Jul 9, 2008

ကျွန်ုပ်တို့တွေ ဘာတွေကြောင့် အငြင်းပွားတိုက်ခိုက်နေကြတာလဲ။


ကျွန်ုပ်တို့တွေ ဘာတွေကြောင့် အငြင်းပွားတိုက်ခိုက်နေကြတာလဲ။

ကျွန်တော်သည် သံယာကုပ်၏ သြ၀ါဒစာစောင်ကို အလွန်နှစ်သက်ပါသည်။ သံယာကုပ်သည် ကျွန်တော် အနှစ်သက် ဆုံး တမန်တော်ကြီးတစ်ပါးဖြစ်သည်။ သံယာကုပ်သည် အမြဲတမ်း လက်တွေ့ကျသောသူဖြစ်သည်။ သံပေါလုသည် ဓမ္မသဂြိုလ်ပညာ (Theology) နှင့် အသင်းတော်၏ သွန်သင်ချက် အယူဝါဒများကို စိတ်ဝင်စားတတ်၏။ သံယာကုပ်မှာမူ ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀အသက်တာ၌ ကောင်းမွန်သောလူသားများ မည်ကဲ့သို့ ဖြစ်လာရမည်ဆိုသည့် ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာကိုသာ ပိုမိုစိတ်ဝင်စားလေသည်။ သင့်အနေဖြင့် လက်တွေ့ကျသော အရာများကို စဉ်းစားဆင်ခြင် နိုင်ရန် သံယာကုပ် သြ၀ါဒစာစောင်ထဲမှ အခန်းကြီး (၄)သည် အကောင်းဆုံး ဥပမာတစ်ခု ဖြစ်သည်။ ထိုကျမ်း၌ သူသည် ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး အဘယ့်ကြောင့် တိုက်ခိုက် နေကြသည်ကို ပြောပြထား လေသည်။

ကျွန်ုပ်တို့တွေဘာကြောင့်အငြင်းပွား တိုက်ခိုက်နေကြတာလဲ။ အဘယ့်ကြောင့် ကျွန်ုပ်တို့ မိသားစုနှင့် မိတ်ဆွေ
အပေါင်းအသင်းတွေကြားမှာ အငြင်းပွားမှု အများအပြားဖြစ်ပွားနေရတာလဲ။ ဘာကြောင့် ညီအစ်ကိုနှင့် မောင်နှမ၊ မိတ်ဆွေသူငယ်ချင်း၊ ခင်ပွန်းနှင့် ဇနီးသည်တွေဟာ တစ်ယောက် နှင့် တစ်ယောက် ပေါင်းသင်းဆက်ဆံဖို့သည်လောက်ထိ ခက်ခဲနေကြရတာလဲ။ သင်တို့အကြားက တိုက်ခိုက်မှုနှင့်အငြင်းပွားတွေ အားလုံးဟာ ဘယ်ကနေဖြစ်ပေါ်လာရတာလဲ။ သံယာကုပ်ကမေးနေပါတယ်။ ကျွန်ုပ်တို့တွေ၏ ဘ၀များထဲမှ တိုက်ခိုက်မှုတွေနှင့် ပတ်သက်ပြီး အကြောင်းအရင်းများစွာရှိကြောင်း သူကပြောပြပါသည်။

ပထမဦးဆုံး အနေဖြင့် ကျွန်ုပ်တို့သည် တစ်စုံတစ်ရာကို လိုချင်သဖြင့် တိုက်ခိုက်ကြခြင်းဖြစ်သည်ဟု သူကဆို လေသည်။ ကျွန်ုပ်တို့ လိုလားသည့်အရာကို မရရှိသောအခါ ကျွန်ုပ်တို့သည် ရူးသွပ်သွားကြပြီး တိုက်ခိုက်ကြလေတော့သည်။ ကလေးငယ်နှစ်ဦး တစ်ပြိုင်တည်း မရရှိနိုင်သောကစားစရာလေး အတွက် နှစ်ယောက် တိုက်ခိုက်ကြလေသည်။ အရွယ်ရောက်နေသော သူများလည်း တစ်ခါတရံမှာ ထို့အတူပင်ဖြစ် လေသည်။

လူနှစ်ယောက်သည် တူညီသော အရာတစ်ခုကို လိုချင်ကြသည်။ ထိုအရာအတွက် သူတို့ နှစ်ဦးလည်း တိုက်ခိုက်ကြလေတော့သည်။ ကျွန်ုပ်တို့သည် ကားကိုမည်သူက အရင် အသုံးပြုမည် ဆိုတာနှင့် ပတ်သက်၍ အငြင်းပွားတိုက်ခိုက်ကြသည်။ မည်သည့် ရုပ်မြင်သံကြား အစီအစဉ်ကို အရင်ဦးစွာ ကြည့်ရှုမည်ဆိုတာနှင့်လည်း တိုက်ခိုက်ကြလေသည်။ သံယာကုပ်က ကျွန်ုပ်တို့သည် တစ်စုံတစ်ရာကို လိုလား ပိုင်ဆိုင်ချင်သဖြင့် တိုက်ခိုက်ကြသည်။ ထိုအရာများကို မရရှိကြသောခါ ရူးသွပ်လာကြပြီး အငြင်းပွားတိုက်ခိုက်
ကြခြင်းဖြစ်သည်ဟု ဆိုလေသည်။

ဒုတိယအချက်အနေနှင့် ကျွန်ုပ်တို့သည် မနာလိုဝန်တိုခြင်းများဖြင့် ပြည့်နှက် နေ၍ တိုက်ခိုက်ကြခြင်းဖြစ်သည် ဟု သံယာကုပ်က ဆိုလေသည်။ တစ်စုံတစ်ယောက်ထံ၌ ကျွန်ုပ်တို့တွင် မရှိသော တစ်စုံတစ်ရာရှိလေသည်။ ကျွန်ုပ်တို့ သည် သူ့ထံတွင် ရှိသောအရာကြောင့် သူ့အား မနာလို ၀န်တိုဖြစ်ကြသည်။ ကျွန်ုပ်တို့၌ မရှိသောအရာက သူတစ်ပါးတွင် ရှိသော အခါကျွန်ုပ်တို့သည်မနာလိုဖြစ်ကာ ရူးသွပ်ကြလေသည်။ ထို့နောက်မှာတော့ ကျွန်ုပ်တို့ တိုက်ခိုက်ကြလေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အခြေခံ
သဘာဝအားဖြင့် အလွန်လောဘကြီးမား၍ ပိုင်ဆိုင်ရယူလိုစိတ် များသော ကြောင့် ဖြစ်သည်။ တခြားသော စီးပွားရေး လုပ်ငန်းရှင်သည် ကျွန်ုပ်ထက် ပိုမို၍ အောင်မြင်လေသည်။ သို့မဟုတ် သူငယ်ချင်းတစ်ယောက်က ကျွန်ုပ်ထက်ပို၍ ချောမောလှပသည်။ ဤတွင် ကျွန်ုပ် တိုက်ခိုက်လေတော့သည်။ အကြောင်းမှာ သူတို့ထံ၌ ကျွန်ုပ်လိုလား နှစ်သက်ပြီး ကျွန်ုပ်ထံ၌မရှိသော အရာ များရှိနေခြင်းကြောင့်ဖြစ်လေသည်။

အကြောင်းမှာ ကျွန်ုပ်တို့သည် တစ်ကိုယ်ကောင်းဆန်သော စိတ်နှင့် မကောင်းသည့် စိတ်များဖြင့်သာ အရာရာ ကို ထာဝစဉ်တောင်းဆိုနေတတ်ခြင်း ကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် အရာရာကို ကျွန်ုပ်တို့၏ ပျော်ရွှင်မှု အတွက်သာ အမြဲတမ်းတောင်းဆိုတတ် ကြသည်ဟု သံယာကုပ်က ဆိုလေသည်။ ကျွန်ုပ်တို့၏ အတ္တစိတ်များ ပျက်ပြားသွာ:ရသည့်အခါနှင့် ကျွန်ုပ်တို့ မိမိကိုယ်ကျိုးကိုသာ ကြည့်၍ လိုချင်ခဲ့သော အရာများကို မရရှိကြသောအခါ ကျွန်ုပ်တို့သည် ဒေါသများဖြစ်လာကြသည်။ ထို့အပြင် အနီးအနား ၌ရှိကြသော ခင်ပွန်း၊ ဇနီး သို့မဟုတ် မိတ်ဆွေတစ်ယောက်ယောက်ကို ရန်စောင်ကြလေတော့သည်။ သင့်အနေဖြင့် ပါတီပွဲ သွားချင်သည်၊ သို့သော်လည်း သင့်ဖခင်က သင့်အား အိမ်၌သာနေ၍ စာကျက်စေလိုသည်။ ထိုအခါ သင်သည် ရူးသွပ်လာပြီး အိမ်၌ရှိသော လူအားလုံးနှင့် အငြင်းပွားတိုက်ခိုက်လေ၏။ သင်အမှန် တကယ် ဒေါသထွက်ခြင်းမှာ သင်၏ ခင်ပွန်း၊ ဇနီး၊ သူငယ်ချင်းနှင့် မိဘတို့ကို မဟုတ်ပါ။ သင်အလိုရှိခဲ့သည့်အရာကို မရရှိသဖြင့် ဒေါသထွက်ခြင်းသာဖြစ်သည်။ သင်ဒေါသထွက်သည့် အကြောင်းမှာ ထိုအရာကို သင်ကအလွန်မှလိုချင် နေသော ကြောင့်ဖြစ်နိုင်သည်။ သို့သော်လည်းသင်သည် ထိုအရာကို မရရှိနိုင်ခဲ့ချေ။ ကျွန်ုပ်တို့၏ အငြင်းပွား တိုက်ခိုက်မှုများ ကို ဖြေရှင်းဖို့ရန် နည်းလမ်းကတော့ဖြင့် လိုချင်တပ်မက်မှုများကို လျှော့ချဖို့ရန် သာဖြစ်သည်။ ကျွန်ုပ်တို့၏ လိုအပ်မှုနှင့် လိုချင်တပ်မက်မှုများကို သန့်စင် ဖြေရှင်းလိုက်မည်ဆိုလျှင် ကျွန်ုပ် တို့သည် စိတ်ပျက်အားငယ်ခြင်းတို့ လျော့နည်း လာပါလိမ့်မည်။ ဗုဒ္ဓဂေါတမ ကလည်း ဘ၀၏ နာကျင်မှုများသည် လိုချင်တပ်မက်မှုဆန္ဒများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သင်ကြားခဲ့ပါသည်။ လိုချင်တပ်မက်မှုဆန္ဒများကို လျော့ချလိုက်ပါ။ ကျွန်ုပ်တို့၏ နာကျင်မှုဒုက္ခဝေဒနာများနှင့် စိတ်ပျက်ခြင်းများလည်း နည်းပါးလာလိမ့်မည်။

ကျွန်ုပ်တို့၌ လိုအင်ဆန္ဒနည်းပါးလေလေ၊ ကျွန်ုပ်တို့ထံ၌ အငြင်းပွားတိုက်ခိုက်ခြင်းများ နည်းပါးလာ လေလေဖြစ်လိမ့်မည်။ လိုချင်တပ်မက်မှုများပြားခြင်း။ မှားယွင်းသော အရာများကို လိုလားခြင်း။ သူတစ်ပါးထံ၌ရှိသော အရာကို မနာလို ၀န်တိုခြင်း။ ဤအရာများသည် ကျွန်ုပ်တို့ အငြင်းပွားတိုက်ခိုက်မှုများ၏ အကြောင်း ရင်းဖြစ်သည်။ လိုအင်ဆန္ဒနည်းပါစေ။ ဝေမျှတတ်ခြင်းနှင့်အလျှော့ပေးခြင်းတို့ကို လိုလားပါ။ ကျွန်ုပ်၌ရှိသောအရာနှင့် ကျေနပ်ရောင့်ရဲတတ်ပါ။ ဤအရာသည် ကျွန်ုပ်တို့ မိသားစုနှင့် မိတ်ဆွေများ အကြားတွင် တိုက်ခိုက်မှုများကို မည်ကဲ့သို့ ရှောင်ရှားနိုင်သည်ဆိုသည့် အချက်ပင် ဖြစ်သည်။ ထိုအရာများမှ ခရစ်တော်ထပ်ကာ၊ထပ်ကာ အမြဲတမ်း သင်ကြားပေးနေသော သင်ခန်းစာဖြစ်သည့် ချစ်ခြင်း မေတ္တာနှင့် ကိုယ်ကျိုးမကြည့်တတ်ခြင်းကို ဖြစ်ပေါ်လာပေလိမ့်မည်။

သံယာကုပ်သည် အမြဲလက်တွေ့ကျသော ဆရာဖြစ်သည်။ လိုအင်ဆန္ဒနည်းပါစေ။ တိုက်ခိုက်မှုလည်း နည်းလာမည်ဟု သူဆိုလေသည်။ သို့သော်လည်း ထိုသြ၀ါဒစာစောင် အခန်းကြီး (၄)၏ နောက်ဆုံးပိုင်း တက်ဝက်ခန့်၌ သံယာကုပ်က ကျွန်ုပ်တို့၏ ဘ၀များကို ညစ်ညူးစေပြီး ကျွန်ုပ်တို့၏ ငြိမ်းချမ်းမှုများကို ပျက်စီးစေသည့် တိုက်ခိုက် အငြင်းပွားခြင်းများအတွက် အခြေခံလက်တွေ့ ကျသော အခြားဥပဒေ နှစ်ခုကို ထပ်ပေါင်းထည့် ထားလေသည်။ သူများကို ကဲ့ရဲ့ခြင်းမပြုနှင့်။ မိမိကိုယ်ကိုယ် ၀ါကြွားခြင်းမပြုနှင့်ဟု သံယာကုပ်ဆိုခဲ့လေသည်။ ကဲ့ရဲ့ဝေဖန်တတ် ခြင်းသည် အမှန်မှာ မနာလိုဝန်တိုမှုဖြစ်ပြီး လိုချင်တပ်မက်မှုကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ထိုအရာတို့က လူတို့အား ရူးသွပ်မှုကို ဖြစ်စေပြီး ကျွန်ုပ်တို့ တိုက်ခိုက်ကြခြင်းဖြစ်သည်။ ၀ါကြွားခြင်းသည် ကျွန်ုပ်တို့ ဖုံးကွယ်နေကျဖြစ်သော အရာများအတွက် အကာ အကွယ်ဖြစ်သည်။ သို့မဟုတ်လည်း ကျွန်ုပ်တို့အမှန်တကယ် လိုချင်သောအရာကို မရရှိသည့် အခါ၌ အစားထိုးထားသောအကြောင်းအရာများပင်ဖြစ်သည်။

ကျွန်ုပ်တို့၌ ရှိသောအရာ၊ ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့သောအရာများကိုသာအမြဲတမ်းပြောနေတတ်သဖြင့် ကျွန်ုပ်တို့၏ မိတ်ဆွေများက ကျွန်ုပ်တို့ကို ညိုငြင်လာကြသည်။ ထို့နောက်မှာတော့ ကျွန်ုပ်တို့ အငြင်းပွား တိုက်ခိုက်ကြလေသည်။ လိုအင်ဆန္ဒ နည်းပါစေ။ သူတစ်ပါးအားကဲ့ရဲ့ ဝေဖန်ခြင်းမပြုနှင့်။ ကြွားဝါခြင်း မပြုနှင့်။ ဤအရာများသည် ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ချစ်ခြင်းမေတ္တာတရား တည်ရှိနေသော အခါ ကျွန်ုပ်တို့၏ အငြင်းပွားတိုက်ခိုက်ခြင်းများလည်း လျော့နည်းသွားပေလိမ့်မည်။

(Soseph A.Galdon, S.J) ''The MustardSeed" Reflections for Daily Living" စာအုပ်မှ '' Why do we fight?'' ကို ပြန်ဆိုသည်။

-ဂမုနုန်း (မိုးမောက်) -

No comments: