Nov 28, 2009

လမ်းပြသူ


လမ်းပြသူ

ငှက်ကလေးတွေ သံချိုလွင်
တီတီတာတာ စကားသင်
ငှက်မိခင် သွန်သင်ပြ
ငှက်ကလေးတွေ လိုက်ဆိုကြ။

ကြက်မကြီးက ခြေယက်ကာ

အမှိုက်ထဲမှာ အစာရှာ
ကြက်ကလေးတွေ လိုက်ယက်ကြ
မိခင်ဆီမှ ပညာရ။

နံနက်လင်းစ သည်အချိန်ခါ
သားသမီးများ ပျော်ရွှင်စွာ

မစ္ဆားလိုက်ကာ ဆုတောင်းကြ
မိဘများက လမ်းကောင်းပြ
သားသမီးများ လိုက်ကျင့်ကြ။

ပြာလချောင် (သံဝင်း)

အမျိုးသမီးဖြစ်ရခြင်း၌ . . .။


အမျိုးသမီးဖြစ်ရခြင်း၌ . . .။

Luciano Cian မှ God's Plan misunderstood (ဘုရားအစီအစဉ်ကို တလွဲနားလည်ခြင်း) ဟူသည့်ခေါင်းစဉ် နှင့် ဤသို့ ရေးသား ထားသည်။ "ပုံသေနည်း အရ ခင်ပွန်းနှင့်ဇနီး တူညီသောအဆင့် ဂုဏ်သိက္ခာရှိသည်။ သို့သော် လက်တွေ့တွင်မူ ဇနီး (အမျိုးသမီး)သည် ပိုနိမ့်သောအဆင့်၌ ရှိသည်၊ ဘုရားသခင်၏ မူလအစီအမံ ဖြစ်သော အမျိုးသမီး၊ အမျိုးသားကြားတွင် တန်းတူ ညီမျှရေးသည် ဓမ္မဟောင်းခေတ် ဂျူးလူမျိုးများက သွေဖယ်သွားစေခဲ့ကြသည်။ ၄င်းကို ဓမ္မသစ်ခေတ်တွင် သခင်ယေဇူးက ပြန်လည်ချမှတ် ပေးခဲ့ရသည်။ ကမ္ဘာဦးကျမ်းတွင် (မ)နှင့်(ကျား)တန်း တူညီ ဂုဏ်ရည်ရှိမှုကို တင်ပြထားပေသည်။ ဖန်ဆင်းရှင်၏ အလိုတော်မှာ ဂုဏ်ရည်တူ လူအမျိုးအစား နှစ်မျိုးတို့ အချင်းချင်း အကူအညီဖြစ်စေ၊ အပြန်အလှန် ဖြည့်စွက်ကြစေ အလို့ငှါသာ ရည်ရွယ်ခဲ့သည်။" (ကမ္ဘာဦး ၂း၂၃)။
"အမျိုးသမီးနှင့် အမျိုးသား၏ လုပ်ဆောင်ရန် တာဝန် အခန်းကဏ္ဍ မတူညီကွဲပြားသည် မှန်ပါ၏။ သို့သော် လူပုဂ္ဂိုလ် တန်ဖိုးချင်းမူကား တန်းတူရည်သာ ဖြစ်ကြပါသည်။ အမျိုးသားက အမျိုးသမီးအပေါ် မတရားအထက်စီးမှ အနိုင်ယူသည် ဟုပြောရန်မှာ ၀မ်းနည်းဖွယ်၊ ရှက်ဖွယ်ဖြစ်၏။ သခင်ခရစ်တော်သည် ဖန်ဆင်းခြင်း အစကတည်းက ထားရှိရည်ရွယ်သော အမျိုးသမီးတို့ ဂုဏ် သိက္ခာကိုပြန်လည် ထူမြောက်ပေးရန် ကြွလာခဲ့ပေသည်။" ဟူ၍လည်း Woman: a person uniquely creative စာအုပ်တွင်ရေးသားထားပါသည်။

လူတွင် အဆင့်အတန်း၊ အမျိုးအမည်၊ အသင်းအဖွဲ့၊ မြေနေရာဒေသ စသဖြင့် ခွဲခြားခြင်းကို ၀ါသနာပါသည့် စရိုက်ရှိနေပေသည်။ ခွဲခြားမှု အမျိုးမျိုးထဲမှ အမျိုးသမီး၊ အမျိုးသား (အမ၊အဖို) ခွဲခြားမှုတစ်ခုကလည်း အခိုင်အမာ အမြစ် တွယ်နေသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ ကျွန်မတို့နေထိုင်သော လောကကို အမျိုးသား (အဖို) ကြီးစိုးလျက်ရှိကြောင်း ထင်ရှားပေသည်။ အမျိုးသမီး၊ အမျိုးသား နှစ်မျိုးလုံးပါဝင်သော ကိစ္စတစ်ခုခု တင်ပြရန် ရှိလျှင်ထိပ်မှ၊ ရှေ့မှ အမျိုးသားအမည်များ အစီအရီ ရေးသားပြီးမှသာ နောက်မှ အမျိုးသမီးအမည်များ ရေးလေ့ ရှိကြသည်။ အသေးဆုံး ဥပမာအဖြစ် - သီချင်းခွေ၊ စီဒီဖုံးပေါ်မှ အဆိုတော်များ အမည်စာရင်းကိုသာ ကြည့်ပါ။

ဤသည်မှာ ရှေးပဝေသဏီမှ မြစ်ဖျားခံလာသော အယူအဆဖြစ်၍ မည်သူ့ကိုမျှ တရားခံစစ် ရှာမရနိုင်သကဲ့သို့ အပြစ်ပုံချရမည့်သူလည်း တွေ့မည်မဟုတ်ပါ။ အမျိုးသားက မြတ်သည်၊ မြင့်သည် ဟူသည့်အယူကို အမျိုးသမီးများ ကိုယ်တိုင်ကပင် ကျေကျေနပ်နပ် လက်ခံနေကြပေသည်။ အမျိုးသား၏ မြင့်ခြင်း၊ မြတ်ခြင်း အယူအစွဲသည် မည်မျှထိ ခရီးရောက်သွား သနည်းဟူမူ မိမိကိုးကွယ်သည့် ဘုရား နှင့်ပင် နှိုင်းယှဉ်၊ တိုင်းတာသည် အထိဖြစ်သွားရသည်။ အဖိုမဟုတ်၊ အမ မဟုတ် ခန္ဓာကာယလည်း မရှိ၊ ၀ိညာဉ်သက်သက်ဖြစ်သော ဘုရားကို ပင်အမျိုးသား (အဖို) အဖြစ်သာ မြင်ယောင်တင်စား လက်ခံထားကြလေသည်။

ဤအချက်နှင့် ဆက်စပ်၍ "အာရှအမျိုးသမီး အသင်းတော် (နျွှဗ)" ဒုတိယအကြိမ် အစည်းအဝေး (အင်ဒိုနီးရှား) တွင် ၂၀၀၄-ခုနှစ်က သွားရောက် ပါဝင်ဆွေးနွေးခဲ့သော Sr. Ann Shwe, SJA၏ ရှင်းလင်း ကိုးကားချက်များမှ တစ်ချက် ထုတ်နှုတ်ဝေမျှလိုသည်မှာ "ဖန်ဆင်းရှင်ဘုရားကို ဖြူသောဝတ်ရုံတော် ၀တ်ဆင်ထားလျက် မုတ်ဆိတ်ရှည်ကြီးနှင့် (ယောက်ကျားသား) အဖိုးကြီး၏ ပုံရိပ်မျိုး မြင်ယောင်တတ်ခြင်းကို မေ့ဖျောက် ပစ်ကြပါစို့။ ဘုရားကို မည်သူမျှ မမြင်စဖူးပါ၊ အမျိုးသားပန်းချီ၊ ပန်းပုဆရားများက ရေးဆွဲထုလုပ်သည့် ဘုရားပုံတော်များကိုသာ မျက်စိ ယဉ်နေခဲ့ကြသည်။ စွဲထင်နေ ခဲ့ကြပေသည်။ အကယ်၍ တစ်စုံတစ်ယောက်မှ ဘုရားကို ဤသို့ အမျိုးသားဟန် သဏ္ဍန်ဖြင့် ရူပါရုံ မြင်ရပါသည် ဆိုလျှင်ပင် ၄င်းသည် ကာလံ၊ ဒေသံနှင့် အခြေအနေတစ်ခု၏ သီးခြားလိုအပ်မှု အတွက်သာ ဖြစ်ပါလိမ့်မည်။ (အမ၊ အဖို) ခပ်သိမ်းကို အသက်ပေးသွင်း သူ၊ လိင်မဲ့၊ ခန္ဓာမဲ့ ၀ိညာဉ်သက်သက်ဖြစ်သော ဖန်ဆင်းရှင်ဘုရားကို ကျမ်းစာမှလည်း ဘုရားသခင်သည် (အဖို) ဖြစ်တော်မူ၏။ သို့မဟုတ် (အမ) ဖြစ်တော်မူ၏ ဟုဖေါ်ပြခြင်းထက်၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ (၁ ယော ၁း၁၆ ) ဟူသာ တွေ့ရမည်ဖြစ်သည်။

ဘုရားသခင်သည် လူကိုဖန်ဆင်း ကတည်းက "ငါတို့နှင့်တညီ၊ တစ်သဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့" ဟု သာ ပြောခဲ့ပါသည်။ "လူတန်းစား နှစ်မျိုးကို ဖန်ဆင်းကြစို့" ဟုမပြောပါ။ (ကမ္ဘာဦးကျမ်း ၁၆း၇၈) က ဟာဂရ အမည်ရှိသော ကျွန်မတစ်ယောက်ကို ကောင်းကင်တမန် ကမေးသည့် "ဘယ်က လာပြီး၊ ဘယ်ကိုသွားမှာလဲ" ဤမေးခွန်းသည် အမျိုးသမီးတိုင်း မိမိ ကိုယ်ကို ပြန်မေးရမည့် မေးခွန်းပင် ဖြစ်ပါသည်။ ၄င်းမေးခွန်းကိုဖြေရန် ကျွန်မတို့ ငယ်ငယ်က ဘုရားစကား၌ သင်ခဲ့ရသော အမေး၊ အဖြေတစ်ခုက အကျုံးဝင်နေပါသည်။ "ဘုရားသခင်က လူကို ဘာအတွက် ဖန်ဆင်းတာလဲ" "သူ့ကိုသိဖို့၊ သူ့ကိုချစ်ဖို့၊ သူ့ကိုအစေခံဖို့နဲ့ နောင်ဘ၀ကျရင် သူနဲ့အတူထာဝရ ပျော်ရွှင်မှုကို ခံစားရစေဖို့" ဟူ၏။ သို့ဖြစ်လျှင် ဘုရားထံမှ လာကာ ဘုရားထံသို့ ပြန်သွားရမည့် အမျိုးသမီး၏ အရည်အသွေးကိုပို၍ ညံ့ဖျင်းသော လူသားတစ်မျိုးအဖြစ် ဖန်ဆင်းထား ပါမည်လော။ အမျိုးသမီး (အမ) ဖြစ်စေ၊ အမျိုးသား (အဖို) ဖြစ်စေ သူ၏ ဖန်ဆင်းရှင်ဖြစ်သော ဘုရားနှင့်တလုံး တ၀တည်း ဖြစ်စေရန်သာ ဖန်ဆင်းထားပါသည်။ ၀ိညာဉ် သက်သက်ဖြစ်သော အဖိုလည်းမဟုတ်၊ အမလည်း မဟုတ်သော၊ အနန္တ မေတ္တာရှင်သည် ချစ်ခြင်းမေတ္တာဖြစ်သောကြောင့် ထိုဘုရားသည် လူကိုအညံ့၊ အကောင်း ခွဲခြားပါမည်လော။

ထို့ကြောင့် အမျိုးသမီး ဖြစ်နေခြင်းကြောင့် တစ်ဆင့်နိမ့်၊ ဒုတိယတန်းစား၊ အရည်အသွေး ညံ့ဘ၀ရှင်ပါ ဟူသည့် အယူအဆကို ခေါင်းထဲမှ ထုတ်ပစ်ကြပါစို့။" ဤသို့ဆိုထားသည်။

သင်သည် အမျိုးသမီးတစ်ဦး ဖြစ်ပါက သင့်ကိုယ်သင် ကောမည်သို့ ခံယူထားပါသလဲ။ ဘာသာရေး၌၊ လူမှုရေး၌ သင့်မိသားစုအတွင်း၌ကော သင့်ကိုယ်သင် မည်သည့် နေရာ၌ ထားပါသလဲ။ မည်သည့် နေရာ၌ နေရပါသလဲ။

(ရှေ့ဆက်ရန်)

Ref:
- What is your image of God ?
- What is your Female image of God? By (Sr. Ann Shwe , SJA)
- Woman: a person uniquely creative. By (Luciano Cian)
- In God's image ( Vol-19, No-2, June 2002
- Gathering the voices of the silenced (EWA)


အင်ဝိုင်းပန် (SJA)

Nov 20, 2009

သင့်ကိုအလိုရှိသည်


သင့်ကိုအလိုရှိသည်

လူငယ်များနှင့် ပက်သက်ပြီး ရေးသားကြတဲ့ စာပေတွေ အများကြီး ရှိပါတယ်။ အနာဂတ်ရဲ့ ဗိသုကာများလို့ တင်စားပြီး လူငယ်တွေကို ကြိုးစား၊ နိုးကြားဖို့ စေတနာတွေနဲ့ ရေးသားကြတဲ့ တက်ကျမ်းတွေလည်း အများအပြားပါပဲ။ ကျွန်တော်တို့ ကက်သလစ် အသင်းတော်ထဲမှာလည်း လူငယ်တွေအတွက် ရည်စူးပြီး ဖွင့်လှစ်တဲ့ သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ စာပေတွေ ရှိပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်ဆိုတာ သိပ်ကို တန်ဖိုးရှိပြီး အရေးကြီးတဲ့ ဘ၀ကို ပိုင်ဆိုင်ထားသူတွေ ပါလားလို့ ခံစားမိပါတယ်။

ခက်တာက ကျွန်တော်တို့ လူငယ်တွေပါ။ တန်ဖိုးရှိတဲ့ဘ၀၊ အချိန်၊ အခွင့် အရေးတွေကို ပိုင်ဆိုင် ထားကြပါလျက်နဲ့ တန်ဖိုးထားရကောင်းမှန်း မသိသေးတာပဲ။ အထူးသဖြင့် မြို့ပြနဲ့ ဝေးတဲ့ ဒေသက လူငယ်တွေပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ကျွန်တော်တို့တွေအားလုံး အများကြီး နောက်ကျ ကျန်ရစ် နေကြပါတယ်။ ကျွန်တော်တို့မှာ ပူပေါင်း ပါဝင်တတ်တဲ့ စိတ်ဓာတ်၊ တာဝန်ယူရဲတဲ့ စိတ်ဓာတ်၊ သိချင် တတ်ချင်တဲ့ စိတ်ဓာတ်တွေ ရှားပါးနေတယ်။ ကိုယ်ရဲ့ ဘာသာအကြောင်းကိုလည်း မသိသလို၊ ကိုယ့်ရဲ့ လူမျိုးဘာသာ စကားတွေကိုလည်း စိတ်ဝင်စားမှု နည်းပါးတာ တွေ့လာရပါတယ်။

ကျွန်တော့်အနေနဲ့ နေရာဒေသ အသစ် တစ်ခုခုကို သွားခွင့်ကြုံတိုင်း အဲဒီ ဒေသက လူငယ်တွေရဲ့ လှုပ်ရှားမှုကို အထူး သတိထား လေ့လာမိတတ်ပါတယ်။ ဒီအခါ နေရာတိုင်းမှာ ဖြစ်လေ့ ဖြစ်ထရှိပြီး လိုအပ်နေတဲ့ အရာတစ်ခုကို သတိထားမိပါတယ်။ အဲဒါကတော့ စည်းလုံးမှုနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေ လျော့နည်း နေကြတာပါဘဲ။ အသင်းတော်ထဲမှာ ကိစ္စတစ်ခုရှိလို့ လူငယ်တွေကို ဆင့်ခေါ်လိုက်ရင် အားတက်သရော စိတ်ဝင်တစားလာကြတဲ့ သူတွေ ရှားပါတယ်။ လူငယ်တွေလို့ ဆိုလိုက်ရင် မိန်းကလေးတွေကသာ အများစု ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ရွှေ ယောက်ျားတွေကတော့ အနည်းစုပါဘဲ။ ဒါဖြင့် ဒီရွာမှာ လူငယ် ယောက်ျားလေးတွေ မရှိလို့လား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။ ဘောလုံးပွဲကြည့်ဖို့ ရောက်နေတဲ့ လူငယ်တွေ၊ ဘိလိယက်ဝိုင်း ရောက်နေတဲ့ လူငယ်တွေ၊ ကိုရီးယား ဇာတ်လမ်းကြည့်ဖို့ တီဗွီဖန်သားပြင် ရှေ့ရောက်နေတဲ့ လူငယ် သမီးပျိုတွေကလည်း တစ်ပုံကြီးပါဘဲ။ ဒီတော့ ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး မေးခွန်း ထုတ်ကြည့် ဖြစ်ပါတယ်။ ဒို့ ကက်သလစ် အသင်းတော်ကြီးပဲ ဆွဲဆောင်မှု မရှိဖြစ်နေလို့လား။ ဒါမှမဟုတ် ဦးဆောင်တဲ့သူတွေ ကဘဲ ညံ့နေတာလား၊ မိဘတွေကပဲ ကိုယ့် သားသမီးတွေကို တွန်းအားပေး ဆုံးမ သွန်သင်မှု နည်းသွားလို့လားဆိုတဲ့ မေးခွန်းပေါင်း များစွာကို အဖြေရှာဖို့ ကြိုးစားရင်းနဲ့ ဒီစာကို ချရေးဖြစ်ခဲ့တာပါ။

ကျွန်တော်တို့တွေဟာ ဘာကြောင့် တာဝန်သိသိနဲ့ အသင်းတော်ရဲ့ လှုပ်ရှားမှုတွေမှာ မပါဝင်ချင်ကြရတာလဲ။ ဆေးကြောခြင်း ခံယူထားတဲ့ ဘာသာဝင် တစ်ယောက်အနေနဲ့ မိမိရဲ့ ယုံကြည်ခြင်းကို သက်သေခံရဲတဲ့ စိတ်ဓာတ်တွေ ကျွန်တော်တို့မှာ လိုအပ်နေပါတယ်။ ဒီလို သက်သေခံတဲ့ နေရာမှာ ဆင်းရဲချမ်းသာ၊ ပညာ တတ်ခြင်း မတတ်ခြင်းတွေက အဓိက မကြပါဘူး။ ကျွန်တော်တို့ တတ်နိုင်တဲ့ နေရာလေးကနေပြီးတော့ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် ပါဝင်ကြဖို့သာ အဓိကပါ။

မိမိတို့ရဲ့ သာသနာ တိုးတက်ဖို့ ကြိုးစားတဲ့ အရေးမှာ ကျွန်တော်တို့တွေ ခေါင်းရှောင်ချင်လို့ မရတော့ပါဘူး။ ငါမပါလည်း ဖြစ်သွားမှာပါ ဆိုတဲ့စိတ်နဲ့ ရေသာ ခိုနေဖို့ မသင့်တော့ပါဘူး။ အသင်းတော်ကြီးက သင့်ကို အလိုရှိနေတယ် ဆိုတာကို သိထားစမ်းပါ။ "We are the Church" ဆိုတဲ့ စကားလေးကို နှလုံးသားထမှာ သိမ်းထား လိုက်စမ်းပါ။ ကျွန်တော် တို့တွေ စည်းလုံးခြင်းတွေနဲ့ မိမိတို့ရဲ့ ယုံကြည်ခြင်းကို သက်သေခံ ဝေမျှကြဖို့ လိုနေပါပြီ။ "အဝေးဆုံးကိုသွားပြီး အစေ ခံကြမယ်ဟေ့" လို့ မကြွေးကြော်သေးခင် မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံး နေထိုင်ပြဖို့ လိုအပ် လျက်ရှိနေပါတယ်။ တနင်္ဂနွေ ဘုရားကျောင်းတက်ရုံနဲ့ တာဝန်ကျေပြီလို့ မယူဆပါနဲ့။ အသင်းတော်ကြီး တိုးတက် မြင့်မားဖို့ ကျွန်တော်တို့တွေ ကြိုးစားဖို့ အများကြီးလို ပါသေးတယ်။ ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ ဘ၀အသက်တာကို ဘုရားအတွက် ဆက်ကပ်ချင်တဲ့ စိတ်ဓာတ်လေးတွေ မွေးမြူ လိုက်စမ်းပါ။

ဘုရားသခင်က ကျွန်တော်တို့ တစ်ဦးစီကို ကျေးဇူးတော် စွမ်းရည် သတ္တိ အသီးသီး ပေးအပ်ထားပါတယ်။ "ဒါပေမဲ့" အစားအကောင်း မြင်တတ်တဲ့ စိတ်နှလုံးသားနဲ့ပဲ အသက်ရှင်ကြဖို့ လိုနေပါပြီ။ သင့်ကို အသင်းတော်ကြီးက အလိုရှိနေတယ် ဆိုတာကို အမြဲသတိရလိုက်စမ်းပါ။ လူငယ် တစ်ယောက်အနေနဲ့ ကျွန်တော်တို့တွေ ဘယ်လို အသက်ရှင်သန် နေသလဲ။ ရင့်ရော်နေခြင်းလား၊ ဒါမှမဟုတ် ရင့်ကျက် လာခြင်းလား။ ကက်သလစ် လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော် တို့ရဲ့ ယုံကြည်ခြင်းက ဘယ်အဆင့်မှာလဲ။ မိဘတွေကြောင့်သာ ဖြစ်လာရတဲ့ သာမန် ယုံကြည်ခြင်းပဲလား။ ကျွန်တော်တို့ ကက်သလစ် လူငယ်တွေ အခြားသူတွေနဲ့ ယှဉ်ရင်ဘာ ကြောင့် နောက်ကျနေရတာလဲ။ ဒို့ ကက်သလစ်လူငယ်တွေ Love, Peace, & Unity ဆိုတာတွေကို ကျင့်သုံးနေပြီလား။

လူငယ်ဆိုတာ Mission & Vision တွေရှိရုံနဲ့မပြီးပါဘူး၊ လက်တွေ့ လုပ်ဆောင်ကြဖို့ ပိုပြီ အရေးတကြီး လိုအပ်ပါတယ်။ မထင်မရှား မွေးဖွားလာပြီး မထင်မရှား ကွယ်ပျောက် သွားမယ်ဆိုရင် ဘာထူးအုံးမှာလဲ။ မသေခင် ကျွန်တော်တို့ ဘာတွေ လုပ်သွားကြမလဲ.....စဉ်းစား..... စဉ်းစား။

ဂမုန်း(မိုးမောက်မြို့)

Nov 18, 2009

"အသင်းတော်" မှ "သာသနာ"သို့ (သို့မဟုတ်) ဆန္ဒတစ်ခု


"အသင်းတော်" မှ "သာသနာ"သို့
(သို့မဟုတ်)
ဆန္ဒတစ်ခု

အသက် (၈၀) အရွယ် အဖွားတစ်ဦးနှင့် ဘာသာရေးပစ္စည်းဆိုင်မှာ စကားပြောဖြစ်ခဲ့ပါသည်။ ထိုအဖွားက "ကွယ်လွန်သူများ အတွက် မေတ္တာပို့ဆုတောင်းတဲ့ အောက်နက်ရာအရပ်က ကြွေးကြော်၍ဆိုတဲ့ မေတ္တာထဲမှာ ဘာသာတူ အပေါင်းတို့ကို ဖန်ဆင်းကယ်ချွတ်တော်မူပေသော အိုမြတ်စွာဘုရား သခင်... လို့ အမြဲတန်းဆိုကြတယ်။ အဲသည် စကားလုံးတွေကို ပြောင်းလဲ ပေးစေချင်တယ်။ ဘာ့လို့လဲ ဆိုတော့ အဲဒီ စကားလုံးများဟာ ကက်သလစ် သာသနာတော်၏ သွန်သင်ချက်နဲ့ ပြောင်းပြန် ဖြစ်မနေဘူးလား။ နာရေးတစ်ခုခုမှာ တစ်ခြားဘာသာဝင် တစ်ဦးဦးက ကြားမိရင် သူတို့ ဘုရားကလည်း သူတို့ကိုပဲ ဖန်ဆင်းပြီး သူတို့ကိုပဲ ကယ်တင်တာလားလို့ မထင်ပေဘူးလား ...လို့" အစချီပြီး ပြောပါတော့သည်။

"မေတ္တာတွေ ဓမ္မသီချင်းတွေက စာသားတွေမှာ ခေါ်တာနှင့် မကိုက်ညီတော့တာတွေ အများကြီး ရှိပါသေးတယ်။ အဲဒါတွေကို စီစစ်ပြီး ပြင်ပေးသင့်တယ်"။ (နာမည် မသိ) အဖွားတစ်ဦး၏ သေသေချာချာ အလေးပေး စဉ်းစားထားသည့် ဂုဏ်ယူဖွယ် ဆန္ဒတစ်ခု ဖြစ်ပါသည်။

တစ်နှစ်ခန့်အကြာ မမျှော်လင့်ပဲ ထိုအဖွားနှင့် နောက်ထပ်တစ်ခါ ပြန်ဆုံ ဖြစ်ပြန်ပါသည်။ ကျွန်တော်က အဖွားကို မမှတ်မိတော့ပါ။ ထိုအဖွားက "ကွယ်လွန်သူများအတွက် ပို့သသော ဆုတောင်းမေတ္တာအကြောင်း ဟိုတစ်ခါ ပြောဖူးတဲ့ အဖွားလေ။ အဲဒါလေး ဘယ်တော့လောက် ဖြစ်လာမလဲ"လို့ ပြောမှ ကျွန်တော် ထိုအဖွားကို မှတ်မိပါတော့သည်။

သည်တစ်ကြိမ်မှာတော့ အဖွားနာမည်ကို ကျွန်တော် မေးခဲ့ပါသည်။ အဖွားက သိုးထိန်းအသံစာဖတ် ပရိတ်သတ် တစ်ဦးဖြစ်တာကိုလည်း သိလာရပါသည်။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ တင်ပြပေးပါမယ်။ သည့်အပြင်သည် အကြောင်း ဆောင်းပါးရေးမယ်လို့ ပြောတော့ အဖွားက သူ့နာမည်တော့ မဖေါ်ပြနဲ့နော် ဆိုတာကြောင့် နာမည်ကို မဖေါ်ပြတော့ပါ။

ကျွန်တော် ရင်တွင်းမှာလည်း ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့သည့် ဆန္ဒတစ်ခုရှိပါသည်။ အဲဒါကတော့ ကျွန်တော်တို့ ဆုတောင်းမေတ္တာ စာအုပ်များ အပါအ၀င် ဓမ္မသီချင်းစာအုပ်များကို "ပြန်လည် သုံးသပ် ပြင်ဆင်ချင်စိတ် (a wish to revise)" ဖြစ်ပါသည်။

အဲသည်လို "ပြန်လည် သုံးသပ် ပြင်ဆင်ချင်တဲ့ (revised version)" စကားလုံးတွေထဲက "အသင်းတော် သို့မဟုတ် သာသနာ" အကြောင်းကိုပဲသည်လ ဆောင်းပါးမှာ ရေးလိုပါသည်။

ခုတစ်လော မော်တော်ကားရှေ့ မှန်များပေါ်မှာ "မန္တလေးသာသနာ"၊ "နှစ်ခြင်း သာသနာ" "ခရစ်ယာန် သာသနာ" "ကက်သလစ်သာသနာ" "ကက်သလခ်သာသနာ" စသည်ဖြင့် သာသနာပေါင်း စုံနေတာ သတိထား မိပါသည်။ ကက်သလစ် ဘာသာဝင်စစ်စစ် ဖြစ်သောကျွန်တော်သည်ပင် မျက်စေ့လည် ချင်ချင် ဖြစ်သွားပါသည်။ "ငါတို့ ခရစ်ယာန်များမှာ သာသနာဘယ်နှစ်ခုရှိလေမလဲ"ဟု တွေးကာ ပြုံးမိပါသည်။

သို့သော် ကျွန်တော်တို့၏ မေတ္တာစာအုပ်များနှင့် သြ၀ါဒတရားများမှာတော့ "ကက်သလစ် အသင်းတော်"ဟု သာ ဖတ်ရ ကြားရ တတ်ပါသည်။ "အမိအသင်းတော်"ဟုသာ ကြားရမြဲဖြစ်ပါသည်။ "မန္တလေးသာသနာ"ဟုသာ တွေ့နေရပါသည်။

ကျွန်တော်တို့ မြန်မာစကားတွင် "ကြက်ခြေနီအသင်း"၊ "သူနာပြုအသင်း" "သာရေး နာရေးအသင်း" "လှေလှော်အသင်း"၊ စသည်ဖြင့် အသင်းအဖွဲ့များ အများကြီးရှိပါသည်။ ထိုအသင်းအဖွဲ့များနှင့် တန်းတူထားကာ ကက်သလစ်ဘာသာကိုလည်း ကက်သလစ်အသင်းဟု ခေါ်ကြတာဖြင့် ၀မ်းနည်းစရာပါ။
"သာသနာ"ဆိုသည့် မြန်မာစကားလုံးသည် ပါဋိလို sasana ဟု ခေါ်ပါသည်။ မူရင်းအတိုင်း တိုက်ရိုက် ဘာသာပြန်ဆိုပါက "(message) တရား ဒေသနာ၊ သွန်သင်ဆုံးမ စကား၊ သတင်းစကား"ဟု အဓိပ္ပါယ်ရပါသည်။ ထို့အပြင် အဆုံးအမ၊ သွန်သင်ချက်၊ အယူဝါဒသင်ကြားချက် (teaching, doctrine)"ဟုလည်း အဓိပ္ပါယ်ရပါသည်။ ၁ မြန်မာဘိဓာန်တွင် သာသနာကို "မြတ်စွာဘုရား အဆုံးအမ၊ ယင်းအဆုံးအမ တည်ရှိ နေဆဲကာလ"ဟု အနက်ဖွင့်ဆိုပါသည်။ ၂ အကျယ်ဖွင့်ဆိုရပါက "သာသနာ"ဟု ခေါ်ဆိုနိုင်ရန် "ဘုရား"၊ "တရား"၊ "သံဃာ"နှင့် "ကိုးကွယ် ယုံကြည်သူ ဘာသာဝင်များ" ဆိုသည့် မဏ္ဍိုင်ကြီး (၄)ခု ပါဝင် ရပါသည်။ "တရား"ကို မိန့်ကြားဆုံးမသူမှာ "ဘုရား" ဖြစ်ပါသည်။ "ဘုရား အဆုံးအမ တရားအစုစုကို ယုံကြည်ရာ အချက်များအဖြစ်" ဆက်တိုက် သွန်သင်သူများမှာ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓဘုရား၏ သားတော် ရဟန်းသံဃာတော်များ ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆုံးအမ တရားတော် အ၀၀ကို ယုံယုံကြည်ကြည် ခိုလှုံဆည်းကပ် ကိုးကွယ်နေကြ သူများမှာ ယုံကြည်သူ ဘာသာဝင်များပင် ဖြစ်ပါသည်။

ထို့ကြောင့် "ကြက်ခြေနီအသင်း"ကို "ကြက်ခြေနီသာသနာ"ဟု မခေါ်နိုင်ပါ။ "နားရေးကိစ္စ အ၀၀ကို ကိုယ်ကျိုးစွန့် လုပ်ကိုင်နေပါသော်လည်း ထိုအဖွဲ့ကို နာရေး သာသနာဟု မခေါ်ဆိုနိုင်ပါ။

အင်္ဂလိပ်စကားလုံး Churh သည် ဂရိဘာသာ စကားလုံး Kyriake မှ ဆင်းသက်လာပါသည်။ အဓိပ္ပါယ်မှာ ဘုရားရှိခိုးကျောင်း (ဘုရားဝတ်ပြုသည့် အဆောက်အဦး)ဟု ခေါ်ပါသည်။ ခရစ်ယာန်အသုံးအနှုန်းတွင် Churh ကို ကိုးကွယ်ဝတ်ပြုသော လူစုလူဝေး (the liturgical assembly)၊ ဒေသအသီးသီးရှိ ယုံကြည်သူများ (the local community of believers)၊ ကမ္ဘာတစ်ဝန်းရှိ သာသနာတော် (the universal Church) စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းကြ ပါသည်။ ကက်သလစ်သာသနာကို Church ဟု ခေါ်ဆိုရာတွင် ထိုအဓိပ္ပါယ်သုံးမျိုးစလုံး ပါဝင်ရပါသည်။ ထို့ကြောင့် Church ဆိုသည်မှာ ဘုရားရှင် စုရုံးထားသော ကမ္ဘာတစ်ဝန်းလုံးမှ ယုံကြည်သူ တပည့်သားသမီးများ ဖြစ်ပါသည်။ ထိုယုံကြည်သူ တပည့် သားသမီးများသည် ဒေသအသီးသီးတွင် နေထိုင်အသက်ရှင်ကြသည်။ ဘုရားရှင်အားဝတ်ပြုကိုးကွယ်ရန် အထူးသဖြင့် ကိုယ်တော်မြတ် စက္ကရင်မင်တူးကို ကျင်းပနိုင်ရန် စုရုံးကြသောသူများ ဖြစ်လေသည်။ ၃ ဇူလိုင်လ (၁၀)ရက်၊ ၂၀၀၇ခုနှစ်နေ့က "သာသနာတော် (Church) အကြောင်း သင်ကြားချက်နှင့် ပါတ်သက်၍ မေးလာသော မေးခွန်းတစ်ချို့အတွက် ဖြေကြားချက် (Responses to Some Questions Regarding Certain Aspects of the Doctrine on the Church)" ဆိုသည့် ခေါင်းစဉ်နှင့် ကာဒီနယ် ၀ီလျှံ ဂျေ၊ ရေဗာဒါ လက်မှတ်ရေးထိုးပြီး ရဟန်းမင်းကြီး ဘေနာဒစ် (၁၆)အရှင်မြတ်ကိုယ်တော်တိုင် အသိအမှတ်ပြုထားသော သွန်သင်ချက်တစ်ခု ထုတ်ဝေ သွားခဲ့ပါသည်။

ထိုသွန်သင်ချက်တွင် "ကက်သလစ်သာသနာကြီးသည် တစ်ခုတည်းဖြစ်ပြီး စစ်မှန်သောသာသနာတော် ဖြစ်ပါသည်"။ "...တစ်ခြားသော ခရစ်ယာန်ဂိုဏ်းခွဲများ (ပရောတက်စတန် အသင်းများ)ကို သာသနာ Churchဟု မခေါ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်မြတ် စက္ကရင်မင်တူးနှင့် ရဟန်းသိက္ခါဆိုသည့် ယုံကြည်ရာ အချက်နှစ်ချက်နှင့် ပတ်သက်၍ အကြီးအကျယ်ကွာဟမှုကြောင့် ဖြစ်သည်" ဟု ကက်သလစ် သာသနာတော်က သင်ကြားပါသည်။

"...ဂိုဏ်းကွဲ ခရစ်ယာန် အသင်းတော်များတွင် တမန်တော်ကြီးတို့မှ အဆက်မပြတ် ဆင်းသက်လာသော ရဟန်း သိက္ခါတင်ခြင်း မရှိကြပါ။ ထို့ကြောင့် ထိုအသင်းတော်များတွင် Church သို့မဟုတ် သာသနာတော်ဟု ခေါ်ဆိုနိုင်ရန် လိုအပ်သော အချက်အလက်များ မပါရှိပါ။ တမန်တော်ကြီးများမှ စဉ်ဆက်မပြတ် ဆင်းသက်လာသော (ယနေ့ ရှိနေသော ကက်သလစ်ဆရာတော်ကြီးများမှ စတင်ကာ နောက်ပြန် ရေတွက်ပါက တပည့်တော်ကြီး ရှင်ပေထရု အထိ စဉ်ဆက်မပြတ် အဆက်ဆက်ရှိနေသော) ရဟန်းသိက္ခါ မပိုင်ဆိုင်တာကြောင့် ထိုအသင်းဂိုဏ်းများတွင် စစ်မှန်သော ကိုယ်တော်မြတ် စက္ကရင်မင်တူး (ခရစ်တော်ဘုရားရှင်၏ အသားတော် သွေးတော်) မပိုင်ဆိုင်တာကြောင့် ထိုဂိုဏ်းကွဲ ခရစ်ယာန်အသင်းတော်များကို သာသနာ (Church) ဟု မခေါ်ဆိုနိုင်ပါ"ဟု ဖြေကြားပါသည်။ ၎
ထို့ကြောင့် အဖွားတစ်ဦးရဲ့ ဆန္ဒတစ်ခုနှင့် ကျွန်တော့်ဆန္ဒတစ်ခုတို့သာ ပြည့်ဝမယ်ဆိုရင် "ကက်သလစ် အသင်းတော်" အစား "ကက်သလစ်သာသနာ"ဟု ထိုက်ထိုက်တန်တန် ခန့်ခန့်ညားညား ခေါ်စေချင်ပါသည်။ "အမိအသင်းတော်ကို ကောင်းချီးပေးတော်မူပါမည့်အကြောင်း"လိုဆိုမည့်အစား "အမိသာသနာတော်ကို ကောင်းချီး ပေးတော်မူပါမည့် အကြောင်း"ဟု ရဲရဲဝံ့ဝံ့ ပြောင်းဆိုစေလိုပါသည်။

မာကု (ဒဿန)


ကျမ်းညွှန်း

၁။ http://www.kusala.org/udharma2/dictionary/bd21.html; http://www.budsas.org/ebud/bud-dict/dic3_S.htm/
၂။ ခရီးဆောင် မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့ဦးစီးဌာန၊ ရန်ကုန်၊ ၁၉၉၉၊ စာမျက်နှာ ၃၂၂။
၃။ Catechism of the Catholic Church,Libreria Editrice Vaticana, Citta' del Vaticano, 1994, p. 173. သည်နေရာမှာ တိုက်ဆိုင်တာကြောင့် ရေဒီယိုအစီအစဉ်တစ်ခုက သတင်းကျေညာသွားပုံကို ထည့်ပြောလိုပါသည်။ အင်္ဂလိပ်လို Church ကို မြန်မာလို ဘုရားရှိခိုးကျောင်းဟု ခေါ်ပါသည်။ သို့သော် Catholic Church ကို ကက်သလစ်သာသနာဟု ခေါ်ပါသည်။ သို့သော် ထိုသတင်းအစီအစဉ်မှာ ကက်သလစ်ဘုရား ကျောင်းတော်ဟု မှားယွင်းစွာ ကျေညာသွားတာ သတိထားမိပါသည်။
၎။ Inside the Vatican, (Aug.-Sept, 2007), pp.10-13.

Nov 17, 2009

ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့

ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့


ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၏ တောင်စွယ် တောင်တန်း အလှတရားများ၊ စိမ့်စမ်း ရေတံခွန်များ၊ ချယ်ရီပန်းများနှင့် ဝေဆာလှသော အလှတရားများက မြင်ရသူများကို ရင်သပ် ရှုမောမေ့မရနိုင်အောင် ဆွဲဆောင်နိုင်သော သဘာဝအလှတရားများပင် ဖြစ်ပါသည်။ အထူးသဖြင့် ယခုလို မိုးကုန်ပြီး ဆောင်းရောက်ပြီဆိုလျှင် နေခြည်နွေးနွေးနှင့် အတူ သဘာဝရောင်စုံပန်းများ ဖူးပွင့် လာကြသည်။ ကျေးငှက်သရကာများ ပျံသန်းမြူးပျော် နေကြသည်။ ချမ်းအေးသော ရာသီဖြစ်၍ နေရာတိုင်း နှင်းဖွေးဖွေးများ ကျနေကြသည်။ ရွှေရောင် ၀င်းသောစပါးများကို ရိတ်သိမ်းစုစည်းပြီး သောကာလဖြစ်၍ တောင်သူ လယ်သမားများ ပျော်ရွှင်သောကာလလည်း ဖြစ်သည်။

ဤအချိန်သည် အရာရာ သာယာလှပနေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဆောင်းရာသီ၏ အလှများနှင့် တရားများတို့သည် ကျွန်တော်တို့၏ စိတ်ကိုအမောပြေ စေသကဲ့သို့ ကျွန်တော်တို့၏ စိတ်ထဲ၌ တစ်နှစ်တစ်ခါကျရောက်လာမည့် ဒီဇင်ဘာလ၏ ခရစ္စမတ်နေ့မြတ်ကို နွေးနွေးထွေးထွေး ကြိုဆို မျှော်လင့်လျက် ရှိကြသည်။ တိုင်းရင်းသား ခရစ်ယာန်ညီအစ်ကို မောင်နှမများအားလုံးသည် ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ကို မျှော်လင့်နေ သကဲ့သို့ ကျွန်တော်တို့ "အခါ" လူမျိုး တိုင်းရင်းသားများသည်လည်း
ခရစ္စမတ်ရက်မြတ်ကို စောင့်မျှော်နေကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် လယ်ယာ စပါးရိတ်သိမ်းပြီး ဒီဇင်ဘာရောက်ပြီ ဆိုလျှင် ခရစ္စမတ်ပွဲနေ့၌ သုံးရန် ရည်ရွယ်၍ လိုအလှပသော အသုံးအဆောင်ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများကို ကြိုတင် ၀ယ်စုထားကြသည်။ ကလေးငယ်များရသော အိမ်ထောင်စုများသည်လည်း သူတို့သား သမီးများ ၀တ်ဖို့ အ၀တ်အစားများ ၀ယ်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် ပျော်ရွှင်စရာ ခရစ္စမတ်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေကြပါသည်။ ဒီဇင်ဘာလမြတ် ၂၂၊ ၂၃ ရက်နေ့ ရောက်ပြီဆိုလျှင် လူငယ်မောင်မယ်များဖွဲ့၍ ခရစ္စမတ် တေးသီချင်းများဖြင့် မိုးလင်းပေါက် တိုင်အောင် သီဆို နှုတ်ခွန်းဆက်ကြသည်။ ပျော်မြူးကြသည်။ စားပွဲသောက်ပွဲများ ပြုလုပ်လျက် အချင်းချင်း ဖိတ်ကြားကာ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြသည်။ လက်ဆောင်ပစ္စည်းခြင်း လဲလှယ်ကြသည်။ အဝေးမှ ဆွေမျိုးများလာ၍ အတူတကွ ပျော်ရွှင်ကြသည်။ ကျွန်တော်တို့ "အခါ"လူမျိုးများသည် ခရစ္စမတ်ရောက်ပြီဆိုလျှင် အတတ်နိုင်ဆုံး ခေါပုတ် (ရှမ်းဘာသာ)ထောင်းကြသည်။ "အခါ" ဘာသာအားဖြင့် "ဟော်ထန်" ဟုခေါ်သည်။ "ဟော်"ကို ထမင်း၊ "ထန်"ကို ထောင်း "ထမင်းထောင်း"ဟုအဓိပ္ပါယ်ရသည်။

ကောက်ညှင်းပေါင်းပြီး နှမ်းစေ့ထောင်းဖြင့် ရော၍ ထောင်းရသည်။ မထောင်း တတ်လျှင် အလွန်ပင်ပန်းသည်။ ညက်နေအောင် ထောင်းမှသာ စားကောင်းသော ခေါပုတ်ကိုရသည်။ ထောင်းပြီးသား ခေါပုတ်ကို အချပ်သေး သေးလေးများလုပ်၍ မိတ်ဆွေ သူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများကို (ခရစ္စမတ်၏ အစားအစာ အမှတ်တံဆိပ်အဖြစ်) စားသုံးစေသည်။ ခေါပုတ် (ဟောထန်)ကို မီးကင်၍ လည်းကောင်း၊ ဆီဖြင့်ကြော်၍ လည်းကောင်း နို့ဆီ၊ သကြားဖြင့် သုံးဆောင်နိုင်ပါသည်။ သကြားဖြင့် သုံးဆောင်နိုင်ပါသည်။ ဒီဇင်ဘာ (၂၄) ရက် ညသန်းခေါင်ယံတွင် မစ္ဆားတရားတော်မြတ်ကို ကမ္ဘာပေါ်ရှိ ဘုရားကျောင်းတိုင်း၌ ပူဇော်နေသကဲ့သို့
ကျွန်တော်တို့လည်း နှစ်စဉ် နှစ်တိုင်း သန်းခေါင်မစ္ဆား ပူဇော်နိုင်ရန် ဘုရားကျောင်းတက်ကြသည်။ ဒီဇင်ဘာ (၂၅) ရက် ခရစ္စမတ်ရက်ကြီး၌ မနက် မစ္ဆားနာယူပြီးသည်နှင့် သူ့ရွာ၊ ကိုယ့်ရွာ အိမ်တိုင်း အလှူခံသည်။ တစ်ချို့လည်း ခြံထွက် သီးနှံများလှူကြသည်။ ရလာသော အလှူများကို ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် စစ္စတာရ်များကို လှူဒါန်းကြပါသည်။ ပြီးလျှင်အိမ်သို့ပြန်လာပြီး ပျော်ရွှင်ဖွယ် ခရစ္စမတ်ရက်မြတ်ကို ဆက် ကျင်းပကြပါသည်။ ဒီဇင်ဘာ (၂၈) ရက်နေ့သည် ကျွန်တော်တို့ "အခါ"လူမျိုးများ၏ နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ နှစ်သစ်ကူးပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပကြသည်မှာနှစ်စဉ် နှစ်တိုင်းပင်ဖြစ်ပါသည်။

"အခါ" ရိုးရာသီချင်းများ၊ အကပဒေသာများ သီဆိုကခုန်၍ ဖျော်ဖြေ တင်ဆက်ကြပါသည်။ ပျော်ရွှင်စရာ နှစ်သစ်ကူးနေ့လည်း ဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်တို့ "အခါ"လူမျိုးများသည် မြင့်မြတ်သော ခရစ္စမတ်နေ့ကို ပျော်ရွှင်စွာ ကျင်းပကြသကဲ့သို့ "အခါ"နှစ်သစ်ကူးကိုလည်း စည်ကားစွာ ကျင်းပကြပါသည်။ နှစ်ဆန်း (၁) ရက်နေ့ မနက် မစ္ဆားတရားတော်မြတ်နာယူပြီး သောအခါ ထိုနေ့တစ်နေ့တာ၌ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြသည်။ ခရစ္စမတ်ပွဲနေ့ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ စိတ်၌ကား ပျော်ရွှင် ကြည်နူးနေပါသည်။ နောင်လည်း နှစ်စဉ်တိုင်း ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့ကို ကျင်းပဦးမည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။

စိန်ပန်းနီ (ရှမ်းပြည်မြောက်)