Dec 4, 2008

မိသားစုဝိညာဉ်ရေးရာ အမြင်သစ်


မိသားစုဝိညာဉ်ရေးရာ အမြင်သစ်

သင်၏ ယခုနှစ် လက်ရှိဘ၀အား နောက်နှစ်တွင် မည်ကဲ့သို့ တမူထူးခြား ပြောင်းလဲ စေချင်သနည်းဟု အစချီလျှက်၊ သြစတြေးလျ ကက်သလစ်စာရေးဆရာ မက်သယူးကယ်လီ (Matthew Kelly) က မိသားစု အတွင်းရှိ ပဋိပက္ခများအား ဖြေရှင်းနိုင်ရန်နှင့် ၀ိညာဉ်ရေး ခွန်အားရရန် အချက် (၅) ချက်ကို သြစတြေးလျနိုင်ငံ ဟန်တင်ဂန် (Huntingun) မြို့ရှိ စိန်ပီတာနှင့် စိန်ပေါလ် ဘုရားကျောင်းတွင် ဟောပြောခဲ့ပါသည်။

ကျွန်ုပ်တို့သည် ယဉ်ကျေးမှု ပဋိပက္ခများအကြားတွင် တည်ရှိနေကြသည်။ ထိုယဉ်ကျေးမှု ပဋိပက္ခ တရားကြီးသည် နံပါတ် (၁) ပစ်မှတ်အဖြစ် မိသားစုများဆီသို့ တိုက်ရိုက် တိုက်ခိုက်၍ဖြိုခွဲရန် တာစူနေသည်ဟု သူကဆိုပါသည်။ လူ၏ အကျင့်ပြောင်းလဲပါက ဘ၀သည်လည်း ပြောင်းလဲသွားပါသည်။ ထို့ကြောင့် မိသားစု၏ ဘ၀နှင့် ၀ိညာဉ်ရေး ဆိုင်ရာ တိုးတက်မှုရရှိရန်အတွက် အောက်ပါအချက် (၅) ချက်ကို လိုက်နာရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

(၁)မှန်ကန်သော မေးခွန်းကိုမေးပါ။
သင်၏ကလေးငယ်အားအကောင်းဆုံး သင်ကြားပေးခြင်းနှင့် အကောင်းဆုံး ဘ၀မြှင့်တင်ပေးခြင်းသည် သူတို့အား မှန်ကန်သော ဆုံးဖြတ်ချက်ကိုချခိုင်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့နေ့တိုင်း ကြုံတွေ့နေရသော အရေးကြီးဆုံး ပြဿနာမှာ ဆုံးဖြတ်ချက်ချခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆုံးဖြတ်ချက်သည် အကျင့်ကို ဖြစ်ပေါ်စေသည်။ အကျင့်သည် စာရိတ္တကို ဖြစ်ပေါ်စေသည်။ စာရိတ္တသည် သင်၏ ဘ၀ပန်းတိုင်ပင်ဖြစ်သည်။ သင်သည် ဘ၀နှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို မချတတ်ပါက ဒုက္ခတွေ့လိမ့်မည်၊ သင်၏ကလေးငယ်သည် သင်၏လမ်းညွှန်မှုလိုအပ်သော အခြေအနေတစ်ခုကိုတင်ပြပါက သင့်အနေဖြင့် သူ့အား အခြေအနေ တစ်ခုလုံးကို သုံးသပ်ပြလျှက် အဘယ် အရာသည် အကောင်းဆုံးဖြစ်မည်ကို စဉ်းစားခိုင်းပါ။

(၂) အတူတကွဆုတောင်းပါ
မိသားစုတစ်စုအနေဖြင့်အတူတကွ ဆုတောင်းရန် အခြေအနေအမျိုးမျိုး ရှိသည်။ သို့သော် အကောင်းဆုံးသော အချက်သည်ကား တနင်္ဂနွေ ဧ၀ံဂေလိကျမ်းစာကို အတူတကွ ထောက်ရှုခြင်းဖြစ်သည်။ တနင်္ဂနွေ မစ္ဆားတရားသည် အထူး သဖြင့် ကလေးငယ်များအတွက် အနှောင့်အယှက်ရှိကောင်းရှိ ပေလိမ့်မည်။ ကျွန်ုပ်တို့အနေဖြင့် ဘ၀တွင် ကြိုတင်ပြင်ဆင်မှုရှိပါမှ ပို၍အကျိုးရှိပေလိမ့်မည်။ အကယ်၍ သင်သည် တနင်္ဂနွေမစ္ဆားတရား၏ ဧ၀ံဂေလိ ကျမ်းစာကို ကြိုတင်ပြင်ဆင် ဖတ်ရှုမထားပါက ထိုမစ္ဆားတရား၏ ဦးတည်ချက်နှင့် အနှစ်သာရကို သင်နားလည် လိမ့်မည်မဟုတ်ပေ။

(၃) မိသားစုယဉ်ကျေးမှုကို ဖွဲ့စည်းပါ။
မိသားစု၏ ယဉ်ကျေးမှု သို့တည်း မဟုတ်မိသားစု၏ ရိုးရာဟန်ပန် ဓလေ့ထုံးစံကို တည်ဆောက်ရန် နည်းလမ်းတစ်ခုသည်ကား မိသားစု ညစာထမင်းဝိုင်း အတူစားခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ မိသားစုသည် ရက်သတ္တပါတ်တွင်မှ တစ်ခါလောက် ညစာအတူတူ မစားပါက သင်၏ မိသားစုတွင် ပြဿနာပေါ်လိမ့်မည်ဖြစ်သည်။ သင်၏ အိမ်တွင် သင်၏ မိသားစုနေထိုင်သော်လည်း အတူတကွ ညစာထမင်းမစားပါက သင်၏အိမ်သည် တည်းခိုခန်း တစ်ခုနှယ်ဖြစ်သွားပေလိမ့်မည်။ ဆရာကြီးကယ်လီက ထပ်မံပြောကြားရာတွင် ထမင်းဝိုင်းမစမှီ မိဘတို့က ဆုတောင်းမေတ္တာ တစ်ခုခုကိုရွတ်ဆိုသင့်သည်။ ရင်တွင်းမှ ထွက်ပေါ်လာသောဆုတောင်း မေတ္တာကို ထမင်းဝိုင်းမစမီ အချိန်တိုင်း တစ်လခန့်မျှ ရွတ်ဆိုပေးခြင်းဖြင့် သားသမီးတို့ အကျင့်ရလာပြီး မကြာမီပင် သူတို့ ဦးဆောင်နိုင်မည်ဖြစ်သည်။ သင်၏ မေတ္တာသည်တိုရမည် ရိုးစင်းရမည်။ ထို့အတူရင်တွင်းမှ ထွက်ပေါ်လာသော ဆုတောင်းမေတ္တာဖြစ်ရမည်။



(၄) ရိုးစင်းသောမိသားစုဘ၀ကို တည်ဆောက်ပါ။
မိသားစု၏ အလုပ်ကိုမိသားစုဝင် ကိုယ်တိုင်မှပြုလုပ်ဆောင်ရွက်ကြခြင်းဖြင့် ဘ၀တွင်လူတိုင်း၏ အရေးပါ အရာရောက်မှုကို ဦးစားပေးရာရောက်၏။ အထူးသဖြင့် သင်တို့၏ကလေးငယ်တို့အားဟိုဟာ မလုပ်ရ၊ ဒီဟာ မကိုင်ရဟု အရာရာတိုင်းအား တားမြစ်ချက်ပေးထားသည်ထက် သူတို့ကိုယ်၌က မိသားစု၏ စာရင်းဝင်အဖြစ် ခံစားလာရအောင် ကိုယ်ကျင့်တရား ၀ိညာဉ်ရေးရာ စသည့်အရာရာတိုင်း၌ ပါဝင်လာနိုင်စေရန် အကူအညီပေးပါ။ ထိုအချက်သည် သင်က သင်၏မိသားစုဝင် ကလေးငယ်တို့အားပြုလုပ်သော အကောင်းဆုံး ကူညီမှုပင်ဖြစ်သည်။

(၅) အစေခံတတ်သော စိတ်ဓာတ်ကို မြေတောင်မြှောက်ပေးပါ။
ဘ၀၌ ပျော်ရွှင်မှု ရရှိသောသူများတွင် တခြားသူများနှင့် မတူညီသော အချက်တစ်ချက်ရှိသည်။ ၎င်းင်းကား အကူအညီပေး တတ်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘ၀ကို သူတစ်ပါးအား အစေခံခြင်း၌ မြှပ်နှံထားပါက ကျွန်ုပ်တို့တွင် ကျေနပ်နှစ်သိမ့်မှုပြည့်စုံမှုနှင့် နက်ရှိုင်းသော ပျော်ရွှင်မှုတို့ရရှိမည် ဖြစ်သည်။ သင်၏ကလေးငယ်တို့အား အကောင်းဆုံးသော မိသားစုဘ၀အဖွဲ့ အစည်းနှင့် အသင်းတော်တည်ဆောက်ရန် ကူညီပေးပါ။


William Cone ၏ Spiritual Perspectives on Family Challenges ကို ပြန်ဆိုပါသည်။

အောင်မြင့်ဦး (ပြည်)



No comments: