Oct 1, 2008

ကောင်းကင်အတွက် လှေခါးထစ်လေး


ကောင်းကင်အတွက် လှေခါးထစ်လေး

ချစ်ခြင်းမေတ္တာဟာ သက်ရှိသတ္တ၀ါတိုင်း လိုလားတောင့်တကြတဲ့အရာလေးပါ။ ဘုရားသခင်မရှိဘဲ ကမ္ဘာလောကကြီးတည် ရှိဖို့ရာမဖြစ်နိုင်သလို ချစ်ခြင်းမေတ္တာ မရှိဘဲပြည့်စုံ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ လူသားတွေသာမကသေးငယ်လှတဲ့ပန်းလေး တစ်ပင်တောင် သူတို့ ဂရုတစိုက်ပေါင်းသင် ရေလောင်းပေးမှုကို ရပါမှ အနာအဆာကင်းပြီး လှပတဲ့ပန်းလေးတွေကို ပွင့်လန်းပေးနိုင်မှာပါ။ လူဟာ အမိဝမ်းထဲမှာကတည်းက ချစ်ခြင်းမေတ္တာရဲ့ နွေးထွေးလုံခြုံမှုကို စတင်ခံစားတတ်ခဲ့ရတယ်။ ကလေးဘ၀ကစပြီး လိုအပ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ လူ့ဘ၀ရဲ့ နောက်ဆုံးနေ၀င်ချိန်တိုင် မရှိမဖြစ်လိုအပ်တဲ့ အရာလေးဖြစ်နေပါတယ်။ လူငယ်လူရွယ်၊ လူကြီးပါမကျန် ချစ်ခြင်းမေတ္တာရဲ့နှောင်ဖွဲ့မှုကို ခုံမင်စွာနဲ့လက်ခံနေကြပါတယ်။

ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလုပ်ငန်း
ဟာလည်း ချစ်ခြင်းမေတ္တာနဲ့ အစပြုခဲ့သလို ခရစ်တော်ရဲ့ကားတိုင်ပေါ်မှာ သွေးတစ်စက်မကျန် သွန်းလောင်းပြီး အသက်တော်စွန့်ခဲ့ခြင်းဟာလည်း ချစ်ခြင်းမေတ္တာကြောင့်ပဲ မဟုတ်ပါလား။ ခရစ်တော်ဟာကဲ့ရဲ့ ပြစ်တင်ဝေဖန်မှုနဲ့ အတူဒုက္ခစရိယာလမ်းကို ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားကြောင့်သာလျှင် ခံထမ်းသွားခဲ့တာပါ။ ခရစ်တော်ဟာ သူ့ကို ချစ်တဲ့သူကိုသာ သူ့ရဲ့အချစ်ကို ပေးခဲ့တာ မဟုတ်ပါဘူး။ သူ့ကိုဆန့်ကျင်ပြီး မလိုမုန်းထားတဲ့သူတွေအပေါ်မှာပါ သူ့အချစ်တွေပေးခဲ့ကာ နမူနာချန်ထားခဲ့ပါပြီ။ ဆားမပါတဲ့ဟင်းဟာ အရသာ ပြည့်စုံမှုမရှိသလို ချစ်ခြင်းမေတ္တာမရှိတဲ့ ဘ၀ (သို့) တစ်ပါးသူအပေါ် ချစ်ခြင်းမေတ္တာ မပြနိုင်တဲ့ဘ၀ဟာလည်း ပျော်ရွှင်မှုအစစ်အမှန်ကို ရရှိမှာမဟုတ်ပါဘူး။ ဒီကမ္ဘာကြီး၊ တိုင်းပြည်၊ မြို့နယ်၊ ရပ်ကွက်၊ မိသားစုအစရှိတဲ့ အသင်းအဖွဲ့တွေ ငြိမ်းချမ်းခြင်းနဲ့ အဓွန့်ရှည်စွာတည်နေနိုင်ဖို့ရာ ချစ်ခြင်းမေတ္တာဟာ အရေးကြီးဆုံး ဖြစ်နေပါတယ်။

ချစ်ခြင်းမေတ္တာကို လူတိုင်းခံစားဖူးသလို တစ်ပါးသူကိုလည်း ပေးခဲ့ကြဖူးမှာပါ။ လူတွေဟာ ဘယ်အရာကိုပဲလုပ်လုပ် ချစ်ခြင်းမေတ္တာကိုပဲ ဦးတည် ပုံဖော်နေကြပါတယ်။ ဘုရားကျောင်းတက်တာလ ဘုရားကိုချစ်လို့ သက်သေပြခြင်းဖြစ်သလို ဆင်းရဲသားအတွက် ပေးကမ်းစွန့်ကြဲလိုက်တာလဲ ဘုရားသခင်ကို သိအောင် မိမိရဲ့အချစ်ကို ပေးကမ်းစွန့်ကြဲခြင်းအနေနဲ့ သက်သေပြလိုက်တာပါပဲ။ အချစ်ဟာဓါးတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ပြနိုင်မှ အချစ်မဟုတ်ပါဘူး။ သူလိုအပ်နေတဲ့ အချိန်မှာကိုယ်ကသူ့အတွက် ဖြစ်နေခြင်းဟာလဲ ချစ်ခြင်းမေတ္တာပါပဲ။ ကြီးမားတဲ့ပေးအပ်မှုတွေမှ မဟုတ်ပါဘူး၊ လိုအပ်တဲ့နေရာမှာ လိုအပ်သလို ဖြည့်စွမ်းပေးခြင်း ဟာလည်း မှန်ကန်တဲ့ချစ်ခြင်းပါပဲ။ သူတော်စင်ဘ၀မှာ အမှုထမ်းပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ ဖေးမကူညီရင်း ခရစ်တော်ရဲ့သတင်းကောင်းကို ဖြန့်ဝေနေခြင်းဟာလည်း ခရစ်တော်နဲ့လူသား အားလုံးကိုချစ်တဲ့ သက်သေတွေပါပဲ။ ကျောင်းဆရာတွေကလည်း စာသင်ရတာကိုမြတ်နိုးပြီး ကလေးတွေကိုချစ်လို့၊ အင်ဂျင်နီယာတွေကလည်း လူသားတွေအဆင့်မြင့်မြင့်နဲ့ လုံခြုံစွာ နေထိုင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြိုးစားနေကြသလို စာရေးဆရာတွေ၊ အဆိုတော်တွေကလည်း လူသားတွေရဲ့စိတ်ကို အပန်းဖြေမှုတစ်မျိုး သာယာကြည်နူးမှုတဖုံ၊ အသိပညာ ဥာဏ်အမြင်သစ်တွေ ရရှိဖို့ကြိုးစားနေကြတာပါ။

ယခုကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ပြဿနာ ရှုပ်ထွေးမှုတွေဟာလဲ ဆန်းစစ်ကြည့်ရင် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး၊ ဘာသာသာသနာကို ချစ်တဲ့စိတ်တွေကြောင့်ပဲ။ ချစ်ခြင်းမေတ္တာကြောင့် သာယာလှတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်သလို ချစ်ခြင်းမေတ္တာကို ကောင်းမွန်စွာ အသုံမပြုရင်လည်း ပူလောင်မှုတွေ ပြည့်နေတဲ့ဘ၀ကို ရရှိတတ်ပါတယ်။ "ခေါင်းလောင်းဟာ သင်မထိုးမချင်း ခေါင်းလောင်းမဟုတ်သလို သီချင်းဟာလဲ သင်မဆိုမချင်း သီချင်းလို့ မခေါ်ဆိုနိုင်ဘူး" လို့အဆိုရှိသလိုပဲ သင့်နှလုံးသားထဲမှာရှိနေတဲ့ ဘုရားသခင်ပေးထားတဲ့ ချစ်ခြင်းမေတ္တာဟာလည်း တစ်ပါးသူအပေါ် သင်မဝေငှမခြင်း ငါ့မှာ ချစ်ခြင်းမေတ္တာတွေ အများကြီးရှိပါတယ်လို့ ဘယ်လိုပြောမလဲ။ သင့်မှာထက်မြတ်တဲ့ ဥာဏ်ကို ဘုရားပေးထားပေမဲ့ သင်ကိုယ်တိုင် အသုံးမချရင် မကြိုးစားရင် သင့်ကို ပညာရှင် ဖြစ်တယ်လို့ ဘယ်သူမြင်မလဲ။ လူ့စိတ်မှာ မျက်လုံးတစ်ထောင်ရှိပေမဲ့ နှလုံးသားမှာ မျက်လုံးတစ်လုံးပဲရှိပါတယ်။ အဲဒီ နှလုံးသားမျက်လုံးကို ချစ်ခြင်းမေတ္တာထည့်သွင်းပြီးကြည့်မှ သာလှပတဲ့ အရာလေးတွေ မှန်ကန်တဲ့သဘာဝတွေကို မြင်ရမှာပါ။ မေတ္တာ ခမ်းခြောက်ရင် အသက်ရဲ့အလင်းလဲ ဆုံးရှုံးတယ်။ နှလုံးသားမှာ ချစ်ခြင်းမေတ္တာပြည့်ဝနေပါက ကမ္ဘာကြီးဟာ အလှတရားတွေနဲ့ဖုံးလွှမ်းပြီး ဘုရားသခင် ဖန်ဆင်းထားတဲ့ နဂိုအတိုင်း ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

ကိုယ်နဲ့နီးစပ်တဲ့သူအပေါ်မှာ ချစ်ခြင်းမေတ္တာပြခြင်းဟာလဲ ဖန်ဆင်းရှင်ကို ကျေးဇူး တင်ဆပ်ခြင်းပါပဲ။ ကိုယ့်အပေါ်မှာ မေတ္တာပေးတဲ့သူကိုသာ ပြန်လည်ပေးတတ်ကြပြီး ကိုယ့်ကိုမလိုမုန်းထားသူတွေ အပေါ်မှာ မေတ္တာပေးဖို့ ၀န်လေးတတ်ကြပါတယ်၊ ကိုယ်ကစပြီး မေတ္တာပေးဖို့ရာ အလွန်ခက်ခဲပါတယ်။ ကျမ်းစာကဆိုသလို ကိုယ်ကိုချစ်တဲ့သူကိုသာ ပြန်ချစ်နိုင်ရင် ဘာအကျိုးကျေးဇူးရှိမှာလဲ။ ချစ်ခြင်းမေတ္တာဟာ အရာရာကို နုပျိုလှပလာနိုင်စေသလို အရာရာအပေါ်မှာ ချစ်ခြင်းမေတ္တာစိတ် ထည့်သွင်းထားတဲ့ မျက်လုံးတစ်စုံနဲ့လှပတဲ့ အရာလေးတွေအဖြစ် ပုံဖော်ကြည့်ကြပါစို့။

ကျွန်ုပ်တို့ကို နောက်ဆုံးသောနေ့၌ တရားစီရင်တဲ့အခါမှာ ချစ်ခြင်းမေတ္တာကို စံထားပြီး စီရင်ဆုံးဖြတ်သွားမှာဖြစ်လို့ "ချစ်ခြင်းမေတ္တာ"ဟာ ကျွန်ုပ်တို့ကို ဘုရားသခင်ဆီပို့ဆောင်ပေးမဲ့ လှေခါးထစ်လေးပါပဲ။ ဤလောကမှာရှိစဉ် တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းမေတ္တာထားကြရင်း ပျော်ရွှင်စရာ ကမ္ဘာလေးဆီကို ရောက်အောင်ပို့ပေးမဲ့ လှေခါးထစ်လေးကို တည်ဆောက်ကြပါစို့။ ကက်သလစ်အသင်းတော်ကြီးထဲမှာ ရှိတဲ့ညီအစ်ကိုမောင်နှမများကို သာမကဘဲ ကမ္ဘာပေါ်မှာရှိတဲ့ ဖန်ဆင်းခံသတ္တ၀ါတိုင်းပေါ်မှာ ချစ်ခြင်းမေတ္တာပြကြရင်း စစ်မှန်တဲ့ခရစ်တော် နောက်လိုက်ကောင်း တစ်ယောက်
အဖြစ် ချစ်ခြင်းမေတ္တာအားဖြင့် ကောင်းကင်နိုင်ငံတော်ကို အရောက်လှမ်းနိုင်မဲ့ ဆက်သွယ်ရေး လှေခါးထစ်လေးများ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ကြပါစို့။ တက်လှမ်းကြပါစို့။

နှင်း (နဘက် )

No comments: