Jun 10, 2010

ထာဝရ နေအိမ်

ထာဝရ နေအိမ်

အားလုံးနီးပါးသော လူတွေဟာ သေခြင်းအကြောင်းကို မကြားချင်၊ မပြောချင်ကြဘူး။ မပြောကောင်းပါဘူး နိမိတ် မရှိလိုက်တာဆိုပြီး ရှောင်ဖယ်တတ်ကြပါတယ်။ သေခြင်းတရားဟာ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး တွေ့ကြုံ ရင်ဆိုင်ကြရမဲ့အရာပါ။ ဒါကို လူတိုင်းသိနားလည် ပြီးသားပါ။ ကျွန်မတို့လူသားတွေဟာ ဒီ လောကနဲ့ဆိုင်တဲ့ အရာတွေ၊ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ ကိုယ်စီထားရှိ ကြပါတယ်။ သူဌေးကြီးဖြစ်ဖို့၊ ဆရာဝန်ကြီးဖြစ်ဖို့၊ အဆိုတော်စသဖြင့် လောကရဲ့ပြည့်စုံ ကြွယ်ဝမှုတွေအတွက် ကြိုးစားနေကြပါတယ်။ မိမိ ရည်မှန်းချက်အတွက်၊ မိသားစုအတွက် ကြိုးစားရှာဖွေခြင်းဟာ ကောင်းတဲ့ အချက်ပါပဲ။ ဒါပေမဲ့ လောကနဲ့ဆိုင်တဲ့ အရာတွေအတွက်သာ လုံးပမ်းရင်းနဲ့ ဘုရားသခင်ပေးထားတဲ့ အသက်ဝိညာဉ်ကို မေ့လျော့ နေတတ်ကြပါတယ်။ ကျွန်မတို့မှာ အခြားသတ္တ၀ါတွေလို ခန္ဓာကိုယ်ချည်းသာ ဖန်ဆင်းခံထားရတာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ရွှေပုံသဏ္ဍာန်နဲ့တူတဲ့ အသက်ဝိညာဉ်ကိုပါ ထည့်သွင်းပေးထားတာပါ။ ကျွန်မတို့တွေ တန်ဖိုးထားကြတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ လောကကြီးထဲမှာ ထာဝရနေထိုင်သွားရမှာ မဟုတ်ပါဘူး။ မြေကြီးကနေ ဖြစ်တည်လာတဲ့ ခန္ဓာကိုယ်ကြီးဟာ တစ်နေ့မှာ မြေကြီးအဖြစ် ပြန်လည်ရောက်ရှိ သွားမှာအမှန်ပါ။ ဒါကြောင့် ဘုရားသခင်ကလည်း သူပေးထားတဲ့ အသက်ဝိညာဉ်ကို ပြန်လည်အလိုရှိမှာပါပဲ။ ထာဝရအရှင်ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း ရည်ရွယ်ချက်ဟာ ကျွန်မတို့လူသားတွေ အားလုံးကို သူနဲ့အတူ ထာဝရ ဘုန်းစည်းစိမ် ခံစားရဖို့အတွက်ပါ။ ထာဝရဘုရားရဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်မတို့အားလုံး အပေါ်မှာ ကြီးမားလွန်းလှပါတယ်။ တစ်ပါးတည်းသော သားတော်ကို ဒီလောကကို စေလွှတ်ပြီး ချစ်ခြင်းမေတ္တာကို အရင်းခံကာ အပြစ်ကိုရှောင်နိုင်ဖို့၊ သေခြင်းကို အောင်နိုင်ဖို့ လမ်းခင်းပေးစေခဲ့ပါတယ်။ ခရစ်တော်ယေဇူးဟာ လူသားတစ်ယောက်အဖြစ် အမှန်စင်စစ်သေဆုံးခဲ့ပြီး သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သေခြင်းကို အောင်မြင်ခဲ့တယ် မဟုတ်လား။ ဒါကြောင့် စစ်မှန်တဲ့ ဘာသာတရားကို ယုံကြည်လက်ခံပြီး လိုက်နာကျင့်ကြံတဲ့ ခရစ်တော်နောက်လိုက်ဖြစ်တဲ့ ကျွန်မတို့ခရစ်ယာန်တွေဟာ သေခြင်းကို ကြောက်ရွံ့နေဖို့ လိုအပ်ပါသလား။ သေခြင်းတရားဟာ ဆုံးရှုံးသွားခြင်းလို့ ခံယူနေကြဦးမှာလား။ ကျွန်မတို့ရဲ့ထာဝရနေအိမ် ဖြစ်တဲ့ ကောင်းကင်နိုင်ငံကိုရောက်ရှိဖို့ အတွက် သေခြင်းဟာ မဖြစ်မနေ ဖြတ်လျှောက်ရမဲ့ တံတားလေးတစ်ခုမျှသာ ဖြစ်ပါတယ်။

ခရစ်တော်က "သူခိုးလာမဲ့အချိန်ကို အိမ်ရှင်သိပါလျှင် မအိပ်ဘဲ စောင့်နေကြလိမ့်မည်"လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့တတွေဟာလည်း ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုနည်းနဲ့ ဘုရားသခင်ပြန်လည် သိမ်းပိုက်ခြင်းခံရမယ်ဆိုတာ မသိကြပါဘူး။ အခုလို တိုးတက် လွန်းလှတဲ့ မီဒီယာခေတ်ကြီးထဲမှာ လူတွေဟာ အသစ်အဆန်းတွေကို အမျိုးမျိုး ဖန်တီးယူရင်း ဘ၀ရဲ့သာယာလှပခြင်းတွေကို ရယူ ခံစားနေကြပါတယ်။ အသိပညာတွေ မြင့်မားလွန်းလို့ သဘာဝကိုကျော်လွန်ပြီး ရေစီးကြောင်းကို ပြောင်းလဲပစ်နိုင်ခဲ့ရင်တောင် ထာဝရဘုရားရဲ့ အကြံအစည်တော်ကိုတော့ ဘယ်သူမှ ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။ သေခြင်းတရားကိုလည်း ရှောင်ပုန်းလို့ မရနိုင်ပါဘူး။ အသက်ငယ်သေးလို့၊ ပိုက်ဆံချမ်းသာလို့၊ ရုပ်ဆင်းအင်္ဂါလှပလွန်းလို့ မသေနိုင်သေးဘူးဆိုတာ မရှိသလို ဘုရားသခင်ဟာ ကျွန်မတို့ကို ဘယ်အချိန် ပြန်သိမ်းပိုက်မယ်ဆိုတာ ပြောမထားတဲ့အတွက် သေခြင်းတရားကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားဖို့ လိုမှာပါ။ ကျွန်မတို့အနေနဲ့ ဘုရားသခင်ရဲ့ နှုတ်တော်ထွက် သမ္မာကျမ်းစကားတွေကို လိုက်နာပြီး အသင်းတော်ရဲ့ စည်းကမ်းများကို စောင့်သိကာ စစ်မှန်သော ခရစ်တော်နောက်လိုက်ကောင်းများ ဖြစ်ကြရင်း ပြင်ဆင်နေထိုင်သင့်ပါတယ်။

လူသား သဘာဝအလျောက် လောကကြီးထဲက ထွက်ခွာသွားသူအတွက် ၀မ်းနည်းကြေကွဲမဆုံး ဖြစ်နေမဲ့အစား သူတို့ရဲ့ ၀ိညာဉ်အတွက် မစ္ဆားတရား ပူဇော်ပေးခြင်း၊ ဆုတောင်းပေးခြင်း၊ အလှူဒါနပြုပေးခြင်းအားဖြင့် ကူညီပေးရမှာဖြစ်ပါတယ်။ "သေသူ ရှင်သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ် ခံစားရကြောင်း"ဆိုတဲ့ ယုံကြည်ရာအချက်အရ ကျွန်မတို့ရဲ့ ဆုတောင်းပေးခြင်း၊ ခြိုးခြံခြင်းအားဖြင့် သေလွန်သူဝိညာဉ်တွေဟာ အပြစ်အနာအဆာများမှ လွတ်ငြိမ်းခွင့် ရရှိနိုင်ကြပါတယ်။ ကျွန်မတို့အားလုံးပဲ အသက်ရှင် နေထိုင်ရတဲ့ ခဏတာအချိန်လေးမှာ ၀မ်းရေးအတွက် ကြိုးစား ရှာဖွေကြသလို ကျွန်မတို့ ၀ိညာဉ်ကယ်တင်ခြင်းရရှိဖို့အတွက်ကိုလည်း ကြိုးစားရမှာ ဖြစ်ပါတယ်။ "ကောက်ကွေ့သောလမ်းများကို ဖြောင့်စေကြလော့၊ တောင်ကြီး တောင်ငယ်ရှိသမျှကို ဖြိုကြ၍ ချိုင့်ဝှမ်းရှိသမျှတို့ကိုဖို့ ကြလော့"ဆိုတဲ့ သခင်ခရစ်တော်ရဲ့ ဆုံးမစကားကို အသစ် တဖန်ပြန်လည်ကြားယောင်ပြီး ကျွန်မတို့ တတွေ ကြိုးစားလိုက်နာကာ ထာဝရအဖရဲ့ အိမ်တော်ကိုရောက်ရှိနိုင်ဖို့ ကြိုးစားကြပါစို့။ "ပြီးခဲ့အချိန်ကာလမှာသာ ငါဘာလုပ်ခဲ့ရရင်" ဆိုတဲ့ ရင်နင့်ဖွယ်ရာ အကောင်းဆုံး နောင်တကို မခံစားရအောင် ယခုပစ္စုပ္ပန်ကာလမှာ မိမိရဲ့ဝိညာဉ်အတွက် ကြိုးစား ပြင်ဆင်ကြပါစို့။ ကျွန်မတို့အနေနဲ့ သေခြင်းတရားဟာ မီးရောင်ကိုမှိတ်လိုက်ခြင်း မဟုတ်ဘဲ နေမင်း အလင်းရောင်ဖြာထွက် လာတဲ့အတွက် မီးခွက်ကို ဖယ်လိုက်ခြင်း ဖြစ်တယ်ဆိုတာကို နားလည်လက်ခံပြီး ခရစ်ယာန်တွေအားလုံး သေခြင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ဖို့၊ အတိအကျမသိတဲ့ ကျန်ရှိနေတဲ့ အချိန်လေးမှာ မိမိရဲ့ဝိညာဉ် အသက်ရရှိဖို့ အကောင်းဆုံး ပြင်ဆင်ထားကြပါစို့။ သမ္မာကျမ်းစာတော်မြတ်ကို ကိုးကားပြီး ခရစ်တော်ရဲ့လမ်းစဉ်ကို ပုံတုယူကာ ၀ိညာဉ်တော်ရဲ့ကျေးဇူးကို တောင်းခံရင်း ထာဝရအဖဘုရားရဲ့ နေအိမ်တော်မှာ ပျော်ရွှင်စွာ စံစားနိုင်ဖို့ အားလုံးအတူတကွ ကြိုးစားကြပါစို့။

နှင်း (SJA)

No comments: