Jan 13, 2009

ကွဲပြားသည့်လူမျိုးစုများနှင့် ဗုဒ္ဓဘာသာဝင်များအကြား သာသနာပြုရာတွင် ခက်ခဲကြောင်း ဘိရှော့လက်ထောက်အသစ် Basilio Athai ပြော


ကွဲပြားသည့်လူမျိုးစုများနှင့် ဗုဒ္ဓဘာသာဝင်များအကြား သာသနာပြုရာတွင် ခက်ခဲကြောင်း ဘိရှော့လက်ထောက်အသစ် Basilio Athai ပြော

KT/ဒီဇင်ဘာ ၅၊ ၂၀၀၈


တောင်ကြီး ခရစ်ယာန် ကက်သလစ် သာသနာဂိုဏ်းချုပ်မှ လက်ထောက်ဘိရှော့ (ဘုန်းတော်ကြီး) Basilio Athai (ဘစီလီရိုအသိုင်း)က မဖွံ့ဖြိုးသေးသည့် နေရာဒေသမှာ ရှိသည့် လူမျိုးစု အမြောက်အမြားနှင့် အခြားဘာသာဝင်လူများအကြား ခရစ်ယာန်ဒေသနာတရား ဟောပြောခြင်းသည် သူ့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုတခုဖြစ်ကြောင်း Union of Catholic Asian News (UCAN) ကို ပြောကြားသည်။


“ကျနော်တို့က လူနည်းစုဖြစ်နေတဲ့အတွက် ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ ရှိနေပြီးတော့ ဗုဒ္ဓဘာသာတွေပဲ ၀ိုင်းရံထားတဲ့ ဒီနေရာဒေသမှာ ဘုရားအကြောင်းသတင်းစကားပြောရတာ တကယ့်ကို ခက်ပါတယ်၊ တခုပဲနည်းလမ်းရှိတာက အပြန်အလှန်ဆွေးနွေးမှုမှတဆင့်ပဲ ဖြစ်နိုင်မယ်” ဟု ဘိရှော့အသိုင်းက ပြောသည်။


ယခုလိုပြောကြားမှုကို UCA ၏ သတင်းစာမျက်နှာတွင် ဖော်ပြထားခြင်းဖြစ်သည်။ ကရင်နီပြည်ရှိ လွိုင်ကော်ကက်သလစ်သာသနာတွင် ဘုန်းကြီးတပါးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အသက် ၅၂ ရှိပြီဖြစ်သော ဘီရှော့အသိုင်းသည် တောင်ကြီးမြို့ စိန်ဂျိုးဇက် ဘုရားကျောင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ရက်နေ့က ဘီရှော့တာဝန် အပ်နှင်းလွဲပြောင်းခြင်းခံခဲ့ရသည်။


အဆိုပါ လက်ထောက် ဘီရှော့တာဝန် အပ်နှင်းခြင်း အခမ်းအနားကို ဘန်ကောက် ကက်သလစ်သာသာနာမှ မြန်မာပြည်သို့ တာဝန် အပ်နှင်းခြင်းခံရသည့် ဘီရှော့ Salvatore Pennacchioက ၀တ်ပြုပွဲကို ဦးဆောင်ခဲ့သည်။ တောင်ကြီးမှ ဘိရှော့ မတ်သိုင်းဦးရွှေ မန္တလေးမှ ဘိရှော့Paul Zinghtung Grawng နှင့် ရန်ကုန်မှ ဘိရှော့ချားလ်စ်ဘို အပါအ၀င် အခြားရာထူးကြီး ဘုန်းတော်ကြီး ၁၃ ဦးနှင့် ကက်သလစ်ဘုန်းကြီး ၂၂၀ ဦး၊ ဘရာသာနှင့် စစ္စတာပေါင်း ၁၅၀ ဦးနှင့် ပရိသတ် ၂၅၀၀ ကျော်သည် ၄င်းဝတ်ပြုပွဲသို့ တက်ရောက်ခဲ့သည်။


အသက် ၆၄ နှစ်ရှိပြီး နာမကျန်းဖြစ်နေသည့် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဘီရှော့ရွှေ၏ တာဝန်များကို တာဝန်ယူဆောင်ရွက်ရတော့မည့် လက်ထောက်ဘိရှော့သစ် အသိုင်းက တောင်တန်းဒေသရှိ အသင်းသူ၊သားများအား လိုက်လံ လည်ပတ်၍ အားပေးဖို့ဆိုသည်မှာ အလွန်ခက်ခဲပြီး ဘုရားကျောင်းမှာလည်း လူအင်အားနည်းသည်ဟု ဆိုပါသည်။


တောင်ကြီး ကက်သလစ် သာသနာဂိုဏ်းချုပ်သည် ရှမ်းပြည်တောင်ပိုင်းတွင် တည်ရှိပြီး ၁၉ ရာစုအစောပိုင်းအတွင်း (PIME) သာသနာပြုအဖွဲ့က ကယန်းလူမျိုးများကို စတင်သာသနာပြုခဲ့သည့် နေရာဖြစ်သည်။ ထိုနေရာဒေတွင် ရှမ်းနှင့် ပအိုဝ့် လူမျိုးများအများစု တည်ရှိရာနေရာဖြစ်သည်။


“ပထမဆုံး ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ ခိုင်မာတဲ့ယုံကြည်ခြင်းကို ကျနော်တို့လူမျိုးအသိုင်းအ၀ိုင်းကြား ဖွံ့ဖြိုးလာစေဖို့ ပြီးတော့ ကောင်းမွန်တဲ့ နမူနာတွေပြပြီးတော့ သူတို့လည်း သခင်ယေရှုရဲ့ သတင်းကောင်းတွေကို သိလာမယ်ဆိုတာပါပဲ” ဟု ဘိရှော့ကပြောပါသည်။


ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဘိရှော့ရွှေက ဘုရားသခင်က ၎င်းအား အမွေဆက်ခံသူအဖြစ်ပေးထားတာဖြစ်ပြီး သူ၏ လက်ထောက်နှင့်လည်း ရှေ့ဆက်အလုပ် အတူတူလုပ်သွားရန် မျှော်လင့်သည့်အကြောင်း UCA သတင်းကို ယခုလိုပြောသည်။


“ကျနော်ဟာအခု ကျန်းမာရေးလည်း မကောင်းသလို ခရစ်ယာန်အသင်းတော်ရှိတဲ့ နယ်မြေတွေအားလုံးကို လိုက်လံမကြည့်ရှုနိုင်တဲ့အတွက် ဘိရှော့အကူ တာဝန်ယူမယ့်သူဟာ ဘုရားကျောင်းထဲက ဘုရားဝတ်ပြုခြင်းနဲ့ ဆိုင်တဲ့တာဝန်တွေအပြင် ထိန်းကျောင်းမှုဝတ္တရားနဲ့ ပတ်သက်တဲ့ခရစ်ယာန်အသင်းဝင် ခွင့်ပြုခြင်းကိစ္စတွေနဲ့ အခြားသာသာနာ အလုပ်တွေကို ကူညီလုပ်ကိုင်မှာဖြစ်တယ်”


တောင်ကြီး စိန်ဂျိုးဇက် ဘုရားကျောင်းမှ ဖာသာ ပီရို ထွန်းရွှေသာက “ဒီနယ်မြေဒေသမှာ ကက်သလစ်တွေဟာ လူနည်းစုဖြစ်ပြီး အလွန်ဆင်းရဲကြတယ်၊ အများအားဖြင့်သူတို့ဟာ တောင်ပေါ်တွေမှာနေကြတယ်၊ ပြီးတော့သူတို့နေတဲ့နေရာက လမ်းပန်းဆက်သွယ်ရေးက အလွန်ခက်ခဲတဲ့နေရာဖြစ်တယ်” ဟု ပြောသည်။


စေတမန် စိန်တရီးဇာကျောင်းမှ စစ္စတာ ဒေါမနစ် ဖဲန်ကလည်း နောက်လိုက်သူအသစ်များကြောင့် သာသနာကြီးမားလာမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။ စေတမန် အသင်းတော်မှ ယုံကြည်လာသူများက ဘိရှော့အကူအညီဖြင့် ဘုရာကျောင်းမှ ဝေးလံခေါင်းပါးသည့်နေရာများသို့ ရောက်ရှိအောင်လည်း ကူညီသွားမှာဖြစ်သည်ဟု ဆိုသည်။


ဘိရှော့ အသိုင်းသည် ၁၉၅၆ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့တွင် ကရင်ပြည်နယ် တောင်ငူမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၈၄ခုနှစ် ဧပြီလ၁ရက်နေ့ တွင် သိက္ခာတော်ဘွဲ့အပ်နှင်းခြင်းခံရပြီး ဖယ်ခုံမြို့တွင် လက်ထောက်ဘုန်းတော်ကြီးအဖြစ် ၂နှစ် သာသနာထမ်းဆောင်ခဲ့ကာ တောင်ကြီး ကက်သလစ်ဘုရားကျောင်းတွင် ၂နှစ်ဆက်လက်ထမ်းဆောင်ခဲ့သည်။ ပြီးနောက် ၁၉၈၈ ခုနှစ်တွင် ပြင်ဦးလွင် စိန်မေရီကျောင်းတွင် ဒသနိက ဗေဒဘာသာရပ် ပရော်ဖက်ဆာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ရောမမြို့တွင်ပညာတော်သင်သွားခဲ့သည်။ ပညာတော်သင်မှပြန်လာအပြီးတွင် လွိုင်ကော် ကက်သလစ်သာသနာ လက်အောက်ရှိ နာနတ်တောသာသနာဂွင်တွင် ဘုန်းကြီးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သည်။ ၂၀၀၅ခုနှစ်ကစပြီး သူသည် တောင်ကြီးရှိ စိန်မိုင်ကယ် အသင်းကြီးများတွင် သာသနာဦးဆောင်ခဲ့သည်။

၂၀၀၈ခုနှစ် ကက်သလစ်သာသနာ စာရင်းပြုစုချက်အရ လူဦးရေ ၁ဒသမ၅ မီလီယံရှိသည့်အနက် တောင်ကြီးကက်သလစ်ဘာသာဝင်မှာ ၇၃၅၀ဦးရှိသည်။ ဘုန်းကြီး ၂၉ဦး၊ သသာနာပြု စစ္စတာ ၆၆ဦး၊ ဘရာသာ ၂၂ဦး၊ စေတမန်၃၃ဦးနှင့် အခြားသာသနာလုပ်ငန်းလုပ်ဆောင်သူ ၂၇ဦးတို့မှ ၄င်းအသင်းတော် ၁၁ခုနှင့် အသင်းခွဲ ၇ခုကို ကြည့်ရှုလျက်ရှိပါသည်။



http://www.ktimes.org/index.php?option=com_content&view=article&id=204:-basilio-athai-&catid=1:latest-news&Itemid=50

No comments: