Jul 10, 2008

အမေး၊ အဖြေ။

အမေး၊ အဖြေ။

အမေး
။ ။ အိမ်တွေမှာ အမြတ်တနိုးချိတ် ထားကြတဲ့ ခရစ်တော်ရဲ့ ပုံတူတွေက တစ်ပုံ နဲ့တစ်ပုံ မတူညီကြပါဘူး။ တစ်မျိုးစီ ဖြစ်နေပါ တယ်။ ခရစ်တော်ရဲ့ပုံတော် တွေ ကို ဘယ်ပန်းချီ ဆရာက စတင်ဆွဲခဲ့သလဲ၊ ဘယ်ခုနှစ်က စတင် ရေးဆွဲခဲ့ပါသလဲ။


အဖြေ။ ။ ရှေးဦး ခရစ်ယာန်တွေဟာ ခရစ်တော်ရဲ့ ပုံတူ၊ ရုပ်ပုံတွေကို သူတို့ဝတ်ပြုကိုးကွယ်တဲ့နေရာမှာ အထောက်အကူ ရဘို့အတွက် ရေးဆွဲကာ ကြည်ညိုခဲ့ကြပါတယ်။ ဘယ်ခုနှစ်မှာ စတင် ရေးဆွဲတယ်။ ဘယ်ပန်းချီဆရာက စတင်ဆွဲခဲ့တယ်ဆိုတာတော့ အတိအကျမသိရပါဘူး။

ခရစ်သက္ကရာဇ် အေဒီ- ၂၆၀ မှာ မွေးဖွားခဲ့တဲ့ စီစီရေ မြို့က ဆရာတော်ကြီး ယူဆေးဘီးယားစ်ရဲ့ စာပေများမှာတော့ ရှေးဦးခရစ်ယာန်များ အသုံးပြုခဲ့တဲ့ ခရစ်တော်နဲ့ တပည့်တော်ကြီးများရဲ့ ပုံတူကား ချပ်များအကြောင်း ရေးသားထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ၂- ရာစု၊ ၃-ရာစု လောက်ကတည်းက ခရစ်တော်ရဲ့ ပုံတူကား ဒီဆရာတော်ကြီး နဲ့ မတိမ်းမယိမ်း အသက်ရှင်ခဲ့တဲ့ အီရေးနီးယားစ်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ဘာသာကွဲများဟာ ခရစ်တော်၊ ဗိုက်သာဂိုးရပ်စ်၊ ပလာတိုနဲ့ အရစ်တိုတဲလ်တို့ရဲ့ ကားချပ် ရုပ်ပုံများရေးဆွဲပြီး ကြည်ညိုကိုးကွယ်ကြတယ်လို့ ရေးသားထား ခဲ့ပါတယ်။ ဒါပေမဲ့ဒီပုံတော်တွေဟာ ခရစ်တော်ရဲ့ ပုံသဏ္ဍာန်၊ ရုပ်အဆင်းအစစ်အမှန်နဲ့တူ၊ မတူကိုတော့ ဆုံးဖြတ်ရခက်ပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဓမ္မသစ်ကျမ်းနဲ့ အသင်းတော်ရဲ့ ဖခင်ကြီးတွေက စာပေကျမ်းဂန်တွေမှာ ခရစ်တော်ရဲ့ ရုပ်၊ အင်္ဂါ အဆင်းသဏ္ဍာန် အကြောင်း ဖော်ပြထားတာ မရှိတဲ့အတွက်ကြောင့် ရာစုနှစ် အသီးသီးမှာ ခေတ်ရဲ့တောင်းဆိုမှု၊ လိုအပ်မှု ပုံစံအတိုင်း ဖန်တီး၊ ရေးဆွဲကြည်ညိုခဲ့ကြပါတယ်။ အများအားဖြင့်ကတော့ ခရစ်
တော်ရဲ့ ပုံပန်းသဏ္ဍာန်ကို အသွင်နှစ်မျိုးနဲ့ ရေးဆွဲခဲ့ကြပါတယ်။

(၁) ပထမတစ်ခုက - ဆာလကျံမ်း ၄၅း၃ မှာ တွေ့ရတဲ့ ''အရှင်မင်းကြီးသည် လူတကာတို့ထက် အဆင်းလှ၏။ မွန်မြတ် သော စကားကို မြွတ်ဆိုတတ်၏။” ဆိုတဲ့ ကျမ်းပိုဒ်ကို အခြေခံပြီး ချောမော၊ လှပ၊ ခန့်ညားတဲ့ ခရစ်တော်ရဲ့ပုံတူကိုရေးဆွဲခဲ့ကြပါတယ်။

(၂) နောက်တစ်မျိုး ကတော့ - (ဟေရှာယ အနာဂတ္တိကျမ်း ၅၃း၃) မှာ “ဂရုစိုက်စရာ၊ တင့်တယ်ခြင်းအဆင်းမရှိ၊
နှစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ” ဆိုတဲ့ အချက်ကို အခြေခံပြီး ခရစ်တော်ရဲ့ ဒုက္ခ စရိယာခံပုံနဲ့
အသေခံခြင်းပုံကိုဆွဲခဲ့ကြ ပါတယ်။

ဒီထက်မက အခြားသော ပုံစံမျိုး စုံနှင့်လည်း တွေ့ရပါတယ်။ (၄) ရာစု လောက်က လာတေရန် (Lateran) ပြတိုက် မှာ ပြထားတဲ့ပုံကတော့ အရပ်ပုပု၊ ဆံပင်ကောက်ကောက်နဲ့ မုတ်ဆိတ် မပါတဲ့ ခရစ်တော်ရဲ့ ငယ်ရွယ်၊ နုပျိုအဆင်းလှတဲ့ ပုံတော်မျိုးဖြစ်ပါတယ်။ အခြားတစ်မျိုးဖြစ်တဲ့ ခရစ်တော်ဟာ ဆံပင်ရှည်ရှည်၊ ကောက်ကောက်နဲ့ ထိုင်နေတဲ့ လူငယ်ကလေးအသွင်မျိုးနဲ့ ဆွဲထားတဲ့ ပုံကိုတော အေဒီ-၃၆၀ လောက်မှာ ဂျူးနီးအူးစ်ရဲ့ ဗာတီကန်ကဂူထဲမှာ တွေ့ခဲ့ရပြန်ပါတယ်။

နောက် (၄) ရာစုထဲမှာပဲ မြူးနစ်မြို့၊ အမျိုးသားပြတိုက်မှာ ဆင်စွယ်ပေါ်ထုထွင်းပုံဖော်ထားတဲ့ လူငယ်ဘ၀ အသွင်နဲ့ မိုးကောင်းကင်တက်နေတဲ့ ခရစ်တော်ရဲ့ ပုံမျိုးကို တွေ့ရပါတယ်။ နောက် (၆) ရာစုမှာ ရာဗီးနားမြို့က ဆရာတော်ကြီးဆီမှာ တွေ့ရတဲ့ ကျောက်စီ ပန်းချီကားချပ်ကတော့ ဆံပင်တိုတို၊ ကောက်ကောက်နဲ့ အတော်လေး ကြီးပြင်းလာတဲ့ လူငယ် အသွင် ပုံမျိုးနဲ့ခရစ်တော်ကို ချယ်မှုန်း ထားတာကို တွေ့ရပြန်ပါတယ်။ အေဒီ- ၄၄၀ မှာ ရာဗီးနားမြို့ကပဲ ဂါလာပလာဆီးဒါလ်ရဲ့ ပြတိုက်မှာ ငယ်ရွယ်၊ ခန့်ညားတဲ့ သိုးထိန်းကောင်းပုံမျိုးနဲ့ ကျောက်စီပန်းချီကားကို ထပ်မံတွေ့ရှိရပါတယ်။ အလွန်နာမည်ကြီးတဲ့ (Sistine
Chapel) စစ်တင်းဘုရားကျောင်းငယ်က မိုက်ကယ်အန်ဂျေလိုရဲ့ လက်ရာကတော့ နောက်ဆုံး စီရင်စစ်ကြောခြင်း ပန်းချီကားထဲမှာ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး မပါတဲ့ ခရစ်တော်ကို သူရဲကောင်းပုံမျိုးနဲ့ ခန့်ညားထယ်ဝါစွာမြင်နိုင်ပါတယ်။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးနဲ့ ခန့်ညားလှတဲ့ ခရစ်တော်ရဲ့ ပုံမျိုးကိုတော့ (၅) ရာစုလောက်မှာ တော်တော်များများတွေ့ရပါတယ်။ အဲဒီလို ပုံမျိုးတွေမှာ ခရစ်တော်ရဲ့ ဆံပင်ကို အလယ်ကခွဲထားပြီး နောက်ကျောမှာ ရှည်လျားစွာချထားတဲ့ ပုံမျိုးဖြစ်ပါတယ်။
အဲဒီလို ပုံဆွဲရခြင်းရဲ့ နောက်ခံသမိုင်းကတော့ အဲဒီအချိန်အခါတုန်းက ပညာရှိတွေ၊ ပရောဖက်တွေ၊ အတွေးအခေါ် ပညာရှင်တွေက ဆံပင်ရှည် ထားကြတဲ့ ဓလေ့ရှိတဲ့အတွက်ကြောင့် ခရစ်တော်ဟာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ ပညာရှိဖြစ်တယ်။

အားလုံးထက် သာလွန်တယ်ဆို တာကိုပြဖို့၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးရှည်ရှည် အလယ်ခွဲနဲ့ပုံစံ မျိုးကို ရေးဆွဲခဲ့ ကြတာလို့သိရ ပါတယ်။ ခရစ်တော်ရဲ့ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးနဲ့ ပုံစံကိုတော့ ၂- မျိုး တွေ့ရပါ တယ်။ ပထမတစ်မျိုးက ပါး၊ မေးနဲ့ နှုတ်ခမ်းအပေါ်အောက်တ၀ိုက်မှာ အမွေးအမျှင် အပြည့်နဲ့ပုံဖြစ်ပြီး၊ ဒုတိယ တစ်မျိုး ကတော့ ပါးနဲ့မေးစေ့မှာပဲ အမွေးအမျှင် ရှိပြီး အပေါ်အောက်နှုတ်ခမ်းပတ်ဝန်းကျင်မှာ ဘာအမွှေးမှမရှိတဲ့ ခရစ်တော်ရဲ့ ပုံတော် များကိုတွေ့ရပါတယ်။ ပထမတစ်မျိုးဖြစ်တဲ့ မုတ်ဆိတ် မွှေး၊ နှုတ်ခမ်းမွှေးအပြည့်နဲ့ ပုံမျိုးကို ရေးဆွဲ ရခြင်းကတော့ အထက်က ဖော်ပြခဲ့သလိုပဲ (၁) ခရစ်တော်ဟာ ပညာရှိ၊ အတွေးအခေါ် ပညာရှင်ကြီးဖြစ်တယ် ဆို တာကို ဖော်ဆောင်ချင်တာရယ်၊ (၂) နောက် တန်ခိုး၊ နိမိတ် လက္ခဏာတွေ ပြနိုင်တဲ့ တန်ခိုးရှင်ကြီး အနေနဲ့ ဖော်ပြချင်လို့ဖြစ်ပါတယ်။ ဤကဲ့သို့ ပုံမျိုးကိုတော့ ၃- ရာစုမှာပဲ လာတေရန် (Lateran) ပြတိုက်မှာ တွေ့နိုင်ပါတယ်။ (၃) ပညတ်တော်ပေးတဲ့ ပုဂ္ဂိုလ်ကြီး အဖြစ် ခန့်ညား ထယ်ဝါတဲ့ ခရစ်တော် အဖြစ်နဲ့လည်း ပုံဖော်ချင်လို့ ဖြစ်ပါတယ်။

(က) ဦးတည်ချက်နှင့်ရေးဆွဲထား သော ပုံများ (သို့) အကြောင်းအရာ တစ်ခုခုကို တင်ပြရန်ဆွဲထားသော ပုံများလည်း ရှိ ပါတယ်။
ရောမအင်ပါယာကြီးမှာ ရှေးဦး ခရစ်ယာန်တွေဟာ ညှဉ်းပမ်းနှိပ်စက်ခြင်းခံ နေခဲ့ကြရပါတယ်။ အဲဒီအချိန်မှာ ဘာသာဝင်တွေဟာ သူတို့ ရဲ့ကယ်တင်ခြင်း၊ ရှင်ပြန် ထမြောက်ခြင်းနဲ့ ထာဝရသုခချမ်းသာဆိုတဲ့ မျှော်လင့်ချက် အတွက် စိုးရိမ်ပူပန်မှုတွေနဲ့ မရဲတရဲ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ခရစ်တော်ဟာ သူတို့ရဲ့ မျှော်လင့်ချက်ဖြစ်တယ်။ ကယ်တင်ခြင်းရဲ့ အထိမ်းအမှတ်ဖြစ်တယ်။ သူတို့ရဲ့ ကယ်တင်ခြင်းဟာ သေချာတယ် ဆိုတာကို ပြသဘို့ သူတို့ ပုန်းအောင်းနေတဲ့ သင်္ချိုင်းဂူတွေရဲ့ နံရံတွေမှာ ခရစ်တော်ကို သူတို့ အားကိုး အားထားရတဲ့ ''သိုးထိန်းကောင်း" ပုံမျိုးနဲ့ ၂- ရာစု စောစောပိုင်းကာလကတည်းက ရေးဆွဲခဲ့ကြပါတယ်။ "သိုးထိန်းကောင်း" ပုံကို ဖော်ပြတဲ့နေရာမှာ ခရစ်တော်ဟာ ၀တ်ရုံရှည်ကို ၀တ်ပြီး သိုးငယ် ကို ပုခုံးပေါ်မှာ ကြင်နာစွာတင် ပြီး၊ ချီပိုက်ထား ပါတယ်။ ဘေးပတ်ပတ်လည် မှာလည်း သိုး တွေဟာ မော့ကြည့်ပြီး ၀ိုင်းနေ ကြပါတယ်။

ဒါဟာ (ဟေရှာယ အနာဂတ္တိ ကျမ်း ၄၀း၁၁) က အချက်ကို ဖွင့်ဟထားတာဖြစ်ပါတယ်။ နောက်ပြီး ကယ်တင်ခြင်းဆိုသည့် အချက်ကို ပြရန်အတွက် ခရစ်တော်ဟာ အပြစ်သားတွေကို ခေါ်ရန် အောက်နက်နဲသော အရပ်သို့ ဆင်းကြွနေတဲ့ ပုံများကိုလည်း မြင်နိုင်ပါတယ်။ ၄- ရာစုနဲ့ ၇- ရာစုကြားမှာတော့ ခရစ်တော် လူစင်စစ် အဖြစ် ယူတယ် ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိလာတာကြောင့် ခရစ်တော်ဟာ လူသား စစ်စစ်ဖြစ်တယ်၊ သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်တယ် ဆိုတာကို ပြဘို့ လူသားဆန်ဆန်ပုံမျိုးကို ရေးဆွဲခဲ့ကြပါတယ်။ ၈ - ရာစုမှာ John of Bamasum ဆွဲခဲ့တဲ့ ပုံကတော့ ခရစ်တော်ဟာ မျက်ခုံး မွေးထူထူ၊ ဆံပင် အနည်းငယ်ကောက် ကောက်၊ အရပ်ရှည်ရှည်နဲ့ ချောမောပြေပြစ် တဲ့ ခရစ်တော်ပုံကို ဆွဲခဲ့ပါတယ်။ သူ့ရဲ့ မျက်နှာ ကတော့ ဘဲဥပုံလို မတိုမရှည် သွယ် သွယ်နှင့် အသားရည်က ညိုဝါ၀ါ၊ ဆံပင် နဲ့မုတ်ဆိတ်ကတော့ ရင့်မှည့်တဲ့ ဂျုံစပါး အရောင်မျိုးနဲ့ ဆွဲထားတာကို တွေ့ရပါတယ်။

(ခ) တန်ခိုး၊ ဣဒ္ဓိပါတ်နဲ့ ပြည့်စုံသော ခရစ်တော်၏ ပုံတော်
ဟေရှာယ အနာဂတ္တိကျမ်း၊ ယေဇကျေလ အနာဂတ္တိကျမ်း၊ ဒံယေလ အနာဂတ္တိကျမ်းနဲ့ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတဲ့ ကမ္ဘာကုန်လျှင် ဖြစ်ပျက်မဲ့ အချင်းအရာတွေဖြစ်တဲ့ မိုးချုန်းခြင်း၊ လျှပ်စီးလျှပ်ခြင်း၊ တိမ်တိုက်များနှင့် ခရစ်တော်ဟာ ကောင်းကင် သိကြားတမန်များ ခြံရံလျှက် ဆင်းကြွ လာတဲ့ပုံကို ၄-၅ ရာစုလောက်မှာ ရေးဆွဲပုံဖော်ခဲ့ပါတယ်။ ခြင်္သေ့၊ နွားသိုး၊ လူ၊ သိမ်းငှက် စတဲ့ သတ္တ၀ါ (၄) မျိုးခြံရံထားတဲ့ ခရစ်တော်ရဲ့ပုံတူကိုလည်း နောက်ဆုံး စစ်ကြောစီရင်ခြင်း ရှုခင်းနဲ့အတူ တွေ့ရပါတယ်။

(ဂ) ခရစ်တော်၏ အလောင်းပုံ တော် ၄- ရာစုမှ ၇- ရာစုအထိ ခရစ်တော်ရဲ့ လူဖြစ်ခြင်း၊ လူ့အဖြစ်ကို ယူပြီး လူစင်စစ်ဖြစ်တော်မူတယ်ဆိုတဲ့ အကြောင်းကို အလေးထားဖော်ပြဘို့ အတွက် ခရစ်တော်ရဲ့ အလောင်းတော်ပုံကို ရေးဆွဲခဲ့ကြပါတယ်။ ဆိုလိုတာက သူဟာ လူဖြစ်လာတယ်၊ အသေသတ်ခံရပြီးတဲ့အခါမှာ လူရဲ့ဓမ္မတာသဘောအတိုင်း အလောင်းကောင်ရှိတယ် လို့ဆိုလိုတာပါပဲ။ အဲဒီ ပုံမျိုးကို ဗြိတိသျှပြတိုက်မှာ ၁၀၀၆ ခုနှစ်ကတည်းကတွေ့ရပြီး Kaphri ရသေ့ကျောင်းမှာကျောက်စီ ပန်းချီ ကားနဲ့ တွေ့ရပါ တယ်။

(ဃ) ယေဇူးရွှေ နှလုံးတော်ပုံ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာဟာ လူတွေ ပေါ်မှာ ဘယ်လောက်ထိ အောင်ကြီးမားတယ်ဆိုတာ ပြသတဲ့ပုံဖြစ်ပါတယ်။ ဒီပုံ မျိုးကတော့ ၁၆၇၄ ခုနှစ်မှာ ခရစ်တော်က မာဂရက် မေရီဆိုတဲ့ စစ္စတာရ် တစ်ပါးကို ထင်ရှားပြတဲ့ ရူပါရုံကနေ အခြေခံတာဖြစ်ပါတယ်။လှံဒဏ်ရာ ဟက်တက်နဲ့ ခရစ်တော်ရဲ့ နှလုံးသားထိပ်မှာ မီးတောက်လောင်ရှိပြီး နှလုံးသား ပတ်လည်မှာလည်းဆူးခွေပါတ်ထားတယ်။ နောက် မီးတောက်ကြားမှာ ကားတိုင် စိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။

(င) မိမိလူမျိုးစု မျက်နှာ ပုံပန်းသဏ္ဍာန်တိုင်းဆွဲထားသော ခရစ်တော်ပုံ မိမိရဲ့ လူမျိုး မျက်နှာအတိုင်းပုံ ဖော်ထားပေမယ့်လို့လဲ၊ အနောက်တိုင်း ဓလေ့အတိုင်း ခရစ်တော်ဟာ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွေးပါတဲ့ သဏ္ဍာန်ဖြင့်သာ တွေ့ရပါတယ်လို့ ဖြေကြားလိုက်ရပါတယ်။

ဝဿန်မိုး

No comments: