Showing posts with label သက်သေခံခြင်းကဏ္ဍ. Show all posts
Showing posts with label သက်သေခံခြင်းကဏ္ဍ. Show all posts

May 10, 2010

ကောင်းကင်ဘုံမှလက်ဆောင်လေးများ


ကောင်းကင်ဘုံမှလက်ဆောင်လေးများ

ကျွန်ုပ်တို့လူသားတိုင်း၌ ချစ်သူခင်သူများထံမှ လက်ဆောင်ပစ္စည်းလေး များရရှိကြဖူးပေမည်။ ခရစ္စမတ်(စ်) လက်ဆောင်၊ မွေးနေ့လက်ဆောင်လေးများကို အမြတ်တနိုးသိမ်းဆည်းတတ်ကြပေသည်။ လူသားအချင်းချင်းပေးသော လက်ဆောင်လေးများကို ဤသို့တန်ဖိုးထားလျှင် ဘုရားသခင်ပေးသော လက်ဆောင်ဆိုလျှင် ကျွန်ုပ်တို့ အဘယ်မျှ တန်ဘိုးထားကြမည်နည်း။

ကျွန်ုပ်တို့ မသိဘဲနှင့် ဘုရားသခင်သည် လက်ဆောင်ပေါင်းမရေတွက်နိုင်အောင် ပေးထားပါသည်။ နေ့စဉ်ကောင်းမွန်စွာ စားသောက်နေထိုင်နိုင်သည်။ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည်။ ဘုရားတရားကို တတ်အားသ၍၀ တ်ပြုဆုတောင်းနိုင်သည်။ မိတ်ကောင်း ဆွေကောင်းများ ကျွန်ုပ်တို့ အကူအညီကို လိုအပ်နေသူများနှင့် မကင်းကွာဘဲ စိတ်ချမ်းသာစွာနေထိုင်ခွင့်ရှိကြသည်။ ဒီလို ဆုကျေးဇူးများအပြင် ထူးခြားစွာရရှိသော လက်ဆောင်လေးများအကြောင်းကို ပြောပြလိုပါသည်။ ခရစ္စတူးသခင်၏ "အငယ်ဆုံးသော ညီအစ်ကိုကိုပြုသမျှ ငါကိုယ်တော်ကို ပြုကြပြီ" ဟူသော ကျမ်းစာအတိုင်းပြုမူ ဆောင်ရွက်လျှင် ဘုရားသခင်၏ လက်တွေ့ စောင့်ရှောက်မှုကို အစဉ်အမြဲရတတ်သည်ကိုလည်း သက်သေခံလိုသောကြောင့် ဖြစ်ပါသည်။

ရာသီဥတု အလွန်ချမ်းအေးသော နေ့တစ်နေ့၌ ကျွန်ုပ်သည် အလုပ်သွားရန် အိမ်မှထွက်ခွါလာစဉ် လမ်းတစ်နေရာ၌ အအေးဒဏ်ကို ခံစားနေရသော ကျန်းမာရေးချို့တဲ့နေသည့် အစ်မကြီးတစ်ဦးကို တွေ့ခဲ့ရပါသည်။ သူမသည် အခြားမြို့မှ ဧည့်သည်ဖြစ်သောကြောင့် အနွေးထည် လုံလောက်စွာ ပါမလာပေ။ ထိုနေ့က ဆောင်းဦးကာလမှာ မိုးရွာနေသောကြောင့် အအေးဒဏ်ကလည်း လွန်ကဲလျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်၌ခြုံလာသော သိုးမွှေးတဘက်ကို ထိုအစ်မကြီးအား လွှမ်းခြုံပေး လိုက်မိပါသည်။ (ကျွန်ုပ်၌လည်း သိုးမွှေး တဘက်နှစ်ထည်သာ ရှိပါသည်) သူမကလည်း ကျေးဇူးတင်စကားနှင့် ကျွန်ုပ်အတွက် ဆုတောင်းပေးပါမည့်အကြောင်း ပြောခဲ့ပါသည်။
ထိုနေ့၌ပင် ကျွန်ုပ်လည်း အလုပ်အားနေသောကြောင့် မြို့ထဲရှိ နေမကောင်းနေသော မိတ်ဆွေများထံ အလည်အပတ် သွားရောက်ခဲ့သည်။ ထိုအိမ်ရောက်သောအခါ အလွန်အေးချမ်းသည့် အချိန်၌ ရောက်ရှိလာသောကြောင့် ၀မ်းသာအားရ ကြိုဆိုခဲ့ပြီး ကျွန်ုပ်အတွက် ကော်ဖီပူပူ ဖျော်ပေးသည်။ အိမ်ခန်းထဲသို့ပြန်ဝင်သွားကာ သိုးမွှေးတဘက် (ခြုံထည်)လေးတစ်ထည်ယူလာပြီး ကျွန်ုပ်ကို ခြုံလွှမ်းပေးပါသည်။ ကျွန်ုပ်လည်း ကျေးဇူးတင်ပါကြောင်း ပြောပြပြီး နံနက်ခင်းက အဖြစ်အပျက်ကလေးကို ပြောပြမိပါသည်။ ထိုအိမ်မှ တဖန် ထိုရပ်ကွက် တစ်ကွက်ထဲ (အတိ အကျပြောပြရလျှင် နန်းရှေ့အောင်တော်မူရပ်ကွက်) နေ အစ်မကြီးတစ်ယောက်ထံ အလည်အပတ် သွားခဲ့ပါသည်။ ထိုအစ်မကြီးနှင့် မိနစ်သုံးဆယ်ကြမျှ စကားစမြည် ပြောဆိုကြပြီးသော် သူမက အိမ်ထဲမှ သိုးမွှေး တဘက်ကလေးတစ်ထည် လက်ဆောင်ပေးခဲ့ပါသည်။ နံနက်စောစောက ကျွန်ုပ်ကပေးခဲ့သော တဘက်ကလေးက အပြာရောင်လေး ဖြစ်ပြီး ယခုကျွန်ုပ်ပြန်ရသော သိုးမွှေး တဘက်ကလေး နှစ်ထည်မှာ ပန်းနုရောင်နှင့် အစိမ်းရောင်တဘက်ကလေး နှစ်ထည်ပြန် ရခဲ့ပါသည်။ ပထမအကြိမ် တဘက်ကလေး ရစဉ်က တိုက်ဆိုင်မှုလေးဟု ထင်မြင်ခဲ့သော်လည်း ဒုတိယအကြိမ်ရရှိသောအခါ ထူးခြားသော ဖြစ်ရပ်ကလေးတစ်ခု (သို့) ဘုရားရှင်မှပေးသော လက်ဆောင်ကလေး ဟုယုံကြည်မိပါသည်။

"မိမိနှင့်နီးစပ်သောသူကို ကိုယ်နှင့် အမျှချစ်လော့" ဟူသောကျမ်းစာပိုဒ်လေးကို သတိရမိပါသည်။ ဤအတိုင်းကျင့်ကြံ နေထိုင်ခြင်းဖြင့် ဘုရားရှင်၏မေတ္တာသည် ကျွန်ုပ်တို့တစ်ဦးချင်းဆီသို့ ဖြန့်ဝေလျှက် ရှိသည်ဟုလည်း ခံစားမိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ နေ့စဉ်လှူဒါန်းဖို့ရာ၊ ငွေကြေး မြောက်များစွာ မလိုအပ်ပါ။ မေတ္တာ စေတနာသာလျှင် အဓိကဖြစ်ပါကြောင်း ကျွန်ုပ်၏ အတွေ့အကြုံလေးအားဖြင့် သက်သေခံအပ်ပါသည်။ ချစ်သော ဓမ္မမိတ်ဆွေတို့၌လည်း ဤသို့လက်ဆောင်ကလေးများ မရေမတွက်နိုင်အောင် ရရှိခဲ့ဖူးပေမည်။ သတိမထားမိ၍သာ ဖြစ်ပါလိမ့်မည်။ မေတ္တာ၊ စေတနာများများ ဖြန့်ဝေနိုင်ကြပါစေ။


ကက်သလင်းခင်

Apr 2, 2010

ဆူးကြားနှင်းဆီ

ဆူးကြားနှင်းဆီ

"ပြုံးသူတို့သည်၊ ကျေးဇူးရှင်များဖြစ်၏" ဟူသည့် ပညာရှင်တစ်ဦး၏ အဆိုကို နှစ်သက်ခဲ့ဖူးပါသည်။ မှန်ကန်သည်ဟု ခံစားရသော အဖြစ်အပျက်ပေါင်းများစွာထဲမှ ကျွန်တော့် အာရုဏ်ထဲ ပူပူနွေးနွေး စွဲနေသော ကိုယ်တိုင်တွေ့ အဖြစ်အပျက်တစ်ခုကို ဝေငှလိုပါသည်။ ရတနာပုံ ရွှေမန်းမြို့တော်တစ်ဝန်း ဘုရားကျောင်း (၇)ကျောင်းမှ တစ်ကျောင်းဖြစ်သော စိန်ဇေးဗီးယားဘုရားကျောင်းသည် ဗေလန်ကန်နီ ကျန်းမာရေးမယ်တော် သခင်မပွဲကိုနှစ်စဉ် အခြားကျောင်းတော်များထက် ထူးစွာ၊ စည်စည်ကားကား၊ သိုက်သိုက် မြိုက်မြိုက် ကျင်းပလေ့ရှိကြောင်း သတိထားမိခဲ့ပါသည်။ ပို၍ သဘောကျစရာ အချက်မှာ နိုဗီနာ နောက်ဆုံးနေ့တွင် မကျန်းမာသူများအတွက် မစ္ဆားတစ်ခု သီးသန့် ဟောကြားပေးခြင်း ဖြစ်ရာ၊ ထိုမစ္ဆားသို့ အမျိုးမျိုးသော အနာရောဂါတို့၏ ချည်နှောင်ခံနေရသည့် လူနာများစွာလာ ရောက်ကြ၏၊ ရောက်လာကြသူများမှာလည်း အမျိုးမျိုးပင် တွဲ၍လာသူ၊ ချီမ၍လာသူ၊ သယ်၍လာသူ၊ လက်တွန်းလှည်းဖြင့် လာသူ၊ တုတ်ကောက်ဖြင့် လာသူ၊ ဤသို့ နည်းမျိုးစုံဖြင့် ရောက်လာသူများကို တဖန်ကြည့်ဦးမည် ဆိုပါက ပုံသဏ္ဍန်မှာ အမျိုးမျိုးပင၊် ပိန်ကွေးကွေး၊ ၀ဖေါဖေါ၊ စကားမပြောနိုင်အောင် မောသူ၊ ဆံပင်အကုန် ကျွတ်ထွက်၍ ကတုံးဖြစ်နေသူ၊ လှုပ်ရှားမှုတိုင်း တုန်ချိချိ ဖြစ်နေသူစုံပါသည်။ ကျွန်တော်ကတော့ တွဲထူ ချီမရန် မလိုဘဲ ရောက်လာသူ ဖြစ်သော်လည်း နာကျင်သော ဗိုက်ကိုပွတ်ကာ၊ ပွတ်ကာဖြင့် အပြုံးကင်းမဲ့သော မျက်နှာနှင့် ပါဝင်ခဲ့ပါသည်။

ဘ၀တူ လူနာများကို ကြည့်ပြန်တော့လည်း နာကျင်သောအသွင်၊ အချို့မှာ တစ်စုံတစ်ခုကို အလိုမကျသည့် အသွင်များစသဖြင့် တစ်ဦးစီ၏ မျက်နှာ၌ ဖတ်၍ရနေပေသည်။ ကျွန်တော်သည် အဖေါ်ညှိသည့်သဘောနှင့် (သို့) မိမိထက်ပိုဆိုးသည့် ဝေဒနာသည် ဘယ်သူတွေရှိလဲဟူသည့် သဘောဖြင့် မျက်လုံးကိုဝေ့၀ဲ၍ စုံစမ်းနေ၏။

အားလုံးထဲမှ ထူးခြားသော လူနာတစ်ဦးကို သတိပြုမိလိုက်သည်။ ထိုသူ၏ အသားအရေမှာ ၀ါဖျော့နေကာ၊ ဆံပင်များ ကြဲထောင်နေသေးသည်။ နာတာရှည် လူမမာမှန်း သိသာနေသည်။ အသက် ၅၀-ကျော်ခန့် ရှိမည်၊ ကျွန်တော့်အာရုံကို ဆွဲဆောင်နေသော အချက်မှာ ထိုသူ့မျက်နှာမှ အပြုံးများပင်။ သူ့လောက် အခြေအနေ မဆိုးသော ကျွန်တော် မပြုံးနိုင်ပါ။ ထိုသူမှာ ဘုရားကျောင်းထဲ ၀င်လာပြီးနောက် ကျွန်တော် သတိထား မိချိန်မှစ၍ နှစ်လိုတည်ငြိမ်စွာ ပြုံးနေသည်ကိုသာ မြင်နေရသည်။ သူ့နေရာ ထိုင်ခုံ ယူပြီးသော် ဘေးမှအဖေါ် လူနာများအား ပြုံးပြသည်။ အနည်းငယ် လှမ်းသော်လည်း ကျွန်တော်သည် ထိုသူကိုသာ ကြည့်နေမိတော့သည်။

လူနာများအတွက် အထူးရည်စူး ပူဇော်ပေးသော မစ္ဆားတရားအတွင်း ထိုသူသည် စိတ်အားထက်သန်သော အသွင်နှင့် ပါဝင်သည်၊။ ဘုန်းတော်ကြီး၏ ရှည်လျားသော သြ၀ါဒကို ငြီးငွေ့ဟန်မပြ၊ စိတ်ဝင်စားစွာ ကိုယ်ကိုကိုင်းညွတ်လျက် ခေါင်းကို လှည့်စောင်း နားစိုက်လျက် အေးဆေးသော မျက်နှာဖြင့် နားထောင်နေသည်။ ကျန်းမာရေးမယ်တော်ကို ကြည်ညိုကိုး စားကြသူချင်းအတူတူ၊ သခင်ဘုရား၏ ကုသခြင်း ကျေးဇူးတော်ကို မျှော်လင့်ယုံကြည်ကြသူခြင်း အတူတူ ထိုသူသည် ထူးခြားသည်တော့ အမှန်ဖြစ်၏။

လူနာများအတွက် မစ္ဆားတရားပြီး သွားပေပြီ။ ကျန်းမာရေးမယ်တော်ထံ နိုဗီနား ၉-ရက်လည်း ပြီးသွားပေပြီ။ ထိုအပြုံးပိုင်ရှင် ဖြူဖျော့ဖျော့ လူနာသည် သူ့ရောဂါချက်ခြင်း ပျောက်ကင်းသွားသော တန်ခိုးတော်မခံခဲ့ရပါ။ ကျွန်တော့် ဝေဒနာများလည်း ယူပစ်သလို ပျောက်မသွားခဲ့ပါ။

သို့သော်...ဘုရားရှင်သည် ထိုအပြုံး ပိုင်ရှင်ဝေဒနာသည်အားဖြင့် ကျွန်တော့်ကို တရားပြပါသည်၊ ဆုံးမပါသည်။ မလွဲမရှောင်သာ သဘောတရားတစ်ခု ဘ၀မှာ ကြုံလာရသော် လက်ခံနိုင်အောင်၊ ခံယူတတ်သော စိတ်သဘောကို မြင်စေ၊ ရစေခဲ့ပါပြီ။ ပြုံးသူများသည် အမှန်ပင် ကျေးဇူးရှင်များ ဖြစ်ကြပါ၏။ မလွယ်ကူသော အခြေအနေ၌ ပြုံးနိုင်သူများသည် ဆူးကြားမှပွင့်လန်းသော နှင်းဆီပန်းကဲ့သို့ ပို၍ တင့်တယ် ဂုဏ်ရှိကြသည်ဟု ခံစားမိပါ သည်။

သို့သော် ထိုအပြုံး ပိုင်ရှင်လူနာသည် အလွန်အားနည်း ဖျော့တော့ပုံပေါ်နေ၍ သူလူ့လောကတွင် ကြာကြာနေရဖွယ်မရှိဟု ခန့်မှန်းခဲ့ပြီးနောက် ကျွန်တော်နေ့စဉ် ကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက် နှစ်မြုတ်သွားသည့်အခါ အချိန်ကြာသည်နှင့်အမျှ ထိုအပြုံးပိုင်ရှင်ကို ကျွန်တော်မေ့မေ့လျော့လျော့ ဖြစ်သွားပါတော့သည်။

၃-နှစ်ခန့်ကြာပြီး နောက်တစ်ရက်တွင်တော့ ကျွန်တော် မန္တလေးရွှေမြို့တော်ရှိ စိန်ဇေးဗီးယားဘုရားကျောင်း ပြန်တက်ခွင့် ကြုံခဲ့ရသောအခါ လုံးဝ မမျှော်လင့်သော လူတစ်ယောက်ကို ဘုရားကျောင်း၌ တွေ့လိုက်ရပါသည်။ အခြားသူမဟုတ်ပါ။ နောက်ထပ် သုံးလခန့်ပင် အသက်ရှင်တော့မည် မဟုတ်ဟု တစ်ချိန်က ကျွန်တော် အတည်ပေါက် ခန့်မှန်းခဲ့သော အပြုံးပိုင်ရှင် ဖြူဖျော့ဖျော့ လူမမာကြီးပင် ဖြစ်ပါသည်။ ကျွန်တော်အံ့သြ၍ တကယ် မဆုံးနိုင်ပါ။ ကျွန်တော်ထင်ပါသည် ထိုသူသည် ဘုရားအလိုတော်ကို အပြုံးမပျက် လက်ခံနိုင်ခြင်း၊ သည်းခံစိတ်ရှည်စွာ ဝေဒနာကို ခံထမ်းခြင်း၊ ပတ်ဝန်းကျင် လူသားများကို ချစ်ခင် စိတ်ဝင်စားခြင်းနှင့် အခြေအနေတိုင်း၌ ပြုံးနိုင်ခြင်းတို့က ထိုသူကို ဘုရားထံမှ ကောင်းချီးအသက်တာ ထပ်မံရရှိစေ၍ ယခုကဲ့သို့ သေးမျှင်လှသည်ဟု ထင်ရသော အသက်တာ ရှည်လျားနေခြင်းပင် ဖြစ်မည်ဟု ကျွန်တော်တစ်ယောက် အတွေးများစွာနှင့် ကောက်ချက်ချကာ ပြုံးသူများ၏ အသက်တာကို အားကျ မဆုံးဖြစ်၍သာ နေပါတော့သည်။

ကျွန်တော်လည်း အခြေအနေတိုင်း၌ ပြုံးနိုင်ရန် ကြိုးစားပါဦးမည်။

အင်ဝိုင်းပန် (SJA)

Mar 4, 2010

သံဇူဇယ်၏ စောင့်မခြင်း

သံဇူဇယ်၏ စောင့်မခြင်း

စာရေးသူသည် ယခင်က သံဇူဇယ်အား ဆုတောင်းသဒ္ဒါ ကြည်ညိုမှု မပြုခဲ့ဘူးပါ။ မယ်တော်သခင်မ၏ ခင်ပွန်းတော်၊ ကိုယ်တော်ရှင်ယေဇူး၏ ကလေးဘ၀ အုပ်ထိန်းသူ၊ လောကမှ ဖခင်တစ်ဦး အဖြစ်သာ လက်ခံကာ ရိုသေခဲ့တာဘဲ ရှိပါတယ်။ တစ်ခါတုံးက သိုးထိန်းအသံမှာ အဖသံဇူဇယ်အကြောင်းကို အကျယ်တ၀င့် ရေးသားထားသည်ကို ဖတ်ရပါတယ်။ သံဇူဇယ်ဟာ သူငယ်ယေဇူးကို အသက်ဘေးမှ ကာကွယ်စောင့်ရှောက်သူ၊ ကျွေးမွေးပြုစုခဲ့သ၊ူ မယ်တော်နှင့် သခင်ယေဇူးမှလွဲရင် သံဇူဇယ်သည် အမြင့်မြတ်ဆုံးသော ရဟန္တာဖြစ်ကြောင်း၊ လောကမှာနေစဉ် ကတည်းက နှုတ်နည်းသူ ဖြစ်သောကြောင့် လူတွေက သတိမမူမေ့ထားကြောင်း၊ သံဇူဇယ်ကို ကိုးစားပါက ကြီးမားသော ကူညီစောင့်ရှောက်မှုရကြောင်း ရေးထားပါတယ်။

သံဇူဇယ်အကြောင်းကို ဖတ်ရပြီးတဲ့နောက် စာရေးသူ ဗုဒ္ဓဟူးနေ့တိုင်း သံဇူဇယ်မေတ္တာကို မှန်မှန်ဆိုခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် စိန်ဂျိုးဇက်(လဖုန်း)ကျောင်း၌ ကျင်းပသော နိုဗီနားမိစ္ဆားတရားကို သားအမိတွေ (၃)ရက်ပါဝင်ခဲ့ပါတယ်။ ၂၀၀၅ခုနှစ် မေလ (၃၁)ရက် အင်္ဂါနေ့ကျပြီး ဇွန်(၁)ရက် ဗုဒ္ဓဟူးနေ့ ကျပါတယ်။ မေ(၃၁)ရက်နေ့ညတွင် စိပ်ပုတီးစိပ်၊ ညမေတ္တာဆိုပြီး ၁၀း၄၅မိနစ်မှာ အိပ်ရာဝင်ခဲ့ပါတယ်။ စာရေးသူ အိပ်ပျော်နေစဉ် ဘယ်သူဘယ်ဝါ သဏ္ဍာန် မသဲကွဲတဲ့ အမျိုးသားတစ်ယောက်က စာရေးသူကို လက်ညိုးနှင့် တို့တော့မယ်ဆိုတာ အာရုံရနေစဉ် တကယ်ဘဲ ခါးကို လက်ညိုးတစ်ချောင်းနှင့် ထိုးခံလိုက်ရရာ စာရေးသူလည်း အိပ်ပျော်ရာမှ နိုးလာပါတော့တယ်။ ထိုအချိန်မှာပဲ နှာခေါင်းမှလည်း စူးရှပြင်းပြသော ညှော်နံ့ကို ရှုလိုက်ရပါတယ်။ သို့သော်လည်း ဒီအချိန်မှာ ဘာညှော်နံ့မှ မရှိနိုင်ဘူး။ စိတ်ထင်လို့ပါဆိုပြီး ဆက်အိပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဟူးနေ့ နံနက်အကူး ၁နာရီ ၃၀မိနစ်တိတိ အချိန်ဖြစ်နေလို့ပါပဲ။ သို့သော်လည်း ဆက်အိပ်လို့မရ ညှော်နံ့တွေလည်း ဆက်တိုက်နံနေလို့ စဉ်းစားကြည့်လိုက်တော့ မနက်အတွက် အဆင်သင့်ဖြစ်အောင် ထမင်းအိုးတည်ခဲ့မိတာကို အမှတ်ရပြီး မီးခလုတ်များ ဖွင့်ထားခဲ့မိသလားလို့ ထကြည့်လိုက်တော့ ဒန်အိုး မီးလောင်နေတာကို တွေ့ရတယ်။ တုန်လှုပ်၊ ကြောက်ရွံ့ပြီး အံ့သြနေမိတယ်။ တုန်လှုပ်၊ ကြောက်ရွံ့တာက လူတွေ အိပ်မောကျချိန် တစ်ဆောင်လုံး မီးပြာကျပြီး လူအသက် အပေါင်း၂၀ ကျော် မီးလောင်ခံရမည့် အဖြစ၊် အံ့သြမိတာက စာရေးသူကို ခါးတို့ပြီး နှိုးလိုက်သော သဏ္ဍာန်မသဲကွဲသည့် ပုဂ္ဂိုလ် ယောက်ျားကိုပါ။ ထိုအချိန်မှာ ခင်ပွန်းက ခရီးထွက်နေပါတယ်။ ခင်ပွန်းသည်ရဲ့ ၀ိညာဉ်လား ဒါလည်း မဖြစ်နိုင်ပါ။ အံ့သြရင်း၊ စဉ်းစားရင်း အိပ်ပျော်သွားပါတယ်။

မနက် အိပ်ရာထ နောက်ကျ၍ အချိန်နောက်မကျခင် ဗုဒ္ဓဟူးနေ့ နံနက်မေတ္တာဆိုရာမှာ သံဇူဇယ်မေတ္တာကို ဆိုမယ်လုပ်ခါမှ နှလုံးသား ထဲမှာ "သံဇူဇယ်"ဆိုသည့် နာမပဲ့တင်ထပ် မြည်ဟိန်းထွက်ပေါ် လာပါတော့တယ်။ အဲဒီကျမှ ကိုယ့်ရဲ့ ပေါ့လျော့မှုကြောင့် အဆောင်တစ်ခုလုံး လူပေါင်း ၂၀ကျော် မီးလောင်ပြာကျမှုမှ သံဇူဇယ် ကယ်တင်လိုက်ကြောင်း သိရပြီး အံ့သြနေမိတယ်။ မိမိဘ၀မှာ ယခင်က အပြစ်သားဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းမှာ အတတ်နိုင်ဆုံး ဘုရားတရား ကြည်ညိုတယ်။ ဘုရားအတွက် အချိန်ပေးတယ် ဆိုပေမဲ့ ဘုရားသခင်က ဒီလောက် နီးနီးကပ်ကပ် နေလိမ့်မယ်လို့ မထင်ရဲတာ အမှန်ပါ။ ဒါကြောင့် ကိုယ့်အချိန်ထဲက တတ်နိုင်သမျှဖဲ့ပြီး ဘုရားသခင်အတွက် ဆက်ကပ်တယ်ဆိုရင် ဘုရားသခင်က ကိုယ့်အတွက် အများကြီး ပြန်ပေးတယ်ဆိုတာကို ဓမ္မမိတ်ဆွေများအား သတင်းကောင်းဝေမျှရင်း အဖသံဇူဇယ်၏ ကူညီစောင်မပေး သနားတော်မူခြင်းကို ကျေးဇူးတော် ချီးမွမ်းလျှက် သက်သေခံပါသည်။

ဂုဏ်တော်ကို ချီးမွမ်းလျှက်
ရွက်ဝါ(တိတိဇုန်း)

Oct 21, 2009

အချိန်မီပါသေးတယ်

အချိန်မီပါသေးတယ်

လွန်ခဲ့ပြီးသော (၂၀၀၂) ခုနှစ်မှာ ကျွန်တော်ဆိုတဲ့ လူငယ်တစ်ဦးဟာ ငွေဆိုတဲ့ ဂုဏ်ပကာသနကို မက်မောသောကြောင့် ကုမ္မဏီတစ်ခုမှာ ကျောက်တူးဖို့ အလုပ်ဝင်လုပ်တယ်။ သို့သော် အောင်မြင်မှု မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ ဒီအလုပ်နဲ့ အားမပေးခဲ့ဘူး။ ကျွန်တော်ဟာ ကက်သလစ် လူငယ် တစ်ဦးဆိုပေမယ့် ဘုရားတရားလည်း မလိုက်စားဘူး လူငယ်ကဏ္ဍမှာလည်း မပါဝင် စိတ်လည်းမ၀င်စားခဲ့ဘူး။ အဓိကတော့ သူငယ်ချင်း ပတ်ဝင်ကျင်နဲ့လည်း ဆိုင်သင့်သလောက်လည်း ဆိုင်တယ်။ မိတ်ဆွေတို့ မိဘတွေအတွက် အားပေးခဲ့ပေမယ့် ကျွန်တော် ကိုယ်တိုင်ကမှ စိတ်မှမ၀င်စားတာ ဘုရားနဲ့ ကျွန်တော် ဟာ အလှမ်းဝေးနေတယ်ဆိုပါတော့ တစ်ခါတစ်လေ အလှူပေးရင်တောင် (ဗီဒီယို) သွားကြည့်လိုက်တယ်။

ကျွန်တော်ဟာ အဲဒီအချိန်တုန်းက ဆေးလိပ်၊ ကွမ်းယာ၊ အရက်မှီဝဲ သုံးစွဲခဲ့ဖူးပါတယ်။ လူငယ်ဆိုတော့ စေလိုရာ စေသဘောပေါ့ လေတိုက်ရာကိုယိုင်ပြီး လတ်သလော အခြေအနေကို မသုံးသပ်ပဲ ပြုချင်ရာကိုပြု ညစ်ညမ်းတဲ့အရာကို သဘောတွေ့ မကောင်းမှု ဒုစရိုက်မှာ ကျင်လည်ကျက်စား နေတဲ့ လောကဓံတရားရဲ့ သားကောင်ပေါ့။ ဘုရားတရားနဲ့ ဆန့်ကျင်ဘက်လည်းပြီး အမှောင်ကမ္ဘာထဲမှာ ကြိတ်မိတ်ပြီး မျက်ကန်း ပမာ အဖြူအမဲ မသဲကွဲပြီး ရင်ဆိုင်နေရမရှာတဲ့ ဘုရားရဲ့ လူတွေဟာ ကိုယ့်ဘ၀ရဲ့ အနာဂတ်ကို မသိရှာပါဘူး။

ကျွန်တော်စာရေးရင်း တစ်ခုထောက်ရှု စဉ်းစားမိတယ်။ မကြာသေးတဲ့ အဖြစ် အပျက်တစ်ခုပေါ့ "ကျွန်တော်တို့ ဘုရားကျောင်းမှာ ပွဲတစ်ခုရှိတဲ့ ညမှာပေါ့။ ပွဲကတော့ ပြီးသွားပြီ ပစ္စည်းတွေ သိမ်းပြီး လူငယ်တွေအပြင်မှာ လက်ဖက်ရည်သွား သောက်တယ်။ သိပ်မကြာခင် ပြန်လာပြီး လူငယ်ရုံးခန်းမှာ အနားယူနေတဲ့အချိန် ဆရာတစ်ယောက်ရဲ့ အော်သံဟာ ကျွန်တော်တို့ရဲ့နားကို လွှမ်းမိုးသွားစေခဲ့တယ်။ ဘာလဲဆိုတော့ "ဟေ့ကောင်တွေ သူခိုး ...သူခိုး တဲ့အော်လိုက်ရော လူငယ်တွေက ချက်ချင်းလက်ငင်းပဲ အုန်း ကနဲထပြီး အကုန်ဝိုင်းဖမ်းပါလေရော။ ကြိုးတုတ်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းပြီး စစ်ဆေးပါလောရော။ ဘယ်ကလဲ၊ ဘယ်သူလဲ၊ မိဘက ဘယ်မှာလဲ၊ အလုပ်အကိုင်က ဘာလဲ စသည်ဖြင့် မေးခွန်းများစွာ မေးတယ်။ သို့သော် အဲဒီစောကရ ငတတ်ပြား က ဘာတစ်ခုမှ ဖြောင့်ချက်မပေးဘူး။ ၀န်မခံတော့ လူငယ်တွေဟာ ကျွဲမြီးတိုသွား တာပေါ့။ လက်သီးနဲ့ထိုးလိုက်၊ ခြေထောက်နဲ့ ဆောင့်ကန်လိုက်၊ သူခိုးခမျာ အလူး အလဲပဲ ရေတောင်းလည်းမပေးဘူး။ တမင်းတောင်းလည်း မကျွေးဘူး။ ဖြေရင်တော့ ကျွေးမယ်ပေါ့။ ဒါပေမယ့် နောက်ဆုံးတော့ ရဲဘော် စစ်ပြေး တစ်ယောက်ဆိုတာတော့ သေချာသွားတယ်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ သစ်တွေ ခဏခဏ ပျောက်နေတာ သူ့လက်ချက်နေမှာပဲ ဆိုပြီး ပုံအပ်လိုက်တာ မေးစေ့တောင် ပဲ့သွားတာ။ နောက်ဆုံးအဖြစ်တော့ ရဲစခန်းထဲသွားပို့ လိုက်တာပါပဲ။ ဒါကြောင့် ဒီအကြောင်းကို သုံးသပ်ကြည့်မိတာပေါ့။

ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာမြေပြင်မှာ နေစဉ်က မကောင်းမှုတွေ ကျူးလွန်ပြီး သေဆုံးသွား သောအခါ ငရဲပြည်ရောက်ပြီး လူ့လောကမှာနေစဉ်က ခိုးမှုတွေ၊ လိမ်ညာတာတွေဟာ ငရဲမင်းကြီးဆီမှာ အစီအရင်ခံပြီး အထိုးအနှက် အထုအထောင်း ဒယ်အိုးထဲမှာ မွှေနှောက်ခံရမှာတော့ မလွဲဧကန်ပဲ။ ကောင်းမှုလုပ်ရင် ကောင်းကင်ဘုံ ရောက်မယ်။ သို့သော်လည်း "ငါ့ကို အရှင်ဟု ခေါ် သူဟူသမျှသည် ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်သူသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည်" ဟု (မာတေဦး-၇း၂၁) မှာ ယေဇူးသခင် မိန့်တော်မူခဲ့တယ်။ မကောင်းမှုကိုပြုသူ ကတော့ ငရဲပြည်ကိုရောက်မှာ သေချာပါတယ်။ ကျွန်တော်ငယ်စဉ် မိဘတွေက ကျွန်တော်ဆိုးလွန်းလို့ နောင်တရရန် အသိပေးခဲ့တယ်။ နောက်တော့လည်း ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး လူငယ်အစည်းအဝေးတွေတက်၊ ဘုရားဆိုတာ နားလည်လာတယ်။ လူငယ်သင်တန်းပို့ချခြင်းမှာ ဘုန်းကြီးတွေနဲ့ လိုက်ပြီးတော့ ဆက်ကပ်ခြင်းလုပ်တယ်။ အခုတော့လည်း ဘုရားရဲ့ အရိပ်အာဝါသအောက်မှာ အေးချမ်းစွာနဲ့ထမ်းဆောင်တော့မယ့် ဧ၀ံဂေလိတမန်တော် တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါပြီ။ ဖြစ်အောင်လည်း ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချမိပါတယ်။ ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းခံရရင်လည်း ရွေးကောက်တော်မူခြင်း မခံရရင်တော့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း ဆုတောင်းခြင်း ပြုလုပ်ဖို့၊ ကြိုးစားဖို့လိုတယ် မိတ်ဆွေ။

လူငယ်တစ်ဦးနှင့် တစ်ဦး စကား ပြောနေစဉ်မှာလည်း မုသားစကား မသုံးဘဲ၊ ချစ်ခင်ရင်းနှီးစွာ ပြုမူနေထိုင်ဖို့ အကြံပြုပါရစေ။ အဓိကကတော့ သန့်ရှင်းသော အသင်းတော်ရဲ့ လူငယ်တွေဟာ ပိုပြီး အရေးကြီးကြောင်း တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်တည်ထောင် ထားတဲ့အသင်းတော်ဟာ တစ်ခုတည်းသော ကက်သလစ်အသင်းတော် ဖြစ်ပါ တယ်။ တစ်ခါတစ်ရံ လူတွေဟာ ဒုက္ခ ရောက်စဉ်မှာတော့ ဘုရားကို သတိရ တက်ပြီး ပြန်လည်ပြီး အဆင်ပြေသွားရင် ငွေဂုဏ်တွေ ချမ်းသာလာသောအခါ ဘုရားကို မေ့လျော့တတ်သည်။ မမေ့လျော့အောင် အမြဲတမ်း ဦးနှောက်ထဲမှာရော၊ နှုတ်စကားထဲမှာရော၊ စိတ်နှလုံးထဲမှာပါ ကိန်းဝပ် နေစေချင်ပါတယ် ချစ်မိတ်ဆွေတို့။ ပြီးတော့လည်း အခုခေတ်မှာက ခေတ်လူငယ်၊ လူပျို၊ အပျိုတွေ ဘုရားတရားလုပ်လို့ ရှက်တတ်လာကြတယ်။ ခေတ်ရေစီး ကြောင်းမှာမျောပြီးတော့ စိတ်လွှင့်နေကြတယ်။

ဥာဏ်ပညာရှိပြီး လူမှုအစည်းအဝေးမှာ သိပ်ပါဝင်ခြင်း မရှိပေ။ အဓိကတော့ အလှတရားတွေ၊ ဂုဏ်ပကာသနတွေ ယှဉ်ပြိုင်မှုသာ အဓိကပင် ဖြစ်နေပေတော့သည် ဒီလိုမျိုး အပြုအမူတွေဟာ မှတ်သား လောက်ပါပေတယ်။ လောက စည်းစိမ်တွေကို မက်မောပြီး မခွဲနိုင်၊ မခွာနိုင် ဘုရားကို လစ်လျူရှုထားခြင်းဖြစ်သည်။ အလုပ်တစ်ခု လုပ်ရင်လည်း ဘုရားမှဖြစ်မည်။ ဘုရားဆို သည်မှာ အလုံးစုံကို တတ်နိုင်တော်မူသော တစ်ပါးတည်းသော သားတော်ဘုရားပင် ဖြစ်သည်။ စကားပုံတစ်ခုရှိသည်။ "သမား ဆိုအိုမှ၊ မယားဆိုပျိုမှ၊ သကြားဆိုချိုမှ၊ ဆားဆိုညိုမှ၊ တရားဆိုတိုမှ ကောင်းတဲ့ အလုပ်ကို ကောင်းတဲ့စိတ်ထားနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ကြပါတဲ့။" ဒါကြောင့် ပိုင်ရှင်စိတ်ထား၊ စေတနာ စိတ်ထားပြီးတော့ လုပ်ဆောင်ပေးပါ။ လူတွေ တစ်ဦးစီတိုင်းမှာ သိမ်မွေ့သော ကြင်နာမှုများ ရှိသင့်ပါတယ်။ အဖွဲ့အစည်း တိုင်းမှာလည်း အကြံဥာဏ်ရယူခြင်း လုပ်သင့်ပါတယ်။ ပြီးတော့ ကက်သလစ် လူငယ်တွေဟာ ဘုန်းကြီးတွေနှင့်
ဓမ္မဆရာ စသည့် ဘာသာရေးအမှုထမ်းများကို လေးစားသင့်ပါတယ်လို့ ဘာသာသူလူငယ်များနှင့် မိတ်ဆွေတို့ကို ဝေမျှလိုပါသည်။ ပုပ်ရဟန်းမင်းကြီး ဘေနေဒစ်ဆိုခဲ့ဖူးတယ်။ ကမ္ဘာမြေလောကကို အလှဖန်တီးပြီး တိုးတက်အောင် ဆောင်ရွက်ပေးတာဟာလည်း လူငယ်ပါပဲ။ အနာဂတ်ရဲ့ အသီး အပွင့်ဟာလည်း လူငယ်ပါပဲ။ စိတ်ဓာတ် မကျဘဲ တက်တက်ကြွကြွ ပါဝင်လုပ် ဆောင်သင့်ပါတယ်။

သခင်ယေဇူးမပါဘဲ ဘ၀အသက်တာကို လျှောက်လှမ်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ စကားပုံတစ်ခုပြော ပြအုံးမယ်။ "ကျွန်ုပ်တို့ ကက်သလစ် လူငယ်တွေဟာ ကြိုးစားရင် ဘုရားမဖြစ် နိုင်ပေမယ့် ရဟန္တာတော့ ဖြစ်နိုင်တယ်တဲ့။ ပြီးတော့လည်း သင်တို့လူသားတွေအတွက် ကောင်းကင်နိုင်ငံရောက်ရင် ကောင်းကင် တံခါးဝမှာ စာသားတစ်ခု တွေ့ရလိမ့်မည်။ သင်ကြားဖူးလည်း ကြားဖူးမှာပါ။ အချစ် မရှိမ၀င်ရတဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကတော့ ချစ်ခြင်းတရားရှိသော အရာခပ်သိမ်း ဟူသမျှကို မိမိကိုယ်နဲ့အမျှ ချစ်တတ်မှ ၀င်ခွင့်ပေးခြင်းဖြစ်သည်။ ငရဲတံခါးဝတွင် လည်း "အပြစ်မရှိ မ၀င်ရတဲ့" ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ အပြစ်ရှိသူကိုသာ လက်ခံတယ်ဆိုလိုတာပါပဲ။ ကမ္ဘာလောက သားတွေဟာ အပြစ်တွေကို ကျူးလွန်နေပါတယ်။

ထို့ကြောင့်မို့လည်း သေဆုံးလျှင် ငရဲသို့တိုက်ရိုက်သွားခြင်း ဖြစ်သည်။ သူများမယား၊ သမီးပျိုတွေကို စိတ်နဲ့ တောင်မပြစ်မှားပါနဲ့ မိတ်ဆွေ။ အသင်းတော်မှာ ဥပဒေပုဒ်မ မရှိပါဘူး။ အပြစ်ရှိရင်ငရဲ၊ မရှိရင်ေ ကာင်းကင်ဘုံ ဒါပါပဲ မိတ်ဆွေတို့။ တစ်နာရီလောက်သာ စဉ်းစားကြည့်ပါ။ မိတ်ဆွေ နားလည်လာပါ လိမ့်မယ်။ မမှားဘူးတဲ့ လူဆိုတာ မရှိပါဘူး။ သို့သော် အပြစ်ငယ်လည်း များလာလျှင် အပြစ်ကြီးနှင့်ညီမျှပါတယ်။ သင်တို့ လုပ်သမျှကို ဘုရားသခင်သိတော်မူခြင်း ဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဘာသာတူ လူငယ်မောင်မယ်များ သိုးကောင်းထဲတွင် မပါဝင်သေးသော သိုးကလေးများ၊ ဘုရားရှင်ရဲ့ အလင်းတော်ကို ရရှိဖို့ တစ်နေ့တာကို အလာဟသ မဖြစ်စေဘဲ ဘုရားရှင်ရှေ့မှောက်မှာ မမေ့မလျော့ဘဲ စိတ်ငြိမ်စွာ ဆုတောင်းရင်း သင်၏ ဘ၀အသက်တာကို ဆက်ကပ်ပုံအပ်ကြ ပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။


သောမတ်(စ်) ခါးလီ(မြစ်ကြီးနား)

Apr 28, 2009

ကလေးငယ်ပြသည့် ကိုယ်တော်မြတ်၏ တန်ဘိုး


ကလေးငယ်ပြသည့် ကိုယ်တော်မြတ်၏ တန်ဘိုး

လွန်ခဲ့သည့် တပါတ်အတွင်း ရိုးရိုး သာမန်တနင်္ဂနွေနေ့ မစ္ဆားတရားအပြီးတွင် ကျွန်တော်သည်အံ့သြဘွယ်ရာ အဖြစ် အပျက်တစ်ခုကို ကြုံတွေ့လိုက်ရသည်။ မစ္ဆားဟောသည့် ဘုန်းတော်ကြီးသည် အသက် ၄ နှစ် မှ ၁၁ နှစ် အရွယ်ကလေးငယ်တို့အား ရှေ့သို့ထွက်လာစေလျှက် သူတို့ဘ၀တွင်အဘယ်အရာသည် အရေး ကြီးဆုံးနှင့် ဘာအတွက် ကျေးဇူးတင်ချင်သနည်းဟူသော မေးခွန်းကို တစ်ဦးချင်းစီ အားမေးလေ၏။ ကလးငယ်များစွာတို့က သူတို့ဘ၀တွင် မိသားစု အရေးကြီးကြောင်း သူတို့၏ မိသားစုအား ကျေးဇူးတင်ကြောင်း အစရှိသည်ဖြင့်ဖြေကြားသွားခဲ့သည်။ သို့သော် ကက်သရင်းစတီပါ (Catherine Stypa) ဟူသော ကလးမငယ်လေးအလှည့် ရောက်ရှိလာချိန်တွင်ကား ထိုကလေးမငယ်သည် တခြားသူများ မထင်မှတ်သော အဖြေကို ပေးလိုက်သည်။

သူမသည် သေးငယ်သောအသံ လေးဖြင့် "ကျွန်မသည် ယခုအသက်လေး နှစ်ရှိပါပြီ။ ဘုရားသခင်သည် ကျွန်မဘ၀တွင် အရေးကြီးဆုံးသောအရာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် သူ့အား အရမ်းချစ်ပါသည်။ ထို့အတူ သူ့အား ကိုယ်တော်မြတ် စက္ကရမင်တူးကို ပင့်ယူခြင်းအားဖြင့် လက်ခံလိုပါသည်။ ဤလိုလားချက်သည် ကမ္ဘာပေါ်ရှိ မည်သည့်အရာတို့ နှင့်မျှမလဲနိုင်ပါ" ဟု တုန်ယင်စွာဖြင့် မျက် ရည်တသွင်သွင် စီးကျလျက် ပြောဆိုသွားခဲ့လေသည်။

ပရိသတ်ထဲရှိ ယောင်္ကျားကြီးတို့သည် ကလေး၏ အဖြေကိုကြားရသောအခါ သူတို့၏ မျက်နှာများကို လက်များဖြင့် ပွတ်လျှက်ရှိသည်။ အမျိုးသမီးတို့သည် သက်ပြင်းချကြသည်။ ဆယ်ကျော်သက် အရွယ်တို့ကမူ ကက်သလရင်း၏ ရိုးသား ဖြူစင်မှုနှင့်အပြစ် ကင်းမှုတို့ကို ကြည့်လျှက် ပြုံးကြသည်။ ကျွန်တော်သည် ဖော်မပြနိုင်သော ခံစားချက် တစ်ခုကိုရရှိလိုက်သည်။ ထို့နောက် ကျွန်တော်သည် ကျွန်တော်နှင့် အတူ ဘာသာတူအားလုံး မည်သည့် အချိန်တွင် ကိုယ်တော်မြတ်စက္ကရမင်တူးကို ထိုကလေးမ ကက်သရင်းကဲ့သို့ လိုလား တောင့်တခဲ့ကြသနည်း ဆိုသည်ကို စဉ်းစားမိနေမိသည်။

လောကကြီးထဲတွင် ကျွန်ုပ်တို့ လူသားများသည် အလကားရသော အရာတို့ကို တန်ဖိုး မထားတတ်ကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများကို ကြိုက်သည့်အချိန်တွင် ရယူနိုင်သော ကြောင့်ဖြစ်သည်။ ထိုအရာများထဲတွင် ကျွန်ုပ်တို့ ကက်သလစ်ဘာသာဝင်တို့အဖို့ "ကိုယ်တော်မြတ် စက္ကရမင်တူး" ပါဝင်နေခြင်းကို ၀မ်းနည်းစွာ တွေ့မြင်ရသည်။ ကျွန်ုပ်တို့ ဘာသာဝင်တို့သည် ကိုယ်တော်မြတ် စက္ကရမင်တူးကို မစ္ဆားတရားအချိန်တိုင်းတွင် ပင့်ယူခွင့်ရရှိနေသောကြောင့်ဖြစ်သည်။

အကယ်၍ ကျွန်ုပ်တို့သည် အရာဝတ္ထုတစ်ခုခုနှင့် မပတ်သက်ရန် တားမြစ်ခံရပါက သို့တည်းမဟုတ် ဝေးကွာနေခဲ့ပါက ထိုအရာဝတ္ထု၏ အရေးပါမှုကို သိရှိလာရပေသည်။ ထို့အတူ ထိုအရာအားပို၍ပင် တောင့်တမိသည်။ ထားမြစ်ထားသော အရာကိုပို၍လိုချင်ကြသည်။ မစားရဟူသော အစားအစာကို ပို၍စားချင်ကြသည်။ ကက်သရင်းသည် အသက် ၄ နှစ်မျှသာ ရှိသေးသောကြောင့် ကိုယ်တော်မြတ် စက္ကရမင်တူးကို မပင့်ယူရသေးသဖြင့် သူမသည် ကိုယ်တော်မြတ် စက္ကရမင်တူးအား ကမ္ဘာပေါ်ရှိ အခြားအရာအားလုံးတို့ထက် ပိုမို တောင့်တမိပေမည်။

ထို့ကြောင့် နောင်ခါများ၌ ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်ပင့်ယူရန် သွားကြသည့် အခါတိုင်း၊ ကမ္ဘာပေါ်ရှိ ကိုယ်တော်မြတ် စက္ကရမင်တူးပင့်ယူခွင့် ပိတ်ပင်ခံရသော ကက်သလစ် ဘာသာဝင်တို့အကြောင်း တွေးသင့်ကြသည်။ ထို့အတူ ကက်သရင်းကဲ့သို့ ကျွန်ုပ်တို့ အမြဲတမ်း လွယ်လွယ်ကူကူ ရရှိသော ကိုယ်တော်မြတ်ကို ကမ္ဘာပေါ်ရှိ အရာအားလုံးတို့ထက် ပိုမိုတောင့်တသင့် ကြသည်။

ဤအချက်ကို စဉ်းစားထောက်ရှု ပြီး ကျွန်ုပ်တို့ ရရှိလာသော ကျေးဇူးတော်အား တန်ဖိုးထားနိုင်ကြပေမည်။


ဘာသာပြန်-
အောင်မြင့်ဦး (ပြည်)

Sep 10, 2008

Happy Birhtday Mother Mary

မယ်တော့်ရဲ့မွေးနေ့

စက်တင်ဘာလကို ရောက်လာပြီဆိုရင် နှစ်စဉ်နှစ်တိုင်းမှာ ပြောင်းလဲမသွားဘဲနဲ့တူညီတဲ့ ခံစားချက်လေး တစ်ခုရင်ထဲကိုရောက်လာပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကက်သလစ်ခရစ်ယာန်တွေရဲ့ဘ၀မှာ အရေး ကြီးဆုံးနေရာတစ်ခုမှာ ရှိနေတဲ့ကျွန်တော်တို့ကို အမြဲကူညီစောင့်ရှောက်မှု တွေပေးနေတဲ့ မယ်တော်သခင်မရဲ့ မွေးနေ့တော်မြတ်မင်္ဂလာ အတွက်ကြိုတင်ပြင်ဆင်ကြတယ်၊ နိုဗီနာတွေလုပ်ကြတယ် ဆုတောင်ကြတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကိုသွားမယ်ဆိုရင် လက်ဆောင်လှလှလေးလေးတွေ ပြင်ဆင်သွားဖို့မမေ့တဲ့ ကျွန်တော်တို့ မယ်တော်သခင်မရဲ့ မွေးနေ့ပွဲအတွက် လက်ဆောင်ပေးဖို့အတွက်ကြတော့ မေ့နေတတ်ကြတယ်။ လွန်ခဲ့တဲ့နှစ်ရက်က နိုဗီနာဘုရားရှိခိုကျောင်းမှာ ကျင်းပတဲ့မယ်တော့်ရဲ့မွေးနေ့ပွဲကို ကျွန်တော်တက်ရောက်ခွင့် ရခဲ့ပါတယ်။ မွေးနေ့လက်ဆောင်မပါ၊ ပြင်ဆင်ခြင်းမရှိပဲနဲ့ရောက်ရှိခဲ့ခြင်းပါ။ ဘုရားကျောင်းဝင်းနားရောက်မှာ သီချင်းတွေ သီဆိုနေသံလေးကိုကြားတော့ မြန်မြန်လေးပြေးဝင်လာခဲ့ပါတယ်။ ဘုရားကျောင်းဆောင်ရှေ့က စင်မြင့်ထက်မှာ ပန်းများနဲ့အလှဆင်ထားတဲ့ မယ်တော်သခင်မရဲ့ ပုံတော်ကားချပ်ကို ပထမဆုံးမြင်တွေ့လိုက် ရပါတယ်။ အတိုချုံးပြောရမယ်ဆိုရင်တော့ မယ်တော်သခင်မကမယ်တော်ရဲ့မွေးနေ့မှာ ကျွန်တော်အနေနဲ့ဘာ လက်ဆောင်ကြမှမပေးလိုက်ရပေမယ့် မယ်တော့်ရဲ့ ကြီးမြတ်လှတဲ့ကြီးမားတဲ့ကြင်နာ သနားခြင်းကိုမွေးနေ့ပွဲ လာတဲ့ ကျွန်တော့်ကိုပြန်ပြီး လက်ဆောင်ပေးလိုက်တာပါပဲ။ ဘုရားကျောင်းအသွားတုံးက ကျွန်တော်နဲ့အတူပါလာ တဲ့ပြသနာတွေ၊ စိတ်ညစ်မှုတွေ၊ ၀မ်းနည်းပူဆွေးနေမှု့တွေ နဲ့ပြည့်နက်နေတဲ့ ကျွန်တော့်ရဲ့နှလုံးသားကို ကိုယ်တော်မြတ်ကောင်းချီးမင်္ဂလာမှာ ဘုန်းတော်ကြီးတစ်ပါးက ဆုတောင်းပေး နေတယ်၊ နောင်တစ်ပါးကနေ ကိုယ်တော်မြတ်မင်္ဂလာနဲ့ ဘာသာတုပရိတ်သတ်တွေကို ကောင်းချီးပေးနေတဲ့ အချိန်မှာ မယ်တော်က ကျွန်တော်ကို "သားဘာမှမပူနဲ့ အမေရှိတယ်" လို့ပြောတဲ့ စကားလေးကိုကြားလိုက်ရတဲ့ အချိန်လေးမှာ ကျွန်တော်မှာရှိနေတဲ့ စိတ်ညစ်မှုတွေနဲ့ ခံစားချက်အားလုံးက ပျောက်ကွယ်သွားပြီး ငြိမ်းချမ်းပျော်ရွှင်မှုတွေနဲ့ ပြည့်နက်သွားပါတယ်။

ကျွန်တော့်ရဲ့ ကိုယ်တွေ့အကြောင်းအရာလေးနဲ့ မယ်တော်သခင်မ ကျွန်တော့်တို့အတွက် အမြဲကူညီ စောင့်ရှောက်ဖို့ရှိနေတယ် ဆိုတာလေးကို ပြောပြချင်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းစီမှာ လိုအပ်ချက်လေးတွေ စိတ်ပျက်စရာတွေ ပြသနာတွေကြုံနေရတဲ့ အချိန်တိုင်းမှာ မယ်တော်က ကျွန်တော်အတွက် အမြဲရှိနေပါတယ်ဆိုတာ သတိရလိုက်ပါ...........

ကျေးဇူး မေမေ

ခရစ်ယာန်တို့အားမှိုင်းမသောသခင်မ ကျွန်ုပ်တို့အဖို့ငှာဆုတောင်းတော်မူပါ။


၈.စက်တင်ဘာ.၂၀၀၈


Aug 26, 2008

ကျွန်မငိုရသော နေ့တစ်နေ့


ကျွန်မငိုရသော နေ့တစ်နေ့


ကျွန်မငိုခဲ့ရသော နေ့တစ်နေ့ကြောင့် ကျွန်မ ဒီစာရေးဖြစ်ခဲ့တာပါ။


ကျွန်မအမေက ရန်ကုန်သူ၊ အဖေက သံလျင်သားဖြစ်ပါတယ်။ သူတို့နှစ်ဦး ၁၉၇၀ မှာ လက်ထပ်ပြီး သန်လျင်မှာ နေထိုင်ချိန်မှာ သန်လျင်မြို့ဟာ မဖွံ့ဖြိုးသေး၊ ပညာရေးကိုလည်း သိပ်အားမပေးကြသေး
ပါဘူး။ အမေဟာ သူ့သားသမီးဖြစ်တဲ့ ကျွန်မတို့ မောင်နှမများကို ပညာရေးမှာ ဦးစားပေးခဲ့ပါတယ်။ ထိုနည်းတူ ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးများကိုပါ ပညာရေးကို ဦးစားပေးဖို့ တိုက်တွန်းနှိုးဆော်တတ်သူဖြစ်ပါတယ်။ ကျွန်မ သိတတ်စအရွယ်အမေ့ကို သတိထားမိတဲ့ အချက်ကတော့ သွက်လက်ပေါ့ပါးတယ်၊ စည်းကမ်းကြီးတယ်၊ မလိမ်မာရင် ရိုက်နှက်ဆုံးမတတ်တယ်။ ပြီးတော့ သိပ်ရက်ရောတယ်ဆိုတာပါ။

အမေ့ရှေ့မှာ မရှိဘူးလို့ လက်ဖြန့်တောင်းလာရင်သူ့မှာရှိတာကို ဝေမျှပေး တတ်ပါတယ်။ ကျွန်မရင်ထဲစွဲနေတဲ့ အဖြစ်အပျက်တစ်ခုကတော့ ကျွန်မ ၆ တန်းနှစ်ကပါ။ အဲဒီအချိန် ကျွန်မတို့ မိသားစု ငွေကြေးမပြေလည်ပါဘူး။ မောင်နှမ လေးယောက်ရဲ့ ကျောင်းစရိတ်နဲ့ စားဝတ်နေရေးအတွက် လုံးပန်းနေရတဲ့ အချိန်ပါ။ မိဘများကသားသမီးများကို တစ်နှစ် ၁ ကြိမ် (သို့) ၂ ကြိမ် လောက်ပဲ အ၀တ်အစား သစ်ဝယ်ပေးနိုင်ခဲ့ပါတယ်။

တစ်ခါမှာတော့ ကျွန်မတို့ ဘုရားကျောင်းပွဲအတွက် အမေက ကျွန်မကို အင်္ကျီဆန်းဆန်းလှလှလေးတစ်ထည် ၀ယ်ပေးပါတယ်။ ကျွန်မအလွန်မှ မြတ်နိုးတဲ့ အရောင်လည်းဖြစ်၊ ပုံစံကလဲ ဆန်းတော့ အရမ်းကိုကြိုက်နှစ်သက်မိခဲ့ပါတယ်။ ၀တ်ရမဲ့နေ့ကို စိတ်ကူးယဉ်ပြီး ပျော်နေတဲ့အချိန် ပွဲတော်ရဲ့ ပထမနေ့ ညနေ ၃ နာရီထိုး လောက်မှာ ကလေးမ တစ်ယောက် အမေ့ဆီလာပြီး
ဘာတွေလဲ မသိပြောရင်းရှိုက်ကြီးတငင်ငိုနေပါတယ်။ ခဏကြာတော့အမေက ဗီရိုထဲမှာရှိတဲ့ ကျွန်မအင်္ကျီအသစ်ကို ယူပေးလိုက်ပါတော့တယ်။ ကလေးမက ယူပြီးဝတ်ကြည့်တယ်။ သူ့အတွက်ချုပ်ထားတဲ့အတိုင်းပဲ အတိအကျဖြစ်ပြီး လှနေပါတယ်။ အမေလည်း အဲဒီကလေးမလေးကို ပေးလိုက်တော့တယ်။

ကျွန်မရင်ထဲ ပြောမပြနိုင်လောက်အောင် ၀မ်းနည်းပြီး ငိုချလိုက်ပါတယ်။အမေ့ကိုလည်း စိတ်ဆိုးပြီး ထမင်းမစားဘဲငိုရင်း အိပ်ယာထဲဝင်လိုက်တယ်။ အမေ ကသိနေပါတယ်။ ကျွန်မကိုခေါ်ပြီး ချော့ပါတယ်။
ကျွန်မလည်း ငိုပြီး ဘာဖြစ်လို့ သမီးအင်္ကျီသစ်ကိုပေးလိုက်တာလဲလို့ မေးတော့ အမေက “သမီး သူ့မှာ စုတ်ပြဲနေတဲ့ အင်္ကျီတွေပဲရှိတယ်။ ဘယ်လောက် သနားစရာကောင်းလဲ၊ သမီးမှာဒီ အင်္ကျီ ပေးလိုက်လဲတခြားဝတ်စရာတွေရှိပါတယ်၊ သမီးအတွက် ခရစ္စမတ်ပွဲတော်ကျရင် အသစ်ဝယ်ပေးမယ်နော်”လို့ ပြောတော့ ကျွန်မနည်းနည်းစိတ်ပြေသွားပါတယ်။

ကျွန်မကို ထမင်း ကျွေးရင်းအမေက ဆက်ပြောတယ်
“သမီး သူမူများကိုကူညီတဲ့အခါ ကိုယ်မကြိုက် တာကို ဘဲရွေးမပေးရဘူး၊ ကိုယ့်အတွက်အကောင်းဆုံးဆိုတာရွေးပြီး ချန်မထားရဘူး၊ ကိုယ့် ဘက်က တတ်နိုင်သရွေ့ ကူညီရမယ်၊ သူအင်္ကျီရလို့ ဘယ်လောက်ပျော်သွားလဲ။ သူ့ရဲ့ ပျော်ရွှင်မှုမှာ သမီးလည်း ပျော်ရမယ်” ဆိုပြီးဆုံးမခဲ့ပါတယ်။ ဆုံးမသလိုပဲ လက်တွေ့အမေ နေပြပါတယ်။ လူမျိုး မရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေးဘဲ ကူညီခဲ့ပါတယ်။ ပတ်ဝန်းကျင်က လူတွေ အမေ့ကိုချစ်ကြပါတယ်။ အမေ့ကို ကျွန်မလည်းအရမ်းချစ်ပါတယ်။

ကျွန်မရဲ့ သွေးထဲမှာ “သူများကို ကူညီရမယ်။ ပေးရင်လည်း အကောင်းကိုရွေးပေးသင့်တယ်” ဆိုတဲ့ မျိုးစေ့ကိုချပေးခဲ့သော အမေ့ကို ကျေးဇူး တင်လျှက်။

လမင်း