Jun 20, 2010

လူငယ်နှင့်တမန်တော်လုပ်ငန်း


လူငယ်နှင့်တမန်တော်လုပ်ငန်း


နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာဆိုရင် လူငယ်များရဲ့ လှုပ်ရှားမှုဟာဘယ်လောက် အရေးကြီးတယ်ဆိုတာ လူတိုင်းအသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သာသနာတော်ကြီးမှာလည်း ခရစ်တော်ယေဇူးရဲ့ သတင်းကောင်းကို ဟောပြောရာမှာ လူငယ်များကို အသုံးပြုခဲ့တာဟာ၊ သာသနာတော်ကြီးကို စတင်တည်ထောင်ကတည်းကပဲ ဖြစ်ပါတယ်။ ခရစ်တော်ယေဇူးရဲ့ တမန်တော်ကြီးများဟာလည်း အများအားဖြင့် အသက်ငယ်ရွယ်တဲ့သူများ ဖြစ်ကြပါတယ်။ အဘိုးအိုကြီးတွေ မဟုတ်ကြပါဘူး။ ခရစ်တော်ယေဇူး ကိုယ်တိုင်လည်း အသက်သုံးဆယ်ပတ်ဝန်းကျင်သာ ရှိလို့အသက်အားဖြင့် ငယ်ရွယ်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အသင်းတော်ဟာလည်း ခရစ်တော်ရဲ့သတင်းကောင်းကို ဟောကြားဖို့ရန် လူငယ်မောင်၊ မယ်များရဲ့ လုပ်အားကို အမြဲပဲ ဖိတ်ခေါ်နေပါတယ်။ တချို့သောနေရာများမှာ ခေါင်းဆောင်မှု့သင်တန်းများ၊ နယ်အသီးသီးမှာ နွေရာသီလူငယ်သင်တန်းများ ပြုလုပ်ကြပြီး ကိုယ်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားနေကြတာကိုလည်း တွေ့ရပါတယ်။
လူငယ်များအနေနဲ့ တမန်တော်လုပ်ငန်းများကို ဆောင်ရွက်ရာမှာ မှန်မှန်၊ ကန်ကန်နဲ့ အကျိုးသက်ရောက်မှု ပိုမိုရှိစေရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သွားဖို့ လိုအပ်ပါတယ်။ တမန်တော်လုပ်ငန်း အဆင့်ဆင့်ကို တင်ပြ ရမယ်ဆိုရင် . . .

(၁) မိမိကိုယ်ကိုဟောပြောခြင်း
ကျွန်တော်တို့က မျက်စိကန်းနေတယ်ဆိုရင် သူတစ်ပါးကို လမ်းပြနိုင်မှာ မဟုတ်ပါဘူး။ သူတစ်ပါးကို မဟောပြောခင် ကိုယ့်ဘာသာအကြောင်းကို ရှေးဦးစွာ ကောင်းကောင်း သိထားသင့် ပါတယ်၊ လေ့လာထား သင့်ပါတယ်။ ဟောပြောတဲ့အတိုင်းလည်း ကျင့်ထား သင့်ပါတယ်။ မိမိရဲ့ ဘာသာအကြောင်းကို သူတစ်ပါးနားလည်အောင် ရှင်းပြနိုင်တတ်ဖို့ ဘုရားစကားကို ကောင်းမွန်စွာ လေ့လာထားရပါမယ်။
  • ကျမ်းစာကို နေ့စဉ်မှန်မှန်ဖတ်ပြီး မိမိကိုယ်ကို ဆန်းစစ်ကြည့် ရပါမယ်။
  • အချို့သော ကျမ်းစာပိုဒ်တွေကို အလွတ်ရအောင် ကျက်မှတ်ရပါမယ်။ မသိနားမလည်တဲ့ ကျမ်းချက်များကို သိတဲ့သူထံ မေးမြန်းရပါမယ်။
  • တခြားဘာသာရေး စာပေတွေကိုဖတ်ရှုပြီး ဘာသာရေး ဗဟုသုတများရနိုင်သမျှရအောင် လေ့လာရပါမယ်။
  • တခြားဘာသာအကြောင်းကိုလည်း လေ့လာရပါမယ်။ ဥပမာ - တခြားဂိုဏ်းကွဲခရစ်ယာန်များနဲ့ ကက်သလစ်ဘာသာ ခြားနားချက်များ၊ ဗုဒ္ဓဘာသာအကြောင်း၊ မူစလင်ဘာသာ၊ ဟိန္ဒူဘာသာစတဲ့ ဘာသာများအကြောင်း စတာတွေကိုလည်း သိထား သင့်ပါတယ်။
ဘာလို့လဲဆိုတော့ သူတစ်ပါးရဲ့ အတွေးအခေါ် အယူအဆနဲ့ ယုံကြည်မှုတွေကိုသိထား မှသာလျှင်၊ ကိုယ့်ဘာသာအကြောင်းကို သူတစ်ပါး သဘောပေါက်အောင် ပြောပြနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယုံကြည်ရာအချက်နဲ့ အခြားဘာသာသူများရဲ့ ယုံကြည်ရာ အချက်များ၊ ခြားနားမှုများ ရှိသလို တူညီတဲ့အပိုင်းလည်း အများကြီးရှိနိုင်ပါတယ်။

(၂) သူတစ်ပါးကို ခရစ်တော်အကြောင်း သက်သေခံရပါမယ်။
အခွင့်အရေး ကြုံလာတိုင်း ခရစ်တော်အကြောင်း၊ ကိုယ့်ဘာသာတရားအကြောင်း ဆွေးနွေးရပါမယ်။ ကိုယ်သိသလောက်ကိုလည်း သူတစ်ပါးအား ဟောပြော ဝေငှရပါမယ်။ ပုဂ္ဂိုလ်ခင်မှတရားမင်တယ် ဆိုတဲ့ အတိုင်းပဲ၊ ကိုယ်မကောင်းရင် သူတစ်ပါးက ခရစ်ယာန် မကောင်းဘူးလို့ ပြောလာပါလိမ့်မယ်။ ကိုယ်တစ်ယောက် မကောင်းလမ်းပြမှုကြောင့် အသင်းတော်တစ်ခုလုံး ထိခိုက်လာ နိုင်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ အကျင့်တရားကို ကျင့်ခြင်းအားဖြင့် ခရစ်တော်ကို သက်သေခံကြရပါမယ်။

(၃) မိမိရဲ့အလုပ်တာဝန်ကို သစ္စာရှိရှိနဲ့လုပ်ဆောင်ရပါမယ်။
ကျွန်တော်တို့ ခရစ်ယာန်များဟာ ကိုယ့်အလုပ်ဖြစ်စေ၊ သူတစ်ပါးအလုပ်ကို ဖြစ်စေ၊ အများနဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာ ဖြစ်စေ သစ္စာရှိရှိနဲ့ ကိုယ့်အလုပ်လိုပဲ သဘောထားပြီး လုပ်ကိုင်ကြရပါမယ်။ ဒီလိုလုပ်ခြင်းဟာ ခရစ်တော်ကို သက်သေခံခြင်း ဖြစ်ပါတယ်၊ တမန်တော်လုပ်ငန်းကြီး တစ်ရပ်လည်း ဖြစ်တယ်။ ဘယ်ကဏ္ဍမှာပဲလုပ်လုပ် မေတ္တာတရားအပြည့်အ၀နဲ့ လုပ်တယ်ဆိုရင် ကုသိုလ်လည်း အများကြီး ရနိုင်ပါတယ်။

(၄) ဘာသာရေးဆိုင်ရာ လှုပ်ရှားမှု များမှာ ပါဝင်ရပါမယ်။
သာရေး၊ နာရေးလုပ်ငန်းများမှာ တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားရပါမယ်။ ဥပမာ-လူငယ်သင်တန်း၊ လူငယ့်ခေါင်းဆောင်သင်တန်း၊ သာသနာ့လူငယ်အဖွဲ့ စတဲ့တမန်တော်လုပ်ငန်းများမှာ ၀င်ရောက် လုပ်ကိုင်ရပါမယ်။
ဆေးကြောခြင်းခံယူပြီးသူများ ဖြစ်ကြတဲ့ ကျွန်တော်တို့အားလုံးဟာ တမန်တော်များ ဖြစ်ကြပါတယ်။ လူတိုင်း တမန်တော်လုပ်ငန်းကို လုပ်ရမယ့်တာဝန် ၀တ္တရားရှိလာပါတယ်။ ဒါကြောင့် အခုလို ခေတ်ကြီးမှာ ဘုန်းကြီး၊ ကိုယ်ရင်၊ သီလရှင်များကိုပဲ လွှဲထားလို့ မရတော့ပါဘူး။ ခရစ်ယာန်တစ်ဦး၊ တစ်ယောက်စီတိုင်း ၀င်ရောက်လှုပ်ရှားနိုင်အောင် ကြိုးစားရမယ့် အချိန်ကိုရောက်နေပါပြီ။ အထူးသဖြင့် ကျွန်တော်တို့ လူငယ်များ ပညာသင်ယူရင်း တမန်တော်လုပ်ငန်းကို လုပ်ဆောင် သွားကြရပါမယ်။
"သင်တို့သည် သွားကြ၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမတော်၌ ဗတ္တိဇံပေးကြလော." (ရှင်မာတေဦး ၂၈း၁၉)၊၊

ဘုန်းတော်ကြီးဂျိုးဇက်ဘိုထွန်း

No comments: