May 24, 2010

ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာအသစ်


Myanmar - Pope establishes new diocese in Myanmar

Pope Benedict XVI has erected a new diocese in Myanmar. The Diocese of Kalay was erected on May 22 with territory taken from Hakha diocese, making it a suffragan of Mandalay archdiocese. The Pope appointed Bishop Felix Lian Khen Thang, the auxiliary Hakha bishop, as the first Bishop of Kalay.

The new diocese is situated east of Myitkyina diocese and south of Mandalay archdiocese and Hakha diocese. Kalay diocese has a population of 1.3 million, of which 49,000 are Catholics. It has 20 parishes, 26 diocesan priests, 84 Religious, 29 seminarians and 120 catechists. St Mary’s Church in Kalay will be the diocesan cathedral, according to the Holy See’s Bulletin.

http://www.ucanews.com/2010/05/24/pope-establishes-new-diocese-in-myanmar/

မတ်လ (၂၂) ၂၀၁၀ ရက်နေ့ တွင် ပုပ်ရဟန်းမင်းကြီး ဘက်နဒက် (၁၆) က မြန်မာနိုင်ငံ၏ ဂိုဏ်းအုပ်သာသနာသစ်တစ်ခုကို ကြော်ငြာခဲ့ပါသည်။ံ မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းအုပ်/ဂိုဏ်းချုပ် သာသနာများထဲတွင် ဟားခါးသာသနာမှ ကလေးကက်သလစ် ဂိုဏ်းအုပ်သာသနာသစ် တစ်ခုကို ခွဲထုတ်ပြီး မြန်မာနိုင်ငံ၏ ဂိုဏ်းအုပ်/ချုပ်သာသနာသစ်တစ်ခု အဖြစ် တရားဝင် တည်ထောင်ပေးခဲ့ပါသည်။ ယခု ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ အသစ်၏ ဆရာတော်ကို ဟားခါးလက်ထောက်ဆရာတော် Bishop Felix Lian Khen Thang အား ကလေးဂိုဏ်းအုပ်ဆရာတော်၏ ပထမဆုံးသော ဆရာတော်အဖြစ် ခန့်အပ်ခဲ့ပါသည်။

ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ အသစ်သည် အရှေ့ဘက်တွင် မြန်ကြီးနားဂိုဏ်းအုပ်သာသနာ၊ တောင်ဘက်တွင် မနလေး ဂိုဏ်းချုပ်သာသနာနှင့် ဟားခါးသာသနာဂိုဏ်းအုပ်သာသနာတို့ တည်ရှိပါသည်။ ကလေးဂိုဏ်းအုပ်သာသနာသစ်တွင် လူဦးရေ 1.3 မီလီလျံတွင် ကက်သလစ်ဘာသာဝင်ဦးရေ 49000 ယောက်ရှိပြီး ဘုန်းတော်ကြီး 20 ပါး၊ သာသနာအုပ်စု ၂၆ အုပ်စု၊ သီလရှင် ၈၄ ပါး၊ ရဟန်းဖြစ်သင်ကျောင်းသား 29 ဦးနှင့် Catechist အဖွဲ့ဝင် 120 ဦးရှိပါသည်။ ကလေးမြို့ရှိ စိန်မေရီ ဘုရားကျောင်းကို ကယ်သီဒယ် အဖြစ်ထားရှိမည်ဖြစ်ကြောင်း The Holy See စာစောင်တွင် ဖော်ပြထားပါသည်။

ဘဏ္ဍာစုဆောင်းခြင်း


ဘဏ္ဍာစုဆောင်းခြင်း

လောကဓမ္မတာ၊ သေသောအခါတွင်
ချမ်းသာကြွယ်ဝ၊ ပေါများလှသော

ဓနပစ္စည်း၊ အသီးသီးအား
စွန့်ပြီးထားရစ်၊ ထိုအဖြစ်ကို
စင်စစ်ဧကန်၊ တရားမှန်ဟု

ဝေဖန်သိရှိ၊ လူတိုင်းသိ။

ဆင်းရဲသားအား၊ မေတ္တာထား၍
များပြားဥစ္စာ၊ ပေးကမ်းပါလျှင်
ချမ်းသာကြွယ်ဝ၊ သင့်ဓနအား
ခုဘ၀မှသည်၊ နောင်ဘ၀ဆီသို့

တင်ကြိုပို့ထား၊ ဖြစ်သို့လားပင်
သင်ကားပညာ၊ ထူးရှိပါလည်း
သတိဖြစ်ခဲမို့၊ အမြဲဂရု
သတိပြုလေ၊ ချစ်မိတ်ဆွေ။ ။

သင်တို့ပိုင်ဆိုင်သော အရာများကိုရောင်းချ၍ ပေးကမ်း စွန့်ကြဲကြလော့။ မဟောင်း မဆွေးနိုင်သော ပိုက်ဆံအိတ်ကို လည်းကောင်း သူခိုးလည်းမခိုးနိုင်၊ ပိုးလည်းမဖေါက်နိုင်၊ ကုန်ခန်းခြင်းလည်း မရှိနိုင်သော ကောင်းကင်ဘဏ္ဍာကို လည်းကောင်း ရှာဖွေစုဆောင်းကြလော့။
(လုကာ - ၁၂း၃၃)


အုတ်လှ

May 23, 2010

တရားမှတ်ကာ ပွါးပါလေ


တရားမှတ်ကာ ပွါးပါလေ


ချိတ်ရုံသက်သက်
စိတ်ဖို့ဝေးစွ။
ဘုရားစင်ပေါ်
ဝင်းလက်လက်နဲ့။
ကျောက်သံထွင်းထု --- ပုတီးတု။

အကြောက်လွှမ်းခြုံ

အယူလွဲသည့်
လောကဘုံကြောင့်။
အမြဲဆောင်ထား
အိတ်ထောင်မြဲသည့်--ဆောင်ပုတီး။

အော်လိုက်ဟစ်လိုက်
ဒေါသယှက်သည့်
အဆဲမစဲ
ပုတီးတစ်ဖက် --လည်မှာဆွဲ။

ဝင်းလက်တောက်ပ
ပုတီးဓါတ်ကြောင့်
ဝယ်ယူဝတ်ဆင်
လူတိုင်းမြင်ဖို့
ဟောင်းတော့ ဖယ်ချိတ်
ဘုရားစင်ထက်
စုပုံချိတ်ထား
ချိတ်ပုတီးများ။

သာမန်ကျောက်ခဲ
အစပြု၍
ရှေးရသေ့တို့
တီထွင်လုပ်ဆောင်
ဒိဌာန်ပြုရန်
ရည်ဆောင်ခဲ့သည့်
ယနေ့ ပုတီး
----- စိတ်ပုတီးသည်
---- တရားမှတ်ကာ ပွါားပါလေ။

ဝေလီ

May 19, 2010

ခေတ်သစ်နည်းပြ ရဟန္တာ "ဂျိုဆေမာရီယာ အက်စ်ခရီးဗာ"


ခေတ်သစ်နည်းပြ ရဟန္တာ "ဂျိုဆေမာရီယာ အက်စ်ခရီးဗာ"

"ဂျိုဆေမာရီယာ အက်စ်ခရီးဗာ" သူဟာ ရဟန်းဘုန်းတော်ကြီး တစ်ပါးပါ။ စစ်ပြေးဒုက္ခနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်သလို ကမ္ဘာအနှံ့ခြေဆန့် သွားလာခဲ့သူလည်းဖြစ်တယ်။ ရှေ့နေလည်း လုပ်ဖူးသလို စာများစွာ ရေးသားထုတ်ဝေခဲ့တဲ့ စာရေးဆရာတစ်ဦး လည်းဖြစ်တယ်။ ဆောက်လုပ်ရေး ဗိသုကာပညာကို နှစ်သက်ပြီး ဂီတကိုလည်း မြတ်နိုးသူပါ။ မြို့ပြကို ခင်တွယ်တတ်သလို ကျေးလက်တောရွာမှာလည်း ပျော်ရွှင်စွာ နေထိုင်တတ်တဲ့ ရဟန်းတစ်ပါးဖြစ်ပါတယ်။ ဒီလို သူ့ရဟန်းဘ၀ကို အသားပေးတင်ပြခြင်းကတော့ သူ့လို ရဟန်းတစ်ပါးရဲ့ ဘ၀အခြေအနေကသာ ရဟန္တာဖြစ်နိုင်တယ်လို့ မီးမောင်းထိုးပြချင်တာမျိုး မဟုတ်ဘဲ၊ သာမန်လူဘယ်သူမဆို ရေပိုက်ပြင်သမားပဲဖြစ်ဖြစ်၊ လျှပ်စစ်ပြင်သမားပဲ ဖြစ်ဖြစ်၊ အိမ်ဆောက်သူ၊ ရှေ့နေ၊ ဈေးသည်၊ ကျောင်းသား၊ အိမ်ဖော်၊ အိမ်ထောင်သည်၊ လူလွတ်ဘယ်လိုလူမျိုးပဲဖြစ်စေ ကမ္ဘာပေါ်မှာ နေထိုင်သွားလာ လှုပ်ရှားရင်းနဲ့ သူတို့ရဲ့ လုပ်သမျှအလုပ်လေးတွေကို ဘုရားသားသမီးတွေအနေနဲ့ ဖြည့်ဆည်းသွားကြရင် အားလုံးသောသူတိုင်း ရဟန္တာဖြစ်နိုင်ကြတယ် ဆိုတာပါပဲ။
ဂျိုဆေမာရီယာ အက်စ်ခရီးဗာက အလုပ်လုပ်ရတာ သိပ်ကိုကြိုက်နှစ်သက်တဲ့သူပါ။ အကျိုးအမြတ်ကို တွက်ချက် ရည်မှန်းပြီးလုပ်တဲ့ လုပ်ငန်းသဘောမျိုးတော့ လုံးဝ မဟုတ်ပါဘူး။ "နေ့စဉ် လုပ်သော အလုပ်များအားဖြင့် သန့်ရှင်းစင်ကြယ်သော ဘ၀ရနိုင်ခြင်း" ဆိုတဲ့ ဂျိုဆေမာရီယာအက်စ်ခရီးဗာရဲ့ ဆိုလိုရင်းက "အလုပ်တစ်ခုကို လူသားတစ်ဦးရဲ့ ဥာဏ်ကုန်သုံးပြီး အကောင်းဆုံး ဖြစ်အောင်လုပ်မယ်။ အဲဒီလို အလုပ်မျိုးကို ဘုရားဂုဏ်တော်အတွက် ပူဇော်ပြီး လူသားကောင်းကျိုးအတွက် အသုံးတော်ခံမယ်" ဆိုတဲ့ ပုံစံနည်းလမ်းနဲ့ပါ။ သူ့ရဲ့ဘ၀ပေးတဲ့ သင်ခန်းစာကတော့ အသေခံစရာမလိုဘဲ၊ ခြင်္သေ့လှောင်အိမ်ထဲ ပစ်ထည့်မခံရဘဲ၊ ရသေ့ကျောင်းမှာ နံရံအလုံပိတ် တရားမကျင့်ဘဲနဲ့လည်း
- နေ့တိုင်းလုပ်နေကျ အလုပ် လုပ်ရင်း
- ကိုယ့်တာဝန်ကို အချိန်မီပြီးစီး အောင်လုပ်ရင်း
- တံမျက်လှည်း၊ ကလေးအနှီး လျှော်၊ ဈေးရောင်းရင်း၊
- ညှိုးငယ်နေတဲ့သူကို အပြုံးလေးတစ်ချက်နဲ့အားပေးရင်း ရဟန္တာဖြစ်နိုင်ကြတယ် ဆိုတဲ့ အချက်ပါ။
သူ့အဆိုတစ်ခုက "သေးငယ်တဲ့ အရာတွေကို အချစ်ကြီးကြီးနဲ့ လုပ်လိုက်တဲ့အခါ ဘုရားရှေ့တော်မှာ ကြီးကျယ်တဲ့ အရာတစ်ခုဖြစ်သွားတယ်" တဲ့။ သူဟာ ဘုရားကိုချစ်သလို ကမ္ဘာကြီးကိုချစ်တဲ့သူပါ၊ သူ့လိုပဲ လုပ်ကြလို့ပြောလေ့ရှိပါတယ်။ လုပ်ငန်းမျိုးစုံလုပ်နေတဲ့ လူဝတ်ကြောင်တွေကို ဂျိုဆေမာရီယာအက်စ်ခရီးဗာ အားပေးတိုက်တွန်းလေ့ရှိတဲ့ စကားက "လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေ၊ အမျိုးတွေနဲ့ရင်ဘောင်တန်းပြီး အတူတကွ လှုပ်ရှားနေကြရင်း သူတို့ စိတ်ဝင်စားစရာလေးတွေကို ပြောဆိုရင်း သူတို့ကို ခရစ်တော်နဲ့ပိုနီးလာအောင် လုပ်ဆောင်ကြရမယ်။ အရင်ဆုံးတော့ သင့်ရဲ့စရိုက်၊ အမူအကျင့်နဲ့ အရင်ဟောပြီး နောက်မှ နှုတ်ကပတ်တော်နဲ့ ဟောကြားပါ။ လူဝတ်ကြောင်တွေဟာ နေရာတကာ ထိုးဖောက်နိုင်တဲ့ သာသနာပြုတွေ ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့" ဆိုတာပါပဲ။ လူဝတ်ကြောင်တွေကို အတွင်းစိတ်နဲ့ ဆုတောင်းတတ်ဖို့၊ နေ့စဉ်မစ္ဆားနာယူဖို့၊ အာပတ်မှန်မှန်ဖြေဖို့၊ နှုတ်ကပါတ်တော် ကျမ်းစာဖတ်ရှုဖို့စတဲ့ ခရစ်ယာန်ကျင့်စဉ်များကို လုပ်နိုင်သမျှလုပ်ဖို့လည်း အားပေးကူညီလေ့ရှိပါတယ်။ ဂျိုဆေမာရီယား အက်စ်ခရီးဗာဟာ လူတွေဆီက ကြီးကျယ်ပြင်းထန်တဲ့ စွန့်လွှတ်ခြိုးခြံမှုတွေ မတောင်းဆိုပါဘူး။ လုပ်တတ်ရင် မြတ်တယ်ဆိုသလို ပေးဆပ်တဲ့ အသက်တာမျိုးကို မိမိတို့လုပ်သမျှ သေးငယ်တဲ့ ခြိုးခြံခြင်းများအားဖြင့် ရရှိနိုင်ကြပါတယ်လို့ ပြောလေ့ရှိပါတယ်။ ဥပမာ - "ကျလာတဲ့ တာဝန်ကိုကျေအောင် ဆောင်ရွက်လိုက်ခြင်း၊ သူများအတွက် စိတ်သက်သာရာရစေတဲ့ ဆက်ဆံမှုပေးခြင်း၊ စားသောက်တဲ့အခါ မသိမသာအနည်းငယ် ခြိုးခြံမှုပြုခြင်း၊ နည်းနည်းပါးပါး စွန့်ကြဲပေးကမ်းခြင်း၊ အနည်းအကြဉ်းသော အပျော်အပါးအချို့ကို စွန့်ပယ်ချုပ်တီးခြင်း၊ စတာတွေလောက်ပါပဲ" လို့အကြံပေး တိုက်တွန်းလေ့ရှိသူပါ။
ဂျိုဆေမာရီ အက်စ်ခရီးဗာရဲ့ ဘ၀ခရီးစဉ်အကျဉ်းကတော့
- ၁၉၀၂ - ဇန်န၀ါရီလ ၉-ရက် နေ့၊ စပိန်ပြည် ဘာဘာစ်ထရိုမြို့မှာ မွေးဖွားပြီး၊
- ၁၉၁၂ - မှာ ပထမကိုယ်တော်မြတ်ယူခဲ့၊
- ၁၉၂၂ - မှာ ရဟန်းဖြစ်သင်ကျောင်းဝင်ခဲ့၊
- ၁၉၂၅ - မတ်လ ၂၈-ရက်၊ ရဟန်းသိက္ခာခံယူခဲ့၊
- ၁၉၂၇ - မှာ ရဟန်းဘ၀နှင့်ပင် တရားဥပဒေဆိုင်ရာ ဒေါက်တာဘွဲ့ရအောင်ယူခဲ့၊
- ၁၉၂၈ မှာ ရဟန်းဘုန်း တော်ကြီး အသင်းအဖွဲ့တစ်ခုဖြစ်သော (Opus Dei) ကို တည်ထောင်ခဲ့၊
- ၁၉၃၆ - မှာ စပိန်ပြည်တွင်း စစ်ဖြစ်ကာ အသင်းတော်ကို (အထူးသဖြင့်) ရဟန်းတွေကို လိုက်လံချေမှုန်းခြင်း ပြင်းထန်နေချိန်၍ စစ်ပြေးအဖြစ်ပုန်း ရှောင်နေရင်း ရဟန်းတာဝန်များ တက်ကြွစွာထမ်းဆောင်ခဲ့၊
- ၁၉၄၆ - မှာ ပေါ်တူဂီ၊ အီတလီ၊ ဗြိတိန်၊ အမေရိကသို့တိုင်ကျယ်ပြန့်လာသော Opus Dei လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရန် ရောမမြို့သို့ ပြောင်းရွှေ့လာပြီး စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်နေခဲ့ရင်း
- ၁၉၇၅ ဇွန်လ ၂၆- ရက်နေ့ အသက် (၇၃) နှစ်အရွယ်တွင် ရောမမြို့၌ပျံလွန်ခဲ့။
၁၉၇၅ မှ ၁၉၈၁ တိုင်အောင် ဂျိုဆေမာရီယာ အက်စ်ခရီးဗာအား ရဟန္တာတင်မြှောက်နိုင်ဖို့ အဆိုကို သီလရှင်အသင်းဂိုဏ်းများမှ အကြီးအကဲ (၄၁) ပါး၊ ဆရာတော် (၉၈၇) ပါး၊ ဂိုဏ်းချုပ်ဆရာတော် (၂၄၁) ပါး၊ ကာဒီနယ် (၆၉) ပါး အပါအ၀င် လူပေါင်း (၆၀၀၀)ခန့်တို့မှ ရဟန်းမင်းကြီးထံ တောင်းခံတင်သွင်းခဲ့ကြတယ်။ ၁၉၈၁ - ခုနှစ်မှာ ရဟန်းမင်း ကြီးက ရဟန္တာတင်မြှောက်နိုင်ဖို့ လုပ်ငန်းစဉ်ကို စတင်စုံစမ်းဖော်ထုတ်စေပြီး ၁၉၉၂-၂၀၀၁ အတွင်း ဂျိုဆေမာရီယာ အက်စ်ခရီးဗာပြခဲ့တဲ့ တန်ခိုးလက္ခဏာများကို အသင်းတော်ကနေ အတည်ပြုပေးခဲ့တဲ့ နောက်ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူးကနေ ရောမမြို့၊ စိန်ပီတာရင်ပြင်မှာ ဂျိုဆေမာရီယာ အက်စ်ခရီးဗာကို သူတော်စင်ဖြစ်တယ်လို့ ကြေညာတာကတော့ ၁၉၉၂ ခု၊ မေ ၁၇ ရက်နေ့မှာ ဖြစ်ပါတယ်။ ဂျိုဆေမာရီယာ အက်စ်ခရီးဗာကို ရဟန္တာတင်မြှောက်နိုင်စေတဲ့ တန်ခိုးလက္ခဏာများအနက် တစ်ခုကတော့ ဆရာဝန်များ လက်လွှတ်ထားရတဲ့ အိပ်စ်ရေးရောင်ခြည် ထိတွေ့မှုများလွန်းခြင်းကြောင့်ဖြစ်တဲ့ စပိန်ပြည်က အရေပြားရောဂါသည် "မဲန် နျူယယ်နေဗာဒိုရေး"ရဲ့ ရောဂါကို ချက်ချင်းပျောက်သွားစေခဲ့တာ အပါအ၀င်ဖြစ်ပါတယ်။
၂၀၀၂ - ခုနှစ် အောက်တိုဘာ ၆- ရက်မှာတော့ စိန်ပီတာရင်ပြင်ကနေပဲ ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူးဟာ ဂျိုဆေမာရီအက်စ်ခရီးဗာကို ရဟန္တာတစ်ပါးအဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့ပါတယ်။ ဂျိုဆေမာရီယာ အက်စ်ခရီးဗာကို ရဟန္တာတင်မြှောက်ခြင်းအခမ်းအနားမှာ နိုင်ငံပေါင်း ၈၄- နိုင်ငံလောက်က လူပေါင်း သုံးသိန်းခန့် ပါဝင်တက်ရောက်ခဲ့ကြတယ်။ ရဟန္တာဂျိုဆေမာရီယာ အက်စ်ခရီးဗာဟာ ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန် ပေါလူးက တင်မြှောက်ခဲ့ပြီးတဲ့ ရဟန္တာ ပေါင်း ၄၆၅ - ပါးထဲက၊ ၄၈ - ပါးမြောက် ရဟန္တာဖြစ်ပါတယ်။
ဂျိုဆေမာရီယာ အက်စ်ခရီးဗာ ကနေ ၁၉၂၈ - ခုနှစ်မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ Opus Dei ဘုန်းတော်ကြီး အသင်းတော်အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လုပ်ငန်းအမျိုးမျိုးလုပ်ရတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ သန့်ရှင်းခြင်း ဘ၀တာရစေဖို့ ဘုရားကခေါ်တယ်ဆိုတာကို ဘ၀မှာ ထင်ထင်လင်းလင်း သတိထားမိလာစေဖို့ဖြစ်ပါတယ်။ မိမိတို့ ကျရာတာဝန် ထမ်းဆောင်လုပ်ကိုင်နေတဲ့ လူမှုနယ်ပယ်ဒေါင့်အသီးသီးမှာ ထိုးဖောက်ပြီး ဧ၀ံဂေလိတရားနဲ့ မိမိရဲ့ယုံကြည်ခြင်းကို ဖြန့်ဝေကြစေဖို့ပါ။ Opus Dei ဘုန်းတော်ကြီးအသင်းဂိုဏ်းဟာ လူဝတ်ကြောင်တွေလည်းပါဝင်နိုင်တဲ့ အသင်းအဖွဲ့တစ်ခု ဖြစ်တာကြောင့် Opus Dei အသင်းဂိုဏ်းဟာ လူဝတ်ကြောင်တို့နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းကြီး တစ်ခုလည်းဖြစ်ပါတယ်။ Opus Dei ဆိုတာ လက်တင်စကားလုံး ဖြစ်ပြီး "ဘုရားရဲ့လုပ်ငန်း"လို့ အဓိပ္ပာယ်ရပါတယ်။ ဂျိုဆေမာရီယာ အက်စ်ခရီးဗာရဲ့ အကြံပေးချက်တွေကဖြင့် အလုပ်ရှုပ်လွန်းလို့ တရားဟောဖို့၊ ဘုရားရှိခိုးဖို့၊ သက်သေခံဖို့တွေ မလုပ်အားပါဘူးလို့ ဆင်ခြေတက်တတ်တဲ့ ဒီခေတ်ရာစုလူသားတွေအတွက် ဖြေဆေးတစ်ဆူပင် ဖြစ်နေပါတယ်။ ဂျိုဆေမာရီယာအက်စ်ခရီးဗာပြောသလို ဒီကမ္ဘာပေါ်မှာ လူတိုင်းသန့်ရှင်းတဲ့ ရဟန္တာဖြစ်ဖို့ ဘုရားကထားရှိရခြင်းဖြစ်တယ်ဆိုတာ ဟာလည်း အင်မတန်စူးရှတဲ့ အလင်းတန်းတစ်ခုနဲ့ ညွှန်ပြနေခြင်းပါပဲ။ အချိန်တိုင်း နေရာတိုင်းမှာ အသေးငယ်ဆုံးသော အရာကစပြီး အကောင်းဆုံး လုပ်သွားကြခြင်းအားဖြင့် အမှန်တကယ်ပင် သင်နဲ့ကျွန်ုပ်တို့ဟာ ရဟန္တာလောင်းများဖြစ်ကြတယ် ဆိုတာ ယုံကြည်ဝံ့စေပါတယ်။
ဂျိုဆေမာရီယာ အက်စ်ခရီးဗာနဲ့ တွေ့ဆုံဖူးသူတွေရဲ့ ရင်ဖွင့်သံများကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ နယူးယောက်မြို့သူ ဂျင်နီမာရေးရဲ့ ပြောပြချက်က "ဂျိုဆေမာရီယာ အက်စ်ခရီးဗာရဲ့ သြ၀ါဒတွေ၊ သူရေးတဲ့စာအုပ်တွေအားဖြင့် ဘုရားသခင်ဟာ ကျွန်မတို့ ကမ္ဘာမြေပေါ် မှာ လူသားတစ်ဦးစီတိုင်းအတွက် စောင်မစောင့်ရှာက်ပေးနေသော အလွန်ချစ်ဖွယ်ကောင်းတဲ့ ဖခင်ဖြစ်တယ်ဆိုတာ လုံးဝ သိလာရပါတယ်။ အမှန်ပဲ ဘုရားသခင်ဟာ ကျွန်မတို့ကို တစ်ဦးတည်းသော သားသမီးကို ချစ်သလိုချစ်တာပါ။ အဖဘုရားဟာ ကျွန်မတို့သားသမီးများအတွက် အကောင်းဆုံးဖြစ်စေဖို့သာ လိုလားတော်မူတယ် ဆိုတာတွေကို သိနားလည်လာတာ၊ ကျေးဇူးတင် နှစ်သက်လာရတာကတော့ ဂျိုဆေမာ ရီယာအက်စ်ခရီးဗာကြောင့်ပါ" လို့ဆိုပါတယ်။ Dia Boyle ကတော့ "ကျွန်မကို တွေ့တွေ့ခြင်းပဲ ဂျိုဆေမာရီယာအက်စ် ခရီးဗာဟာ မယုံနိုင်စရာကောင်းလောက်အောင် လေးနက်တဲ့အမူအရာနဲ့ ကျွန်မအပေါ် စူးစိုက်ကြည့်ပြီး (မင်းကို ဘုရားသခင်က ဒီကမ္ဘာမြေပေါ်မှာ ချောမောတင့်တယ်သူ၊ အောင်မြင်တဲ့ စွမ်းဆောင်နိုင်သူ ဖြစ်ရုံမျှအတွက်ရှိနေစေတာ မဟုတ်ဘူးနော်)လို့ ပြောပါတယ်။ သူဆိုလိုဟန်ရှိတာက မင်းဟာ ဘုရားရဲ့သမီးဖြစ်တယ်။ ဒီကမ္ဘာမြေပေါ်မှာ ကောင်းတဲ့သူဖြစ်ဖို့၊ သူတော်စင်ရဟန္တာဖြစ်ဖို့ ရှိနေတာဖြစ်တယ်လို့ ကျွန်မဒီလို နားလည်ခံယူလိုက်ပါတယ်" လို့ပြောပြတယ်။
နောက်တစ်ယောက်က Paul Barbara ဆိုသူပါ။ လော့စ်အိန်ဂျယ်မှာ နေထိုင်သူဖြစ်ပါတယ်။ "ကျွန်တော်ဟာ မီးသတ်သမားတစ်ယောက် အနေနဲ့အထိတ်တလန့် အခြေအနေတွေ၊ အနာတရဖြစ်နေသူတွေ၊ အသက်ငင်နေတဲ့ သူတွေ စတဲ့ အရေးပေါ် ကိစ္စတွေအတွက် အမြဲစေလွှတ် ခံရလေ့ရှိပါတယ်။ ဒီလို လူတွေကို နှစ်သိမ့်ဖို့ရန်မှာ ကျွန်တော့်အဓိက တာဝန်လို့ ခံယူပြီး အတတ်နိုင်ဆုံး ကူညီအားပေးတယ်။ အတွင်းစိတ်ထဲကနေ ဆုတောင်းပေးပါတယ်။ အထူးသဖြင့် အလားအလာ မကောင်းတဲ့အခြေအနေ တွေ့ကြုံချိန်မှာ ပိုဆုတောင်းပေးမိပါတယ်။ ကျွန်တော်ဒီလို လုပ်တတ်လာတာကတော့ Opus Dai အသင်းဂိုဏ်းတည်ထောင်သူ ဂျိုဆေ မာရီယာအက်စ်ခရီးဗာရဲ့ သွန်သင်သတိပေးမှုတွေကြောင့်ပါ။ သူဟာ ကျွန်တော်တို့ကို ဆုတောင်းခြင်းမှာ အားကိုးစေတယ်။ မယ်တော်နဲ့ ကောင်းကင်တမန်တော်တွေ ရဲ့ စောင့်ရှောက်ပေးမှုကိုလည်း တောင်းခံတတ်လာစေပါတယ်"လို့ သက်သေခံပြောဆိုခဲ့သူပါ။
ချီကာကိုမြို့သူ Julie Koening ကနေ ပြောပြတာက "Opus Dei အသင်းဂိုဏ်းနဲ့ ဂျိုဆေမာရီယာအက်စ်ခရီးဗာဟာ ကျွန်မဘ၀ရဲ့ အပိုင်းကဏ္ဍတစ်ခု ဖြစ်လာရခြင်းကတော့ ကျွန်မရဲ့ မိတ်ဆွေတစ်ယောက်ဟာ သူနဲ့အတူ အဲဒီဘုန်းတော်ကြီးတွေနဲ့ ဥပုသ်စောင့်ရာမှာ ပါဝင်ဖို့ ဖိတ်ခေါ်ရာကစပါတယ်။ ဒီအသင်းရဲ့ ပြုပြင်ပုံသွင်းပေးတဲ့ သင်တန်းသဖွယ်ဖြစ်တဲ့ ပို့ချချက်၊ ဥပုသ်ဆောက်တည်မှု၊ ဘုရားနဲ့ပေါင်းစပ်စေခြင်းစတဲ့ ၀ိညာဉ်ရေးကျင့်စဉ်တွေဟာ ကျွန်မကို ဘ၀ရဲ့ အစိတ်အပိုင်းအခြေအနေတိုင်းမှာ ဘုရားကို နေရာပေးတတ် လာစေတယ်။ ကျွန်မဟာ တနင်္ဂနွေဝတ်ကျေရုံ ခရစ်ယာန်တစ်ယောက် မဟုတ်တော့ပါဘူး"လို့ ပြောပြပါတယ်။
နယူးယောက်မြို့တော်က Dodie Briggs ကလည်း "ဒီအသင်းဂိုဏ်းကို ကျွန်မကြိုက်နှစ်သက်ရခြင်းရဲ့ အဓိကအချက်ကတော့ သူရဲ့ကျင့်စဉ်ဟာ သိပ်လက်တွေ့ဆန်လို့ပါပဲ။ ကျွန်မထင်ပါတယ်၊ လူတွေဟာ အမှန်တော့ သိပ်ကောင်းချင်ကြတာပါ။ ဒါပေမဲ့ရိုးစင်းတဲ့ နည်းလမ်းနဲ့ကောင်းလာနိုင်ကြတဲ့နည်းကို မသိကြလို့ပါ။ ဘုရားတရားရှိဖို့၊ ဖြောင့်မှန် စာနာတတ်ဖို့ဆိုတာတွေကို သီးခြားတိကျတဲ့ လမ်းညွှန်ချက်များ ဒီနေရာက ပြသပေးနေပါတယ်။ အကယ်၍ ဘာမှမလုပ်နိုင်တဲ့သူတောင်မှ ဒီအကြောင်းကို အခြားလူတွေအား ဝေငှပြောပြတာမျိုး လောက်တော့ လုပ်နိုင်ကြပါလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။
Orange ခရိုင်မှာ နေထိုင်တဲ့ "လော်ရီ မောစ်လေ"ရဲ့ ပြောပြချက်ကလည်း တစ်မျိုးထူးခြားပါတယ်။ "ဂျိုဆေ မာရီယာအက်စ်ခရီးဗာဟာ ကျွန်တော့်ဘ၀မှာ အတော်ကို ထင်ထင်ရှားရှား သြဇာလွှမ်းခဲ့သူပါ။ သာမန် လုပ်ရိုးလုပ်စဉ် အရာတွေအားဖြင့် ရဟန္တာဘ၀ကို ရနိုင်တယ်ဆိုတဲ့ သူ့ရဲ့သတင်းစကားကို ကျွန်တော်ပထမဆုံး အကြိမ်ကြားရတာ လွန်ခဲ့တဲ့(၇)နှစ်လောက်ကပါ။ အဲဒီအချိန်မှာ ကျွန်တော်ဟာအသင်းတော် အပြင်ဖက်ကို လမ်းလွဲနေချိန်ပေါ့။ မိတ်ဆွေတစ်ယောက်ဆီက ဂျိုဆေမာရီယာ အက်စ်ခရီးဗာရဲ့ လမ်းစဉ်ကိုသိခွင့်ရပြီးနောက် မကြာခင်မှာပဲ ကျွန်တော်ဟာကက်သလစ်ကျင့်စဉ်ကို စောင့်ထိန်းလိုက်နာတဲ့ ဘာသာဝင်တစ်ဦးဘ၀ ပြန်ရောက်ခဲ့ပါတယ်။ ဂျိုဆေမာရီယာအက်စ်ခရီးဗာရဲ့ သာမန်အလုပ်လေးတွေကို ဘုရားဂုဏ်တော်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဆိုတဲ့ အညွှန်းဟာ တကယ် လက်ဆုပ်လက်ကိုင်ရှိတဲ့နည်းပါ။ အဲဒါကပဲ ကျွန်တော့်ဘ၀ရဲ့ ကျင့်စဉ်ဖြစ်လာပါတော့တယ်" သက်သေခံခဲ့ပါတယ်။ ဂျိုဆေမာရီယာ အက်စ်ခရီးဗာကို ရဟန္တာတင်မြှောက်တဲ့နေ့မှာ ကာဒီနယ်လ် ဂျိုးဇက်ရက်ဇင်းဂါး (ယခုလက်ရှိ ပုပ်ရဟန်း မင်းကြီးဘယ်နဒိတ် ၁၆)က "သန့်ရှင်းမြင့်မြတ်တယ်ဆိုရာမှာ သူများထက် သာလွန်ကောင်းမွန်ခြင်းလို့ မဆိုလိုပါဘူး။ ရဟန္တာများကလည်း အားနည်းယိမ်းယိုင်တဲ့ သူဖြစ်ချင်ဖြစ်နေမယ် သူ့ဘ၀မှာ အပြစ်အမှားများစွာ ရှိချင်ရှိနေပါမယ်။ သန့်ရှင်း မြင့်မြတ်သူဖြစ်ရခြင်းကတော့ ဘ၀ရဲ့ အဆိုးအကောင်းတွေမှာ ဘုန်းတော်ရှင်ရဲ့ အလိုတော်ကို နာခံလိုက်လျှောက်ရင်း ဘုရားရှင်ရဲ့ မိတ်ဆွေအဖြစ် တည်ဆောက်ကြခြင်းရဲ့ နက်နဲတဲ့အချက် တစ်ချက်ပဲဖြစ်ပါတယ်"လို့ မှတ်ချက်ချခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန်ပေါလူး ထုတ်ဖေါ်ပြောကြားတာက "ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ လုပ်ကိုင်ထိတွေ့ မြင်နေရတဲ့အရာတွေအားဖြင့် မမြင်မထိတွေ့နိုင်သော ဘုရားကို ရှာတွေ့ရမယ်လို့ ဂျိုဆေမာရီယာအက်စ်ခရီးဗာ အသက်ရှင်စဉ်က ကျွန်ုပ်နဲ့စကား စမြည်ပြောဆိုရင်း ပြောခဲ့ဖူးပါတယ်" လို့ ဆိုပါတယ်။
ဒီအချက်ကဖြင့် ရုပ်ဝတ္ထုပစ္စည်း ကမ္ဘာကြီးလျှံထွက်မတတ် တီထွင်တိုးတက်နေတဲ့နောက်ကို အမီပြေးလိုက်နေကြရတဲ့ ဒီနေ့ခေတ် လူတွေအတွက် ဘုရားဆီ ချဉ်းကပ်ရန် အခြေခံကျလွန်းအောင်ကောင်းနေတဲ့ နည်းလမ်းတစ်ခုကို ဂျိုဆေမာရီယာ အက်စ်ခရီးဗာက ညွှန်ပြနေခြင်းပါပဲ။ ဂျိုဆေမာရီယာ အက်စ်ခရီးဗာ ရေးသားခဲ့တဲ့ မြောက်များစွာသော လူ့စိတ် ၀ိညာဉ်များကို ထိတွေ့ပြောင်းလဲစေနိုင်အောင် လေးနက် အစွမ်းထက်တဲ့နည်းကောင်း လမ်းညွှန်အဖြစ် The Way of the Cross, Furrow, The Forge, The Way, Christ is passing by နဲ့ In love with the Church ဆိုတဲ့ စာအုပ်တွေအားဖြင့် ခေတ်သစ်ရဟန္တာဖြစ်နည်းကို ဆက်လက်ပြောပြနေဆဲပင် ဖြစ်ပါတယ်။

Ref :
- Inside the Vatican. Nov, 02
- "Introducing the Church's Newest Saint"
- (Opus Dei) ကို ဆီလျော်အောင်ပြန်ဆိုပါသည်။

အင်ဝိုင်းပန် (SJA)

May 16, 2010

ကြုံဆုံရသော နေ့တစ်နေ့

ကြုံဆုံရသော နေ့တစ်နေ့

စိမ်းစိုလန်းဆန်းပြီးတော့ ကြည်လင်တောက်ပနေတဲ့ ရေကန်ထဲကို ခဲကြီးကြီးတစ်လုံး ပစ်သွင်းလိုက်သလို ဗွမ်းကနဲ လှိုင်းသံကြီးနဲ့ လေဟုန်ကို တုန်လှုပ်စေတော့တာပါပဲ။ အနည်းနဲ့အများ အနီးနဲ့အဝေးဆိုသလို ဆိတ်ငြိမ်နေတဲ့ရေပြင်ဟာ ထူးခြားမှုကိုခံခဲ့ရတယ်။ ဒီလိုပါပဲ မိတ်ဆွေအပေါင်းတို့ ကျွန်တော်တို့ အမိနိုင်ငံတော်ကြီးမှာလည်း မေလဆန်းပိုင်းလောက်က တိုက်ခတ်သွားခဲ့တဲ့ ဆိုင်ကလုံးအမျိုးအစား နာဂစ်အမည်ရှိ မုန်တိုင်းကြီးဟာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ပင်လယ်ရပ်နီး ပတ်ဝန်းကျင်တ၀ိုက်မှာ ဆက်စပ်တိုက်ခတ် သွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးလည်း ပြာပြာသလဲနဲ့ပဲ။ ကျွန်တော် ဒီသတင်းကို ကြားတဲ့အချိန်မှာ မုန်တိုင်းတိုက်ပြီး နောက်နေ့မနက် (၉) နာရီလောက်ကပါ။ ပထမတော့ ခပ်ပေါ့ပေါ့နဲ့ နေလိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ မန္တလေးမှာက ခါတိုင်းလည်း ရန်ကုန်မှာ ဘာဖြစ်ပြန်ပြီ၊ ဘယ်မှာတော့ ဘာဖြစ်ပြန်ပြီဆိုပြီး ကြားကြားနေကျမို့လို့ပါ။

ဒါပေမဲ့ ဒီမုန်တိုင်းကြီး တိုက်မယ်ဆိုတာကတော့ ကျွန်တော့်လို ရေဒီယိုတစ်လုံးကို အဖော်ပြုနေသူ တစ်ယောက်အတွက် သိခဲ့ပြီးပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့မတိုင်ခင် တစ်ရက် နေ့ခင်းဘက်နဲ့ညနေဘက်တစ်ပိုင်းလုံး ရေဒီယိုကနေ (၁၅) မိနစ်တစ်ကြိမ် လောက်နီးပါး မုန်တိုင်းလာနေပြီဆိုတာ ထုတ်လွှင့်နေခဲ့တာ ကျွန်တော့်အိမ်က အိမ်သူအိမ်သားတွေကိုတောင် ဒီအချိန်ဆို ရန်ကုန်မှာ မုန်တိုင်းတိုက်နေလောက်ပြီ ဆိုပြီး ပြောနေခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့မီဒီယာပေါ်ကို ကျွန်တော်အစောက ပြောခဲ့သလို ခဲတစ်လုံးပစ်သွင်း လိုက်သလိုတော့ ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ မကြုံဘူးသေးတာလည်း ပါတာပေါ့။ ဘယ်လောက်ပဲ လေတိုက်တိုက် လူဆိုတာ မသေနိုင်ဘူးပေါ့။ အမှန်အတိုင်း ၀န်ခံရရင် ဒီလိုပဲ တွေးထင်ခဲ့မိပါတယ်။

ဒါပေမယ့်လည်း... အဲဒီ ဒါပေမယ့်ရဲ့ နောက်ကွယ်မှာ ကောင်းတာ သိပ်မလိုက်ဘူးလို့ လူတွေကဆိုကြတယ်လို့ ဆရာတစ်ယောက်က ပြောဖူးခဲ့တာကို သတိရမိတယ်။

အဲ....ဒါပေမယ့် နောက်ကြားရတဲ့ သတင်းတွေကတော့ ကျွန်တော်ထင်တယ် ခြောက်လခုနှစ်လထိတောင် သတင်းစာ မျက်နှာပေါ်မှာနေရာယူ နေအုံးမှာပါပဲ။ ဒီနာဂစ်မုန်တိုင်းကြီးဟာ လူပေါင်းနှစ်သိန်း နီးပါးရဲ့အသက်တွေကို ဖျက်ဆီးသွားခဲ့ သလို လူပေါင်းများစွာရဲ့ စည်းစိမ်ပိုင်ဆိုင်မှု လယ်ယာကိုင်းကျွန်းများကိုလည်း ကြေမွ ပျက်စီးစေခဲ့ပါတယ်လို့ မီဒီယာများရဲ့ ဖော်ပြချက်အရ ကျွန်တော်သိလာရပါတယ်။ ဒီလိုနဲ့လူတွေ သေသူကသေ၊ မွဲသူကမွဲ၊ ကျွေးသူကကျွေး၊ ပျောက်သူကပျောက်၊ ကြောက်သူကကြောက်၊ ကယ်သူကကယ်၊ ဆယ်သူကဆယ်နဲ့တကယ့်ကိုအမြင် မကောင်းစရာ အနိဌာရုံမြင်ကွင်းများပါပဲ။

မည်သို့ပင်ဆိုစေ သမိုင်းပေး တာဝန်ပဲဖြစ်ဖြစ်၊ လူမှုရေးကြောင့်ဖြစ်ဖြစ်၊ တာဝန်ရှိလို့ပဲဖြစ်ဖြစ်၊ ကျွန်တော့်အနေနဲ့ တွေ့မြင်ရတဲ့ လူသားတို့ရဲ့ ကရုဏာနှလုံးသား လှုပ်ရှားမှုများကိုဗွက်နွံထဲမှ ကျောက်ကောင်းတစ်ပွင့်အနေနဲ့ တွေ့ရှိခဲ့ရပါတယ်။ နေ့စဉ်ဆိုသလို ဆင်းလိုက်တက်လိုက် သယ်ယူပို့ဆောင်နေကြတဲ့ ကုန်တင်ယာဉ်ကြီးများ၊ ခေါက်ချိုးခေါက်ပြန် စုန်ဆန်မောင်းနှင်ပြီး ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်ပေးနေတဲ့ ယာဉ်အမျိုးမျိုး၊ တူညီဝတ်စုံမျိုးစုံ ၀တ်ဆင်ထားကြတဲ့ လူမှုဝန်ထမ်း စေတနာရှင်များ၊ ထို့အတူပဲ အသက် မသေကျန်ရစ်ခဲ့တဲ့ မုန်တိုင်းလွတ်ပြည်သူများရဲ့ အနိဌာရုံများကိုလည်း တွေ့မြင်နေကြရပါတယ်။

တစ်ယောက်တည်း မနေနိုင်တဲ့ လူ့ဘောင်အသိုင်းဝိုင်းရဲ့ လုပ်ဆောင်မှုအရ မွေးရာပါ ကရုဏာမေတ္တာနှလုံးသားအရ တစ်ဦးဒုက္ခရောက်ချိန်မှာ တစ်ဦးက ကူညီကြတာ ဓမ္မတာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေသာမက တစ်ကမ္ဘာလုံးက အကြင်နာနှလုံးသားပိုင်ရှင်များဟာ မိမိတို့တတ်အားသ၍ဖြစ်စေ၊ အများနဲ့ပူးပေါင်းလို့ဖြစ်စေ၊ အသင်းအဖွဲ့ အားဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာကဖြစ်စေ လှူဒါန်းပါဝင် ထမ်းရွက်ကြတာဟာဖြင့် စာဖွဲ့ဖို့ မလိုတော့ပါဘူးလို့ ထင်မိပါတယ်။ အများအတွက် အကျိုးဆောင်တယ်ဆိုတာ တိုက်ပွဲတွေရှိမှ မဟုတ်ပါဘူး။ ဒီလို ဘေးအန္တရာယ်ကြုံလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ လူသားတို့ရဲ့ နှလုံးသားထဲက ဆန္ဒအရ အများအကျိုးသယ်ပိုးခြင်းဟာလည်း ကောင်းမှုတစ်ခုဖြစ်ပါတယ်။ အချို့လည်း တတ်အားသမျှ ပစ္စည်းလေးများနဲ့၊ တချို့လည်း အ၀တ်အစားများနဲ့၊ တချို့လည်း စားသောက်စရာများနဲ့၊ တချို့လည်း လုပ်အားဒါနများနဲ့ တချို့ကျတော့လည်း မေတ္တာပို့ကြ၊ ဆုတောင်းပေးကြ၊ မုန်တိုင်းအတွင်းသေလွန်သူတို့ ကောင်းရာမွန်ရာ ရောက်နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ကုသိုလ် ပြုကြတာဟာဖြင့် ကြည်နူးစရာကောင်းလှတာ အမှန်ပါပဲ။ နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်းမှာလည်း သူ့လူမျိုး ကိုယ့်လူမျိုး၊ သူ့ဘာသာ ကိုယ့်ဘာသာရယ်လို့ ကန့်သတ်မထားတော့ဘဲ ဆုတောင်းဝတ်ပြုပွဲများကို ကျင်းပပေးကြတာဖြင့် နေ့စဉ်နဲ့ရက်ဆက် ဆိုသလိုပါပဲ။ ဘာသာရေးကူညီလှူဒါန်းမှု များရှိခဲ့သလို တတ်အားသ၍ မိမိတို့ဒါနနဲ့ လေဘေးသင့်ပြည်သူများ အသက်ဆက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အဖက်ဖက်က ကြိုးစားနေကြပါတယ်။ နိုင်ငံကျော် လူရွှင်တော်ကြီးဦးချစ်စရာ ပြောခဲ့တဲ့ နာဂစ်အထိမ်းအမှတ်ကျင်းပသော ကပြဖျော်ဖြေသောပွဲက စကားတစ်ခုကတော့ "လောကကြီးမှာ တန်ဖိုးအရှိဆုံးပစ္စည်းဟာ စာနာစိတ်တစ်ခုပါပဲ" ဒီစာနာစိတ် ကိုယ်နဲ့အမျှ ခံစားပေးစိတ်တွေကြောင့် ဒီလောကကြီးဟာ ဘယ်လိုပင် ပျက်စီးပျက်စီး၊ ဘယ်လိုပဲ အခက်ခဲတွေကျကျ၊ ဘယ်လိုဒုက္ခတွေ ကြုံကြုံ၊ ၀ိုင်းဝန်းကူညီကြတာ ဒီစာနာစိတ်ကြောင့်ပဲဖြစ်ပါတယ်။

ဒီလို စာနာစိတ်တွေကြောင့်ပဲ ကျွန်တော်တို့လည်းပွဲလေး တစ်ခုလုပ်ဖြစ်ခဲ့ပါတယ်။ သေလွန်သူများအတွက် ဆုတောင်းပွဲလေးပေါ့။ ဒီပွဲဖြစ်မြောက်ဖို့အတွက် တာဝန်တွေခွဲ ကိုယ့်တာဝန် ကိုယ်ယူ၊ သူ့တာဝန်သူယူနဲ့ အစီအစဉ်တွေ ဆွဲကြတာပေါ့။ ကျွန်တော်ကတော့ ဧည့်သည်တွေ နေချထားဖို့နဲ့ အခမ်းအနားအလှဆင်ဖို့ တာဝန်ယူခဲ့ပါတယ်။ ဆုတောင်းပွဲနေ့ အရောက်မှာတော့ ကျွန်တော်တို့ တောင့်တတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ အများအတွက် စာနာတဲ့နှလုံးသားများရဲ့ စေခိုင်းချက်အရ ဘာသာမရွေး၊ လူမျိုးမရွေး လာရောက်ဆုတောင်းပေးကြတဲ့ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များဟာ ကိုယ့်သာသနာအလံအသီးသီးမှာ နေရာယူပြီး သာသနာခေါင်းဆောင် အသီးသီးကနေ ဦးဆောင် မေတ္တာပို့ဆုတောင်း ပေးခဲ့ကြပါတယ်။

ဒီလို တစ်ညီတညွတ်ထဲ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဆုတောင်းမှုကလေးဟာ အမှတ်တမဲ့မှ အမှတ်တရကိစ္စလေးတစ်ခု ဖြစ်လာခဲ့တယ်ဆိုရင် မမှားပါဘူး။ ဒီပွဲတော်အတွင်းမှာ ပါဝင်ဆင်နွဲနေတဲ့ ကျွန်တော့်စိတ်ထဲမှာလည်း လူသားတိုင်း လူသားတိုင်းရဲ့ နှလုံးသားတိုင်းမှာ စာနာစိတ်နဲ့ ကိုယ်ချင်းစာတရားများ ထွန်းကားနေသ၍ ဒီကမ္ဘာမြေပြင်တစ်ဝန်း ဘယ်လိုအနှောင့်အယှက်များပဲ ကျကျ ဆက်လက်ပြီး သာယာစိုပြည် စိမ်းလန်းနေအုံးမယ်လို့ တွေးထင်ခဲ့မိပါတော့တယ်။

ကမ္ဘာသူ ကမ္ဘာသား အပေါင်း ကြင်နာသောနှလုံးသားများ ပိုင်ဆိုင်ကြလျှက် ဘေးရန်အသွယ်သွယ်မှ လွတ်ကင်းနိုင်ကြပါစေဗျာ။

ဝေလီ

ဆယ်ဖို့တစ်ဖို့အလှူငွေ


ဆယ်ဖို့တစ်ဖို့အလှူငွေ

မေး။ ။ ဆယ်ဖို့တစ်ဖို့ အလှူငွေဆိုသည်မှာ အဘယ်နည်း။ တစ်ဆုပ်ဆန်ဆိုသည်မှာ အဘယ်နည်း။ ကက်သလစ် အသင်းတော်မှာ မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုအရာများကို ကျင့်သုံးနေပါသနည်း။ ကျမ်းပိုဒ်လေးနှင့်ရှင်းပြပေးပါ။

ဖြေ။ ။ "ဆယ်ဖို့တစ်ဖို့"ဆိုသည်မှာ "တစ်နှစ်အတွင်းရှာဖွေ၊ လုပ်ကိုင်စုဆောင်း သောငွေ၊ ပစ္စည်းဥစ္စာ၊ အသီးအနှံ၊ အိမ်မွေးတိရိစ္ဆာန်များမှအစ ဆယ်ပုံတစ်ပုံ (ဆယ်စု ခွဲကာတစ်စု) ကို ဘုရားသခင်အားပြန်လည်ပေးလှူခြင်း" ဖြစ်သည်။

ဥပမာ။ ။ တစ်နှစ်အတွင်းရရှိသောငွေ ၃၀၀၀၀ (သုံးသောင်း) ဆိုရင် ၃၀၀၀ (သုံးထောင်) ဖြစ်သည်။ ကြက်၂၀ ကောင်ရှိရင်-၂ကောင်၊ စပါးတင်း ၁၀၀ ရှိရင် တင်း ၁၀ စသည်ဖြင့်ပေးလှူလေ့ရှိကြသည်။ ဤအလှူငွေသည် သာသနာနှင့်အသင်းတော် အတွက် အဓိကဖြစ်ပြီး သာသနာတော်အတွက် မိမိဘ၀ကိုဆက်ကပ်ကြသော ဘုန်းကြီး သီလရှင်၊ ဓမ္မဆရာများတို့ကလည်း မျှဝေခံစားကြသည်။ ဤအလှူငွေ ကောက်ခံနည်းနှင့် သုံးပုံသုံးနည်းကိုတော့ တစ်နေရာနှင့် တစ်နေရာမတူကြပေ။ တချို့သာသနာတွေမှာ အတတ်နိုင်ဆုံး တိကျစွာကျင့်သုံးနေသလို တချို့သာသနာတွင်မူ မရှိသလောက်ဖြစ်နေတာ မှန်လိမ့်မည်။ ထို့အတူတချို့အတွက် မှန်ကန်တိကျစွာ ပေးလှူ၍ ကောင်းကြီးတော် အဆပေါင်းများစွာ ခံစားရသည်လို့ သက်သေခံနေကြသလို တချို့သောသူများအတွက်မူ "ဆယ်ဖို့ တစ်ဖို့" အကြောင်း ကြားဖူးသည်မှာ ပထမအကြိမ်ပင်ဖြစ်နိုင်သည်။

ဆယ်ဖို့တစ်ဖို့အကြောင်းနှင့် တစ်ဆုပ်ဆန် အကြောင်းကို အဓိပ္ပါယ် ဖွင့်ဆို ရှင်းပြခြင်းသည် ပြည့်စုံမည်မဟုတ်ကြောင်း ၀န်ခံလျက်၊ တချို့သော ဒေသ၊ တချို့သောသူများ အတွက်လည်း အကျိုးထူးချင်မှ ထူးလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဗဟုသုတအနေဖြင့် တင်ပြအပ်ပါသည်။ အမှန်တကယ် လက်တွေ့ကျင့်နိုင်လျှင် ပိုကောင်းမည်။ ပိုအကျိုး ရှိမည်။

"ဆယ်ဖို့တစ်ဖို့"သည် ဘုရားရှင်ကိုယ်တိုင် တောင်းဆိုထားသော အလှူဖြစ်သည်။ စပါးဖြစ်စေ၊ အသီးအနှံ ဆယ်စုသည် ထာဝရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏" (၀တ်ပြု ၂၇း၃၀) "နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင်ဆယ်စုတစ်စုသည် ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။ (၀တ်ပြု-၂၇း၃၂)

ဤသို့ လှူဒါန်းသမျှသော ဆယ်ဖို့ တစ်ဖို့အားလုံးသည် လေ၀ိသားတို့အတွက် ဖြစ်သည်။


လေ၀ိသားတို့သည် ပရိသတ် စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာ ဆယ်ဖို့တစ်ဖို့ကို ယဇ်ပရော ဟိတ်အားပေးလှူရသည်။
"ထိုအဖို့ကို ဆယ်ဖို့ဖြန့်၍ တစ်ဖို့ကို ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်" (တော-၁၈း၂၆)။

"ထိုပူဇော်သက္ကာကို ယဇ်ပရော ဟိတ်အာရုန်အား လှူရကြမည်" (တော- ၁၈း၂၈)


အာဗြံသည် ဘုရားသခင်၏ ယဇ်ပရောဟိတ် ရှာလင်မင်းကြီးအား ဆယ်ဖို့တစ်ဖို့ ပေးလှူကြောင်းကို (ကမ္ဘာ-၁၄း၂၀) တွင် တွေ့နိုင်သည်။ (ကမ္ဘာ-၂၈း၂၂)တွင် ယာကုပ်သည် ဘုရားသခင် ပေးသနားတော်မူသမျှတို့မှ ဆယ်ဖို့တစ်ဖို့ပူဇော်ရန် သစ္စာပြုခဲ့ကြောင်း တွေ့နိုင်ပါသည်။


ဤအလှူနှင့် ပတ်သက်၍ တိကျစွာကျင့်သုံးသော သာသနာတို့တွင် ဤသို့လုပ်၍ မရပေ။ "ဘုန်းဘုန်းအတွက် သုံးဖို့ ဆယ်ဖို့တစ်ဖို့ဆိုပြီး သွားပေးလျှင် နည်းနည်းများများ ဘုန်းတော်ကြီးက သုံးခွင့်မရှိပါ။ နှစ်ချုပ် အားလုံးပေါင်းပြီးမှ သာသနာ ဗဟိုသို့ ပို့ရသည်။ ထို့ကြောင့် ဘာသာတူများအနေနှင့် သာသနာအတွက်၊ ဘုန်းတော်ကြီးအတွက် ကူညီလှူဒါန်းခြင်းနှင့် ဆယ်ဖို့တစ်ဖို့ပေးခြင်းကို ခွဲခြား၍ သေချာစွာ ပေးလှူတတ်ရန် သိသင့်ပါသည်။ ဘုရားကိုယ်တိုင် တောင်းဆိုထားသော အလှူဖြစ်၍ သူ့အား ကျေးဇူးဆပ်တင် ပူဇော်ရန်မှာ လုပ်ထိုက်ကျင့်ထိုက်သော ကောင်းမှု ပါရမီပင် ဖြစ်သည်။


"တစ်ဆုပ်ဆန်"ဆိုသည်မှာ "မိမိ ချက်တော့မည့် ဆန် (သို့မဟုတ်) မိသားစု တစ်စုအတွက် တစ်ရက်စားရမည့် "တစ်ရက်စာဆန်"ထဲမှ မိမိလက်ဖြင့် တစ်ဆုပ် လေးဆုပ်ကာ ခွက်၊ တောင်းတစ်ခုခုထဲသို့ စုထားခြင်းဖြစ်သည်။ လုပ်လေ့လုပ်ထ မရှိသူများအတွက် ပိုရှင်းစေရန်

ဥပမာ။ ။ တစ်နေ့ ဆန်တစ်ပြည် ချက်ပြုတ်သည့် မိသားစုအတွက် ချက်တော့မည့် ဆန်ထဲမှ လက်တစ်ဆုပ်စာလေး (စတီလ်ဇွန်း တစ်ဇွန်းစာခန့်) ဖယ်ထားစုထားလိုက်ခြင်း ဖြစ်သည်။

ဤသို့ လက်တစ်ဆုပ်ဆန်စုခြင်းကို များသောအားဖြင့် မိသားစုတွင် ချက်ပြုတ်ရေး တာဝန်ယူလေ့ရှိကြသော မိခင်အသင်း (အာနားအသင်း)များက တာဝန်ယူ ဆောင်ရွက်လေ့ရှိကြသည်။ ရရှိသော ဆန်အလှူသည် မရှိဆင်းရဲသားများ၊ မိဘမဲ့ကလေးဂေဟာများ၊ လိုအပ်နေသောသူများအတွက် ပျမ်းမျှပေးဝေရသည်။ ကျွန်တော် ကိုယ်တိုင်လည်း မိခင်အသင်းက စီစဉ် ကူညီခဲ့သော ဤလက်တစ်ဆုပ်ဆန်ဖြင့် ဘော်ဒါနေ၊ ကျောင်းတက်နိုင်ခဲ့သူတစ်ဦးဖြစ်၍ ဘုရားသခင်နှင့် မိခင်အသင်းအား ကျေးဇူးတင်၍ မဆုံးနိုင်ပါ။ ဤလက်တစ်ဆုပ်ဆန်သည် သေးမွှားသောအလုပ် အလှူဟု ထင်ရသော်လည်း ကျွန်တော့်အတွက်မူ ဘ၀တစ်ခုလုံးကို တည်ဆောက် ပြောင်းလဲစေသော ကြီးမားသည့် အရာတစ်ခုဖြစ်ခဲ့သည်။

ကျမ်းစာတော်တွင်-


ရှေးအခါမှစ၍ လယ်ယာ လုပ်ကိုင်စားခြင်း၊ သီးနှံစိုက်ပြီး ခြံမြေလုပ်ကိုင်ခြင်းကို ဘုရားပေးတာဝန် တစ်ခုဖြစ်သကဲ့သို့ အမြတ်တနိုး လုပ်ကိုင်ကြ၏။ (ကမ္ဘာ-၃း၁၇-၁၉၊၄း၂)

"စပါးရိတ်သောအခါ၌ဖြစ်စေ အသီးများ သိမ်းသောအခါ၌ဖြစ်စေ အကုန်မရိတ်မခူးရ၊ ဆင်းရဲသားများနှင့် ဧည့်သည် အဂန္တုများအတွက် ချန်ထားပေးရမည်။ (၀တ်-၁၉း၉)


"ထိုကောက်လှိုင်းကို တပါးအမျိုးသား၊ မိဘ မရှိသောသူ၊ မုဆိုးမတို့ အဖို့ ထားရမည်" (တရား-၂၄း၁၉)၊ (ရု-၂း၂)။


"အဦးထွက်သော အသီးအနှံများကို ဘုရားသခင်အား ကျေးဇူးတင် ပူဇော်ကြသည်" (ထွက်-၂၂း၂၉/၂၃း၁၉/၃၄း၆)။


"စပါးရိတ်သောအခါ အဦးရိတ်သော ကောက်လှိုင်းတစ်စည်းကို ယဇ်ပရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်" (၀တ်ပြု-၂၃း၁၀)။


ဤကျမ်းပိုဒ်များကို ကြည့်ခြင်းအားဖြင့် မိမိသုံးဆောင်မည့် အစားအစာကို သူတစ်ပါးအား အထူးသဖြင့် ဆင်းရဲသားများအား ဝေမျှခြင်းသည် ဘုရားအလိုတော်ရှိပြီး မွန်မြတ်သော ကုသိုလ်ကောင်းမှု ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဆင်းရဲသားများအား စာနာတတ်ခြင်း၊ သူတို့နှင့်အတူ မိသားစုစိတ်ဓါတ်ဖြင့် မျှဝေခံစားခြင်း အစရှိသော စိတ်ကောင်းစိတ်မြတ် တိုးပွါးစေပါလိမ့်မည်။ ဤလက်တစ်ဆုပ်ဆန်ဖြင့် သူတို့နှင့်အတူ မျှဝေခြင်းသည် ဈေးမှဝယ်၍ သွားလှူခြင်းနှင့် မတူပါဘူး။ မျှဝေခြင်းသည် ပိုလျှံ၍ ပေးကမ်းခြင်းထက် ပို၍ မွန်မြတ်ပါသည်။


ထိုကြောင့် ဤလက်တစ်ဆုပ်ဆန်အားဖြင့် ဆင်းရဲသားများကိုကူညီပေးနေသော မိခင်အသင်းများအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ ဆထက်တပိုး လုပ်ဆောင်နိုင်ကြပါစေဟု ဆုတောင်းပေးရင်း အားပေးပါရစေ။ မိမိနေသောသာသနာ၊ ရပ်ကွက်တို့တွင် ဤကဲ့သို့သောအဖွဲ့အသင်း မရှိသေးလျှင်လည်း မိမိမိသားစုတစ်စုအနေနှင့် စလုပ်၍ ရပါသည်။ ကောင်းမှုကုသိုလ် အလုပ်၊ ပေးကမ်းစွန့်ကြဲ မျှဝေခြင်းအမှုမျိုးတွင် ကျမ်းစာအတိအကျရှိမှ လိုက်ခြင်းမျိုး၊ လူကြီးတွေဖွဲ့စည်းပေးမှ စမည်ဆိုတာမျိုး မဖြစ်သင့်ပါ။ ကိုယ့်နည်း ကိုယ့်ဟန်နှင့် အတတ်နိုင်ဆုံး ပါရမီများဆည်းပူး၍ ရပါသည်။ သခင်ခရစ်တော် ကိုယ်တိုင်ထားခဲ့သော ကတိစကားတော် ကျမ်းပိုဒ်လေးကို အမြဲသတိရ ထောက်ရှုကြပါစို့။

"အကြင်သူသည် တပည့်တော်၏ မျက်နှာတော်ကိုထောက်၍ ဤသူငယ်တစုံတယောက်အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲ မနေရာ။" (မ-၁၀း၄၂) "ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုသမျှ ငါအားပြုကြပြီ။" (မ၊ ၂၅း၄၀)။

အားလုံးအပေါ်ဘုရားရှင်ကောင်းချီးပေးပါစေ။

ဘုန်းတော်ကြီး Pius ကေလျန်ကျူံး

May 15, 2010

ခေါ်တော်မူခြင်းဆိုသည်မှာ


ခေါ်တော်မူခြင်းဆိုသည်မှာ

ခေါ်တော်မူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဖိတ်ခေါ်သံကို ကြားရပြီး ကိုယ်တော်နောက်ကို လိုက်ခြင်းဖြစ်၏။ ကိုယ်တော်က မည်သူမဆို ငါနောက်သို့ လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်စေ၊ မိမိ လက်ဝါးကားတိုင်ကိုလည်း နေ့စဉ်ထမ်းယူ၍ ငါနောက်သို့လိုက်စေ (လုကာ ၉း၂၃) လို့ ဖိတ်ခေါ်ထားပါသည်။

Seminary ဟုခေါ်သော ပျိုးခင်းကို ၀င်ရောက်လာသောအခါ မိမိကိုယ် ငြင်းပယ်ရမည်၊ ကျောင်း၏ စည်းကမ်း ဥပဒေများကို လိုက်နာရမည်၊ ရဟန်းဖြစ်လိုသော ကျောင်သားသည် စာကြိုးစား၊ ၀ိညာဉ်ရေးကြိုးစား၊ ကျန်းမာရေးကောင်းမွန်၊ လိမ္မာရေးခြားရှိသူ ဖြစ်ရမည်။

တချို့မှာ မိဘဖြစ်သူက ရဟန်းဖြစ်လိုသည်။ သားဖြစ်သူက မကြိုးစား။ မိဘကြောက်လို့ နေသူမျိုး ရှိနေပါသည်။ တချို့မိဘများ ကိုယ့်သားပြောတာကို အကြွင်းမဲ့ ယုံကြသည်။ ပျိုးခင်းတာဝန်ခံကို မလေးမစား ပြစ်တင်ပြောဆိုသည်။ ရဟန်းဖြစ်လိုသော ကျောင်းသားသည် အခြေခံ မကောင်းခဲ့တာ အကြောင်းပြ၊ ဖျင်းတာထက် ပျင်းတာကများသည်။ အပြင်ထွက် လည်ချင်သည်၊ VCD အမြဲ ကြည့်ချင်သည်။ ကောင်းကောင်း စားချင်သည်။

လက်ရှိ ခေတ်အပြင် ဘော်ဒါကျောင်းများ၏ စည်းကမ်းရှိမှု၊ ကြိုးစားအားထုတ်မှု ထက်မသာလွန်သည့် ရဟန်းဖြစ်လိုသော ပုဂ္ဂိုလ်သည် အချည်းအနှီးသာဖြစ်ရ၏။ ခေါ်တော်မူခြင်း မရှိ၍ ပြန်လွှတ်ခံရသော် ပျိုးခင်တာဝန်ခံများသည် ရင်နှင့် မဆံအောင် ပြောဆို ပြစ်တင်သံများကြားရ၏။ ပျိုးခင်တာဝန်ခံသည်လည်း ဥယျာဉ်မှူး ဖြစ်တာကြောင့် ပြုစုပျိုးထောင်လိုက်ရသော ပန်းကလေးများ လန်းဆန်း စေချင်ပါသည်။ ပျိုးခင်းတာဝန်ခံသည် ရဟန်းဖြစ်လိုသော ကျောင်းသား၏ ပညာရေး၊ ၀ိညာဉ်ရေး၊ ကျန်းမာရေး၊ စိတ်ဓာတ်ရေးရာများကို အတူသွားလာ နေထိုင်ခြင်းဖြင့် အခြေအနေအရပ်ရပ်ကို သိနိုင်ပါသည်။ အရမ်းမဲ့ စီရင်ဆုံးဖြတ်ခြင်းမျိုး မဟုတ်ဘဲ သုံးသပ် လုပ်ကိုင်ရပါသည်။


ဆရာတော်တစ်ပါး၏ တစ်ခုသော မိန့်ခွန်းအရ ရဟန်းလောင်းတစ်ဦး၏ အခြေအနေ ဟုတ်-ရင်ဟုတ်၏။ မဟုတ
်ရင်-မဟုတ်ဟု ပြောဆိုရဲရမည်။ စည်းမဲ့ ကမ်းမဲ့ နေထိုင်ခြင်း၊ ၀က်သိုက်၊ ကြက်သိုက်ကဲ့သို့ နေထိုင်ခြင်းမျိုး မဖြစ်သင့်ပါ။

ရဟန်းဖြစ်လိုသော သူသည် ယဉ်ကျေးသိမ်မွေ့ကာ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်မှုမျိုး ရှိရပါမည်။ Drinking-Woman-Money နောက်လိုက်ခြင်းမျိုး မဖြစ်ရပါ။


ပျိုးခင်းတာဝန်ခံနှင့် ပျိုးပင်များ ရင်းရင်းနှီးနှီး ဆက်ဆံပြောသော်လည်း အမြင်စောင်းသူများရှိ၏။ (မာကူး-၁၉း၄၅) ၌ "လူသားသည် သူတစ်ပါးကို စေခိုင်းခြင်း ငှာကြွလာသည် မဟုတ်ဘဲ၊ အစေခံခြင်းငှါ ကြွလာသည်"ဟု မိန့်တော်မူထား၏။ အနာဂတ်အတွက် ပုံသွင်းလေ့ကျင့်ရာ ဘုရားသခင်နှင့် လူသားများကယ်တင်ရေးအတွက် ရဟန်းကောင်းများ ပေါ်ထွက်ရေးအတွက် အားကုန်ပင်ပန်း ကြိုးစားလျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။

နီလာစမိုင်းလ်(ရေဦး)

May 12, 2010

အာရှအမျိုးသမီးများ နှင့်အိမ်ထောင်ရေးကိစ္စ


အာရှအမျိုးသမီးများ နှင့်အိမ်ထောင်ရေးကိစ္စ

ယခုအခါမှာ အာရှဒေသတစ်ခုလုံးက အမျိုးသမီး အများစုအတွက်ကတော့ လက်ထပ်ဖို့ဆိုတာ ဘ၀ရဲ့ပထမဦးစားပေး ရမဲ့ကိစ္စလည်း မဟုတ်တော့ပါ။ အိုးနဲ့အိမ်နဲ့ လူအဖွဲ့အစည်းမှာ နေထိုင်ဖို့အတွက် နောက်ဆုံး အားထားစရာကိစ္စလည်း မဟုတ်တော့ပါ။ လက်ထပ်ခြင်းဆိုတာ ဘ၀နေထိုင်နည်း တစ်မျိုးအဖြစ် ရောက်စပြုနေပါပြီ။ လိုအပ်ချက်တစ်ခုတော့ မဟုတ်တော့ပါ။ ရွေးချယ်စရာတစ်ခုသာ ဖြစ်တယ်လို့ အမျိုးသမီး အများစုက ဆိုကြပါတယ်။ အမျိုးသမီးအများစုဟာ တစ်နေ့မှာ လက်ထပ်ကြမှာ ဖြစ်ပေမဲ့ သူတို့စိတ်ကြိုက် သူတို့ ဖန်တီးယူကြမှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရေ အမျိုးသမီးတွေ အားလုံး အိမ်ထောင်ပြုခြင်းနဲ့ သားသမီးမွေးဖွားခြင်းဆိုတဲ့ ကိစ္စတွေကို သူတို့လုပ်စရာ အလုပ်တွေရဲ့ နောက်ဆုံးနေရာမှာ ထားကြတာတော့ မဟုတ်ပါ။ တချို့အမျိုးသမီးတွေက သူတို့ရဲ့ ချစ်သူအမျိုးသားတွေနဲ့ မှန်မှန်Dateလုပ် ကြတယ်။ တချို့ကတော့ သူတို့ရဲ့ဖူးစာ ရှင်ကို Bus ကားမှတ်တိုင်မှာ တန်းစီစောင့်ရင်းနဲ့ပဲ တွေ့လေမလားဆိုပြီး စောင့်စားမျှော်လင့်နေကြပါတယ်။ တချို့ကျတော့လည်း သတင်းစာကြော်ငြာတွေမှာ ကံစမ်းကြတယ်။ ဒါပေမဲ့ တစ်ကိုယ်ရေ အမျိုးသမီးတွေထဲက အနည်းစုကသာ အိမ်ထောင်ရေးအတွက် တွေးပူပြီး ညည အိပ်မပျော်နိုင်အောင်ဖြစ်နေကြပါတယ်။

ယောင်္ကျားရှိရှိ မရှိရှိ သူတို့ဘ၀က ပြည့်စုံတယ်ဟု ဆိုကြပါတယ်။ တစ်ကိုယ်ရေ အမျိုးသမီးတွေမှာ တူညီတဲ့အချက် ကလေးတွေရှိကြတာက အထက်တန်းပညာ တွေတတ်တာ၊ အောင်မြင်တဲ့ အလုပ်အကိုင် တွေရှိနေတာနဲ့ မာနရှိတာစတဲ့အချက်တွေ ဖြစ်ပါတယ်။ သူတို့တတွေအတွက်တော့ အသက်(၃၀-၃၅)နှစ်လောက်ထိ အပျိုကြီး ဖြစ်နေရတာ ရှက်စရာကိစ္စတစ်ရပ် မဟုတ်တော့ပါဘူး။ ဂုဏ်သိက္ခာတစ်ခုအဖြစ်နဲ့ တောင် သဘောထားနေကြပါပြီ။ တချို့ကတော့ ခေတ်မီတယ်လို့ဆိုကြပါတယ်။


တစ်ကိုယ်ရေအမျိုးသမီးတွေ အားလုံးဟာ အလုပ်ကြိုးစားကြတယ်။ ခရီးသွားကြတယ်။ လွတ်လပ်တယ်။ သူတို့ စိတ်မ၀င်စားတဲ့၊ အထင်မကြီးတဲ့ ယောင်္ကျားမျိုးနဲ့ ဘယ်တော့မှ လက်ထပ်ကြမှာ မဟုတ်ပါ။ သူတို့ပြောလေ့ရှိတာက ယောင်္ကျားကောင်း တစ်ယောက်ဆိုတာ မိန်းမနဲ့ခြေလှမ်းညီပြီး မိန်းမရဲ့ခြေမကို တက်မနင်းတဲ့ လူဖြစ်ရမယ်လို့ဆိုကြပါတယ်။ ဒီလို အမျိုးသမီးများ သူတို့လိုချင်တာက အဖေါ်ဖြစ်ပါတယ်။ အုပ်ထိန်းသူကို လိုချင်တာမဟုတ်ဘူး။ ဒီလိုယောင်္ကျားမျိုး ရှားတယ်လို့လည်း ပြောတတ်ကြပါတယ်။ တချို့ကတော့ အောင်မြင်တဲ့ အိမ်ထောင်ရေးဆိုတာ အင်မတန်နည်းပါတယ်၊ ဒါကြောင့် သူတို့အနေနဲ့ အလကားအချိန်ကုန်ခံပြီး ရှာမနေပါဘူး လို့ပြောကြပါတယ်။


တစ်ချို့ တစ်ကိုယ်ရေအမျိုးသမီးများ ဆိုကြတာက အိမ်ထောင်ရေးဆိုတာ ဘ၀မဟုတ်ပါ၊ ပြဿနာတွေပါလို့ ဆိုတယ်။ အပျိုကြီး
လုပ်နေတဲ့သူများကို တစ်ချို့ကတော့ အထီးကျန်နေရတဲ့ ဒုက္ခထက် ပိုဆိုးပါတယ်လို့ ဆိုကြပါတယ်။ အပျိုကြီး အယူအဆတွေကို တစ်ချို့က ထုံးစံဖျက်တာလို့ ရှုံ့ချကြပါတယ်။ အတွေးအခေါ်တွေ ပြောင်းလဲ တိုးတက်နေကြပြီလို့ဆိုပေမဲ့ အမျိုးသမီးဆိုတာ ဇနီး၊ မယားဖြစ်ရမယ်၊ မိခင်ဖြစ်ရမယ်ဆိုတဲ့ အယူအဆတွေ လွှမ်းမိုးနေဆဲဖြစ်ပါတယ်။ မိသားစုနဲ့ပတ်ဝန်းကျင်ကနေ အမျိုးသမီးတွေကို အိမ်ထောင်ပြုဖို့ အမြဲတမ်း ဖိအားပေးလေ့ရှိပါတယ်၊ အများစုက နောက်ဆုံးလိုက်နာ သွားကြပါတယ်။ သမီးတွေ ဘာကြောင့် အိမ်ထောင်မပြုချင်တာလဲဆိုတာကို ဖခင်တွေထက် မိခင်တွေက ပိုနားလည်ကြပါတယ်။ အိမ်ထောင် တစ်ခုလုံးရဲ့ တာဝန်ကိုအမျိုးသမီးတွေကချည်း ဒိုင်ခံယူနေကြရတာ မဟုတ်ပါလား။ တစ်ချို့နိုင်ငံတွေမှာဆိုရင် အမျိုးသမီးတွေဟာ ယောင်္ကျားရဲ့ တာဝန်အပြင် ယောက္ခမကြီးတွေရဲ့ တာဝန်ကိုပါ ယူကြရပါတယ်။ သားသမီးတွေရဲ့ တာဝန်ကျတော့လည်း ဇနီးမယားရဲ့ တာဝန်သာ ဖြစ်ပြန်တယ်။

ကိုးရီးယားနိုင်ငံမှာ တချို့က အမျိုးသမီးတွေ အိမ်ထောင်မပြုဘဲနေတာ၊
သားသမီးယူဘဲနေတာကို သဘောမကျကြပါဘူး။ အမျိုးသမီးတွေအိမ်ထောင်ရေး တာဝန်ကို ရှောင်ကွင်းတာဟာ သားသမီး မွေးဖွားဖို့ ရှောင်ကွင်းတာနဲ့ ထပ်တူကြောင်း လူလောကကြီး မျိုးဆက်ပြတ်သွားစေမဲ့ အန္တရာယ်ရှိတယ်လို့ဆိုကြပါတယ်။ ဒီအချက်ကို တချို့နိုင်ငံအစိုးရတွေကလည်း စိုးရိမ်ကြပါတယ်။ ဂျပန်နဲ့ထိုင်ဝမ်မှာဆိုရင် ဒီပုံသဏ္ဍာန်ဟာ တော်တော်ကြီးသိသာထင် ရှားနေပါတယ်။ စင်္ကာပူနဲ့မလေးရှားမှာတော့ ပြောင်းလဲမှုက ပိုထင်ရှားပါတယ်။ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးနဲ့လူမှုဖူလုံရေး ၀န်ကြီးဌါနက ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းကာလမှာ မွေးဖွားတဲ့မိန်းကလေး (၇) ယောက်မှာတစ်ယောက်ဟာ အိမ်ထောင် မပြုဘဲနေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဂျပန်နိုင်ငံရဲ့ လက်ရှိကလေးမွေးဖွားနှုန်းဟာ ဒီအတိုင်းသာရှိနေမယ်ဆိုရင် နောက်ရာစုနှစ်အကုန်လောက်ရောက်တဲ့အခါမှာ ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ အခုရှိနေတာရဲ့ တ၀က်သာရှိတော့မယ်လို့ ခန့်မှန်းထားပါ တယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက် အစိုးရက နေ့ကလေးထိန်းဌါနတွေ တိုးချဲ့ဖွင့်လှစ်ဖို့ ဒေါ်လာ ၅၃၆ သန်း သုံးစွဲပြီး ဆောင်ရွက်နေပါတယ်။ တချို့မြို့တွေမှာ ဆိုရင် လူငယ်အိမ်ထောင်သည်တွေအတွက် အိမ်ခန်းတွေ ဦးစားပေး ရောင်းချတာတို့၊ အခွန်ကင်းလွတ်ခွင့် ပေးတာတို့ ပြုလုပ်ပေးပါတယ်။

စင်္ကာပူအစိုးရကတော့ အောင်သွယ်လုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့ဌါန တစ်ခုဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ အလုပ်သမား မိခင်တွေအတွက် ကလေးပြုစု စောင့်ရှောက်စရိတ် ထုတ်ပေးတာတို့၊ ကလေးအတွက် အခွန်လျှော့ပေါ့ခွင့်ပေးတာ တို့လည်း လုပ်ပေးနေပါတယ်။ အခွင့်အရေး သာတူညီမျှရရှိရေး ကော်မရှင်အကြီးအကဲ "ဖန်နီချောင်း"ပြောတာက အလုပ်လုပ်တဲ့ အမျိုးသမီးများဟာ နိုင်ငံကြွယ်ဝချမ်းသာ လာဖို့အတွက်အရေးပါတဲ့ ကဏ္ဍကပါဝင်ခဲ့ကြကြောင်း၊ သူတို့ကို ရှုတ်ချမဲ့အစား ကျေးဇူးတင်ဖို့ ကောင်းကြောင်း အမျိုးသမီးတွေ အိမ်ထောင်မပြုဘဲနေကြတဲ့ အဓိက အကြောင်းတစ်ရပ်ကတော့ လုပ်ငန်းမှာ ပိုအောင်မြင်တဲ့အတွက်လို့ ဆိုလိုပါတယ်။


မလေးရှား အမျိုးသမီးစီးပွါးရေး လုပ်ငန်းရှင်များရဲ့နာယကဖြစ်သူ "စကီဇာဘာမက်"ကလည်း တစ်ကိုယ်ရေအမျိုးသမီးများဟာ သူတို့ရဲ့ အလုပ်ကိုဂရုစိုက်ပြီး အလေးအနက်ထားကြောင်း၊ သူတို့အဖို့ Date လုပ်မယ့်အချိန်ဆိုတာ စိတ်ကူးထဲတောင် မထည့်ကြတော့ဘူးဆိုတဲ့အကြောင်း ထုတ်ဖော်ပြောကြားပါတယ်။


ကွာလာလမ်ပူမြို့တော်က ပုံနှိပ် ထုတ်ဝေရေးနဲ့ လူထုဆက်သွယ်ရေးကုမ္ပဏီကြီးရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး အသက် (၃၀) အရွယ်ရှိတဲ့ "ခုတော့ဟဒ်"ပြောတာက အခုချိန် သူအဓိက စဉ်းစားနေတာဟာ စိးပွားရေးဖက်စပ် လုပ်ဖို့ဝါသနာဖြစ်ပါသတဲ့။ ပါတနာကောင်း တစ်ယောက်ရဖို့ဖြစ်ပြီး၊ ယောင်္ကျားကောင်း တစ်ယောက်ရဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ (၁၀) ရာစုနှစ်တစ်ခု လောက်အထိအချိန်ဆိုတာ အမျိုးသမီးတွေ ဖြုန်းနိုင်တဲ့ ဇိမ်ခံ ပစ္စည်းတစ်ခုလိုဖြစ်နေပါတယ်။ ရှေးထုံးကတော့ အမျိုးသမီးတစ်ယောက် အသက် (၂၅) နှစ်ကျော်လာပြီဆိုရင် ကမန်းကတန်း အိမ်ထောင်ပြုကြရတယ်။ အသက်ကြီးလာလေ သတို့သားရဲ့ အရည်အချင်းကိုလျှော့ပြီး တောင်းဆိုလာ ကြရလေဖြစ်သည်။ အခုအခါမှာတော့ ဒီလို မဟုတ်တော့ပါ။ အမျိုးသမီးတွေဟာ အသက် (၂၅) နှစ်ပဲဖြစ်ဖြစ် (၃၅) နှစ်ပဲ ဖြစ်ဖြစ် သတို့သားရှိရမဲ့ အရည်အချင်းကို လျှော့ပစ်မှာမဟုတ်ဘူး။ သူတို့ဆန္ဒကိုတော့ မစွန့်ဘဲ သတို့သားကိုသာ စွန့်ချင်စွန့်မှာ ဖြစ်ပါတယ်။


ကိုရီးယားစာရေးဆရာတစ်ဦး ဖြစ်သူ "ယီ"က ဒီလိုရေးခဲ့ဖူးပါတယ်။ "ပျားများ၏ အဖွဲ့အစည်းသည် အကောင်းဆုံး အဖွဲ့အစည်းဖြစ်ကြောင်း၊ ပျားအဖွဲ့အစည်း၌ ဘုရင်မမှလွဲ၍ ကျန်ပျားတိုင်း အလုပ်လုပ်ကြရ၍ သားဖွားတာဝန်ယူသည့် ပျားကို ဘုရင်မနေရာမှာထားသည်ကို ၎င်းင်းအနေနှင့် သဘောကျကြောင်း အမျိုးသမီးများသည် ဘုရင်မ ဖြစ်နိုင်သည့်လမ်းကြောင်းကို စွန့်ပြီး အဘယ့်ကြောင့်လုပ်သား ပျားများ ဖြစ်ချင်သည်ကို နားမလည်နိုင်ပါ"လို့ ရေးသားခဲ့ပါတယ်။ စာရေးဆရာ "ယီ"လိုပဲ မိဘတော်တော်များများကလည်း ခုခေတ် အသက် (၂၀) တစ်ကိုယ်ရေအမျိုးသမီးများကို နားမလည်နိုင်ဘူးလို့ဆိုပါတယ်။ အိမ်ထောင်ပြု သားသမီးတွေပွားစည်းမှ အိုမင်းတဲ့အခါ စိတ်အေးရမှာပေါ့လို့ ပြောကြပါတယ်။ လူ့အဖွဲ့အစည်း တည်တံ့ခိုင်မြဲဖို့အတွက် အမျိုးသမီးတွေဟာ ကလေးမွေးတဲ့ တာဝန်ကိုယူရမယ်လို့ ပြောတတ်ကြပါတယ်။ အခုဆိုရင် အာရှဒေသက အစိုးရ တော်တော်များများကလည်း ဒီလိုစကားမျိုးကို ပြောနေကြပါတယ်။ သူတို့ ဒေသတွေမှာ ဖခင်အိုကြီးတွေက အစိုးရအဖွဲ့ကို ခေါင်းဆောင်နေကြရတာများလို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ လူ့ အဖွဲ့အစည်းဟာ အမျိုးသမီးကို ကလေးမွေးဖို့ကိစ္စထက် ပိုပြီး အားကိုး အားထားပြုနိုင် ပါတယ်လို့ပြောကြပါတယ်။ တကယ်လည်း အားကိုး အားထားပြုနိုင်တယ်ဆိုတာ သူတို့က လက်တွေ့ပြနေကြကြောင်း တင်ပြလိုက်ရင်း ၂၁ ရာစု အာရှအမျိုးသမီးများနဲ့ သူတို့ရဲ့ အိမ်ထောင်ရေးအပေါ်ခံယူထား ရှိတဲ့အမြင် တစေ့တစောင်းကို တင်ပြလိုက်ရပါတယ်။



မမာလာ (RVA)

May 10, 2010

ကောင်းကင်ဘုံမှလက်ဆောင်လေးများ


ကောင်းကင်ဘုံမှလက်ဆောင်လေးများ

ကျွန်ုပ်တို့လူသားတိုင်း၌ ချစ်သူခင်သူများထံမှ လက်ဆောင်ပစ္စည်းလေး များရရှိကြဖူးပေမည်။ ခရစ္စမတ်(စ်) လက်ဆောင်၊ မွေးနေ့လက်ဆောင်လေးများကို အမြတ်တနိုးသိမ်းဆည်းတတ်ကြပေသည်။ လူသားအချင်းချင်းပေးသော လက်ဆောင်လေးများကို ဤသို့တန်ဖိုးထားလျှင် ဘုရားသခင်ပေးသော လက်ဆောင်ဆိုလျှင် ကျွန်ုပ်တို့ အဘယ်မျှ တန်ဘိုးထားကြမည်နည်း။

ကျွန်ုပ်တို့ မသိဘဲနှင့် ဘုရားသခင်သည် လက်ဆောင်ပေါင်းမရေတွက်နိုင်အောင် ပေးထားပါသည်။ နေ့စဉ်ကောင်းမွန်စွာ စားသောက်နေထိုင်နိုင်သည်။ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည်။ ဘုရားတရားကို တတ်အားသ၍၀ တ်ပြုဆုတောင်းနိုင်သည်။ မိတ်ကောင်း ဆွေကောင်းများ ကျွန်ုပ်တို့ အကူအညီကို လိုအပ်နေသူများနှင့် မကင်းကွာဘဲ စိတ်ချမ်းသာစွာနေထိုင်ခွင့်ရှိကြသည်။ ဒီလို ဆုကျေးဇူးများအပြင် ထူးခြားစွာရရှိသော လက်ဆောင်လေးများအကြောင်းကို ပြောပြလိုပါသည်။ ခရစ္စတူးသခင်၏ "အငယ်ဆုံးသော ညီအစ်ကိုကိုပြုသမျှ ငါကိုယ်တော်ကို ပြုကြပြီ" ဟူသော ကျမ်းစာအတိုင်းပြုမူ ဆောင်ရွက်လျှင် ဘုရားသခင်၏ လက်တွေ့ စောင့်ရှောက်မှုကို အစဉ်အမြဲရတတ်သည်ကိုလည်း သက်သေခံလိုသောကြောင့် ဖြစ်ပါသည်။

ရာသီဥတု အလွန်ချမ်းအေးသော နေ့တစ်နေ့၌ ကျွန်ုပ်သည် အလုပ်သွားရန် အိမ်မှထွက်ခွါလာစဉ် လမ်းတစ်နေရာ၌ အအေးဒဏ်ကို ခံစားနေရသော ကျန်းမာရေးချို့တဲ့နေသည့် အစ်မကြီးတစ်ဦးကို တွေ့ခဲ့ရပါသည်။ သူမသည် အခြားမြို့မှ ဧည့်သည်ဖြစ်သောကြောင့် အနွေးထည် လုံလောက်စွာ ပါမလာပေ။ ထိုနေ့က ဆောင်းဦးကာလမှာ မိုးရွာနေသောကြောင့် အအေးဒဏ်ကလည်း လွန်ကဲလျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်၌ခြုံလာသော သိုးမွှေးတဘက်ကို ထိုအစ်မကြီးအား လွှမ်းခြုံပေး လိုက်မိပါသည်။ (ကျွန်ုပ်၌လည်း သိုးမွှေး တဘက်နှစ်ထည်သာ ရှိပါသည်) သူမကလည်း ကျေးဇူးတင်စကားနှင့် ကျွန်ုပ်အတွက် ဆုတောင်းပေးပါမည့်အကြောင်း ပြောခဲ့ပါသည်။
ထိုနေ့၌ပင် ကျွန်ုပ်လည်း အလုပ်အားနေသောကြောင့် မြို့ထဲရှိ နေမကောင်းနေသော မိတ်ဆွေများထံ အလည်အပတ် သွားရောက်ခဲ့သည်။ ထိုအိမ်ရောက်သောအခါ အလွန်အေးချမ်းသည့် အချိန်၌ ရောက်ရှိလာသောကြောင့် ၀မ်းသာအားရ ကြိုဆိုခဲ့ပြီး ကျွန်ုပ်အတွက် ကော်ဖီပူပူ ဖျော်ပေးသည်။ အိမ်ခန်းထဲသို့ပြန်ဝင်သွားကာ သိုးမွှေးတဘက် (ခြုံထည်)လေးတစ်ထည်ယူလာပြီး ကျွန်ုပ်ကို ခြုံလွှမ်းပေးပါသည်။ ကျွန်ုပ်လည်း ကျေးဇူးတင်ပါကြောင်း ပြောပြပြီး နံနက်ခင်းက အဖြစ်အပျက်ကလေးကို ပြောပြမိပါသည်။ ထိုအိမ်မှ တဖန် ထိုရပ်ကွက် တစ်ကွက်ထဲ (အတိ အကျပြောပြရလျှင် နန်းရှေ့အောင်တော်မူရပ်ကွက်) နေ အစ်မကြီးတစ်ယောက်ထံ အလည်အပတ် သွားခဲ့ပါသည်။ ထိုအစ်မကြီးနှင့် မိနစ်သုံးဆယ်ကြမျှ စကားစမြည် ပြောဆိုကြပြီးသော် သူမက အိမ်ထဲမှ သိုးမွှေး တဘက်ကလေးတစ်ထည် လက်ဆောင်ပေးခဲ့ပါသည်။ နံနက်စောစောက ကျွန်ုပ်ကပေးခဲ့သော တဘက်ကလေးက အပြာရောင်လေး ဖြစ်ပြီး ယခုကျွန်ုပ်ပြန်ရသော သိုးမွှေး တဘက်ကလေး နှစ်ထည်မှာ ပန်းနုရောင်နှင့် အစိမ်းရောင်တဘက်ကလေး နှစ်ထည်ပြန် ရခဲ့ပါသည်။ ပထမအကြိမ် တဘက်ကလေး ရစဉ်က တိုက်ဆိုင်မှုလေးဟု ထင်မြင်ခဲ့သော်လည်း ဒုတိယအကြိမ်ရရှိသောအခါ ထူးခြားသော ဖြစ်ရပ်ကလေးတစ်ခု (သို့) ဘုရားရှင်မှပေးသော လက်ဆောင်ကလေး ဟုယုံကြည်မိပါသည်။

"မိမိနှင့်နီးစပ်သောသူကို ကိုယ်နှင့် အမျှချစ်လော့" ဟူသောကျမ်းစာပိုဒ်လေးကို သတိရမိပါသည်။ ဤအတိုင်းကျင့်ကြံ နေထိုင်ခြင်းဖြင့် ဘုရားရှင်၏မေတ္တာသည် ကျွန်ုပ်တို့တစ်ဦးချင်းဆီသို့ ဖြန့်ဝေလျှက် ရှိသည်ဟုလည်း ခံစားမိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ နေ့စဉ်လှူဒါန်းဖို့ရာ၊ ငွေကြေး မြောက်များစွာ မလိုအပ်ပါ။ မေတ္တာ စေတနာသာလျှင် အဓိကဖြစ်ပါကြောင်း ကျွန်ုပ်၏ အတွေ့အကြုံလေးအားဖြင့် သက်သေခံအပ်ပါသည်။ ချစ်သော ဓမ္မမိတ်ဆွေတို့၌လည်း ဤသို့လက်ဆောင်ကလေးများ မရေမတွက်နိုင်အောင် ရရှိခဲ့ဖူးပေမည်။ သတိမထားမိ၍သာ ဖြစ်ပါလိမ့်မည်။ မေတ္တာ၊ စေတနာများများ ဖြန့်ဝေနိုင်ကြပါစေ။


ကက်သလင်းခင်

May 9, 2010

စိန်အန်ထော်နီ

စိန်အန်ထော်နီ


အကြီးအကဲကလည်း ရှောရှောရှူရှူပဲ ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ဘုရားရှင်ရဲ့စီမံကိန်းမှာတော့ အန်ထော်နီဟာ အီတလီနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေမှာ သာသနာပြုဖို့နဲ့ အဲဒီမှာ ၀ိညာဉ်အတော်အများကို ဘာသာတရားဖက်မှာ ဆွဲဆောင်နိုင်မဲ့အကြောင်း ဖြစ်ပါတယ်။

အန်ထော်နီဟာ အာဖရိကတိုက် ကိုရောက်တာနဲ့ ငှက်ဖျားမိလေရော၊ ဘာဆေးသောက်လို့မှ မသက်သာတဲ့အဆုံး တပ်ခေါက် ပြန်ခဲ့ရပါတော့တယ်။ အပြန် လမ်းမှာတော့ အန်ထော်နီစီးလာတဲ့ သင်္ဘောဟာအီတလီပြည် "စီစီလီကျွန်း"နား အရောက်မှာ ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် အန်ထော်နီဟာစီစီလီကျွန်းမှာ သောင်တင်ခဲ့ပါတော့တယ်။ အဲဒီမှာ ခေတ္တနားနေရင်း စိန်ဖရန်စစ်က သူ့အသင်းရဲ့ ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီးကို အစီစီမြို့မှာ ကျင်းပတာနဲ့ကြုံခဲ့တယ်။ ဒါကြောင့် စိန်အန်ထော်နီဟာ အခြားအဖေါ်တွေနဲ့ အတူ အစီစီမြို့ကို ခရီးဆက်လိုက်တယ်။ အဲဒီအစည်းအဝေးကြီးကနေ ရသေ့အချို့ကို အပြောင်းအရွေ့လုပ်ခဲ့တယ်။


ဒါကြောင့် စိန်အန်ထော်နီဟာ မွန်တေပါအိုလိုမြို့ကို စေလွှတ်ခံခဲ့ရတယ်။ အဲဒီမှာ စိန်အန်ထော်နီဟာ ကိုရင်ကြီးများအတွက် နေ့စဉ်မစ္ဆားပူဇော်ပေးခဲ့ရတယ်။ သူ့ကိုသူ ဘာမှအသုံးမကျတဲ့သူ၊ လူဖျင်းတစ်ယောက်လို့ ယူဆခဲ့တယ်။ ဒါကြောင့် ရသေ့ကျောင်းရဲ့ အောက်ချေသိမ်းအလုပ်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဒိုင်ခံလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကြမ်းတိုက်၊ တံမြက် စည်းလှည်းခြင်း၊ ဖုန်သုတ်၊ ပန်းကန်ဆေး၊ အလုပ်တွေပေါ့။ ဒါပေမဲ့လို့ အန်ထော်နီဟာ သူ့ရဲစိတ်ပညာကို ဘယ်တော့မှထင် ထင်ပေါ်ပေါ်မပြဘူး။ ဒါမှလည်း အဖော် ရသေ့တွေဟာ သူ့ကိုပညာမတတ်သူ၊ ရိုးရိုးသားသားနဲ့ ဘုရားတရားကြည်ညိုသူလို့ ယူဆကြမှာဖြစ်တယ်။ သူဟာ တစ်ကျောင်းလုံးရဲ့ အောက်ခြေသိမ်းအလုပ်တွေကို တစ်ယောက်ထဲ သိမ်းကြုံးလုပ်လေ့ရှိတယ်။ အဲဒါဟာ အန်ထော်နီအကြိုက်ပဲ။ သူ့ကိုပညာ မတတ်သူ၊ အသုံးမကျသူလို့ ထင်ခံရလေ၊ အကြိုက်တွေ့လေပဲ။ သူ့ကိုချီးမွမ်းတာ၊ မြှောက်စားတာကို သူနှစ်မသက်ဘူး။

အဲဒီအချိန်လောက်မှာ ဖရန်စစ် စကင်ရသေ့အများပိုင်းကို ရဟန်းသိက္ခာ ခံယူဖို့ဆရာတော်ကြီးဖိုလီ(Foli)ဆီ စေလွှတ်ခဲ့တယ်၊ ဒိုမီနီကန်ရသေ့ တချို့ လည်းပါဝင်ခဲ့ကြတယ်။


အန်ထော်နီဟာ သူ့အကြီးအကဲနဲ့အတူ ဒီသိက္ခာတင်ပွဲတော်ကြီးကို အဖော်အဖြစ် လိုက်ပါခဲ့ပါတယ်။ အကြီးအကဲတွေက ဒိုမီနီကန်ရသေ့တစ်ပါးပါးကို ဒီရဟန်း သိက္ခာတင်ပွဲတော်မှာ သြ၀ါဒပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှကြို တင်မပြင်ဆင်ခဲ့ကြလို့ အသည်းအသန် ငြင်းပယ်ခဲ့ကြတယ်။ ဒါကြောင့် နောက်ဆုံး တော့အကြီးအကဲက အန်ထော်နီကို "ကဲ အန်ထော်နီရေ၊ မင်းပဲ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားရဲ့လှုံ့ဆော်သမျှကို ပြောပေရော့" လို့ တာဝန်ပေးလိုက်ပါတယ်။ ဒါကတော့ သူ့ရဲ့နှိမ့်ချခြင်းပါရမီကို စမ်းသပ်လိုက်သလိုပါပဲ။ စိန်အန်ထော်နီဟာလည်း နာခံခြင်းအပြည့်အ၀နဲ့ အကြီးအကဲစေခိုင်းချက်ကို ကျိုးကျိုးနွံနွံနဲ့ လက်ခံခဲ့တယ်။


စိန်အန်ထော်နီရဲ့ သြ၀ါဒဟာ ရိုးရိုးရှင်းရှင်းလေးပါ။ စိန်အန်ထော်နီဟာ သမ္မာကျမ်းစာတွေကို လေးလေးနက်နက်နဲ့အဓိပ္ပါယ် ရှင်းရှင်းလင်းလင်း ဟောနိုင်၊ ပြောနိုင်လို့ တရားနာပရိသတ်တွေအားလုံး ဟာ တအံ့တသြနဲ့မိန်းမောတွေဝေသွားစေ ခဲ့တယ်။


အဲဒီသြ၀ါဒကို လက်တန်းပြော တယ်ဆိုရင်ဘယ်သူမှ ယုံနိုင်ကြမှာမဟုတ်ဘူး။ သေသေချာချာကျကျနနပြင်ဆင်ပြီး ပြောရင်တောင် ဒီလောက်ကောင်းမှာမ ဟုတ်ပါဘူး။ အန်ထော်နီဟာပါမွှား ရသေ့တော့မဟုတ်ဘူး။ ၀ိညာဉ်တော်ဘုရားရဲ့ အသုံးပြုခြင်းခံရသူ တစ်ဦးဆိုတာ ပိုပြီးနား လည်သဘောပေါက်လာကြပါတယ်။


အဲဒီသိက္ခာတင်ပွဲကြီး နောက်ပိုင်းမှာတော့ အကြီးအကဲက စိန်အန်ထော်နီကို မီးဖိုချောင်မှာ မ၀င်ခိုင်းတော့ဘူး။ အဲဒီ တနယ်လုံးမှာ တရားလှည့်လည်ဟောဖို့ အထူးတာဝန်တစ်ရပ်အနေနဲ့ပေးအပ်ခဲ့ပါတယ်။ အဲဒီအလုပ်သာလျှင် သူနဲ့ကိုက် ညီတဲ့အလုပ်ဆိုတာကိုလည်း သိလာကြတော့တယ်။ စိန်အန်ထော်နီတရားဟော ကောင်းကြောင်းတွေ၊ သူဟောလိုက်ရင် တရားနာပရိသတ် တစ်ထိုင်တည်းတရား ကျသွားတာတွေ၊ အကျင့်ပြောင်းသွားတာတွေ၊ အကျွတ်တရားရသွားတာတွေကို ကြားရတော့ စိန်ဖရန်စစ်က ဘာပွဲရှိရှိ၊ ဘာ အခမ်းအနားရှိရှိ စိန်အန်ထော်နီကိုပဲ ဟော ခိုင်းပြောခိုင်းပါတော့တယ်။


"တရားဟောပြီး သာသနာပြုသူ" Appostolic Preacher
အခုအချိန်မှာတော့ စိန်အန် ထော်နီဟာ သူ့ဘ၀ကို တရားဟောခြင်း အမှုမှာ လုံးလုံးကြီးမြှပ်နှံလိုက်ပါတော့တယ်။ လူတွေအုပ်စုလိုက်ချီပြီး သူ့တရားဒေသနာတော်ကို လာရောက်နာယူကြပါတယ်။ သူ့ရဲ့တရားဒေသနာတော်တွေ လာရောက်နာယူကြသူတွေကိုလည်း ဘုရား ရှင်ဟာ ထူးဆန်းအံ့သြဖွယ် တန်ခိုးလက္ခ ဏာများဖြင့် ပံ့ပိုးပေးခဲ့ပါတယ်။

တစ်ခါတုန်းက စိန်အန်ထော်နီရဲ့ တရားပွဲကိုသွားရောက်နာယူမဲ့ အမျိုးသမီးတစ်ဦးကို ဘုရားတရားမရှိတဲ့သူ့ခင်ပွန်းက တားဆီးပိတ်ပင်ကာ ခွင့်မပြုခဲ့ဘူး။ ဒါကြောင့် ဒီအမျိုးသမီးဟာအိမ်ရဲ့အပေါ် ထပ်ကိုတက်ကာ စိန်အန်ထော်နီရှိတဲ့ အရပ်ဘက်က ပြတင်းပေါက်နားမှာ ထိုင်ခုံ တစ်လုံးနဲ့ထိုင်ပြီး တရားနာယူခဲ့သတဲ့။ သူ့အိမ်နဲ့ စိန်အန်ထော်နီတရားဟောတဲ့ နေရာဟာ လေးမိုင်လောက်ဝေးခဲ့တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ သူ့အိမ်ပြတင်း ပေါက်ကနေ တရားနာနေသော်လည်းပဲ စိန်အန်ထော်နီဟာ သူ့အနီးအနားမှာ ရပ်ပြီးတရားဟောနေသလို၊ တရားဟောချက် အားလုံးကို ကြည်ကြည်လင်လင် ပြတ်ပြတ် သားသားကြားရသတဲ့။ ဒါကြောင့် အဲဒီ အမျိုးသမီးဟာ သူ့ယောက်ျားကိုအကျိုး အကြောင်းပြောပြတော့ သူ့ယောက်ျား ကိုယ်တိုင်အပေါ်ထပ်တက်ပြီး တရားနာ ကြည့်သတဲ့။


သူ့မိန်းမပြောတဲ့အတိုင်း စိန်အန် ထော်နီအသံကို ပြတ်ပြတ်သားသားကြားရသတဲ့။ အဲဒီနောက်မှာ အဲဒီအမျိုးသားလည်း ဘာသာထဲဝင်လာပါတော့တယ်။


နောက်ထပ် အမျိုးသမီးကြီးတစ်ဦး ကတော့ စိန်အန်ထော်နီရဲ့တရားနာချင်လွန်းလို့ သူ့ရဲ့နို့စို့ကလေးလေးကို အိမ်မှာ တစ်ဦးတည်း သိပ်ထားခဲ့ပြီး တရားနာခဲ့သတဲ့။


အဲဒီလို စိန်အန်ထော်နီရဲ့တရားကို လာရောက်နာယူနေတဲ့အချိန်မှာအိမ်က ကလေးဟာ ဆော့ရင်းနဲ့ ရေနွေးအိုးထဲကျ သွားသတဲ့။ ထုံးစံအတိုင်းကတော့ ပွက်ပွက်ဆူတဲ့ ရေနွေးအိုးထဲကျသွားတဲ့ ကလေးရဲ့အသက်ဟာ ဘယ်နည်းနဲ့မှပြန်ရှင်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ အဲဒီ အမျိုးသမီးဟာ စိန်အန်ထော်နီတရားကိုနာ ပြီးပြန်လာတော့ သူ့ရဲ့ရင်သွေးဟာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲမှာ ရေအေးနဲ့ ကစားနေသလို ဘာဝေဒနာမှမခံစားရဘဲ ရေနွေးနဲ့ဆော့နေတာကိုတွေ့ရသတဲ့။

တတိယအမျိုးသမီးကြီးကတော့ စိန်အန်ထော်နီရဲ့တရားကိုနာပြီး အိမ်ပြန်ရောက်တော့ ပုခက်ထဲက ကလေးဟာ အသက်မရှိတော့တာကို တွေ့လိုက်ရတယ်။ ဒီအမျိုးသမီးကချက်ချင်းပဲ အန်ထော်နီဆီ ပြန်ပြေးလာကာ အကူအညီတောင်းခဲ့တယ်။ အန်ထော်နီကလည်း ခရစ်တော်က လူတစ်ရာတပ်မှူးကိုပြောလိုက်သလို "အိမ်ကို အမြန်သာသွားပါ၊ သင့်သားငယ် မသေပါဘူး "လို့ပြောလိုက်တယ်။

ဒီအမျိုးသမီးဟာလည်း စိန်အန်ထော်နီပြောသမျှကို တထစ်ချယုံကြည်ပြီး အိမ်ပြန်သွားခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့ရဲ့ကလေးငယ်ဟာ အခြားကလေးဖော်တွေနဲ့ ဆော့ကစား နေတာကို တွေ့ရသတဲ့။


အန်ထော်နီရဲ့တန်ခိုးလက္ခဏာ အများပိုင်းဟာ သူတရားဟောနေတာနဲ့ ဆက်စပ်လျက်ရှိပါတယ်။ အထူးသဖြင့် ငါးတွေကို တရားဟောတဲ့အကြောင်းပဲဖြစ်ပါတယ်။ (၁၂၂၇) ခုနှစ်မှာ စိန်အန်ထော်နီဟာ နေရာအနှံ့ကိုလိုက်ပြီး တရားဟော တဲ့အခါမှာ ရိုမီနီဆိုတဲ့မြို့တစ်မြို့ကို ရောက်သွားသတဲ့။ အဲဒီမြို့သားတွေဟာ အသင်းတော်ကိုဆန့်ကျင်ပြီး အခြားဘက်ကိုစိတ် အားထက်သန်နေတဲ့အချိန်ဖြစ်တယ်။




ဘုန်းဘုန်းဂျော့ခ်ျ ခင်မောင်ထွေး

May 7, 2010

သိကြားတမန်ဆိုတာ


သိကြားတမန်ဆိုတာ

Angel (သိကြားတမန်) ဆိုတဲ့ အဓိပ္ပါယ်က သိကြားတမန်ဆိုတာ ဘုရားသခင်အထံတော်မှ သတင်းစကားတော် (message) ကို သယ်ဆောင်တဲ့အချိန်မှ သာလျှင် သူတို့ကို (Angels) သိကြားတမန်လို့ ခေါ်ဆိုနိုင်ပါတယ်။ သိကြားတမန်တော် ဂါဗြီအဲလ်က ပရောဖက်ဒါနီ အဲလ်ထံသို့ ဘုရားသခင်၏ သတင်းတော်ကို ပို့ဆောင်တယ်။ မာရီယားထံသို့ သားတော်ဘုရား လူ့အဖြစ်ယူမည့်အကြောင်းကို ပို့ ဆောင်တယ်။ သိကြားတမန် ရာဖာအဲလ်က ဘုရားသခင်ရဲ့ ကုသခြင်းကို ဆောင်ကြဉ်းပေးသူ (God's Healer) ဖြစ်ပြီး ခံစားနေရတဲ့ ရောဂါဝေဒနာ၊ နာမကျန်းမှုတွေကြောင့် ဒုက္ခရောက်နေသူများထံသို့ ဘုရားသခင်ထံတော်မှ ကုသခြင်း တန်ခိုးတော်ကို ဆောင်ကြဉ်းပေးတယ်။ သိကြားတမန် မီကာအဲလ်က ကျွန်ုပ်တို့ လူသားတွေအတွက် ကာကွယ်စောင့်ရှောက်တိုက်ခိုက် ပေးသော ဘုရားသခင်ရဲ့ စစ်သူရဲ (God's warrior) ဖြစ်တယ်။ ကိုယ်တော်မြတ်ပတ္ထနာတော် (၁) မှာ မုန့်နဲ့စပျစ်ရည်ကို ဖန်ဆင်းပြီးတဲ့အခါ၊ "ဤပူဇော်ရာကို ကိုယ်တော်၏ သန့်ရှင်းသော ကောင်းကင် တမန်တော်သည် ရွှေဘုန်းတော်ရှင် ကိုယ်တော်၏ မျက်မှောက်တော်ရှိ ပူဇော်ရာ ပလ’င်တော်သို့ ဆောင်ယူဆပ်ကပ်ရန် အမိန့်ရှိတော်မူပါ" လို့ ဘုရားသခင်ထံတော်ကို ကျွန်ုပ်တို့ ဆုတောင်းကြတယ်။ "ကောင်းကင်ပွင့်နေသည်ကို လည်းကောင်း၊ လူသားအပေါင်းပေါ်တွင် ဘုရားသခင်၏ တမန်တော်များ ဆင်းလျက်၊ တက်လျက် ရှိသည်ကိုလည်းကောင်း သင်တို့ မြင်ရလိမ့်မည်ဟု ခရစ်တော်က နာသာနာအဲလ် ကို မိန့်တော်မူတယ်။ (ရှင်ယောဟန် ၁း၅၁) (ကမ္ဘာဦးကျမ်း -၂၈) မှာ ရှုတ်ထွေးမှုတွေ ကြုံတွေ့ရတာကြောင့် စိတ်ပျက်နေတဲ့ ယာကုပ်ဟာ ကျောက်တုံးကိုခေါင်းအုံးပြုပြီး အိပ်နေစဉ် အိပ်မက်ထဲမှာမြေကြီးနဲ့ ကောင်းကင်ကို ဆက်သွယ်ထားတဲ့ လှေကားပေါ်မှာ ကောင်းကင်တမန်တော်များဟာ တက်လိုက်၊ ဆင်းလိုက်နဲ့ ဘုရားသခင်ထံတော်သို့ ဆောင်ကြဉ်း ပေးနေကြတယ်။ ဒါဟာ သိကြားတမန်ဆိုတာ သဘာဝရဲ့ ဒုက္ခတွေကြောင့် မျှော်လင့်ချက်မဲ့ ပျောက်ဆုံးနေတဲ့ အချိန်တွေမှာ ကျွန်ုပ်တို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပေးတယ်။ ကျွန်ုပ်တို့ကိုယ်မှာ ကိုယ်စောင့်သိကြားများ ရှိပြီး စောင့်ရှောက်လျက်ရှိတယ်လို့ ကက်သလစ်အသင်းတော်က ယုံကြည်တယ်။ ဒါကြောင့် ကိုယ်စောင့်သိကြားပွဲကို အောက်တိုဘာလ (၂) ရက်နေ့မှာ ကျင်းပပါတယ်။

လွတ်လပ်စွာနဲ့ ချစ်ခြင်းပြုနိုင်တဲ့ သူဟာ အမုန်းတရားကိုလည်း ပြုနိုင်စွမ်းရှိတယ်။ နားထောင်ခြင်းရှိနိုင်လို့ လွတ်လပ်တဲ့ သူဟာ နာမခံခြင်းလည်း ပြုနိုင်တယ်။ မကောင်းမှုတွေကို ပြုနိုင်ကြလို့သာလျှင် ပါရမီဆိုတာလည်း ပြုနိုင်တာဖြစ်တယ်။ နတ်ဆိုးလိုမျိုး ဖြစ်နိုင်တဲ့ ကမ္ဘာကြီးထဲမှာသာလျှင် ရဟန္တာဆိုတာလည်း ဖြစ်နိုင်တယ်။ ငါသာ ဘုရားဆိုရင်တော့ ဒီကမ္တာကြီးထဲမှာရှိတဲ့ မကောင်းမှုတွေကို ဖျက်ဆီးပစ်မှာပဲလို့ သင်ဆိုရင် ဒီလိုမကောင်းမှုကို ဖျက်ဆီးပစ်ရင် (Freedom) ဆိုတဲ့ လွတ်လပ်မှုကိုလည်း ဖျက်ဆီးပစ်ရမှာ ဖြစ်တယ်။ ဘုရားက လွတ်လပ်မှုကို ဘယ်တော့မှ ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး။ ဒီလောကပေါ်က (dictators) ဆိုတဲ့ သေဆိုသေ၊ ရှင်ဆိုရှင် အာဏာနဲ့အုပ် ချုပ်တဲ့သူတွေကို ကျွန်ုပ်တို့ မလိုလားကြဘူး ဆိုရင် ကောင်းကင်က (dictators) ကိုလည်း ကျွန်ုပ်တို့ မလိုချင်ပါဘူး။ ဘုရားသခင်ရဲ့ အမှုတော်တွေကို အဟန့်အတားပြု တားဆီးနေခြင်းတွေကိုဆက်ပြီး မပြုနိုင်အောင် လူတွေကို ဘုရားသခင်က လွတ်လပ်မှုပေးထားခြင်းအတွက် ဘုရားကို အပြစ်တင်တဲ့သူဟာ ကျောင်းသားတစ်ယောက်ရဲ့ မှတ်စုစာအုပ်ထဲမှာ အခြစ်ရာတွေ၊ အစွန်းအကွက် ညစ်ပတ်နေတာတွေ၊ အမှားတွေကို မြင်တဲ့အခါ ဆရာကလည်း ဒီကျောင်းသားရဲ့ စာအုပ်ကိုယူပြီး ဆရာဖာသာ မှတ်စုရေးပေးတာ မဟုတ်ဘူးလို့ ကျောင်းသားပြုတဲ့ အမှားအတွက် ဆရာကို အပြစ်တင်တဲ့သူနဲ့တူတယ်။

လူတွေက ဘုရားပေးထားတဲ့ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ကို တလွဲ အသုံးပြုပြီး ဘုရားသခင်နဲ့ဆန့်ကျင်တဲ့ အရာများကို ရွေးချယ်ကြပေမယ့် ဘုရားသခင်ဟာ လူသားဆီက freedom လွတ်လပ်မှုကို ပြန်လည် မရုတ်သိမ်းပါဘူး။ လူကိုfreedom ပေးထားတာကြောင့် လူတွေ အပြစ်ထဲကျရောက်စေမယ့် လမ်းများကို မရွေးဘဲ အကောင်းဘက်ကိုသာ ရွေးချယ်အောင် အတင်းအဓ္ဓမမပြုပါဘူး။ ဒါပေမယ့် လူအပြစ်ထဲ ကျရောက်သွားတဲ့ အခါမှာလည်း အပြစ်သားကျွန်ုပ်တို့အပေါ်မှာ သွန်းလောင်းတဲ့ ဘုရားသခင်ရဲ့ Grace ကျေးဇူးတော်တွေကိုလည်း ကျွန်ုပ်တို့ မဟန့်မတား နိုင်ကြပါဘူး။ သိကြားတမန်များဟာ (The Presence of God) ဘုရား ကျွန်ုပ်တို့နှင့် အတူရှိခြင်း ဖြစ်ပါတယ်။

ကျွန်ုပ်တို့ လူ့ဘ၀မှာ ရှုပ်ထွေးခြင်း၊ အားနည်းခြင်း အပြစ်များရှိပေမယ့်လည်း ဘုရားသခင်ဟာ သိကြားတမန်တော်များကို ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ထံသို့ စေလွှတ်ပေးတယ်။ ဘုရားသခင်က သိကြားတမန်များကို ဖန်ဆင်းတဲ့အခါမှာလည်း ကျွန်ုပ်တို့ လူသားများလိုပဲ အကောင်းနဲ့ အဆိုး ရွေးချယ်နိုင်သော လွတ်လပ်ခြင်း freedom ကို ပေးထားပါတယ်။


(Angel) သိကြားတမန်ဆိုတဲ့ စကားလုံးက (Messager) စေတမန်လို့ အဓိပ္ပါယ်ရပါတယ်။ သိကြားတမန်များဟာ ဘုရားသခင် ဖန်ဆင်းတော်မူတဲ့ အရာများအဖြစ် တည်ရှိကြောင်း အသင်းတော်ရဲ့ တရားဝင် သွန်သင်ချက်အဖြစ် သက္ကရာဇ် ၁၂၁၅ ခုနှစ်က Lateran မြို့မှာ ပထမအကြိမ် ဗာတီကန်က ကျင်းပတဲ့ အစည်းအဝေးကြီးများကနေ ကြေငြာခဲ့တယ်။

ဘုန်းတော်ကြီးရစ်ချက်လှမင်းဦး

May 5, 2010

"မြတ်သောစေတနာရှင်များသို့"


"မြတ်သောစေတနာရှင်များသို့"

ကျွန်ုပ်တို့သည် လွန်ခဲ့သည့် မေလလယ်လောက်တွင် ဇာတိရပ်မြေဖြစ်သော ဟင်္သာတမြို့နှင့်ဆယ့်နှစ်မိုင်ဝေးရာ ဘိတ်ရိုးရွာလေးသို့ ပြန်ရောက်ခဲ့ပါသည်။ ထိုနေရာ၌ ရှိနေစဉ် တစ်နေ့သောအခါ၌ ကက်သလစ်ဂေါပကအဖွဲ့ဝင် လူကြီးတစ်ဦးမှ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက်ဟူ၍ အလှူများ ကောက်ခံသည်နှင့် ကြုံခဲ့ရပါသည်။ ကျွန်ုပ်သည် ၎င်းင်းလူကြီးအား အလှူများကို ဘာသာဝင်အိမ်များသာ ကောက်ခံသလားဟုမေးရာ ဂေါပကလူကြီးမှ ဒုက္ခသည်များမှာ များပြားလွန်း၍ မည်သူမဆို အလှူများထည့်ဝင်နိုင်ကြောင်းနှင့် အခြားဘာသာဝင်များပါ လှူဒါန်းကြကြောင်း ပြောပြပါသည်။ ထို့အပြင် ကက်သလစ်သာသနာမှ ဖွင့်လှစ်ထားသည့် ဒုက္ခသည် စခန်းများတွင် လူမျိုးဘာသာမခွဲခြားဘဲ ခရစ်ယာန်များအပြင် ဗုဒ္ဓဘာသာဝင် များစွာလည်း ပါဝင်နေကြောင်းကို ပြောပြပါသည်။ ပုသိမ်ကက်သလစ်သာသနာမှ ဆရာတော်နှင့် ရဟန်းရှင်လူများမှာလည်း အခြားသော စေတနာရှင်များနည်းတူ မိမိတို့တက်စွမ်းသမျှဘက်မှ စွမ်းစွမ်းတမံ ဤဒုက္ခပြဿနာများကို ဖြေရှင်း နေကြရသည်ကို သိရှိတွေ့မြင် နိုင်ပါသည်။

ကက်သလစ်သာသနာမှ တာဝန် ယူဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း လေးခုရှိပါသည်။ မြောင်းမြမြို့ (စမ်းချောင်း )၊ ကနစိုးကုန်း၊ ပင်လယ်သာသနာ နှင့် စိန်မေရီ (မြွေဟောက်) တို့တွင် စခန်း များဖွင့်လှစ်ထားပြီး ဒုက္ခသည်များမှာ ရာပေါင်းများစွာချီ၍ ရှိနေကြပါသည်။ ဤဒုက္ခသည်များ၏ ဘ၀ကိုကြည့်လျှင် ယခင်က ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ်ပိုင်ခြံနှင့် မိသားစုများ သိုက်သိုက်ဝန်းဝန်း နေခဲ့ကြသည်။ ကိုယ့်ကျွဲနွား၊ ကိုယ့်ထွန်၊ ကိုယ့်လယ်ယာတို့ဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့ကြသူများနှင့် ဆားနှင့် ရေလုပ်ငန်းများကို လုပ်ကိုင်ကြသူများလည်း ပါဝင်ကြပါသည်။ ယခင်က ရိုးသား ကြိုးစားလုပ်ကိုင်ရင်း မြန်မာနိုင်ငံ၏ အထက်၊ အလယ်၊ အောက်ပိုင်း ဒေသများအတွက် မရှိမဖြစ် အခြေခံစားသုံးစရာ ဆန်စပါး၊ ငါးပိ၊ ငါးခြောက်များကို ထုတ်လုပ်စိုက်ပျိုးကာ မိမိတို့၏ ကိုယ်ပိုင်ဘ၀လေးများဖြင့် ကျေနပ် ရောင့်ရဲ နေကြသူများဖြစ်ပါသည်။ သို့သော် ရုတ်တရက် သဘာဝဘေးဆိုး တစ်ခုကြောင့် သူတို့အားလုံး၏ ဘ၀မှာ နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ရပါသည်။ အိုးမဲ့၊ အိမ်မဲ့ အခြေအနေသို့ရောက်ခဲ့ရသည်။ မိမိတို့၏ ထွန်ထယ်များမှာ ဘယ်ဆီရောက်မှန်း မသိရသလို တစ်သက်လုံး မိမိတို့နှင့်သစ္စာရှိစွာ အကျိုးပြုရုန်းကန်ပေးခဲ့ကြသော ကျွဲ၊ နွား များမှာလည်း ရေအောက်၌ အသက်မရှိတော့ချေ။ အဆိုးဆုံးမှာ တစ်အိုးတစ်အိမ်တည်း၊ တစ်ရွာတည်းနေ သွေးသားရင်းချာ မောင်နှမ၊ မိဘ၊ မိတ်ဆွေများနှင့်ရှင်ကွဲ သာမက သေကွဲပါခွဲခွာခဲ့ကြရသည့် ဒုက္ခသည်များမှာ တပုံကြီးပင်ဖြစ်သည်။

ဤသို့သော အခြေအနေဆိုးများတွင် စိတ်ဓာတ်ရေးရာပိုင်းတွင် အလွန်ပင် အားငယ်ညှိုးနွမ်းစွာဖြင့် ဖေးမကူညီပေးမည့် ကမ်းလက်အစုံပေါင်း များစွာကို စောင့်မျှော်ရင်း မျက်ဝန်းမှစွန်းစိုနေသည့် မျက်ရည်များကြားမှ ကျန်သေးသမျှခွန်အားများဖြင့် ရှင်သန်နေကြရသည့် ဒုက္ခသည်များ၏ ရင်တွင်းသို့ ကျွန်ုပ်တို့ထိုးဖောက်ဝင်ကြည့်လျှင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း စာနာစိတ်များနှင့် ခံစားမိလာပေလိမ့်မည်။


မေလ (၂၉)ရက်တွင် ကျွန်ုပ်သည် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့ပြီး မန္တလေး သာသနာ၊ ချောင်းရိုးရွာဘာသာသူတစ်ဦး ထံမှ စာလေးတစ်စောင်ကို ဖတ်လိုက်ရပါသည်။ ၎င်းင်းစာတွင် "နာဂစ် ဒုက္ခသည်များ အတွက် ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး ဘုန်းတော်ကြီးကဦးဆောင်ပြီး အလှူငွေ ကောက်လို့ တတ်နိုင်သ၍ အလှူထည့်လိုက်ပါတယ်" ဟူ၍ပါရှိပါသည်။ ထို့အပြင် စိန်မိုင်ကယ်ရဟန်းဖြစ်ကျောင်းမှ ကိုရင်များ၏ ပြောပြချက်အရ မိမိတို့သာသနာများတွင်လည်း ဒုက္ခသည်များအား သနား စာနာမိကြသဖြင့် အလှူများကို ရက်ရက် ရောရော ထည့်ဝင်ကြကြောင်းကို ကြားရ၍ ပီတိဖြစ်ရပြန်ပါသည်။ ဤသို့လှူဒါန်းခြင်းဖြင့် ဒုက္ခသည်စခန်းများ၏ တာဝန်ခံ ရဟန်းများနှင့် ပုဂ္ဂိုလ်များအတွက် ၀မ်းသာမှု ရရှိစေသကဲ့သို့ ဒုက္ခခံတွင်း ကျရောက်နေကြသည့် သူများအတွက်လည်း အတိုင်း အတာတစ်ခုအထိ များစွာ အကျိုးရှိစေပါသည်။

ဘာသာတရားများ၏ သွန်သင်မှုများအရ ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက်ပြု ကျင့်မှုများကို ရှောင်ကြဉ်ရသကဲ့သို့ တစ်ဖက်တွင်လည်း သုစရိုက်ကို ပြုကျင့်နိုင်ရန် ကောင်းမှုပါရမီများကို ဆည်းပူးကျင့်ကြံရပေမည်။ အလှူဒါနပြုခြင်းသည်လည်း ကောင်းမှု ပါရမီဆည်းပူးရာ အကြောင်း အရင်းတစ်ရပ်ဖြစ်ပေသည်။ အလှူဒါနပြုခြင်းသည် ဘာသာပများအကြားတွင် တိုက်ရိုက်သာသနာပြုခြင်း မဟုတ်သော်ငြားလည်း ၎င်းင်းအဓိပ္ပါယ်ကို သက်ရောက်စေပါသည်။ နာဂစ်မုန်တိုင်းအတွင်း၌ ကက်သလစ်သာသနာမှ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများတွင် လူမျိုးဘာသာမရွေး ပုဂ္ဂိုလ်များစွာ ပါဝင်ကြပါသည်။ ထိုသူတို့အား သာသနာမှဘက်မလိုက်ဘဲ တန်းတူဆက်ဆံကာ ကြိုးစားဖေးမကူညီပေးသည်။ အနယ်နယ်အရပ်ရပ်မှ ဘာသာဝင်များမှလည်း တက်အားသ၍ ရက်ရောစွာ လှူဒါန်းကြသည်။ ဤလှူဒါန်းမှုများအား မည်သည့် သတင်းဌာနနှင့် မီဒီယာများမှ ဖော်ပြခြင်း မရှိသော်ငြားလည်း အခြားသော စေတနာရှင်အသင်းအဖွဲ့များ နည်းတူ တစ်ဖက်တစ်လမ်းမှလည်း အနယ်နယ် အရပ်ရပ်ရှိဘာသာသူများမှ ဆုတောင်းခြင်း၊ အလှူဒါနပြုခြင်းတို့ဖြင့် ကူညီခဲ့ကြကြောင်း ဘုရားရှင်အသိဖြစ်ပြီး ဒုက္ခသည်များ ကိုယ်တိုင်ခံစားကြရပါသည်။ "သင်သည် အလှူဒါနပေးသောအခါ မထင်ရှားစေခြင်းငှါ လက်ယာလက်ပြုသည့်အမှုကို လက်ဝဲ လက်မသိစေနှင့်။ မထင်ရှားသော အရာကို မြင်တော်မူသော သင်၏ အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့"ဟု (မဿဲ - ၆း၃-၄) တွင် ဖော်ပြသည့်အတိုင်း မထင်မရှားပြုသော မိမိ၏ အလှူဒါနအကျိုးမှာ အားလုံးစုံကို မြင်တော်မူသော ဘုရားရှင်၏ မျက်မှောက်တွင်မူ ကောင်းကင်ဘဏ္ဍာများပင် ဖြစ်ပါတော့သည်။

အလှူဒါနပြုခြင်းကို သွယ်ဝိုက်၍ သာသနာပြုခြင်း ဆိုရခြင်းမှာ ယခုကဲ့သို့ ဘာသာလူမျိုးမခွဲခြားကာ ကောင်းမှုပြုခြင်းဖြင့် အခြားဘာသာဝင်များအဖို့ မိမိတို့၏ ဘာသာတရားနှင့် ဘာသာဝင်များအား လေးစားလက်ခံမှု ပိုမိုရှိလာပါသည်။ ဘာသာတရား အချင်းချင်းလည်း နားလည်မှု ပိုမိုရှိစေလာပါသည်။ ယနေ့ခေတ် အခြေအနေတွင်လည်း ဘာသာတရားအချင်းချင်း နားလည်မှု ပိုမိုရှိလာစေရန်လည်း လိုအပ်နေချိန် ဖြစ်ပါသည်။ ထို့ကြောင့် အလှူဒါနပြုခြင်း အကျိုးကား မနည်းလှကြောင်း သိရှိရပေသည်။


ကျွန်ုပ်တို့သည် အလှူဒါနပြုခြင်းကြောင့် အချို့သော အောက်ပါ အကျိုးကျေးဇူးများကို ရရှိဖြစ်ပေါ်စေသည်။
၁။ မိမိ၏အလှူဒါနကြောင့် ဘုရား ရှင်ရှေ့တော်၌ မျက်နှာရစေပါသည်။
၂။ မိမိအလှူဒါနကြောင့်လက်ခံရရှိ သူအဖို့ အခက်အခဲပြဿနာများ လျော့နည်းစေသည်။
၃။ မိမိအလှူဒါနကြောင့်တစ်နေ့ မိမိ အတွက် အလှူလက်ခံရရှိသူဖက်မှအကူ အညီပြန်ပေးလာနိုင်စေသည်။
၎။ မိမိအလှူဒါနေကြာင့် ပတ်ဝန်း ကျင် လူများအဖို့ ပီတိဖြာဘာဝနာပွားများ ရစေပါသည်။
၅။ မိမိ၏အလှူဒါနကြောင့် အခြား သောသူများတွင်လည်း ရက်ရောသောစိတ် ဆန္ဒရှိလာစေရန်စံနမူနာတစ်ခုဖြစ်စေပါ သည်။
၆။ မိမိ၏အလှူဒါနကြောင့် မိမိလုပ် ငန်းများအဆပေါင်းများစွာ တိုးတက်လာစေပါသည်။
၇။ မိမိ၏ အလှူဒါနကြောင့် မိမိအား မနာလိုဝန်တိုသည့်ပုဂ္ဂိုလ်များအား စိတ်သဘောထားများ ပြောင်းလဲစေပါသည်။

အထက်ပါ အကျိုးရလဒ်များ အပြင် အခြားသော အကျိုးကျေးဇူးများ လည်းရရှိစေပါသည်။ သံသြဂုတ်စတင်း ဆိုခဲ့သည့် အဆိုတစ်ခုမှာ "သင့်မှာ ပိုလျှံနေသော အရာသည် သင်နှင့်မဆိုင်။ ဆင်းရဲသားများနှင့် ဆိုင်သည်" ဟုဆိုခဲ့ပါသည်။ ထို့အတူ သခင်ခရစ်တော် ကိုယ်တိုင်ပင် "သင်တို့၌ အငယ်ဆုံးသော သူကို ပြုစုခြင်းသည် ငါ့အား ပြုခြင်းပင်ဖြစ်သည်။" ဟု မိန့်တော်မူခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိပတ်ဝန်းကျင်တွင် ရှိနေသူ "အငယ်ဆုံးသောသူများ"အား ကူညီဖေးမပြုစု လှူဒါန်းကြရန် လိုအပ်ပါသည်။ ၎င်းင်းတို့အား လျစ်လျူ မရှုသင့်ကြပေ။ ကျွန်ုပ်တို့သည် ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်လာကြသည့် လူပုဂ္ဂိုလ်များ အချင်းချင်း အားနည်းသူကို အားသာသူများသည် မိမိတို့ပိုင်ဆိုင်မှုများထဲမှ ပေးကမ်း လှူဒါန်းရင်း ဖေးမကြရပေမည်။ ထို့ကြောင့် နာဂစ်မုန်တိုင်း ဒုက္ခသည်များအား ကာယ၊ ဉာဏ၊ ဓနအားဖြင့် ကူညီခဲ့ကြသည့် ပုသိမ်သာသနာမှ ကက်သလစ် ရဟန်းရှင်လူများနှင့် မြန်မာနိုင်ငံအနှံ့ရှိ ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ စာနာမှု အပြည့်အ၀ဖြင့် စေတနာတရားထက်သန်စွာ လှူဒါန်း ဆက်ကပ်ခဲ့ကြသော ကက်သလစ်ရဟန်း ရှင်လူပုဂ္ဂိုလ်များအား ၀မ်းမြောက်အားရစွာ ဂုဏ်ပြုရင်းဖြင့် စာဖတ်သူအပေါင်း၏ နှလုံးသား၌လည်း သဒ္ဓါတရား ထက်သန်ရက်ရောတတ်သော စိတ်ဓာတ်များ ပို၍ ပွားများနိုင်ကြပါစေ။


ဂျွန်သွီ (မော်လမြိုင်)

May 4, 2010

"ပါရမီဖြည့်ဖက်"

"ပါရမီဖြည့်ဖက်"

အေးမြနေရာ
ရှိစေပါမူ
မည်သူမဆို
နားခိုလို၏။

ကြည်လင်အေးအေး
စမ်းရေလေးကို
မည်သူမဆို
သောက်သုံးလို၏။

ရသာပြည့်ဝ
စာဟာရကို

မည်သူမဆို
စားသုံးလို၏။

ခံစားနားလည်
ပေးသည့်လူဝယ်
မည်သူမဆို
ရင်ဖွင့်လို၏။

သနားကြည်ဖြူ
ရှိသောလူ၌
မည်သူမဆို
ခိုလှုံလို၏။

အများလိုအင်
ပြည့်ဝစေချင်
သင်နှင့်ကျွန်ုပ်
ဦးစွာစလုပ်ကြပါစို့။

ဂျူအယ်နိုင်း

May 3, 2010

တဒင်္ဂ အတွက် ဆုတောင်း


တဒင်္ဂ အတွက် ဆုတောင်း

ခွန်အားရှင်ရှန်ဆုံ၊ တုန်အောင်ချစ်မိ
ဒေလိယဟာ၊ မာယာကျော့ကွင်း
ညှို့ချက် ပြင်းလို့လား?
ငြူစူနွဲ့မူ၊ ချစ်သူမျက်နှာ
ညိုမှာစိုးလှ၊ တဒင်္ဂစဉ်းစား
မိုက်ဖက် ပါသွားလို့ပါ။

အာဏာရှင်ဒါဝိတ်၊ ယိုဖိတ်တဲ့ရာဂ
ဗက်ရှေဘကိုမြင်ရာ၊ မယ်စကြ၀ဠာလို
အလှ ပိုလွန်းလို့လား?
မုန်ယိုတဏှာ၊ အိပ်ယာအနိုး
ရေချိုးမြင်းကွင်း၊ တဒင်္ဂအတွင်းမှာ
ဆန္ဒနောက် ပါသွားလို့ပါ။

ဆော်လမုန်ပညာရှင်၊ အကြင်မယား
များစွာထားလို့၊ ဘုရားတုကိုးကွယ်
လမ်းဝယ် လျှောက်မှားခဲ့တာလား?
သောက်လေသောက်လေ၊ ငတ်မပြေတဲ့
ဆန္ဒရဲ့ကျွန်၊ စိတ်လွန်ဆွဲတဲ့တဒင်္ဂ
သမုဒယနွံ့မှာ နစ်ရတာ။

မင်းမှာ ... ပညာရှိလို့လား ?
အာဏာရှိလို့လား ?
ခွန်အားရှိလို့လား ?
------ ရှိလို့လား ?
------- ရှိလို့လား ?

ရှိတာမရှိတာ အသာထား
သီလတရား၊ မကြွားရဲဘူး
ကျေးဇူးတော်ကို၊ မလိုစွန့်ခွာ
ဥပေက္ခာပြု၊ လျစ်လျုရှုတဲ့တဒင်္ဂ
သီလတွေရေစုန်မျော၊ မင်းမောရမှာ

ဒီတော့ ... တဒင်္ဂတိုင်းတွင်
ဆင်ခြင်သတိ၊ စည်းကမ်းရှိကြောင်း
ဆုတောင်းမေတ္တာ၊ ၀န်းရံကာလို့
ဒီဘ၀မှာဖြင့်၊ သီလနှင့်နေတဲ့ပုဂ္ဂိုလ်
ဖြစ်ရပါလို၏ အရှင်ဘုရား။

ခံပွင့်