတိရမိတယ်။ အချိန် ၁ လက်မပေးပြီး ရွှေ ၁ လက်မ ၀ယ်လို့ရတယ်။ ရွှေ ၁ လက်မပေးပြီး အချိန် ၁ လက်မ ၀ယ်လို့မရဘူးတဲ့။ အချိန်ရဲ့ အဖိုးတန်မှုတွေပေါ့။ ဒါကိုစဉ်းစားပြီး အချိန် မရရအောင် ထုတ်ပြီးရေးလိုက်တာပါ။
ငါတို့ငယ်စဉ် ဆုံဆည်းခွင့်ရဖို့ ဘုရားသခင်ဖန်တီးပေးတဲ့ နေရာလေ။ ဘုရားကျောင်းတော်ကြီးပေါ့။ ဘုရားစကား သင်ကြားရင်း ဘုရားကျောင်းအတွက် လုပ်အားပေးခဲ့ပုံတွေ၊ ငါတို့ သူငယ်ချင်းတွေစုပြီး ကစားခဲ့ပုံတွေကို ရုပ်ရှင်ကြည့်ရသလို ပြန်ပြီးမြင်ယောင် လာစေပါတယ်။ သူငယ်ချင်းတွေထဲမှာ တစ်ချို့က ဘုန်းကြီး၊ တစ်ချို့က ကိုရင်၊ တစ်ချို့က သီလရှင်၊ တစ်ချို့က လုပ်ငန်းရှင်ကြီးတွေဖြစ်လို့၊ တစ်ချို့က ၀န်ထမ်းတွေဖြစ်လို့၊ တစ်ချို့ကတော့ စိတ်မကောင်းစရာ နတ်ဆိုးရဲ့ကျော့ကွင်းထဲက ပြန်မလွတ်မြောက်သေးကြပါလား။

ငါကတော့ လုပ်ငန်းရှင်သေးသေးလေးပေါ့။ လုပ်ငန်းရှင်ကြီးဖြစ်အောင် ကြိုးစားနေပါတယ်။ "လူသားတွေရဲ့ ဘ၀ကို ဘာတွေက မောင်းနှင်နေသလဲ"လို့ ဘုန်းတော်ကြီးတစ်ပါးကိုမေးဖူးတယ်။ ဘုန်းတော်ကြီးက မျှော်လင့်ချက်တဲ့။ မျှော်လင့်ချက်သာ မရှိတော့ဘူးဆိုရင် အဲဒီ လူကသေနေတယ်။ "သိပ်မှန်ပါတယ်" မျှော်လင့်ချက်သာမရှိခဲ့ရင် ဘယ်သူမှ ကိုယ်ရည်ရွယ်တဲ့ ပန်းတိုင်ရောက်မှာ မဟုတ်ပါဘူး။ မျှော်လင့်ချက်တွေ ဘယ်လောက်ပဲ ကြီးမားကြီးမား တကယ်လက်တွေ့ကျကျ
မကြိုးစားဘူးဆိုရင်လည်း မအောင်မြင်နိုင်ပါ။ ငါတို့လည်း လက်တွေ့ဘ၀မှာ အများကြီးကြိုးစားမှ မျှော်လင့်ချက် အလင်းတန်းလေးတွေကို နည်းနည်းလေးတွေ့ရပါတယ်။ ငါတို့ရဲ့ လုပ်ငန်းလေးတွေမှာလည်း အခက်အခဲတွေ အများကြီးပေါ့။ ကိုယ်ထင်တဲ့အတိုင်း မဖြစ်လာရင် ဒေါသထွက်၊ စိတ်ဓာတ်ကျ မကြာခဏဖြစ်ဖြစ်နေတယ်။ ဘုရားကျောင်းထဲ ရောက်သွားမှ ခရစ်တော်ဒုက္ခစရိယနဲ့ ငါ့ဘ၀ရဲ့ အခက်အခဲနဲ့ယှဉ်ကြည့် လိုက်ရင် ရယ်စရာတွေဖြစ်ခဲ့ရတယ်။" ကျမ်းစကားများနဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်" ဆိုပြီး ငါဘာဖြစ်လို့ ခေါင်းစဉ်တပ်ရသလဲဆိုတော့ ငါက ခရစ်တော်ကို ဘ၀ရဲ့ စံပြဘုရားအဖြစ် ခံယူထားလို့ပါ။

ပြည်တွင်းပြည်ပမှ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေကို လေ့လာကြည့်ရင် ငါလေ ကျမ်းစကားများကို သတိရတယ်။ တချို့သော ကျမ်းစကားတွေဟာ ငါ့ဘ၀အတွက် အားအင်တွေဖြစ်ခဲ့တယ်။ ဥပမာ- "သင်၌ပြုစေလိုသည့် အတိုင်း အခြားသူ၌ပြုလော့" ဆိုတဲ့ ကျမ်းစကားမျိုးပေါ့။


သူငယ်ချင်း ငါလေ မင်းကို တကယ့်အဖြစ်အပျက်လေး တစ်ခုပါထည့်ပြီး ရေးသားလိုက်ပါတယ်။ မောင်မောင် ဆိုသူက အရမ်းအောင်မြင်နေတဲ့ စားသောက်ဆိုင်မှာ သွားပြီး အလုပ်လုပ်ခဲ့တယ်။ သူ့ရဲ့ သူဌေးဟာ အရမ်းတော်ပြီး လာရောက်စားသောက်တဲ့ လူတွေရဲ့ လိုအင် ဆန္ဒတွေကို အမြဲဖြည့်ဆည်းနိုင်ခဲ့တဲ့အတွက် လူတွေရဲ့ အားပေးမှုကို အမြဲရခဲ့ပါတယ်။ အလုပ်လုပ်နေတဲ့ မောင်မောင်က သူ့ရဲ့သူဌေးကို အားကျပြီး အလုပ်ကနေထွက်ကာ အရင်းအနှီးအတွက် ဆွေမျိုးများ ထံသွားပြီး စားသောက်ဆိုင်ဖွင့်မယ်၊ ကျွန်တော်အကုန် နားလည်ပြီဆိုကာ ငွေတွေ ချေးယူပြီး သူ့သခင်ဖြစ်ခဲ့ဖူးတဲ့ သူဌေးရဲ့ ဆိုင်မျက်စောင်းထိုးမှာ စားသောက်ဆိုင် သွားဖွင့်လိုက်ပါတယ်
။ သူလည်း အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်သော်လည်း တစ်နေ့တစ်ခြား စားသောက်မယ့်သူတွေ လျော့လျော့လာပြီး နောက်ဆုံးတော့ ဆိုင်ပိတ်လိုက်တဲ့အထိ အဆုံးရှုံးတွေနဲ့ ရင်ဆိုင်လိုက်ရတယ်။ မောင်မောင်က မကျေနပ်လို့ သူ့ရဲ့သူဌေးကို သွားပြီးမေးပါတယ်။ "သူ ဌေးကြီး သူဌေးကြီးရောင်းတဲ့အတိုင်းပဲ ကျွန်တော်လည်းရောင်းတာပဲ။ ဘာဖြစ်လို့ သူဌေးကြီးဆိုင်က ရောင်းရပြီး ကျွန်တော့် ဆိုင်မရောင်းရတာလဲ"လို့ မေးတော့ သူဌေးက "အရမ်းကောင်းတဲ့ မေးခွန်းပဲ"လို့ ပြန်ပြောပြီး အခုလို ဖြေကြားခဲ့ပါတယ်။ "ငါဒီလုပ်ငန်းလုပ်တာ နှစ်ပေါင်း (၄၀) ရှိသွားပြီ။ ငါ့မှာ အတွေ့အကြုံတွေ အများကြီးပဲ။ မင်းက (၂) နှစ်လောက် လုပ်ပြီး မင်းတော်တယ်၊ တတ်တယ်ထင်ပြီး သွားလုပ်လို့ ဘယ်ရမလဲ။ ငါ့ရဲ့အဖေလည်း ဒီစားသောက်ဆိုင်လုပ်ငန်းပဲ လုပ်ခဲ့တယ်။ ငါ့ရဲ့ အဖေက ငါ့ကို ဘာပြောခဲ့သလဲဆိုရင် သား မင်းအောင်မြင်တဲ့ စားသောက်ဆိုင်လုပ်ငန်းရှင် ဖြစ်ချင်ရင် လာပြီး စားသောက် သူတွေအပေါ် ပြုရမှာက အမျိုးသမီးတွေဟာ အမျိုးသားတွေကို ဘယ်လိုချက်ပြုတ်ပြီး ဘယ်လို စိတ်စေတနာကောင်းတွေနဲ့ ကျွေးတတ်သလဲဆိုတာ လေ့လာပြီး မင်းလည်းလာတဲ့ စားသုံးသူကို ဂရုစိုက်ပြီး ပြုစုပါတဲ့။ ဒီလို လုပ်နိုင်ရင် မင်းလည်းပဲ မုချ အောင်မြင်ပါလိမ့်မယ်"လို့ ပြောခဲ့တယ်။

ဒါတကယ့် အဖြစ်အပျက်ပါ။ ဒါကို ငါဖတ်ပြီးတော့ "သင်၌ ပြုစေလိုသည့် အတိုင်း သူတစ်ပါး၌ပြုလော့"ဆိုတဲ့ ကျမ်း စကားကိုသွားပြီး သတိရခဲ့တယ်။ ခရစ်တော်ရဲ့ ပြောကြားချက်တွေထဲမှာ အောင်မြင်ရေးအတွက် ညွှန်ကြားထားတာတွေ အများကြီးတွေ့ရတယ်။ သူငယ်ချင်း ဘုန်းကြီးပဲဖြစ်ဖြစ်၊ ကိုရင်ပဲဖြစ်ဖြစ်၊ သီလရှင်ပဲဖြစ်ဖြစ်၊ ၀န်ထမ်းပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ကြီးပဲဖြစ်ဖြစ် ခရစ်တော်ရဲ့ ကျမ်းစကားတွေ အထူးသဖြင့် ဒီကျမ်းပိုဒ်ကို ဆောင်ပုဒ်အဖြစ် လက်ခံထားမယ်ဆိုရင် ကိုယ်လုပ်တဲ့ လုပ်ငန်းတိုင်းဟာ မအောင်မြင်စရာ မရှိပါဘူး။

ကဲ . . . စာလည်းရှည်သွားပြီ နောက်မှပဲ ငါစာတွေရေးအုံးမယ်။ မင်းရဲ့ ရည်ရွယ်ရာတွေ အောင်မြင်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းရင်း .....

ခရစ်ဂျိုးဇက် (ကန်တော်မြေ)

Jun 1, 2010

ဂုဏ်တုယောင်မှာ "စံ" ပုံဆောင်ပါ။


ဂုဏ်တုယောင်မှာ "စံ" ပုံဆောင်ပါ။


လူမှုဝန်းကျင်၌ သုံးလေ့သုံးထရှိသည့် "သူရူး ကိုးဆယ့်ကိုးယောက်က သူကောင်းတစ်ယောက်အား သူရူးပဲဟု ဆိုသည်" ဟူသော စကားတစ်ရပ်ကို ကြားဖူးကြပေမည်။ ဘယ်လောက်ပင် ကောင်းကောင်း အဆိုးက အားသာလွန်းသည့်အတွက် အကောင်းတစ်ခုက အဆိုးဖြစ်၊ အဆိုးပေါင်းများစွာက အကောင်းနေရာ ရောက်သွားရခြင်းကိုဆိုလိုသည်။ သို့သော် တစ်ခါတရံ၌ တစ်ဦးတစ်ယောက်တည်းက လက်ရှိ မိမိပိုင်ဆိုင်ထားသည့် ဂုဏ်ပကာသနဥစ္စာ (သို့) အာဏာတို့ကို အမှီပြု၍ အခြားသောသူအများစုကို အရူးလုပ်၍ စိုးမိုးချယ်လှယ်နေသည်များကို အချို့သော အဖွဲ့အစည်းများနှင့် အသိုင်းအ၀န်းများတွင် တွေ့နေရတတ်ပါသည်။ ဤသည်မှာ တစုံတစ်ဦးသည် လက်ရှိအခြေအနေ၌ မိမိတွင် လက်ဆုပ်လက်ကိုင် ရှိနှင့်ပြီဖြစ်သော ဥစ္စာဓန (သို့) မိမိစိတ်ကြိုက် ဖန်တီးနိုင်သည့် အခွင့်အာဏာများ အပေါ်တွင် တွယ်တာမှု ပိုလျှံကာ မာန်မာနဂုဏ်ဟူသည့် အရာက ၎င်းင်း၏ ငယ်ထိပ်အထိ ရောက်သွားရခြင်း ဖြစ်ပါသည်။

တစ်ခါက ကျွန်ုပ်သည် ဆိုင်ကယ်ဖြင့် သူငယ်ချင်းတစ်ဦးနှင့်အတူ လေးမျက်နှာမြို့သို့သွားခဲ့ပါသည်။ ကျွန်ုပ်သည် ကိုယ်ပိုင်ဆိုင်ကယ် မရှိသောကြောင့် တစ်ခါတရံ ဆိုင်ကယ်ကိုယ်တိုင် မောင်းရသည်ကို အလွန်နှစ်သက်လှပါသည်။ ဤသို့ဖြင့် ရွာအလယ် လမ်းမတစ်ခုကို ဖြတ်၍ လာခဲ့စဉ် လမ်းပျက်နေသည့် နေရာတစ်ခု၌ ဆိုင်ကယ်အား အရှိန်သတ်ရင်း ထိန်းမောင်းရကာ ထိုနေရာလွန်မှ ပုံမှန်အတိုင်း အရှိန်တင်၍ ဆက်လက် မောင်းနှင်လာခဲ့ပါသည်။ အနောက်မှာရှိသည့် သူငယ်ချင်းအား စကားများစွာပြောရင်း မောင်းလာခဲ့ပါသည်။ ကျွန်ုပ် သတိထားမိလိုက်သည်က ဆိုင်ကယ်သံကြားသည်နှင့် တပြိုင်နက် ကလေးများသာမက လူကြီးများပါ အိမ်ရှေ့ပြေးထွက် လာကြသည်။ တချို့က ဆိုင်ကယ်လာရာသို့ လက်ညှိုးတထိုးထိုးနှင့် တချို့က တစ်ခုခုပြောကာ ရယ်နေကြသည်။ ကျွန်ုပ်စိတ်ထဲ၌ "သြော် - တောသားတွေပဲ ဆိုင်ကယ်မှ မမြင်ဖူး၊ မစီးဖူးကြတာကိုး"ဟု တွေးမိခဲ့ပါသည်။ ရွာအပြင်ဖက်သို့ ရောက်လာသည့်အခါ "ဆီက အပြန်တစ်ကြောင်း စာလောက်ပါဦးမလား"ဟု သူငယ်ချင်းအား သုံးကြိမ်လောက် မေးလိုက်မိပါသည်။ သို့သော် အဖြေကိုမကြားရ၍ နောက်သို့ လှည့်ကြည့်လိုက်မှ သူငယ်ချင်းပါမလာကြောင်းကို သိလိုက်ရကာ လမ်းပျက်သည့်နေရာ၌ ဆင်းကျန်ခဲ့ခြင်းဖြစ်မည်ဟူသော အသိက ထိုအခါမှ ၀င်လာတော့သည်။ မိမိ ကိုယ်ကိုယ်လည်း ရှက်မိ၍ နောက်ကြောင်း ပြန်မလှည့်တော့ဘဲ ထိုနေရာမှပင် သူ့အား စောင့်နေခဲ့ပါတော့သည်။

ဤဖြစ်ရပ်လေးသည် ယနေ့ဥစ္စာ ပစ္စည်းအပေါ်၊ အခွင့်အာဏာရပ်တို့ အပေါ် တစ်ဖက်သတ် တပ်မက်စွဲလွန်းမှု ပိုသွားကာ ပတ်ဝန်းကျင်ကို လုံးလုံးမေ့လျော့ သွားတတ်ကြသည့် ပုဂ္ဂိုလ်များ၏ အခြေအနေနှင့် တိုက်ဆိုင်လှပါသည်။ အမှန်စင်စစ် တစ်စုံတစ်ခုသော လောကီအရာတို့၌ တက်မက်မှု ပိုလွန်းသွားခြင်းကြောင့် လောကီဧည့်သည် အာဂန္တုအချင်းချင်းပင် ဥပေက္ခာပြုခြင်း၊ လက်မခံနိုင်ခြင်းတို့ ဖြစ်လာရပေတော့သည်။ မိမိ၏အမြင်၊ အတွေးအခေါ်၊ ဥစ္စာစည်းစိမ်၊ လုပ်ငန်းနှင့်ယုံကြည်မှုများသာလျှင် မှန်ရမည်ဟု ယူဆကာ အခြားသောပုဂ္ဂိုလ်များအဖို့ ဖြန့်ကျက်တွေးတော ဆင်ခြင်ပေးမှု လုံးဝမရှိတော့ချေ။ ထိုအခါ တစ်ဦးတစ်ယောက်တည်း၏ တယူသန် မာန်မာနစွဲကြောင့် အခြားသောသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ဆုံးရှုံးသွားရပါသည်။ အချို့ သောသူများက ငါသာ ဒီအရာကိုရလျှင် (သို့) ဒီနေရာကိုရောက်လျှင် ဒီပုဂ္ဂိုလ်တွေကို ကောင်းကောင်းလေး စိုးမိုးနိုင်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကြိုးစားလာခဲ့သူများရှိသည်။

အချို့သောသူများမှာ ဤကဲ့သို့ မူရင်းဆန္ဒမရှိခဲ့ကြသော်လည်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံပေါ်၌ နာကျည်းသွားခြင်း၊ ကြိုးစားမှု၏ ရလဒ်အပေါ်စွဲလမ်းမှု ပိုကာ အောက်ခြေလွတ်သွားခြင်း၊ လေ့လာဆည်းပူးနေချိန်၌ စနစ်တစ်ခု၏ မူဝါဒများရိုက်သွင်းခံရခြင်း တို့ဖြစ်ကြရသည်။ မည်သည့် ဘာသာတရား၌မဆို မိမိတို့ရရှိ ပိုင်ဆိုင်ထားသမျှအရာများသည် တဒင်္ဂအတွက်သာဖြစ်ကြောင်း မိန့်ဆိုထားလေသည်။ သို့သော် လက်ရှိအခြေအနေတွင် လုပ်ရပ်နှင့် ထိုတရားစကား အတော်ပင်အလှမ်းကွာနေကြောင်း သတိပြုမိကြလေမည်။


ကျွန်ုပ်တို့ ခရစ်ယာန်များ၏ အသက်တာ၌လည်း ဤကဲ့သို့ မတည်မြဲသည့် ဥစ္စာစည်းစိမ်နှင့် တန်ခိုးအာဏာအပေါ် ခရစ်တော်၏ တရားတော်နှင့် ဆန့်ကျင်ကာ အလွန်အမင်း တက်မက်မှုများ ရှိနေကြပါသည်။ ရုပ်ဝါဒနှင့် ၎င်းင်းတို့အား စိုးမိုးချုပ်ချယ်နိုင်သည့် အခွင့်အာဏာများကို ပိုင်ဆိုင်လာကြသည့်အခါ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအား အကျိုးပြုဖို့ကို မဆိုထားလေနှင့် လူသားတိုင်း ပိုင်ဆိုင်ခွင့်ရှိသည့် ဘုရားပေးထားသော သဘာဝအရင်း အမြစ်နှင့်သယံဇာတများအား စိုးမိုးချုပ်ချယ်ကာ လိုရင်သုံး မလိုရင်
ဖျက်ဆီးပစ်တာ မျိုးရှိနေကြပါသည်။ စင်စစ်သော်ကား တစ်ဦးတစ်ယောက်၌ ဥစ္စာဓန၊ အာဏာနှင့် လုပ်ပိုင်ခွင့်များ မည်သို့ပင်ရှိနေစေကာမူ ပတ်ဝန်းကျင်အခြေအနေနှင့် မဆက်စပ်တတ်လျှင် (သို့) လိုက်လျောညီစွာ အသုံးမပြုတတ်လျှင် ဘုရားရှင်ပေးသည့် ကျေးဇူးတော်များအား အလွဲသုံးစားပြုခြင်းပင် ဖြစ်သည်။

"လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွား၍ ကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏"ဟု (၁-ယော ၂း၁၇)မှာ တွေ့ရပါသည်။ ကျွန်ုပ်တို့ပိုင်ဆိုင်ထားသည့် လောကီနှင့် ပတ်သက်သမျှသည် ကျွန်ုပ်တို့ ထာဝရပိုင်ဆိုင်ရမည့်အရာများ မဟုတ်ကြပေ။ ထို့ကြောင့် ၎င်းင်းအရာများအပေါ် စွဲလမ်း မက်မောမှုပိုလွန်းရန် မလိုအပ်ပေ။ ၎င်းင်းအရာများအပေါ် ခုတုံးလုပ်ရင်း အခြားသောသူများအား အထင်အမြင်သေးကာ အထက်စီးမှ မကြည့်သင့်ပေ။ အဘယ့်ကြောင့်ဆိုသော် မိမိတို့လက်ဝယ်ရှိနေသည့် ထိုအရာများမှာ မတည်မြဲသော လောကီစည်းစိမ်များသာဖြစ်ပြီး ကောင်းကင်ဘဏ္ဍာနှင့် နှိုင်းစာကြည့်လျှင် အတုအယောင်များသာ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်အာရုံ အမြဲရောက်နေရမည့်အရာမှာ သံချေးပိုးရွ မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘဏ္ဍာများသာ ဖြစ်သည်။

လောကီနှင့်ဆိုင်သည့် အရာများမှာ ထိုကောင်းကင်ဘဏ္ဍာနှင့် နှိုင်းလျှင် အတုအယောင်ဟု ဆိုနိုင်သော်လည်း လောက၌ ဘုရားပေးသည့် ကျေးဇူးတော်တစ်ရပ်ပင် ဖြစ်သောကြောင့် မှန်ကန်စွာအသုံးပြုလျှင် များစွာအကျိုးရှိပေသည်။ မိမိပိုင်ဆိုင်ထားသည့် ဥစ္စာစည်းစိမ်နှင့် အခွင့်အာဏာများသည် ဘုရားရှင်ထံမှလာသည့် ကျေးဇူးတော်တစ်ရပ်ဟု လက်ခံကာ အများသောလူတို့၏ အကျိုးအတွက် ပြန်လည်ပေးဆပ် ဝေငှရင်းဖြင့် စံပြုနေထိုင် ကျင့်ကြံသင့်ပါသည်။ "သစ်တစ်ပင်ကောင်း ငှက်တသောင်းနားနိုင်"ဆိုသည့်အတိုင်း တစ်ပါးသော ပုဂ္ဂိုလ်များ၏ အကျိုးအတွက် ခရစ်တော်ကဲ့သို့ နှိမ့်ချခြင်းဖြင့် ပေးဆပ်အသက်ရှင်ရန် လိုအပ်ပါသည်။

မိမိ ပိုင်ဆိုင်ထားသည့် ဥစ္စာစည်းစိမ်၊ အာဏာတို့၏ ဂုဏ်နှင့်ကိုက်ညီသည့် ပုဂ္ဂိုလ်တို့၏ အရည်အချင်းသုံးရပ်ကို စာရေးဆရာအချို့က အောက်ပါအတိုင်း ဖော်ပြထားပါသည်။

၁။ သီလသမာဓိနှင့် ပြည့်စုံလျက် စိုးရိမ် ကြောင့်ကျမှုကင်းခြင်း၊
၂။ ဥာဏ်ပညာရှိလျက် ရှုပ်ထွေးမှု ကင်းခြင်း။
၃။ သတ္တိရှိလျက် ကြောက်ရွံ့မှု ကင်းခြင်းတို့ဖြစ်သည်။

ဤအရည်အချင်းများရှိသူသည် ဂုဏ်သရေရှိ၍ စံပြုထိုက်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ခရစ်ယာန်အသက်တာ၌မူ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦး၏ အရည်အသွေးနှစ်ရပ်ကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။ ၎င်းင်းတို့မှာ -
၁။ ဘုရားရှင်ရှေ့၌ မျက်နှာရသောသူ၊
၂။ လူအများတို့ရှေ့၌ ပုံစံနမူနာ ကောင်းဖြင့် စံပြုထိုက်သူဟူ၍ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မတည်မြဲသည့် လောကီဥစ္စာများနှင့် အာဏာတန်ခိုးများကို ပိုင်ဆိုင်လာရသည့်အခါတွင် ၎င်းင်းတို့ အပေါ်၌ အလွန်အကျွံ တပ်မက်စွဲလန်း စိတ်များကင်းပြီး ထိုဂုဏ်အတုအယောင်များ၌ သတိတရားအားဖြင့် ကျင့်ကြံ၍ "စံ"အဖြစ် ပုံဆောင်နေထိုင်သွားရန်ပင် အရေးကြီးလှပါတော့သည်။
Align Right

ဂျွန်သွီ (မော်လမြိုင်)