May 12, 2008

ငြိမ်းချမ်းပါစေ


ငြိမ်းချမ်းပါစေ

လောကကြီးမှာ အပြန်အလှန် သဘောတရားတွေ ရှိကြသော်လည်းပဲ အမုန်းတရားမှာတော့ အပြန်အလှန် သဘောတရားတွေဟာ မကောင်းလှပါဘူး။ တချို့ လက်ဖက်ရည်ဆိုင်၊ တချို့အိမ်များမှာ ရေးဆွဲချိတ်ထားကြတာကို မိတ်ဆွေတွေ့ဖူးပါလိမ့်မယ်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတာကိုပေါ့။ သင်မကောင်းလျှင် ကျွန်ုပ်လဲ ဆိုးမည် ဆိုသည့် သဘောပေါ့။ ဒီခေတ်ကြီးမှာ လူတွေ ဒါမျိုး ကျင့်သုံးကြတာ တော်တော်များလာကြပါ တယ်။ အခုခေတ် လူတွေရဲ့ အတွေးထဲမှာ လျင်တဲ့ ကောင်စား၊ အ တဲ့ကောင် ခံ ဆိုတာတွေရှိကြပါတယ်။ ဘယ်သူ့ကို ဘယ်လို လှိမ့်လိုက်ရမလဲ။ ဘယ်သူ့ကို ဘယ်လိုရိုက်လိုက် ရမလဲ ဆိုတာမျိုးပေါ့။ မင်းချရင် ငါပြန်ချ မယ်။ မင်းချဲရင် ငါပြန်ချဲမယ်ဆိုတာမျိုးပဲဖြစ်ပါတယ်။ ဒီစနစ်ကြီးဟာ နေရာတော် တော်များများမှာ ကျင့်သုံးကြပါတယ်။ တကယ်တော့ ဒီပေါ်လစီကျင့်စဉ်ဟာ မကောင်းပါဘူး။ နှစ်ဦးနှစ်ဘက် အကျိုး ယုတ် စေပါတယ်။ ကျွန်တော် အထက်တန်းကျောင်းသား ဘ၀အထိ ပြင်ဦးလွင်မှာ နေဖူးသူဖြစ်ပါတယ်။ တစ်နေ့ ဈေးကြီးဘက်ကို အသွားမှာ စက်ဘီး တစ်စီးက ကျွန်တော့်ကို အားရပါးရ ကျော်တက်သွားပါတယ်။ ပထမတော့ ဘာမှ မဖြစ်သလိုလိုနဲ့ နောက်ပိုင်း စိတ်ထဲမှာ ဒေါသထွက်လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့စက်ဘီးကို ပြန်ကျော်တက်ပါတယ်။ သူကလဲ ကျွန်တော့်လို လူမျိုး ထင်ပါရဲ့၊ ဒါမှမဟုတ် အလျင်လိုလို့ပဲလား မသိပြန် ကျော်တက်ပါတယ်။ ကျွန်တော်လည်း နောက်တစ်ခေါက် ပြန်ကျော်တက် ပြန်ပါတယ်။ ဒီလို သူကျော်တက်လိုက်၊ ကိုယ်ကျော်တက်လိုက်နဲ့ ကျွန်တော်ရဲ့ ဈေးကြီးသွားမယ့် ခရီးစဉ်ဟာ ပျောက်မှန်းမသိ ပျောက်သွားတာ။ ကျွန်တော်သတိထားမိချိန်မှာတော့ ကျွန်တော်တို့ဟာမြို့ပြင်သင်္ချိုင်းနားကို ရောက် နေခဲ့ကြပါတယ်။ ဒီအချိန်မှာမှ ကျွန်တော် အသိဝင်လာပါတော့တယ်။ ကျွန်တော် ဒီမြို့ပြင် သင်္ချိုင်းကနေ မြို့ထဲ၊ မြို့ထဲကနေ ဈေးကို ပြန်နင်းဖို့ဆိုတာ အဝေးကြီးပါ။ အတော်လေးကို နင်းယူရ ပါလိမ့်မယ်။ ကျွန်တော်တို့ တစ်ဦးကို တစ်ဦး အပြိုင်အဆိုင် လုပ်ခဲ့ကြတာဟာ ဘယ်သူ့ကိုမှ အကျိုးမ ပေးပါဘူး။ နှစ်ဦး နှစ်ဘက် နစ်နာမှုတွေပဲ ရရှိခဲ့ကြပါတယ်။

အခု ကျွန်တော်ကျောင်းတွေဘာ
တွေ ပြီးလို့ ပြန်စဉ်းစား ကြည့်တဲ့အချိန်မှာတော့၊ ကျွန်တော်တို့ စက်ဘီးပြိုင်စီးတုန်းက ကျွန်တော်တို့ဟာ နိုင်ငံခေါင်းဆောင် နှစ်ဦးသာ ဖြစ်ခဲ့မယ်ဆိုကြပါစို့။ အဲဒီနိုင်ငံတွေ ဘယ်လိုဖြစ်နေကြပါမလဲ။ စစ်ပွဲရဲ့ဒဏ်ကြောင့် ဘယ်လောက် ပျက်စီးခဲ့ရမလဲ၊ မိဘမဲ့ ကလေးတွေရဲ့ အော်သံတွေ၊ အဖျက်ဆီးခံရတဲ့ မိန်းမငယ်တွေရဲ့ ငိုရှိုက်သံတွေ၊ ဆေးရုံပေါ်၊ လမ်းပေါ်က အင်္ဂါမစုံ သူတွေဟာ ကျွန်တော်တို့ နှစ်ဦးကို ကျိန်ဆဲနေမှာ အမှန်ပါပဲ။ ဒီအချိန်မှာ ကျွန်တော်တို့ဟာ စက်ဘီးတစ်စီးလောက်ကိုသာ ထိန်းသိမ်းတဲ့သူ တွေမို့ ဘာမှမဖြစ်ခဲ့ကြပါဘူး။

ကျွန်တော်တို့ဒီနေ့ခေတ် ကမ္ဘာ
ကြီးထဲကို ပြန်ဝင်ကြည့်ကြရအောင်။ ဒီနေ့ကမ္ဘာကြီးဘယ်လိုဖြစ်နေပါသလဲ။ တစ်ဦးနှင့်တစ်ဦး ရန်ထောင်မှုတွေ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်လိုအမုန်းပွားမှုတွေဟာ နေရာတိုင်းမှာ တွေ့နေရပါတယ်။ မင်း သေနတ်နဲ့ပစ်ရင် ငါက အမြောက်နဲ့ပစ်မယ်။ မင်းအမြောက်နဲ့ပစ်ရင် ငါက ဒုံးကျည်နဲ့ ပစ်မယ် စသဖြင့် ကြွေးကြော်နေကြပါတယ်။ ကြွေးကြော်တဲ့အတိုင်းလည်း လုပ်ဆောင်နေကြပါတယ်။ ငြိမ်းချမ်းရေးကို လိုက်လံထိန်းသိမ်းတဲ့ ပုဂ္ဂိုလ်များ၊ ကြားဝင် ဖြန်ဖြေတဲ့ ပုဂ္ဂိုလ်များကတော့ အလွန်ကို နည်းသွားကြပါပြီ။ ဒီနေ့ လူတွေကကမ္ဘာကြီးကိုဝိုင်းဝန်းနှိပ်စက် နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦး အနိုင်ယူဖို့ ကလွဲရင်လူတွေဘာကိုမှ စိတ်ဝင်စားကြတာ မဟုတ်ပါဘူး။ တွေးတောကြတာ မဟုတ်ပါဘူး။ ဇာတ်လမ်းတစ်ခုမှာ လူဆိုးတွေ ၀ိုင်းရိုက် လို့ မင်းသားက သည်းခံပြီး ငုံ့ခံ နေရင် ပရိတ် သတ်ကအားမရ ကြပါဘူး။ နောက် မင်း သားက ကလဲ့စားချေပြီး ပြန်ချပြီဆိုရင်တော့ လက်ခုပ်သြဘာပေးကြပါတယ်။ ကျေနပ်ကြ
ပါတယ်။ ဘာကို ခံစားကြပါသလဲ။ အောင်မြင်မှုကို ခံစားကြတာလား၊ ရက်စက်မှုကိုခံစားကြတာလား၊ ကြင်နာမှုကို ခံစားကြတာလား၊ သည်းခံမှုကို ခံစားကြတာလား ဆိုတာ စဉ်းစားပါ မိတ်ဆွေ။ ဒီအချက်ဟာ အရေးကြီးဆုံးပါ။ ဒီအချက်ကိုပဲ ကျွန်တော် တို့တတွေ ဘာသာတရား ရှုထောင့်ကနေ ကြည့်ကြရအောင်။ တရားပြသူတွေက ရန်ကိုရန်နဲ့ တုန့်ပြန်ခြင်းကို အတိုမကြည့်နဲ့ အရှည်ကြည့် လို့ အဆုံးအမထားခဲ့ပါတယ်။

ကျွန်တော်တို့ ခရစ်ယာန်တွေ အနေနဲ့တော့
ဘယ်လို မြင်ပါသလဲ။ ဘုရားရှင်က ဘယ်လိုဟောတော်မူပါသလဲ။ ပြန်လည်သုံးသပ် ကြည့်ရအောင် မိတ်ဆွေ။ ကိုယ်တော်ရှင်က အရှင်းဆုံး ပြောထားပါတယ်။ မိမိ ပါးတစ်ဖက် ရိုက်တဲ့ သူကို နောက်ထပ် ပါးတစ်ဖက်ကို ပေးလိုက်အုံးလို့ ကျမ်းစာတော်မြတ်ထဲမှာ မိန့်ဆိုထားပါတယ် (သံမာတေဦး-၅း၃၉)။ ထို့အတူပဲ မိမိရန်သူများကိုလည်း ချစ်ကြဖို့ မိန့်မှာထားခဲ့ပါတယ်။ ဒါဆိုရင် ရှင်းပါ ပြီ မိတ်ဆွေ။

မိတ်ဆွေရော မိမိရန်သူတွေတွေ့ရင်
ဘယ်လိုတုန့် ပြန်မှာလဲ။ ဘယ်လို ဆက်ဆံပါသလဲ။ မိမိရဲ့ကောင်းမွန်မှု၊ မိမိရဲ့ ချစ်ခြင်းမေတ္တာကိုရော မိမိရဲ့ ရန်သူကို ပြရဲပါသလား။ မီးကို မီးနှင့် ငြှိမ်းလို့မရ သလိုပေါ့ မိတ်ဆွေ။ အေးမြတဲ့ မေတ္တာတရား ရေအေးနဲ့ ငြှိမ်းပါမှ ငြိမ်းမှာဖြစ်ပါတယ်။ အခုဆို ကမ္ဘာကြီးမှာ နေရာတိုင်းလိုလို စစ်ပွဲတွေ ဖြစ်နေကြပါတယ်။ တစ်ခု တော်သေးတာကတော့ စစ်ပွဲတွေဟာ မြို့ကြီးပြကြီးထဲကို ၀င်မလာသေးတာပါပဲ။ ကယ်လို့သာ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာ စစ်တွေတုန်းကလို လူတွေ သေကျေကြတဲ့စစ်ပွဲကြီးတွေ ဖြစ်လာမယ်ဆိုရင်တော့ မလွယ်ပါလား မိတ်ဆွေ။ ဒီလို စစ်ပွဲတွေဟာ လက်နက် အပြိုင်အဆိုင် တပ်ဆင်တာ၊ မဟာမိတ် အပြိုင်ဖွဲ့တာ စတာတွေ အပေါ်မှာ မူတည်ပါတယ်။ အခုခေတ် စစ်အေးကာလဆိုပေမယ့် လူတိုင်းဟာ စစ်ပွဲအတွက် ပြင်ဆင်နေကြတယ်ဆိုရင်တော့ မမှားပါဘူး။ တကယ်လည်းပဲ ပြင်ဆင်နေကြပါတယ်။ ဘယ်သူမဆို မိမိကိုယ်ကို ကာကွယ်ဖို့ တာဝန်ရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့သူ့ကို ကိုယ်သတ်၊ ကိုယ့်ကိုသူသတ် ဆိုတဲ့လက်စားချေခြင်းမျိုးကတော့ မကောင်းနိုင်ဘူးဆိုတာ သေချာပါတယ်။

မိတ်ဆွေလည်း
အသက်ရှင်ချိန်အတွင်း ငြိမ်းချမ်းတဲ့ လူ့ဘောင်မှာ နေထိုင်နိုင်ပါစေ။ ငြိမ်းချမ်းတဲ့လူ့ဘောင်ကို တည်ထောင်နိုင်ပါစေ။ မေတ္တာတရားနဲ့တုန့်ပြန်နိုင်ပါစေ၊ သစ္စာတရားကို ဝေမျှနိုင်ပါစေလို့ တောင်းဆု ချွေလိုက်ပါတယ် ခင်ဗျာ။ မိတ်ဆွေအပေါင်း ငြိမ်းချမ်းကြပါစေ။

- ဝေလီ -

No comments: