Jul 26, 2009

ကိုယ်တော်မြတ်ဖူး၍အားယူပါ


ကိုယ်တော်မြတ်ဖူး၍အားယူပါ

"ကိုယ်တော်မြတ် စက္ကရမင်းတူးကို ကိုးကွယ်ခြင်းသည် ဘာသာတူတို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေပြီး၊ ကရုဏာရေး ဆိုင်ရာလှုပ်ရှားမှုများတွင် ပိုမို ပါဝင်လာနိုင် စေသည်" ဟု ဗီယက်နမ်နိုင်ငံဟိုချီမင်း မြို့တော်မှ ဘုန်းတော်ကြီး တစ်ပါးက ပြော ကြားခဲ့သည်။

ပြဿနာများကို ဖြေရှင်းရာ၌ ကိုယ်တော်မြတ် စက္ကမင်းတူးအပေါ် မှီခိုဖြေရှင်းခြင်းထက် အခြားသာလွန်သော နည်းလမ်းများကို မတွေ့ပါဟု ဟိုချီမင်းမြို့ တန်ဒင် သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ် ဂျွန်ဗပ္ပတစ်ဗြိဗန်အန်ကလည်း ပြောကြားခဲ့သည်။ ထိုသာသနာ၏ပွဲနေ့ ဖြစ်သော ယေဇူး ရွှေနှလုံးတော်အား ကျေးဇူးတင် အထိမ်းအမှတ်အဖြစ် တစ်လမျှကြာသော ညပိုင်း ကိုယ်တော်မြတ် ကိုးကွယ်ခြင်း အစီအစဉ်ကို ၂၀၀၂-ခု မေလ (၇)ရက် မှ စတင် ဖွင့်လှစ်ခဲ့သည်။ ထိုအစီအစဉ်တွင် သာသနာ့ လူဝတ်ကြောင် အဖွဲ့အစည်း(၃၀)နှင့် သာသနာအတွင်းရှိ သူတော်စင်ဂိုဏ်း အချို့သည် ကိုယ်တော်မြတ်စက္ကမင်းတူးကို ရိုသေ ကိုးကွယ်ခြင်းကို ည(၁၂)နာရီမှ နံနက် (၄) နာရီအထိ ပြုလုပ်ခဲ့သည်။

ကျောင်းထိုင်ဘုန်းတော်ကြီးက "ကိုယ်တော်မြတ်စက္ကမင်းတူးကို ညဘက်၌ ကိုးကွယ်ခြင်းသည် ကျမ်းစာတော်လာ ကိုယ်တော်ရှင်နှင့် တစ်နာရီမျှ အတူပေါင်းစပ်ခြင်း ဖြစ်ပြီး မိမိ၏ဆုတောင်းမေတ္တာနှင့် ခြိုးခြံမှုကို ပြသခြင်းဖြစ်၏" ဟု ပြောကြားသွားခဲ့သည်။

ညပိုင်း ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၌ ပါဝင်သူတစ်ဦးက "လူတိုင်းလူတိုင်းသည် ကိုယ်တော်မြတ် စက္ကမင်းတူးကိုနေ့ ဖက်၌ ဖူးမျှော်နိုင်သည်။ သို့သော် ကိုယ်တော်မြတ်ကို ပို၍ ချစ်သောသူများသည် ညဘက်၌သာ ဖူးမျှော်ကြသည်" ဟုပြောကြားသွားသည်။ ဟိုချီမင်းမြို့တော်ရှိ တန်ဒင်သာသနာ ၂၄-နာရီ စဉ်ဆက်မပြတ် ကိုယ်တော်မြတ် ကိုးကွယ်ခြင်းကို ၁၉၉၈-ခုနှစ်မှ စတင်ပြုလုပ်ခဲ့သည်။

ဘုန်းတော်ကြီး တစ်ပါးက "ဘာသာတူတို့သည် ကိုယ်တော်မြတ် စက္ကရမင်းတူးကို ဆာငတ်လျှက်ရှိသည်၊ ထို့ကြောင့် ကိုယ်တော်မြတ် ကျောင်းဆောင်များ ဆောက်လုပ်သင့်သည်" ဟု ပြောကြားခဲ့သည်။ ထို့အတူ ဆက်လက် ပြောကြားရာတွင် "အကယ်၍ သင်သည်ကိုယ်တော်မြတ် စက္ကမင်းတူး၌ သခင်ယေဇူးကို မတွေ့ပါက၊ သခင်ယေဇူးကို ဆင်းရဲသားများ၌လည်း မတွေ့နိုင်" ဟူသော မာသာရ်ထရေဇား၏ စကားကိုမှီငြမ်း၍ "ကိုယ်တော်မြတ် စက္ကမင်းတူးကို ကိုးကွယ်ခြင်းသည် ဆင်းရဲသောသူတို့အား ကူညီစောင်မခြင်း ဖြစ်သည်" ဟု ထပ်မံဖြည့်စွက် လိုက်သည်။

ထိုဘုန်းတော်ကြီးကပင် ဆက်လက်၍ "ကိုယ်တော်မြတ် စက္ကမင်းတူးကို ချစ်ခြင်းအားဖြင့် ကက်သလစ်နှင့် တခြားဘာသာဝင်များ အတူတကွ ညီညွတ်စွာ နေထိုင်နိုင်ရန် အထောက်အကူဖြစ်သည်" ဟုပြောကြား ပါသည်။
ထိုသာသနာအတွင်းရှိ ဘာသာတူတို့သည် ဆင်းရဲသားများနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများကို ကူညီမစခြင်း၊ ရပ်ဝေးရှိ နာမကျန်းဖြစ်နေသော ဘာသာပတို့အား သွားရောက်ကြည့်ရှု အားပေးနှစ်သိမ့်ခြင်း၊ ပညာရေးနှင့် ဘုရားကျောင်းပြု ပြင်ရေးတို့ အတွက် ရံပုံငွေစုဆောင်း ထည့်ဝင်ခြင်းတို့ကို ပြုလုပ်ကြသည်။

ကျောင်းထိုင်ဘုန်းတော်ကြီးက "သာသနာလုပ်ငန်းတွင် သခင်ယေဇူးပြောသည့် ဆား နှင့်အလင်း ဖြစ်စေရန်၊ ဘာသာတူများအနေဖြင့် ဆင်းရဲသားတို့အား လေးစားစွာနှင့် ရိုးသားစွာကူညီရန် လိုအပ်သည်" ဟုပြော ကြားခဲ့သည်။

ထိုသာသနာ၏ သာသနာ့အကျိုးဆောင် ဒုတိယဥက္ကဋ္ဌက "ဘာသာတူများ မစ္ဆားတရားတွင် တက်ကြွစွာ ပါဝင်လာခြင်း၊ အဖွဲ့အစည်းလုပ်ငန်းများ၌ ပို၍ လှုပ်ရှားလာခြင်းနှင့် သဒ္ဓါတရား ပိုမို များပြားလာခြင်း တို့သည် ကိုယ်တော်မြတ် စက္ကမင်းတူးကို ကိုးကွယ်ခြင်း၏ အကျိုးဆက်များ ပင်ဖြစ်သည်"ဟု ပြောကြားသွားသည်။

ဟိုချီမင်းမြို့တော်၏ တန်ဒင်သာသနာသည် ၁၈၁၆-မှစတင်ခဲ့သော သာသနာဖြစ်ပြီး ယခု ဘုန်းတော်ကြီး (၃)ပါးနှင့် ဘာသာတူဦးရေ ၅၀၀၀-ခန့်ရှိသည်။

ကိုယ်တော်မြတ် စက္ကမင်းတူးကို ကိုးကွယ်ခြင်းဖြင့် ခွန်အားယူလျှက် စစ်မှန်သော ယုံကြည်ခြင်း အသက်တာကို တည်ဆောက်လျက်ရှိသည်။

ဘာသာပြန်
အောင်မြင်ဦး(ပြည်)


Jul 23, 2009

အမေး၊ အဖြေ၊၊ ၊၊လူဝင်စားတယ်ဆိုတာ အမှန် တကယ်ရှိပါသလား?


အမေး၊ အဖြေ၊၊ ၊၊

မေး။ လူဝင်စားတယ်ဆိုတာ အမှန် တကယ်ရှိပါသလား? အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဘယ်သူပြော ပြလို့သိနေရတာလဲ? ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ဖြေ။ ခရစ်ယာန်ဘာသာတရားရဲ့ ယုံကြည်ချက်အရ ခရစ်ယာန်သမ္မာကျမ်း စာတော်မြတ်နှင့် သာသနာတော်ကြီးရဲ့ အစဉ်အဆက်သင်ကြားခဲ့တဲ့ တရားနှုတ် ကပါတ်တော်များအထဲမှာ၊ လူဝင်စားခြင်း အကြောင်းနဲ့ ပတ်သက်ပြီး လုံးဝမတွေ့ရပါဘူး။ ခရစ်တော်ဘုရားရှင်ရဲ့ တရားတော်အရ ဆိုရင် လူဝင်စားခြင်းဆိုတာ အမှန်တကယ် မရှိပါ။ လူသည် တစ်ခါတည်းသေ၍ ထို့ နောက်စစ် ကြောစီရင်ခြင်းခံရမည် (ဟေဗြဲ သြ၀ါဒစာ၉း၂၇)။ လူသားသည် မိမိဘုန်း အာနုဘော်တော်ကိုဆောင်လျက် သန့်ရှင်းသော ကောင်းကင်တမန်တော်များ အခြံ အရံတို့နှင့် တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ’င်တော်ပေါ်မှာ ထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို တစ်ခြားစီ ခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ၍ သိုးတို့ကို လက်ယာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက် ၌ ထားတော်မူလတ္တံ (ရှင်မသဲ ၂၅း ၃၁-၃၃)။
ဒါကြောင့် လူဟာသေချိန်၌၄င်း၊ နောက်ဆုံးသောနေ့မှာ၎င်း စီရင်စစ်ကြောခြင်း နှစ်ကြိမ်ခံရလိမ့်မည်။ လူဟာ အသက် ထွက်ထွက်ချင်း ပထမဦးဆုံး စီရင်ခြင်းခံရပါတယ်။ ကွယ်လွန်သူရဲ့ ခန္ဓာကိုယ် ဟာပုပ်သိုး၊ ဆွေးမြေ့ပျက်စီးခြင်း၌ ကမ္ဘာကုန်သည့်နေ့ ခရစ်တော်ဘုရားရှင်က ဒုတိယအကြိမ် ကြွလာတော်မူပြီး တရားစီရင်ခြင်းအမှုပြု သည့်နေ့ရက်တိုင်အောင် တည်ရှိနေပြီး ကွယ်လွန်သူရဲ့ နာမ်ဝိညာဉ်ကတော့ အပြစ်ကြီးနဲ့ သေသွားခဲ့တယ်ဆိုရင် သေပြစ် သင့်ပြီးတော့ ပိုးမသေမီးမငြိမ်းတဲ့ ထာဝရ မီးအိုင်ထဲမှာ ထာဝရ ငရဲဒဏ်ခံရပါတယ်။ လွတ်လမ်းမရှိပါ။ အခြားဘ၀ကိုလည်း ၀င်စားခွင့်မရှိပါ။
အကယ်၍ ကွယ်လွန်သူရဲ့ နာမ် ၀ိညာဉ်ဟာ အပြစ်ကလေး၌ သေသွားခဲ့ တယ်ဆိုရင် ဒါမှမဟုတ် လောကမှာ အသက်ရှင်စဉ်ခါ သေပြစ်၊ အပြစ်ကြီး ပြုခဲ့သော်ငြားလည်း နောင်တသံဝေဂနဲ့ မိမိပြုခဲ့မိတဲ့ အပြစ်များကို ရဟန်းဘုန်းတော်ကြီးထံ အာပါတ်ဖြေခြင်း စက္ကရမင်တူး မင်္ဂလာခံယူပြီး ဘုရားရှင်ရဲ့ အခွင့်လွှတ်ခြင်းကို ခံယူပြီးနောက် ကွယ်လွန်ခဲ့ပါလျှင် ငရဲငယ်၌ ကိုယ်တိုင် ဒဏ်ဆပ်ဖြေပြီးမှသာလျှင် ကောင်းကင် ရွှေပြည်တော် ထာဝရသုခချမ်းသာကို ခံစားရမှာ ဖြစ်ပါတယ်။
လူသားကိုနှုတ်ဖြင့် ပြစ်မှားသော သူ၏ အပြစ်ကိုလွှတ်နိုင်၏။ သန့်ရှင်းသော ၀ိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားမိသောသူ၏ အပြစ်ကို ယခုဘ၀၊ နောင်ဘ၀၌ မလွတ်နိုင် (ရှင်မဿဲခရစ်ဝင် ၁၂း ၃၂)။
လျော်ပြစ်ငွေရှိသမျှကို မလျော်မှီ တိုင်အောင်ထောင်ထဲမှ မထွက်ရဟု ငါအမှန်ဆို၏ (ရှင်လူကားခရစ်ဝင် ၁၂း ၅၉)။
ဒါကြောင့် ငရဲငယ်လို့ခေါ်တဲ့ အဆုံးရှိတဲ့ဒဏ်မှာ ဆပ်ဖြေနေကြတဲ့ ကွယ်လွန်သူ မိဘဆွေမျိုး၊ ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေသားချင်းတွေရဲ့ ၀ိညာဉ်တွေအတွက် မစ္ဆားပူဇော်ပေးခြင်း၊ မေတ္တာပို့ဆုတောင်းပေးခြင်း ကောင်းမှုကုသိုလ် ဂရုဏာလုပ်ငန်းများ လုပ်ပေးခြင်းအားဖြင့် ကယ်တင်ဖို့ ကူညီဖို့ သမ္မာကျမ်းစာတော်နှင့် သာသနာတော်ကြီးက အစဉ်မပျက် သွန်သင်လျက် ရှိနေပါတယ်။ တပည့်ကြီးသံဃာတော်တို့ စီရင်ရေးထားကြသော ယုံကြည်ခြင်း အချုပ်ထဲမှာ "သူတော်သူမြတ်အပေါင်း တို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်းအကျိုးကုသိုလ်တို့ကို ခံစားရကြောင်း"လို့ ဖော်ပြထားပါတယ်။ လောကမှာ အသက်ရှင်ကျန်ရစ်သူများက ကွယ်လွန်ပြီး ငရဲငယ်မှာ ဒဏ်ဆပ်ဖြေနေရတဲ့ ၀ိညာဉ်များအတွက် ကောင်းမှု ကုသိုလ်များကို ပြုပေးခြင်း၊ ဆုတောင်းမေတ္တာ ပြုပေးခြင်း အကျိုးကုသိုလ်တို့ကြောင့် အဲဒီဝိညာဉ်တွေဟာ ငရဲငယ်မှ လွတ်မြောက်ကြပြီး ဘုရားရှင်စံပျော်ရာ ထာဝရ သုခချမ်းသာ ရွှေပြည်တော်၌ ဘုရားရှင်နှင့် အတူ စံစားခွင့်ရရှိကြပါတယ်။ ဒီလို ထာဝရသုခချမ်း သာကို စံစားနေရစဉ် ကောင်းကင် ရွှေပြည်တော်ကနေ တစ်ဖန် မိမိတို့အတွက် ဆုတောင်းပေးခဲ့သူများအဖို့ ဘုရားရှင်ထံ ပြန်လည်ပြီး ဆုတောင်းမေတ္တာပို့သမှုကြောင့် လောကမှာ အသက်ရှင်နေတဲ့ ကျန်ရစ်သူများဟာ အကျိုးကုသိုလ်များကို တန်ပြန် ခံစားကြရပါတယ်။ အချို့သော ပုဂ္ဂိုလ်များကတော့ ဘုရားရှင်ရဲ့ အလိုတော်မြတ်ကို လောကဘ၀မှာ ဆက်ကပ် ဆောက်တည်ခဲ့ကြလို့ ကွယ်လွန်သွားတဲ့အခါ ထာဝရ သုခချမ်းသာကို ချက်ခြင်း စံစားပျော်ရွှင်ခွင့်ကို ရရှိကြပါတယ်။
ယေဇူးကလည်း ငါသည်ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါကို ယုံကြည်သောသူသည် သေလွန်သော်လည်း အသက်ရှင်လိမ့်မည်။ ငါကို ယုံကြည်၍ အသက်ရှင်သော သူဟူသမျှတို့ သည်လည်း သေခြင်း အစဉ်မပျက်ကင်း လွတ်ကြလိမ့်မည် (ရှင်ယောဟန် ခရစ်ဝင် ၁၁း ၂၅-၂၆) ဒါကြောင့် ခရစ်ယာန်သမ္မာ ကျမ်းစာတော်နှင့် သာသနာတော်ကြီးရဲ့ သွန်သင်ချက်များ တရားတော်များအရ လူဝင်စားခြင်းဆိုတာ အမှန်တကယ်မ ရှိပါလို့ဖြေကြားလိုပါတယ်။
ဒါဆိုရင် အရင်ဘ၀က ညီအစ်ကို မောင်နှမတွေ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဒီလူဝင်စားတဲ့ သူက ဘာကြောင့်ပြောပြနိုင်ပါသလဲ။
စာရှုသူအပေါင်းတို့ခင်ဗျား လောက မှာလူတွေဟာအကြား၊အမြင်၊ အထိအတွေ့၊ အနံ၊ အရသာလို့ ခေါ်တဲ့ အာရုံငါးပါးအားဖြင့် သိကြရပါတယ်။ အချို့မှာတော့ အကြားအာရုံချို့ယွင်းလို့ စက္ခုအာရုံ ချို့ယွင်းလို့ အာရုံ(၄)ပါးလောက်နဲ့သာ သိကြရပါတယ်။ လူဟာ အာရုံ(၅)ပါးအားဖြင့် အတိတ်က ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံများကြောင့် သိသလို လောကပစ္စုပန် ကာလမှာ ဖြစ်ပျက်နေသမျှကိုလည်း ဒီအာရုံ(၅)ပါး အားဖြင့် သိနေ ရတယ်။ ဒီလို အာရုံ(၅)ပါးအားဖြင့် သိရသော အသိကို ပုံမှန်အသိ၊ သဘာဝအသိ လို့ခေါ်တယ်။ နောက်အသိ နှစ်မျိုးကတော့ သဘာဝထက် လွန်ကဲတဲ့အသိနဲ့ နိမ့်ကျတဲ့ အသိရယ်လို့ နှစ်မျိုးနှစ်စားရှိတယ်။ သဘာဝထက် လွန်ကဲတဲ့အသိနဲ့ အနိမ့်ကျဆုံး အသိကို နားလည်ဖို့အတွက် ၀ိညာဉ်သုံးမျိုး အကြောင်းကို လေ့လာဖို့ လိုအပ်ပါတယ်။

ဝိညာဉ်သုံးမျိုးအနက် ပထမ၀ိညာဉ်ကတော့ Evil Spirit မိစ္ဆာနတ်ဆိုးရဲ့ ၀ိညာဉ်ဖြစ်တယ်။ ဒုတိယ၀ိညာဉ် ကတော့ Human Spirit လူ့ရဲ့စိတ် ၀ိညာဉ်ဖြစ်တယ်။ တတိယ ၀ိညာဉ်ကတော့ HolySpirit သန့်ရှင်းသော ၀ိညာဉ်တော်မြတ်ဖြစ်တယ်။ ဒီဝိညာဉ် သုံးပါးအနက် လူ့ရဲ့စိတ်ဝိညာဉ်မှာ ရှိတဲ့အသိ အားလုံးဟာ သာမန် အသိ ပုံမှန်အသိဖြစ်ပါတယ်။ ဒီလို သဘာဝအသိရှိနေတဲ့ လူ့ရဲ့စိတ်ဝိညာဉ်ဟာ ဘုရားရှင်ရဲ့ ၀ိညာဉ်တော်အုပ်စိုးတော်မူခြင်း ခံရပြီဆိုလျှင် အဲဒီလူမှာ ရှိပြီးသား သာမန်ပုံမှန်အသိနှင့် တကွ သဘာဝထက်လွန်ကဲတဲ့ အသိတွေ ရရှိလာပါတယ်။ ဒါကို အကြား အမြင်ပေါက်တယ်လို့ ခေါ်ကြတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးဟာ မိမိကိုယ်ကို အစဉ်နိမ့်ချပြီး မောက်မာမှုများ၊ မာနကြီးမှုများကို ဂရုစိုက်ပြီးအသိနဲ့ သတိထားကာ ရှောင်ရှားမှုပြုဘို့ အရေးကြီးပါတယ်။ အကယ်၍ မာနထောင်လွှားခဲ့သော် ဘုရားရှင်ရဲ့သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားဟာ မာန်မာနကြီးတဲ့ နှလုံးသားတွေမှာ ကျိန်းဝပ်တော်မူခြင်း မပြုလိုတာကြောင့် မိမိဘ၀ မှ ထွက်ခွာသွားပြီဆိုရင် အကြားအမြင်တွေဟာ သဘာဝထက်နိမ့်ကျတဲ့ အသိတွေအဖြစ် ပြောင်းလဲ သွားပါလိမ့်မည်။ သူတစ်ပါး အများအကျိုးအတွက် မသုံးတော့ပဲ နတ်ဆိုးဆန်ဆန် နိမ့်ညံ့စွာ ပညာပြလာပြီး သူတစ်ပါး ဒုက္ခရောက်အောင်လုပ်တဲ့ သဘာဝထက် နိမ့်ညံ့တဲ့ အာရုံဖြစ်လာတတ်ပါတယ်။
သာမန် အသိရှိတဲ့ လူ့စိတ်ဝိညာဉ်ဟာ နတ်ဆိုးရဲ့ အုပ်စိုးခြင်းကို ခံရပြီးဆိုရင် ဘ၀ထက် နိမ့်ညံတဲ့ အသိတွေရရှိလာပြီး အပြောအဆို၊ အပြုအမူ၊ အကြံအစည် အားလုံးဟာ မကြားဝံ့မနာသာ အောင်ယုတ်ညံ့ချင် ယုတ်ညံ့မယ်။ ဒါမှမဟုတ် အစမှာ ဟုတ်သလိုလိုနဲ့ အဆုံးမှာ အဖျားရှုးတတ်တယ်။ နတ်ဆိုးရဲ့ လုပ်ဆောင်ချက်ကို ရာခိုင်နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် ၉၈%ဟာ လူ့ရဲ့ မနောထဲကိုဝင်ပြီး ဒေါသ၊ လောဘ၊ မောဟ၊ ကိလေသာ၊ တဏှာတွေကိုထည့် ပေးတယ်။ ဒီလိုနဲ့ လူ့ရဲ့အသိဟာ သဘာဝထက် ယုတ်ညံ့လာတယ်။ ရန်ဖြစ်တယ်၊ ခိုးတယ်၊ သတ်တယ်၊ ၀ှက်တယ်၊ လိမ်လည် လှည့်ဖျားတယ်။ ဒီနည်းကို နတ်ဆိုးက အသုံးတည့်လွန်းလို့ ၉၈% သုံးတယ်။ ကျန်တဲ့ ၂% ကတော့ အသုံးနည်းတယ်။ အဲဒီ ၂% နှောက်ယှက်နည်းကို လေ့လာလိုက်ရင် လေးမျိုး လေးစားရှိပါတယ်။
ပထမတစ်မျိုးကတော့ Affliction ဒုက္ခ ဝေဒနာစွဲကပ်မှုဖြစ်တယ်၊ မန်းမှုတ်ထားတဲ့ အရာတွေကို စားမိလို့၊ ဆောင်ထားမိလို့
ဒါမှမဟုတ်ရင် နတ်ဆိုးနဲ့ ပတ်သက်တဲ့နေရာတွေကို သွားမိလို့၊ အင်းချထားခြင်း ခံရလို့ ဖျားနာခြင်း၊ အိပ်မရခြင်း၊ အပင်းထည့်ခံရလို့ စားမရခြင်း၊ အဆင်မပြေပဲ ကိုးလို့ကန့်လန့်ဖြစ်နေခြင်း ဒုက္ခ ဝေဒနာစွဲကပ်ခြင်းမျိုး ဖြစ်တယ်။
ဒုတိယတစ်မျိုးကတော့ Oppression ဖိနှိမ်ချုပ်ချယ်ခြင်း၊ စိုးမိုးခြင်း ခံနေရခြင်း ကိုခေါ်တယ်။ ဒီလို ခံစားနေရခြင်း မှာလည်း ပထမအမျိုးစားလိုပဲ၊ နတ်ဆိုး မိစ္ဆာရဲ့ မန်းမှုတ်ထာတွေ စားမိ၊ သုံးမိ၊ ဆောင်ထားမိ အင်းချထားခြင်းခံရလို့ နတ်ဆိုးရဲ့ အုပ်ချုပ်စိုးမိုးခြင်း ခံရပြီး လေးလံ ထိုင်းမှိုင်းကာ ဘုရားတရာနှင့် ပတ်သက်လာရင် ကြောက်ရွံ့နေခြင်း၊ စိတ်ပုတီး မစိတ်ချင၊် ဘုရားရှိခိုးလို့လဲ မရပဲ လေးလံနေခြင်း ဖြစ်တယ်။
တတိယတစ်မျိုးကတော့ Possession နတ်ဆိုးပူးခြင်း၊ မျက်လုံးပြူး မျက်ဆံပြူးနှင့် နတ်ဆိုးပူးခြင်းခံရပြီး မိမိ ကိုယ်ကိုလုံးဝမသိပဲ ဘ၀တစ်ခုလုံးကို နတ်ဆိုးက နေရာယူ အုပ်စိုးချုပ်ကိုင်ထားခြင်း ပဲဖြစ်တယ်။
စတုတ္ထတစ်မျိုးကတော့ Obsession လူရဲ့ စိတ်တစ် စိပ်တစ်ဒေသကို အုပ်စိုးထားခြင်း ဖြစ်တယ်။ ဒီလို အုပ်စိုးခြင်း ခံရတဲ့ လူရဲ့မနောစိတ်ထဲမှာ အရေးမကြီးတဲ့ အဖြစ်အပျက်ကလေးများကို ဖြစ်စေ နတ်ဆိုးသိထားတဲ့ လူတစ်ဦး တစ်ယောက်ရဲ့ ဖြစ်ရပ်၊ ဘ၀ဟောင်းက ဖြစ်ရပ်တစ်ချို့ကို ဖြစ်စေထည့်ပေးလိုက်ခြင်း ပဲဖြစ်တယ်။ များသောအားဖြင့် ကလေးအရွယ်မှာ ထည့်ပေးမှုကြောင့် လူဝင်စားအသွင်မျိုး ပြောလေ့ ပြောထရှိကြတယ်။ မိမိစိတ်ထဲမှာ နတ်ဆိုး ထည့်ပေးသလောက်ပဲ မိမိဝင်စားတဲ့လူကို သိသလို၊ ပစ္စည်းအချို့ကို ရွေးချယ်နိုင်တယ်။ အသက်ကြီးမှ ဒီလို နတ်ဆိုးရဲ့ထည့် ပေးမှုကိုခံရပြီ ဆိုရင် အဲဒီလူဟာ မိမိဟာဖြင့် ဘယ်သူလိုလို၊ ဘယ်ဝါလိုလို ပြောတတ်သလ၊ို အချို့ကြတော့ အကြားအမြင်ပေါက် သလိုလို လုပ်တတ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ ၀ိညာဉ်တော်ဘုရားနဲ့ ပေါင်းစပ်ခြင်းလား၊ နတ်ဆိုးရဲ့ လှည်းဖြားခြင်းလား ဆိုတာ ချက်ခြင်း လက်ငင်းခွဲမရပါ အချိန်ယူရလေ့ ရှိပါတယ်။ ဒါကြောင့် ခရစ်ယာန် တရားတော်အရ အဖြေကတော့ လူဝင်စားခြင်းဟာ လုံးဝမရှိပါဘူး။ အရင် ဘ၀က ညီအစ်ကို မောင်နှမတွေလိုလို၊ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တွေလိုလို၊ ပုံမှားရိုက်ပြီး လူရဲ့မနောစိတ် တစ်စိပ်တစ်ဒေသထဲမှာ ထည့်ပေးပြီး လှည့်စားလိုက်တဲ့ မာန်နတ်ရဲ့ ပတ်ဝန်းကျင်ကို လှည်စားချက်သာဖြစ်ကြောင်း ဖြေကြား လိုက်ရပါတယ်။




ဘုန်းတော်ကြီးဦးဂြိုလ်တု
(အာဗွီအေ အသံလွှင့်အစီစဉ်မှ ကောက်နုတ်ဖော်ပြပါသည်)။

Jul 22, 2009

ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (အပိုင်း ၃)


ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (အပိုင်း၃)

တက္ကသိုလ် ကျောင်းတော်သား ဘ၀က ဆရာကန်တော့ပွဲ တစ်ခုကို ပြန်သတိရမိပါသည်။ နွေရာသီတက္ကသိုလ် ကျောင်းမပိတ်မီ စာမေးပွဲများအပြီး ဆရာ ကန်တော့ပွဲ လုပ်လေ့ရှိပါသည်။ ကော်ဇော နီနီကြီးများကို ခင်းကာ ပန်းခြင်း၊ ပန်အိုးများနှင့် ခန်းခန်းနားနား ပြင်ဆင်ထားသည့် ခန်းမကြီးရှေ့မှာ ဆရာ၊ ဆရာမများကို နေရာ ပေးကြပါသည်။

ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူများကတော့ ကြမ်းပြင်ပေါ် ထိုင်ကာ ဦးချ ကန်တော့ကြရပါသည်။ ကျွန် တော်တို့က ခရစ်ယာန်များဖြစ်တော့ ဆရာ၊ ဆရာမများကို မကန်တော့ရဘူးဟု ထင်နေခဲ့ပါသည်။ ဆရာ၊ ဆရာမများကို ကန်တော့ပါက အပြစ် ဖြစ်သည်ဟု ထင်နေခဲ့ပါသည်။ ထို့ကြောင့် တခြား ကျောင်းသား၊ ကျောင်း သူများက ဦးချကန်တော့ကြသောအခါ ခါးအနည်းငယ် ကုန်းကာနေလိုက်သည်။ လူများ မရိပ်စားမိအောင် ကန်တော့ဟန် ဆောင်ခြင်းဖြစ်ပါသည်။ တချို့ခရစ်ယာန် ကျောင်းသားများကတော့ သည်အတိုင်း
ငုတ်တုတ်ထိုင်နေတာ တွေ့ရပါသည်။ တချို့ ကတော့ အပြင် ထွက်သွားကြသည်။

သည်နေရာမှာ ကျွန်တော်တို့၏ အပြုအမူသည် မည်မျှ ရိုင်းရာကျနေသည်ကို ထိုစဉ်က ကျွန်တော် မစဉ်းစားမိခဲ့ပါ။ ကျွန်တော်တို့၏ ကျောင်းနေဖက် သူငယ်ချင်းများက 'ခရစ်ယာန် ဘာသာတရား၏ အဆုံးအမမှာ မိဘနှင့်ဆရာသမားကို ရိုသေရမယ်ဆိုတာ ပါပုံမရဘူး" ဟု အထင် မှားစရာဖြစ်နေခဲ့တာကို ကျွန်တော် မရိမ် စားမိခဲ့ပါ။ ဆရာ၊ ဆရာမများကလည်း ခရစ်ယာန် ကျောင်းသားတွေ တော်တော် ရိုင်းစိုင်းကြတာပဲ။ ဆရာကို ဆရာမှန်း မသိကြလို့လား။ သူတို့ မိဘတွေကပဲ မသွန်သင်လို့လား။ ဒါမှမဟုတ် သူတို့ကိုးကွယ်တဲ့ ဘုရားရဲ့ တရားအဆုံးအမများမှာပဲ မပါလို့လားဟု ထင်စရာ ဖြစ်နေခဲ့တာကိုလည်း ကျွန်တော်မတွေးမိခဲ့ပါ။

ဘုရားပေး ဆုံးမတရားဖြစ်သည့် ပညတ်တော် (၁၀)ပါးတွင် ဘုရားအပေါ်မှာ လူသားတို့ စောင့်ရမည့်သီလ (၃)ပါး နှင့် လူလူချင်းစောင့်ရမည့် သီလ (၇)ပါးတွင် "မိဘတို့အား ရိုသေခြင်းကို ပြုပါ" ဟု ပထမ ဦးစားပေး ဆုံးမထားကို မှတ်ရပါသည်။ ဤနေရာတွင် "မိဘ" ဆိုသည်မှာ မွေးကျေးဇူးရှင်၊ ကျွေးကျေးဇူးရှင် မိဘနှစ်ပါး သာမကဘဲ မိဘနှင့် တစ်ဂိုဏ်းတည်းဖြစ်သောဆရာ၊ ဆရာမများနှင့် ကျေးဇူးရှင်များ၊ မိမိထက် အသက်၊ လုပ်အား၊ သိက္ခာ၊ ပညာ၊ ရာထူးစသည့် အရည်အချင်းသာသူများလည်း ပါဝင်ပါသည်။


မိဘဆရာ ကန်တော့ခြင်းသည် အလွန် မြတ်နိုးလေးစားစရာ မြန်မာ့ရိုးရာ ဓလေ့တစ်ခုဖြစ်ပါသည်။ ကမ္ဘာကြီးပေါ်က ဘယ်လူမျိုးစုမှာမှ မတွေ့နိုင်သည့် ကြည်နူးဖွယ်ရာ ဘိုးဘွားစဉ်လာ ထုံးတမ်း တစ်ခု ဖြစ်ပါသည်။ ခရစ်ယာန် တရားတော်နှင့် လုံးဝမဆန့်ကျင်ပါ။ ခရစ်တော်ဘုရားရှင် ဆုံးမတရားနှင့်လည်း ဘယ်တော့မှ မသွေဖီပါ။ အကယ်၍သာ ခရစ်တော် ဘုရားရှင်သည် မြန်မာတစ်ပါးအနေဖြင့် ကြွလာခဲ့ မည်ဆိုပါက အရှင်ဘုရား ကိုယ်တော်တိုင် မယ်တော်၊ အုပ်ထိန်းသူသံဇူဇယ်နှင့် ကျေးဇူးရှင် ဆရာ၊ ဆရာမများကို ဦးချကန်တော့မှာ သေချာပါသည်။ အရှင်မြတ်၏ တရားများ မှာလည်း "သင်တို့၏ မိဘနှင့် ဆရာများကို ရိုသေကြပါ။ သူတို့၏ ကျေးဇူးများကို ဦးထိပ်ထားကြပါ။ မိဘနှင့်ဆရာများကို ဦးချကန်တော့ကြပါ" ဟု သင်ကြားခဲ့မှာ သေချာပါသည်။

ရဟန်းမင်းကြီး ဒုတိယမြောက် ယောန်ဟန်ပေါလ်လူး အရှင်က... "ကိုးကွယ်မှု ဘာသာတစ်ခုဟာ သူ့ကို ယုံကြည် ကိုးကွယ်သည့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ဖြစ်မလာသေးသ၍ (ထိုလူမျိုး) လုံးလုံး လျားလျား၊ ပြည့်ပြည့်၀၀ လက်ခံစဉ်းစား ကိုးကွယ်ခံရသည့် ဘာသာတရားတစ်ခု မဖြစ်သေးပါ" ဟု ဆုံးမဖူးပါသည်။
ထိုသို့ဆိုပါက ဆရာကန်တော့ပွဲ က ကျွန်တော့အပြုအမူသည် ဘုရားရှင်၏ တရားတော်နှင့် သွေဖီနေသလို မြန်မာ လူမျိုးစစ်စစ်ဖြစ်သည့် ကျွန်တော့် ယဉ်ကျေးမှုဓလေ့နှင့်လည်း လုံးလုံးကြီး ဆန့်ကျင်နေပါလားဟု သံဝေဂရမိပါသည်။ ဘုရားရှင်၏ မြင့်မြတ်တော်မူလှသော တရားတော်တစ်ခုကို လူအများ နားလည်မှု လွဲစေအောင်လုပ်တာနှင့် အတူတူပဲ ဖြစ်တာကို စဉ်းစားမိပါသည်။ ခရစ်တော်ဘုရားရှင် ကိုယ်တော်တိုင် တည်ထောင်တော်မူခဲ့သော ကက်သလစ် သာသနာတော်ကြီးသည် ကမ္ဘာ့သာသနာတော် အစစ်ဖြစ်သလို မြန်မာ့သာသနာတော် စစ်စစ်လည်း ဖြစ်ပါသည်။

ရဟန်းမင်းကြီး ဆဌမမြောက် ပေါလ်လူးအရှင်က "အကယ်၍ တိုင်းပြည် တစ်ခုအတွင်း မှီတင်း နေထိုင်ကြကုန်သော လူမျိုးစုတို့သည် ထိုတိုင်း ထိုပြည်၏ လူမျိုးဖြစ်သည်ဟု သင်သတိမမူပါက၊ အကယ်၍ ထိုတိုင်း ထိုပြည်သားတို့၏ စကား၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု၊ အနုပညာတို့ကို သင်အသုံး မပြုပါက၊ ...သင်ဟောပြောသော တရားတော်သည် များများစားစား ခရီး တွင်မည် မဟုတ်ပါ"ဟု မိန့်ကြားခဲ့ပါသည်။


"ဘာသာတရားကို ယဉ်ကျေးမှုပြုခြင်း"မှာ အချိန်တိုင်း၊ နေရာဒေသတိုင်း၊ တိုင်းနိုင်ငံတိုင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတိုင်းမှ လူမျိုးစုတို့သည် အရှင်၏ တရားတော်မြတ်ကို ပိုမိုနားလည် ယုံကြည်လာဖို့ အတွက်ပင် ဖြစ်ပါသည်။ ခရစ်ယာန်ကျင့် စဉ်နှင့် ယုံကြည်ရာများကို လူမျိုးတိုင်း၏ ကိုယ်ပိုင် တွေးခေါ်ခံယူမှုများနှင့်
အညီပြန်လည် ပုံဖေါ်ပေးခြင်းလည်း ဖြစ်ပါသည်။

ထို့ကြောင့် ကက်လစ်ဘာသာကို မြန်မာ့ယဉ်ကျေးမှု ပြုမည်ဆိုပါက တခြား ရှည်ရှည်ဝေးဝေး မတွေးစေချင်သေးပါ။ များများစားစား မလှမ်းစေချင်သေးပါ။ အလိုအပ်ဆုံးနှင့် အခြေခံအကျဆုံး ယဉ်ကျေးမှုပြုခြင်းများ အမြောက်အမြား ရှိပါသည်။ ထိုအခြေခံများနှင့် စသင့်ပါသည်။


ဥပမာ- မြန်မာကက်သလစ် ဘာသာဝင်တို့၏ အနေအထိုင်၊ အပြောအဆို၊ ၀တ်စားဆင်ယင်ပုံ၊ သွားလာပုံများကို ယဉ်ကျေးမှုပြု နိုင်ပါသည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများကို ယဉ်ကျေးမှု ပြုနိုင်ပါသည်။ ရှေးအခါကတည်းက မြန်မာ့နီတိများ၊ ဆုံးမစာများ၊ ကျင့်ဝတ်များရှိပါသည်။ ထို့အပြင် မြန်မာ့ ယဉ်ကျေးမှု အရပ်ရပ်တွင် အိမ်၌ယဉ်ကျေးခြင်းများ ရှိပါသည်။ ထို အခြေခံများမှ စတင်ကာ ယဉ်ကျေးမှု ပြုနိုင်ပါသည်။

ယနေ့ ကက်သလစ်လူငယ်များနှင့် လူလတ်ပိုင်းများသည် ယဉ်ကျေးမှုဆိုတာ နားမလည်ကြတော့ပေ။ နီတိဆိုတာ စားစရာလား၊ သောက်စရာလားဟုပင် အထင်မှားချင် မှားနေကြပေမည်။ မကြားဖူး ကြတော့ပေ။ မိဘဆိုမိဘမှန်းမသိ၊ ဆရာဆို ဆရာမှန်းမသိ၊ ဘုန်းကြီး ဘုန်းကြီးမှန်း မသိ၊ လူကြီး လူကြီးမှန်း မသိကြချေ။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသိမ်မွေ့၊ ပြေပြစ်၊ တတ် သိလိမ္မာမှုမရှိကြတော့ချေ။ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာများနှင့် သွေဖီနေကြပါသည်။ အသင်အကြားလည်း မရှိကြတော့ပါ။


သို့ပါသောကြောင့် ခရစ်တော်ဘုရားရှင်၏ အထူး အလွန်မြင့်မြတ် သိမ်မွေ့တော်မူသော တရားတော်များကို မြန်မာများ သိနားလည်ရအောင် ဘာသာတရားကို မြန်မာမှုပြုခြင်း အရေးကြီးလှ ပါကြောင်း သာဓကတစ်ခုအနေနှင့် ရေးသားလိုက်ပါသည်။


မာကု(ဒဿန)

Jul 21, 2009

ကောင်းကင်သိကြားတမန်တော်များ


ကောင်းကင်သိကြားတမန်တော်များ

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလမ်ဘာသာ တွေမှာ ကောင်းကင်တမန်တွေ ရှိတယ်လို့ ယုံကြည်ကြပါတယ်။ သမ္မာကျမ်းစာမှာတော့ ယောဘ၀တ္ထု ၁း ဆာလံ ၉၅း သံမာတေဦး ၄း သံလုကား ၁၁း၂၄၊ ၁ပေတရု၅း နဲ့ဗျာဒိတ်တွေအရ သိရှိနိုင်ပါတယ်။ ဘုရားခင်ကလူ ကို မဖန်ဆင်းခင်ကတည်းက ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တာဖြစ်ပြီးသူတို့ဟာ ခန္ဓာမရှိတဲ့ ၀ိညာဉ်သက်သက် ဖြစ်ကြပါတယ်။ ဒါကြောင့်သူတို့မှာ ဆာလောင်မွတ်သိပ်ခြင်း ဖျားနာခြင်း၊ ထိခိုက် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း ဆိုတာမရှိ ပါဘူး။
ကောင်းကင်တမန်တွေကို ဘုရားသခင်ဖန်ဆင်း ထားရခြင်းရဲ့ ပထမ ရည်ရွယ်ချက်ကတော့ လူတစ်ဦး တစ်ယောက်ခြင်း ကိုပဲဖြစ်စေ၊ လူမျိုးစုတစ်ခုလုံးကိုပဲဖြစ်စေ အသိပေးဖို့ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာဦးကျမ်း အခန်းကြီး ၁၉ မှာ ဆေဒုံနဲ့ ဂေါမောရမြို့တွေကို မဖျက်ဆီး ခင်လောကနဲ့ သူရဲ့မိသားစုကို ကောင်းကင်တမန်တွေက ဘေးကင်းရာကို ခေါ်ဆောင်သွားကြပါတယ်။ အခန်းကြီး ၂၁မှာ တာ့ စာရာရဲ့ရန်ကြောင့် အာဗြာဟံဆီထွက်ပြေးလာတဲ့ကျွန်မ ဟာ ယဂ္ဂဲနဲ့ သူမရဲ့သားတို့ကို ကောင်းကင်တမန်က ကူညီစောင့် ရှောက်ခဲ့ပါတယ်။ ဒုတိယ ရည်ရွယ်ချက်ကတော့ စက်သားအဖြစ် ဘုရားသခင်ရဲ့ သတင်းစကားကို လူတွေဆီ ကြားပြောဖို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုလာတင်း ဘာသာစကားနဲ့ Angeli ဂရိဘာသာစကားနဲ့ Aggeloi လို့ခေါ်ပြီးအင်္ဂလိပ် လိုတော့ messenger လို့ခေါ်ပါတယ်။
ကောင်းကင် တမန်တွေအနေနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ဘယ်လို ထမ်းဆောင်ခဲ့ကြသလဲ၊ လူသားတွေ အတွက် ဘာတွေ လုပ်ပေးခဲ့ကြသလဲ လို့ လေ့လာကြည့်တဲ့အခါ ဓမ္မဟောင်းကျမ်းမှာ သူတို့ရဲ့ တာဝန်ဝတ္တရား (၅)ရပ်ကို တွေ့ရပါတယ်။
၁။ ကောင်းကင်တမန်တွေဟာ ထာဝရဘုရားထံပါးမှာ ခစားကြတဲ့ ကောင်းကင် ဗိုလ်ခြေတွေ ဖြစ်ကြတယ်။ တရား ၄း၁၉၊ ယောရှုမှတ်စာ ၅း၁၄ တ-ဓမ္မ ၂၂း၁၉၊ ဆာလံ ၁၀၃း၂၀၊ ၁၄၈း၂
၂။ ကောင်းကင်တမန်တွေဟာ ထာဝရဘုရား၏ သန့်ရှင်းသောသူများ ဖြစ်ကြတယ် ဆာလံ ၂၉း၁၊ ၈၉း၆-၇၊ ယောဘ၁း၆၊ ၂း၁၊ ၅း၁၊ ၃၈း၇၊ ဒံယေလ ၈း၁၃
၃။ ကောင်းကင်တမန်တွေစာ လူပုဂ္ဂိုလ်၊ နေရာဒေသတွေကို ကာကွယ် စောင့်ရှောက်ရသူတွေ ဖြစ်ပါတယ်။ ဆာလံ ၉၁း၁၁၊ ဒံယေလ ၁၀း၁၂၊ တိုးဘိယ ၁၂း၁၅
၎။ ဘုရားသခင်နှင့် ပရောဖက်တွေကြားမှာ ဆက်သွယ်ပေး သူများဖြစ်ကြပါတယ် ထွက် ၃း၂၊ တရားသူကြီး ၆း၁၄၊ ၁၃း၂၂၊ ဇာခရိ ၁း၇-၆း၁၅၊ ဒံယေလ ၈း၁၆...၊
၅။ ကောင်းကင် တမန်တော်တွေဟာ ဘုရားရဲ့အမိန့်တော် အတိုင်း ကောင်းသူကိုကယ်ပြီး မကောင်းသူကို ကယ်တင်ကြသူများ ဖြစ်ကြပါတယ်။
ကမ္ဘာ ၁၉း၁...၊ ထွက် ၁၄း၁၉၊ ၂၃း၂၀၊ ၃၃း၂၊ ၁၂း၂၃၊ တော ၂၁း၆-၈၊ ဒု-ဓမ္မ ၂၄း၁၆...၊ စဓမ္မ ၂၂း၁၉...
ဓမ္မသစ်မှာလည်း သူတို့ရဲ့တာဝန်ဝတ္တရား (၅)မျိုး ရှိကြောင်းတွေ့ရပါတယ်။
၁။ ကောင်းကင် တမန်တွေဟာ ဘုရားသခင် မိန့်မှာတဲ့ သတင်း စကားကို ပြောကြားရပါတယ်။ မာတေဦး ၁း၂၀၊ ၂း၁၃၊၁၉ လု ၁း၁၁...၊ ၂၆...၊ ၂း၉...၊ ဂလာတိ ၃း၁၉၊ ဟေ၁း၎၊ ၂း၂
၂။ ကောင်းကင် တမန်တွေဟာ ဘုရားသခင်ရဲ့ သားသမီးတွေကို ကာကွယ် စောင့်ရှောက်ပေးကြပါတယ်။
မာတေဦး ၄း၁၁၊ ၁၈း၁၀၊ မာကု ၁း၁၃၊ လု ၂၂း၄၃၊ တမန် ၅း၁၉၊ ၁၂း၇
၃။ ကောင်းကင်တမန်တွေဟာ ထာဝရဘုရားထံမှာ ခစားကြရပါတယ်။
မာတေဦး ၂၄း၃၆၊ လု ၁၂း၈၊ ၁၅း၁၀၊ ၁ကော ၁၁း၁၀
၎။ ကောင်းကင် တမန်တွေဟာ တရားမျှတခြင်းကို အကောင် အထည်ဖော်ရသူတွေ ဖြစ်ပါတယ်။
မာတေဦး ၁၃း၄၁-၄၉၊ ၁၆း၂၇၊ ၂၄း၃၁၊ မာကု ၈း၃၈၊ ၁၃း၂၇၊ လု ၉း၂၆၊ တမန် ၁၂း၂၃၊ ဒုသက်သာ ၁း၇၊ ပတီမော၅း၂၁
၅။ ကောင်းကင်တမန်တွေဟာ သခင်ယေဇူးရဲ့ ရှင်ပြန်ထ မြောက်ခြင်းကို သက်သေခံကြသူများ ဖြစ်ပါတယ်။
မာတေဦး ၂၈း၂၊ လု ၂၄း၂၃၊ ယော ၂၀း၁၂၊ တမန် ၈း၂၆၊ ၁၀း၃...၊ ၂၇း၂၃၊ ပကော ၄း၉
ကောင်းကင်တမန်တော်တွေဟာ ခေတ်အဆက်ဆက် မှာ ဘုရားသခင် ပေးအပ်တော်မူတဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်စွာ ထမ်းဆောင်ပြီး လူသားတွေကို အကျိုးပြုခဲ့ကြ သလို ဆက်လက်ပြီးတော့လည်း ကူညီ စောင့်ရှောက်နေကြမှာ အမှန်ပါပဲ၊။ ဒီကောင်းကင်တမန်တော်တွေ ထဲက အထင်ရှား ဆုံး သိကြားမင်း (၃) ပါးအကြောင်းကိုဝေမျှလိုက်ပါတယ်။

St. Michael
စိန်မိုက်ကယ်ဆိုတဲ့ အမည်ဟာ ဟေ ဗြဲ ဘာသာစကား အားဖြင့် "ဘုရားသခင်နှင့် မည်သူတူနိုင်မည် နည်း။" လို့ အဓိပ္ပါယ်ရပါတယ်။ ဒီစကားဟာ စာတန်နတ်ဆိုး ကိုတိုက်ခိုက်နှိမ်နင်း ပြီးကောင်းကင်က နှစ်ချစဉ်ကျွေးကြော် ခဲ့တဲ့ကျွေးကြော်သံဖြစ်ပါတယ်။ ဒံယေလ ၁၀း၁၃၊ ၂၁အရ စိန်မိုက်ကယ်ဟာ ပြည်တော်ပြန်ကြတဲ့ အီဇရာလူမျိုးတွေကို ကာကွယ် စောင့်ရှောက်ပေးတဲ့၊ မကွာဘဲ ညီအစ်ကိုများကို အောင်ပွဲရစေခဲ့တဲ့ ကောင်းကင်တမန်တော် ဖြစ်ပါတယ်။ ရှေးဦး ခရစ်ယာန်တွေဟာ ရောဂါ ဝေဒနာတွေသက်သာ ပျောက်ကင်းဖို့ရာ စိန်မိုက်ကယ်ကို အားကိုးခဲ့ကြပါတယ်။ ကော်လောစေမြို့နားက ဆေးဖက်ဝင် စမ်းရေကိုချိုးပြီး ပုဂ္ဂိုလ် သုံးပါးတဆူဘုရားနဲ့ စိန်မိုက်ကယ်ရဲ့အမည်ကိုခေါ်တသူတွေ ဟာ ရောဂါ ပျောက်ကင်းချမ်းသာကြသလို ကွန်စတန်တီနိုပယ် မြို့နားမှာရှိတဲ့ စိန်မိုက်ကယ်ဘုရားကျောင်းမှာလည်း ဝေဒနာ ရှင်တွေဟာ ကုသခံရဖို့ မျှော်လင့်ချက်နဲ့ ညအိပ်တည်းခို စောင့်မျှော်လေ့ ရှိခဲ့ကြပါတယ်။
ရှေးထုံးစဉ်လာအရ စိန်မိုက်ကယ်ဟာ-နတ်ဆိုးကို နှိမ်နင်းတိုက်ခိုက်ရန်
-သေ၀နီးပါးရှိသူတို့ရဲ့ ၀ိညဉ်များကိုနတ်ဆိုးရဲ့လက်မှကယ် တင်ရန်
-သန့်ရှင်းသောအသင်းတော်ကိုစောင့်ရှောက်မှုင်းမရန်နဲ့
-၀ညာဉ်များကို တရားစီရင်ခြင်းသို့ပို့ဆောင်ရန်ဆိုပြီး အဓိက တာဝန်ကြီးလေးရပ် ပေးအပ်ခံရတယ်လို့ ဆိုပါတယ်။ Ancမြို့မှ St.Joan ကို လမ်းညွှန် ဦးဆောင်ရာမှာလည်း စိန်မိုက်ကယ်ပါဝင်ခဲ့ပါတယ်။
စက်တင်ဘာ (၂၉)ရက်နေ့ဟာ ရောမအင်ပါယာ မှာ (၆) ရာစုနှစ်တုံးက "စိန်မိုက်ကယ်နှင့် ကောင်းကင်တမန် များ" ဘွဲ့ခံဘာစီလီဟာ ကျောင်းတော်ကြီးကို ရေစက်ချ လှူဒါန်းတဲ့နေ့ ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းတော်ကြီး တွေပျက်စီးခဲ့တာ ခုဆိုနှစ်ပေါင်း ထောင်ကျော်ကြားခဲ့ပါပြီ။ အင်္ဂလန်နိုင်ငံမှာတော့ စိန်မိုက်ကယ် အမှတ်တရနေ့ ဆိုတာဟာ ချေးငှါးပေါင်နှံထားသမျှကို လေးနှစ် တစ်ကြိမ် စာရင်းရှင်းရတဲ့နေ့ ဖြစ်ပါတယ်။ စိန်မိုက်ကယ်ကို တောင်ကုန်းတောင်တန်းများကို ကာကွယ်စောင့်ရှောက်သူ၊ ကုန်စုံဆိုင်ရောင်းသူများကို မှိုင်းမသူအဖြစ်နဲ့ ယုံကြည်အား ကိုးကြပါတယ်။ ဒါ့အပြင် ပုပ်ရဟန်းမင်းကိုကာကွယ်စောင် ရှောက်ရတဲ့ အထူးကိုယ်စောင့်သိကြား ဖြစ်သလို St.Eutropius ရဲ့ အဆိုအရ ကိုယ်တော်မြတ် စက္ကမင်တူးကို ကာကွယ်တဲ့ ကောင်းကင်တမန်မင်းလည်း ဖြစ်ပါတယ်။

St. Raphael
သူရဲ့ အမည်ဟာ ဟေဗြူး စကားအားဖြင့် "ဘုရား သခင်ကုသတော်မူ၏" ကို အဓိပ္ပါယ်ရပါတယ်။ ကိုယ်တိုင် တိုးဘိယကို ပြောပြချက်အရ (တိုးဘိယ ၁၂း၁၅) ဘုရားသခင်ရှေ့မှာ အမြဲခစားရတဲ့ ကောင်းကင်တမန် (၇)ပါးထဲက (၁)ပါး ဖြစ်ပါတယ်။ တိုးဘိယ၀တ္ထု ၁၁း၇-၁၇မှာ တိုးဘိယရဲ့မျက်စိ ကိုအလင်းရစေခဲ့ပြီး သားတိုးဘိယMeria ကိုသွားတဲ့လမ်း ခရီး မှာလည်း ကူညီစောင်မခဲ့ပါတယ်။ ဒါကြောင့် သူ့ကိုခရီးသွားများနဲ့ ငယ်ရွယ်အပြစ်ကင်းသူများကို စောင့်ရှောက်သူ အဖြစ် ရိုသေလေးစား ကြပါတယ်။
ဧ၀ံဂေလိကျမ်းစာ Probatica ရေအိုင်ရဲ့မျက်နှာဖြင့် လှုတ်ရှားတဲ့အခါ ပထမဆုံး ရေထဲဆင်းတဲ့ ဝေဒနာရှင် ရောဂါ ပျောက်ကင်းတယ်လို့ ဆိုပါတယ်။ ရေမျက်နှာပြင်လှုတ်ရှား ရခြင်းက သိကြားတမန် ရာဖာအဲလ် ဆင်းဆင်းသက်လို့ဖြစ် တယ်။
အရှေ့တိုင်း အသင်းတော်ဟာ သူကို AD ၁၀၀၀ ခန့်ကတည်းက ဂုဏ်ပြုခဲ့ကြပေမယ့် ဒီဓလေ့ဟာ အသင်း တော်တခုလုံးကို ၁၉၂၂ နောက်ပိုင်းမျ ပျံ့နှံ့ခဲ့ပါတယ်။ Dubuque ဂိုဏ်းချုပ်သာသနာနယ်ဟာ စိန်ရာဖာအဲလ် ကိုနှံထားပါတယ်။

ှSt.Gabuiel
ဟေဗြူးစကားအရ ''ဘုရားသခင်၏တန်ခိုးတော်" လို့ အဓိပ္ပါယ်ရပါတယ်။ သမ္မာကျမ်းစာနဲ့ ၀တ်ပြုကိုးကွယ်ခြင်း စာသားတွေမှာ အမည်ဖော်ပြခံရတဲ့ ကောင်းကင်တမန်တစ်ပါး လည်းဖြစ်ပါတယ်။ ဘုရားသခင်ရှေ့မှာ အစဉ်အမြဲခစားရတဲ့ (၇) ပါးထဲမှာလည်းပါဝင်ပြီး ၀မ်းမြောက်စရာ (သို့) အားပေး နှစ်သိမ့်တဲ့ သတင်းစကားကို ကြားရသူဖြစ်ပါတယ်။ ဒံယေလ အခန်းကြီး (၈) မှာ သိုးထီးပုံ နမိတ်လက္ခဏာဟာ အလက်ဇန္ဒား ဘုရင်ကြီးလကထက် ပါရှန်အင်ပါယာ ကျဆုံးမယ့်အဓိပ္ပါယ် ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ အခန်းကြီး (၉) မှာတော့နောင် နှစ်ပေါင်း ( ၄၉၀ ) ကြာရင် မက်ဆီးယားရှင် ဖွါးမြင်မယ်လို့ ကြိုတင်ဟောကြားခဲ့တာကို မှတ်တမ်းတင်ထားပါတယ်။ ဓမ္မသစ်မှာတော့ ဇာခရိကိုသံယောဟန် ဗတ္တိစတားရဲ့ ဖခင် ဖြစ်မယ့်အကြောင်း (သံလုကား ၁း၈-၂၀) ကညာမာရီးယား ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူမယ့် အကြောင်း (သံလူကား ၁း၂၆-၃၈)၊ ကြားပြောခဲ့ပါတယ်။
ဂျူးလူမျိုးတွေရဲ့ ထုံးစံမှာ တမန်တ်ာဂါဗြီအဲလ်ကို "တရားမျှတခြင်း၏ တမန်တော်" ကောင်းကင်သုခခံစားရမယ့် သူတွေကို ရွေးချယ်ခေါ်ဆောင်သူအဖြစ် ယုံကြည်ထားကြပါတယ်။ ခရစ်ယာန် ရှေးထုံးစဉ်လာမှာလည်း သိုးထိန်းများကို ကယ်တင် ရှင်ဖွါးမြင်ပြီဖြစ်ကြောင်း သတင်းကောင်းပေးသူ၊ မိသားစုနဲ့ အတူ အီဂျစ်ပြည်ကိုထွက်ပြေးဖို့ သံဇူဇယ်ကို အိပ်မက်ပေးသူ ဂျက်ဆီမာနီဥယျာဉ်မှာ သခင်ယေဇူးကို အားပေး နှစ်သိမ့်သူ ဟာ တမန်တော် ဂါဗြီအဲလ်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
တမန်တော်ဂါဗြီအဲလ်ကို ကောင်းကင်တမန်အပေါင်း တို့ရဲ့ ခေါင်းဆောင်အဖြစ် ယုံကြည်ကြပါကြောင်းနဲ့ သူ့ထံမှ ဗျာဒိတ် ရူပါရုံခံစားရပါကြောင်း မိုဟာမက်က ၀န်ခံခဲ့ပါတယ်။
"ကောင်းကင် တမန်များကို အဖော်ပြုပါ၊ ဘယ်လောက်ပဲအားနည်းပါစေ ဘယ်လောက်ပဲဝမ်းနည်းစရာ ကောင်းပါစေ၊ ဘယ်လောက်ပဲဒုက္ခတွေ ၀ိုင်းရံနေပါစေ ကောင်းကင် တမန်တော်ရဲ့ ကာကွယ်မှုအောက်မှာ ကြောက်စရာမရှိပါဘူး" လိှု့St.Bernard ကမြွက်ကြားခဲ့ပါတယ်။


Ref; Theological Dictionary
Daily Saint Companion

ခံပွင့်




Jul 15, 2009

အားတင်းထားစမ်းပါ။

အားတင်းထားစမ်းပါ။

စာရေးသုသည် ၁၈ သြဂုတ် ၂၀၀၅ ရက် သောကြာမှစ၍ အစာအိမ်ယောင် ရောဂါကြောင့် ဆေးရုံ တက်ခဲ့ရပါသည်။ ၂၇ ရက်နေ့မှာတော့ အဖျားတက်ကာ သတိလစ်လုလု ဖြစ်၍ ဆေးရုံတက်ခဲ့ရကာ ထိုနေ့မှစ၍ တစ်ပတ်ကျော် အိပ်ယာပေါ်မှာ ဗုံးဗုံးလဲပြီး အစာမစားနိုင် အိပ်ယာပေါ် ဆန်ပြုတ်သောက်ရင်း ဆေးဝါး မှီဝဲနေလျှက်ရှိစဉ် မိမိ ဖြစ်ပျက်နေမှုတွေ၊ ရှေ့ဆက်ဖြစ်လာမည့် အရာများကို တွေးရင်း အားငယ်စိတ်တွေ ပြင်းထန် လာပါသည်။ ထိုချိန်တွင် သူငယ်ချင်းများ၊ အကြီးအကဲများ၏ အားပေး စကားများကြောင့် မိမိ ကိုယ်ကို အားတင်းထားကာ မိမိကိုယ်ကို အားပေးနေမိပါသည်။ အားပေးသည် ဆိုသော်လည်း မိမိ ကျန်းမာရေးနှင့် ရှေ့ဆက်ရမည့် ဘ၀ခရီးအတွက် တွေးမိ တွေးရာ အတွေးများမှု စာဖတ်သူများ (အထူးသဖြင့် လူငယ်များ ) ထံသို့ ဝေမျှ လိုပါသည်။
လူတစ်ယောက်တွင် ကိုယ်ခန္ဓာနှင့် စိတ်ဟူ၍ ရှိပေသည်။ ကိုယ်ခန္ဓာအတွက် အင်အား ကြံ့ခိုင်လာစေရန် အစားအစာ အာဟာရနှင့် ကိုယ်ခံဓါတ်အား ပြည့်စေသော အားဆေးများ စားသုံးကြရသည်။ ဤတွင် စိတ်အတွက်လည်း စိတ်ဓါတ် ကြံ့ခိုင်အောင် စိတ်အား ဖြည့်တင်း ပေးရပေသည်။
တစ်ခါတရံတွင် စိတ်ကပင် အားငယ်စရာ ၀မ်းနည်းစရာတို့ကို လက်ခံစဉ်းစားခြင်းဖြင့် အားငယ် စိတ်ဓါတ် ကျရတတ်ပေသည်။ ““ငါ့ဘ၀ ဘယ်တော့များမှ အဆင် ပြေပါတော့မလဲ၊ ငါ့လို အင်ဆန္ဒ ပြည့်ဝတော့မှာ မဟုတ်ပါဘူး။ ငါ့ဘ၀တော့ လုံးပါးပါးပါပြီ၊ ငါကြံစည် တောင့်တသမျှ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး၊ မျှော်လင့်ချက်တွေ ဝေးပါပြီ”” စသည်ဖြင့် အဆိုး အပျက်များကိုသာ စဉ်းစားပြီး အားငယ်နေ မိပါသည်။
အရှုံး အပျက်တရားများ ကြုံရဖန် များလာသောခါတွင်လည်း စိတ်ဓါတ်ကျနိုင်ပါသည်။ ဤသည်မှာ မထူးဆန်းပေ။ စင်စစ် အားဖြင့် အပျက်တရားသည် အဆန်းမဟုတ် ချေ။ လောကတွင် အပျက်တရား သာ မဟုတ်၊ အဖြစ်တရားလည်း ရှိနေပါသည်။
လူ့လောကတွင် မျက်လုံးတစ် ဖက်ကန်းသူ၊ စုံလုံးကန်းသူ၊ ခြေတစ်ဖက်၊ လက်တစ်ဖက်မရှိသူ၊ နှစ်ဖက်စလုံးမရှိသူ ဆွံ့အ၊ နားမကြားသူများလည်း လုပ်သင့်သမျှ့ လုပ်ကိုင်ဆောင်ရွက်၍ ရှင်သန်နေသော ဘ၀ကို အသုံးကျအောင် ကြိုးစားအားထုတ် နေကြပေသည်။ သို့ဖြစ်ရာ သာမန် လူကောင်း တစ်ယောက်ဖို့ အလားအလာ မရှိနိုင်စရာ အကြောင်းမရှိပါ။
စိတ်ဓါတ် ကျသောအကြောင်းများသည် တကယ်တန်း မမှန်ကန်သည်များ ကိုလည်း ကြုံဖူးပေမည်။ စိတ်ပျက်အား လျော့စေသော အကြောင်းဟူသမျှသည် ပကတိထက်ပို၍ ပမာဏ ကြီးမားပုံရနေ တတ် ပေသည်။ ထိုသဘာဝတရားများကို စဉ်းစားမိလျှင် အကြောင်းမလုံလောက်ဘဲ၊ မိမိ၏ ပျော့ညံ့မှုကြောင့် စိတ်ပျက်ခြင်း၊ စိတ်ဓါတ် ကျနေမိခြင်းများကို သင်မြင် ရပါလိမ့်မည်။ ထို့ကြောင့် အလွယ်တကူ စိတ်ဓါတ် မကျစေရန် သတိထား ရမည်။
စိတ်ကို တင်းရမည်၊ စိတ်တင်း ခြင်းသည်မိမိကိုယ်မိမိ အားပေးခြင်း၊ အားဖြည့်ခြင်းပင် ဖြစ်သည်။ စိတ်ကိုအလွယ် တကူလျှော့ချတတ်သူ၊ စိတ်ပျက်လွယ်သူသည် အကျင့်ပါ သွားတတ်လေသည်။ အလကားနေရင်း ပိုက်ဆံ မပေးရတိုင်းစိတ် ပျက်နေတတ်သည့် အကျင့်၊ အလေ့အထကို မစွဲ မိစေရ။ လက်ခံစရှိလျှင် အလွယ် နှင့် ၀င်လာတတ်ပေသည်။ ““မိုးရွာလိုက်တာ လည်းလွန်လို့ပါလား...”” ဟုစိတ်ပျက် နေမည့်အစား“ “မိုးရွာလျှင် ထီးဆောင်း သွားမည်၊ မိုးကာ အင်္ကျီ ၀တ်သွားမည်”” ဟုဆုံးဖြတ်ရမည်၊ ““မိုးရွာချင် သလောက်ရွာ စမ်းပါစေ ငါ့အလုပ်ကို လုပ်ဖြစ်အောင် လုပ်ပြလိုက်မယ်”” ဟုမိုးကို အံတုရပေမည်။ မိမိဘ၀ပေး အခြေအနေကိုလည်းအံတု နိုင်စွမ်းရှိရမည်။ ““ဆင်းရဲစမ်းကွာ တစ်နေ့ ချမ်းသာလာအောင် လုပ်ပြမယ်”” ဟုမာန်ဇွဲ၊ အံခဲ၍ ရုန်းကန် ကြိုးစားရမည်၊ ““အခြေအနေ မကောင်းလို့ ဆင်းရဲတာပဲ””ဟု အမွဲတွင်း၌ နှစ်သိမ့်ကျေနပ်နေမည်ဆို လျှင် ဘယ်နည်းနှင့်မျှ ချမ်းသာနိုင်မည် မဟုတ်ပါ။
ခရီးမထွက် သူသည်ဘယ်ကိုမျှ ခရီးမရောက်နိုင်၊ ခြေလျင်ခရီးနှင့် တင်းတိမ် နေလျှင် မော်တော်ကား၊ မီးရထား၊ အမြန်ယာဉ်များ ပေါ်
လာမည်မဟုတ်၊ လေယာဉ်ပျက်ကျမည်ကို ကြောက်နေလျှင် လေယာဉ် ခရီး သွားဖူးတော့မည် မဟုတ်ပေ။ လူ့ လောကတွင် အပျက်တရားကို ကျော်လွှား၍ အဖြစ်တရားကို တည်ဆောက် နိုင်မည်။
ဘ၀တွင်အားမန်၊ ဇွဲသတ္တိ၊ စိတ် ဓါတ် ကြံ့ခိုင်ဖို့လိုသည်။ ပျော့ညံ့၍မဖြစ်၊ စိတ်ယိုင်၍မဖြစ်၊ အားငယ်၊ အားလျောတတ်၍ မဖြစ်၊ အားတင်းထားရန် လိုသည်။ ““ငါမအိုသေး၊ ငါမသေသေး၊ ငါမရှုံးသေး၊ ငါမလျှော့သေး”” ဟူ၍ အဖန်တလဲလဲနှလုံး သွင်းထားရပေမည်။ လူ့ခန္ဓာကိုယ်တွင် နာကျင်မှုမှ အစဘ၀၏ နာကျည်းဘွယ်ရာများ ခံစားမှုများကိုလည်း တင်းခံနိုင်သော စိတ်ဓါတ်က ဝေဒနာခံစားမှုလျော့ပါး သွားစေနိုင်လေသည်။ စိတ်ကိုတင်းနိုင်ပါက စိတ်အင်အားလည်း ပို၍ ကြီးမားလာမည်။ တစ်ခါတရံ လူက အရှုံးနှင့်ကြုံပါစေ စိတ်က မရှုံးဖို့ လိုအပ်ပါသည်။
အချို့မကျန်းမာ၍ သေခါနီးလူမမာများ ပင်လျှင်သူတို့တွေ့လိုသော သံယောဇဉ် ကြီးမားသူများ ရပ်ဝေးမှရောက်မလာ မချင်း အသက်မကုန်သေးဘဲ၊ ဆန္ဒပြည့်ခါမှ အားမန်လျှော့လိုက်သည့် အလား အသက် ကုန်သွားသည်ကို တွေ့ဖူးပေမည်။ ဤသည်မှာ စိတ်တင်းအားကြောင့် အသက်ကိုဆွဲဆန့် ထားနိုင်သည့် သဘောပင်ဖြစ်သည်။ အချို့ သေလုမျောပါးခံစားရပြီးမှ အသက်ပြန်ရှင် လာသူများသည်လည်း “ငါမသေနိုင်ဘူး၊ ငါမသေရဘူး” ဟု စိတ်အားတင်းမှုများ ကြောင့် ဖြစ်ရသည်ကို တွေ့ရှိနိုင်ပေသည်။

ထို့ကြောင့်စိတ်အားတင်းခြင်းကို သေးငယ်သော အခါအခွင့်မှစ၍ သတိနှင့် လေ့ကျင့်ရန် လိုသည်။ အခက်ခဲတွေ့တိုင်း နောက်သို့ဆုတ်ဆိုင်း ရှောင်ဖယ်ခြင်း မပြုဘဲ ကြံ့ကြံ့ခိုင်နိုင်ရန် လေ့ကျင့်ထားရမည်။ ““အားတင်း ထားနိုင်သမျှ အရှုံးကိုလှမ်း၍ မမြင်နိုင်သေး၊ အောင်မြင်ရန်အလား အလာရှိနေဆဲ”” ဟူ၍ ဆိုရပေလိမ့်မည်။ ဘ၀ကို ရင်ဆိုင်နေရသော အသင်လူငယ်သည်လည်း ““အားတင်း၍သာ ထားစမ်းပါ”” ဟုတိုက်တွန်း လိုက်ရပါသည်။


ဂျွန်ဂျာလ (မိုးကောင်း)

ဆန္ဒတစ်စုံ


ဆန္ဒတစ်စုံ


ငါ၏သခင်
ကယ်တင်ခြင်းနဲ့
လူအဖြစ်ယူခဲ့လေရဲ့...
ယုဒမိုက်ပြစ်
အသပြာချစ်ကြောင့်
ခရစ်အသက်တော်စွန့်ခဲ့လေရဲ့ ...
ကယ်တင်၊ အသပြာ
ဆန္ဒတစ်စုံပါ
လူတိုင်းသိလေရဲ့ ...
ကောင်းပုံ၊ ဆိုးပုံ
ဆန္ဒတစ်စုံဟာ
ဒွန်တွဲကာနေမှာပဲ ...

သြော်..သခင်ဖန်ဆင်း
ကျွန်ုပ်အတွင်းမှာပင်
ဆန္ဒအစုံ ၊ အဖုံဖုံနဲ့
ဒွန်တွဲပူးညှပ်နေပါလားသခင် . . . ။

J-ဇော်လတ်အောင်
( ရွှေဘို )

Jul 7, 2009

ဘ၀ကိုအဆုံးသတ်လိုက်ချင်ပြီ


ဘ၀ကို အဆုံးသတ်လိုက်ချင်ပြီ


ကျွန်ုပ်နာမယ်နဲ့ရောက်လာတဲ့ စာတစ်စောင်ကို ဖောက်ဖတ်လိုက်တယ်၊ ဖတ်ရင်း ကျွန်ုပ်စိတ်ထဲ မကောင်းပါ ရေးထားသည် မှာ - - -

လေးစားရသောဘုန်းဘုန်း

ကိုယ်တော့်ဆီ တပည့်တော်စာရေးတဲ့ အကြောင်းကတော့ တပည့်တော် နောက်ဆုံး အနေနဲ့ ရင်ဖွင့်ခဲ့ ချင်တာရှိလို့ပါ။ တပည့်တော်က စိတ်ကျရောဂါသည် တစ်ယောက်ဖြစ်လို့ စိတ်ငြိမ်ဆေးတွေ သောက်ရတဲ့ အခါလည်း ရှိတယ်၊ နောက်နှစ်ဆိုရင် တပည့်တော် မရှိလောက်တော့ဘူး။ ဘ၀ကို အဆုံးသတ် လိုက်တော့မယ် ဒီလို လုပ်ချင်စိတ် ဖြစ်နေတာ အတော်ကြာပြီ အခုတော့ လုံးဝ ဆုံးဖြတ်လိုက်ပါပြီ။ တပည့်တော် ကိုယ့်လက်နဲ့ ကိုယ့်ကိုယ်ကို မစီရင်လည်း တပည့်တော်လို စိတ်မူမမှန်၊ ဘာမှသုံးမရတဲ့ လူဟာ မူမှန်စိတ်ရှိတဲ့ အနီးအနားက လူတွေရဲ့ ထိုးနှက်မှု အမျိုးမျိုးကြောင့် သေရမှာပါ၊ သူတို့က တပည့်တော်ကို ဒီလိုလုပ်ဖို့ ဘုရားသခင်ဆီက အာဏာ ရထားကြတဲ့သူတွေလား ထင်ရတယ်။

တပည့်တော် ခဏခဏ ငိုကြေးမိတယ်၊ အပြင်းအထန်ပါ။ ကိုယ်တော် - - - တပည့်တော် ဆုံးဖြတ်ထားတာကို လုပ်ဖို့ အင်အားရှိလာလို့ လုပ်ပြီးသွားခဲ့ရင် တပည့်တော်ကို အပြစ်လွှတ်ခြင်း ချမ်းသာ ပေးပါလို့။

ရိုသေစွာဖြင့်---

လို့စာကိုအဆုံးသတ်ပြီး အောက်မှာ လျို့ဝှက် နာမယ်နဲ့လိပ်စာကိုပါ ရေးထားတာတွေ့ရတယ်။ ကျွန်ုပ်ဆုတောင်း ပြီးနောက် ချက်ခြင်း သူ့ဆီ စာရေးဖို့ ပြင်လိုက်တော့တယ်။

ချစ်ခင်ရပါသောမိတ်ဆွေ-

ဘာကြောင့် အားလုံးကို ကျောခိုင်းရမှာလဲ၊ တောက်ပတဲ့ နေရောင်ခြည်ဟာ သင့်အတွက် ထွန်းလင်းနေတယ်၊ သင့်အတွက် လေပြေလေညင်း တိုက်ခတ်ပေးနေတယ်၊ ငှက်ကလေးတွေ သီချင်းဆိုနေတယ်၊ ပန်းတွေ သင်းပျံ့တဲ့ ရနံ့တွေပေးနေတယ်၊ ညမှာ ထူးဆန်းတဲ့ ကြယ်မျိုးစုံ လင်းလက်ပေးနေတယ် သင့်အတွက် ဘုရားဖန်ဆင်း ပေးထားတာတွေ အားလုံးကို အသိအမှတ် မပြုဘဲ ကျောခိုင်းမှာလား။

သေးငယ်တဲ့ ပိုးမွှားလေးတွေ အခက်အခဲကို အံတုပြီး အသက်ရှင်ဖို့ ရုန်းကန်နေတာ၊ နွယ်မြက် သစ်ပင်တွေ နေရောင်ခြည် မြင်ရအောင် အတင်းထိုးထွက်ပြီး ရှင်သန်ဖို့ ကြိုးစားနေတာတွေ သင်မြင်ရက်နဲ့ ပိုပြီး ကြီးကျယ်တဲ့ သင့်ဘ၀ကို ဘာကြောင့် အရှုံးပေး ရှင်းပစ် ချင်ရတာလဲ။

အလျှော့မပေးပါနဲ့ အပစ်ပယ်ခံဘ၀မှာ စိတ်အားငယ်စရာတွေကို ခုခံပြီး အသက်ရှင်နေတဲ့ သန်းပေါင်းများစွာသော လူတွေကို အတုယူပါ၊ ဥပမာ အနူရောဂါသည်တွေကို ကြည့်ပါ သူတို့ အဂါင်္တောင် မစုံတော့ဘူး၊ ရောဂါလှိုက်စားလို့ မျက်နှာ၊ ခြေလက်တွေ လူနဲ့မတူပဲ တခြား တိရိစ္ဆာန်တစ်မျိုးမျိုးနဲ့တောင် တူနေပါပြီ၊ လူကောင်းတွေရဲ့ အမြင်မှာ သူတို့ဟာ ဘာမှကို အသုံးမကျတဲ့ သတ္တ၀ါသဖွယ် ဖြစ်နေတယ်၊ ဒါပေမဲ့ ဒီအနူရောဂါသည်တွေရဲ့ နှလုံးထဲမှာ အသက်ရှင်ချင်သေးဆန္ဒ၊ နောက်ဆုံး ထွက်သက်ထိ ရှင်သန်ချင်တဲ့ ဆန္ဒလေး ကိန်းအောင်းနေတာကြောင့် ဖြစ်တဲ့နည်းနဲ့ သူတို့ အသက်ကို ဖက်တွယ်ထားကြတာ၊ ကိုယ့်ကိုယ်ကို စီရင်ပစ်တဲ့ သူတစ်ယောက်မှ မကြားဖူးဘူး။

ရောမလူမျိုးတွေ ပြောလေ့၊ ပြောထရှိတဲ့ စကားတစ်ခုက ““အသက်ရှုနေသေးသ၍ ထိုလူနာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိတယ်””တဲ့။ အသက်ဆိုတာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အလင်းတန်းတစ်ခု ဖြတ်ကနဲ လင်းလက် သွားသလိုပါပဲ၊ လူ့ ဘ၀ဟာ တိုတောင်းလှတဲ့အပြင် တန်ဖိုး မဖြတ်နိုင်ဘူး ဆိုတာ သင်သိမှာပါ။
သိပ်မကြာသေးခင်က ဘုန်းဘုန်းတို့ကျောင်းမှာ ကြုံရတဲ့ အဖြစ်အပျက် တစ်ခုပြောပြချင်တယ်၊ ကျောင်းဝင်းထဲမှာ ဘဲခြံတစ်ခြံရှိတယ် ကျောင်း အုတ်တံတိုင်း နံရံတစ်ဖက်ကိုမှီပြီး ကျန်နံရံသုံးဖက်ကိုတော့ သံဇကာနဲ့ ခိုင်ခိုင်၊ မြင့်မြင့်ကာ ထားတယ် ဘဲကတော့ အားလုံး (၂၄)ကောင် ရှိတာ။

တစ်ညနေ အတော်လေး မှောင်လာတဲ့ အချိန်မှာ ဘဲခြံဖက်က ဆူဆူညံညံ အသံကြားရတယ်၊ ဘုန်းဘုန်း ထွက်ကြည့်တော့ ဘဲအားလုံး ခြံအပြင် ရောက်နေပြီး ဘုန်းကြီးကျောင်းတံခါးနားမှာ တိုးဝှေ့စုပြုံ၊ ဂဏှာမငြိမ် ဖြစ်နေကြတာ ဘဲခြံတံခါးကို သွားကြည့်တော့ သော့ခတ် ရက်သားပဲ။ ဘုန်းဘုန်းလည်း လုံးလုံး အံ့သြသွားတယ် ဒီလောက်မြင့်တဲ့ ခြံကို တံခါးမဖွင့်၊ အပေါက်မရှိဘဲနဲ့ ဒီလို မပျံနိုင် လေးလံတဲ့သတ္တ၀ါ၊ စဉ်းစားညာဏ်ဆိုတာလည်း မရှိသလောက် အမျိုးအစား ခြေအပြားကြီးနဲ့ ယိုင်တိုင်တိုင်သာ လမ်းလျှောက်နိုင်တဲ့ ဘဲတွေ ဘယ်လိုလုပ်များ အပြင် ရောက်လာကြတာလဲ။ အံ့သြလွန်းလို့ ခြံစောင့် အဖိုးကြီးကိုခေါ်ပြီး ဘဲခြံလိုက်စစ်တော့ အကြောင်းရင်းကို တွေ့ပါပြီ ဘဲတွေ ဖမ်းစားဖို့လာတဲ့ မြေခွေး ခြေရာတွေပေါ့၊ ဘဲခြံတစ်ဖက်ဖြစ်တဲ့ အုတ်တံတိုင်းနံရံကို အပြင်ဖက်ကနေ အဲဒီ မြေခွေးက မြေကြီးကို ယက်ပြီး ထွင်းဖေါက်ထားတာ ၀င်လို့ ရတာနဲ့ ဘဲတွေ တစ်ကောင်ပြီး တစ်ကောင် ပွဲတော် တည်ဖို့ပေါ့။

ဘဲတွေဟာ မြေခွေးရန်က လွတ်ဖို့ ဒီလိုမြင့်မားတဲ့ သံဇကာကို အလုအယက် တွယ်တက်ပြီး ထွက်ပြေးခဲ့ကြတာပဲ၊ အသက်ရှင်ရေး အတွက်လေ။

ဒါပါပဲ စဉ်းစားညာဏ်နည်းလှတဲ့၊ မနက်ဖန် သဘက်ခါ ဟင်းအိုးထဲရောက်မဲ့ ဘဲတွေတောင် အသက်ရှင်နိုင်ခွင့် ရဖို့ အသေအလဲ ရုန်းကန်ခဲ့ကြပါတယ်။ သင်ဖြတ်ပစ်ချင်တဲ့ ဒီအသက်ဆိုတဲ့အရာကို သင့်လောက် တန်ဖိုးမရှိတဲ့ သတ္တ၀ါလေးတွေက သူတို့ အသက်အတွက် မယုံနိုင်အောင် ရုန်းကန် ကာကွယ်ခဲ့ကြတယ်လေ။

ရောဂါကြောင့်လို့ သင်အကြောင်း မပြသင့်ဘူး၊ ရေဂါက အသက်ကို ဒုက္ခမပေးနိုင်ပါဘူး ခန္ဓာကိုယ် ပုပ်ရင်တောင် မသေနိုင်တဲ့ အသက်ကို ဘုရားသာ ပိုင်ပါတယ်။ ဘုရားပိုင်တဲ့ အသက်ကို ကိုယ့်သဘောနဲ့ကိုယ် ဖျက်ဆီးပြစ်ရင် ဘုရားကို အံတုရာ ရောက်သွားပါလိမ့်မယ်။

ကျွန်တော်ရဲ့ ဒီလို စိတ်နာကျနေတဲ့ အသက်က ဘာအသုံးကျမှာလဲ ဆိုတဲ့ မေးခွန်း မမေးပါနဲ့၊ ဘုန်းဘုန်းက ဖန်ဆင်းရှင် ရွှေညာဏ်တော်ရှင် မဟုတ်လို့ မဖြေနိုင်ဘူး။ ဒါပေမဲ့ ဘယ်သက်ရှိမှ အသုံးမကျဘူးဆိုတာ မရှိဘူးဆိုတာကိုတော့ ဘုရားအလင်း ကျေးဇူးတော်ကြောင့် သိနားလည်ထားတယ်။ သဲသောင်ပြင်က သဲမှုံတွေ၊ မိုးပေါ်ကကြယ်တွေ မရေမတွက်နိုင်အောင် များလွန်းလို့ မတည်ရှိလိုက်ရတဲ့ သဲတစ်မှုံ၊ မလင်းလက်လိုက်ရတဲ့ ကြယ်တစ်ပွင့်မှ မရှိပါဘူး။



Ref:
"Reflections for Teenager" Our Lady of Bandal, May-2005

အင်ဝိုင်းပန်