Sep 28, 2009

ပုပ်ရဟန်းမင်းကြီး ဗြိတိန်သို့ သွားရောက်မည်


ပုပ်ရဟန်းမင်းကြီး ဗြိတိန်သို့ သွားရောက်မည်

ပုပ်ရဟန်းမင်းကြီး ဗြိတိန်သို့ သွားရောက်မည် နှစ်ပေါင်း(၂၀)မျှ ကြာမြင့်ပြီးနောက် ပုပ်ရဟန်းမင်းကြီးတစ်ပါးသည် ဗြိတိန်မြေသို့ ခြေချတော့မည်ဟု ဗာတီကန်နန်းတော် အသိုင်း အ၀ိုင်း က ကြေညာလိုက်သည်။ ပုပ်ရဟန်းမင်း ဘင်နဒစ်(၁၆)သည် ဗြိတိန်သို့ ၂၀၁၀ခုနှစ်
ဇန်န၀ါရီလတွင် ကြွရောက်မည်ဖြစ်ကြောင်း သိရ သည်။ သက်တော်(၈၂)နှစ် ရှိနေပြီဖြစ်သည့် ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ်ကြီးသည် ၁၉၈၂ခုနှစ်က ပုပ်ဂျွန်ပေါလ်(၂) ကြွရောက်ပြီးနောက် ဗြိတိန်မြေသို့ ပထမဆုံး ပြန်လည်ကြွရောက်မည့် ရဟန်းင်းကြီးလည်း ဖြစ်လာခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်းသည် ဗာတီကန်သို့ ၃ကြိမ်တိုင်တိုင် ပန်ကြားပြီးနောက် ရဟန်းမင်းကြီးက ယခုကဲ့သို့ အပူဇော်ခံ ကြွရောက်ရန် သဘောတူညီ လိုက်ခြင်းဖြစ်သည်။ ယခင်က ကြွရောက်ခဲ့သည့် ပုပ်ဂျွန်ပေါလ်(၂)သည် ဗြိတိန်တွင် ၆ရက်ကြာ စံမြန်းသွားပြီး အင်္ဂလန်၊ စကော့ တလန် နှင့် ဝေလပြည်နယ်များမှ ပြည်သူအမြောက်အမြားထံ အဖူးမျှော်ခံ ကြွရောက်ခဲ့သည်။ ၎င်းသည် ဗြိတိန်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည့် ပုပ်ရဟန်းမင်းကြီးလည်း ဖြစ်လာခဲ့သည်။ ပုပ်ဂျွန်ပေါလ်သည် ဖောက်ကလန်စ်ကျွန်းစစ်ပွဲ ပေါ်ပေါက်လာခြင်းနှင့် လုပ်ကြံခံရ မည် ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းတို့ကြောင့် ပယ်ဖျက်ရမလိုပင် ဖြစ်ခဲ့သေးသည်။ ယခုကြွရောက်မည့် ပုပ်ဘင်နဒစ်(၁၆)သည် သမိုင်းတလျှောက် ဗြိတိန်မြေသို့ ကြွရောက်မည့် ဒုတိယ ပုပ်ကိုယ်တော်အဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်ပြီး အင်္ဂလန်နှင့် ဝေလရှိ ရိုမန်ကက်သလစ် ကျောင်းတော်များသို့ သွားရောက်ကာ ဘာသာရေး အာဏာပိုင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Sep 27, 2009

မေး/ဖြေ။ ။ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူးနဲ့ ပတ်ပတ်ပြီး အသင်းတော်ရဲ့ ဥပဒေမှာ ဘယ်လိုပြဌါန်း ထားလဲဆိုတာ ဖြေကြားပေး စေလိုပါတယ်။


မေး။ ။ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူးနဲ့ ပတ်ပတ်ပြီး အသင်းတော်ရဲ့ ဥပဒေမှာ ဘယ်လိုပြဌါန်း ထားလဲဆိုတာ ဖြေကြားပေး စေလိုပါတယ်။

ဖြေ။ ။ ကက်သလစ်အသင်းတော်မှာ Canon Law လို့ ခေါ်တဲ့ အသင်တော်ရဲ့ ဥပဒေပုဒ်မ(၁)မှ (၁၇၅၂)ထိ ရှိတဲ့ အနက် ပုဒ်မ(၁၀၅၅)ကနေ (၁၁၆၅) ထိ စုစုပေါင်း (၁၁)ခုကို လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးနဲ့ ပတ်သက်ပြီး ပြဌာန်း ထားပါတယ်။ ပထဆုံးပုဒ်မ (၁၀၅၅)ရဲ့ အပိုဒ်(၁)မှာ လက်ထပ်ထိမ်းမြားခြင်းကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆို (Definition) ထားပါတယ်..."လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းဆိုသည်မှာ လက်ထပ် ထိမ်းမြားခြင်း ကတိသစ္စာအားဖြင့် တစ်ဦးနှင့် တစ်ဦးတစ်သက်တာ အပ်နှံကြသော သတိုသမီးနှင့် သတိုးသားတို့သည် အချင်းချင်း အပြန်အလှန် ကောင်းကျိုးပြုရန် အတွက်၎င်းင်း၊ သားသမီးများမွေးဖွားပြီး ဘက်စုံပညာပေးရန် ဟူသော ရည်ရွယ်ချက်နှင့်၎င်းင်း၊ ဆေးကြောခြင်းခံယူပြီးသူ အမျိုးသားနှင့် အမျိုသမီးတို့ ပြုလုပ်ကြသည့် ကတိသစ္စာကို စက္ကရမင်တူးအဖြစ် သခင်ယေဇူး တင်မြှောက်ထားခြင်းဖြစ်သည်။ "သမ္မာကျမ်းစာမှာတော့ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးရဲ့ ထာဝရတည်မြဲခြင်း သတို့သမီးနဲ့ သတို့သားတို့ရဲ့ အပြန်အလှန် လေးစားခြင်း၊ သစ္စာရှိခြင်း၊ ကွာရှင်းခွင့်မပြုခြင်း သတို့သမီးနဲ့သတို့သားတို့ရဲ့ အပြန်အလှန်လေးစားခြင်း၊ သစ္စာရှိခြင်း၊ ကွာရှင်းခွင့်မပြုခြင်းစတဲ့ အကြောင်းတွေကို သံလူကား ၁၆း၁၈၊ သံမာကု ၁၀း၁-၁၂၊ သံမာတေဦး ၅း၃၂၊ ၁၉း၃-၁၂၊ ပ-ကော ၇း၁-၁၆နဲ့ ဧဖက် ၅း၂၁-၃၃တို့မှာ ဖော်ပြထားပါတယ်။ လက်ထပ်ထိမ်းမြားခြင်းရဲ့ ရည်ရွယ်ချက်များ (Ends) ကတော့ သားသမီး ရတနာမွေးဖွားရန် (ကမ္ဘာ၁း၂၈)၊ သားသမီးများကို ဘက်စုံပညာပေးရန် (F.V.J.10) နဲ့ ဇနီးမောင်နှံအပြန်အလှန် ကောင်းကျိုးပြုရန် (ကမ္ဘာ ၂း၁၈) တို့ ဖြစ်ပါတယ်။ ဒီစက္ကရမင်တူးရဲ့ ဂုဏ်သတ္တိ (Properties) နှစ်ခုလာတော့ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း (hnity) (ကမ္ဘာ ၂း၂၄)နဲ့ မပြိုကွဲမပျက်စီးနိုင်ခြင်း (လု ၁၆း၁၈၊ မာကု ၁၀း၉-၂၊ မာတေ ၅း၃၂၊ ၁၉း၉)တို့ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း စက္ကရမင်တုးတစ်ခု တရားဝင် ထမြောက်အောင် မြင်ဖို့ရာ အဓိကအချက် (၃)ချက် လိုအပ်ပါတယ်။ အဲဒါတွေကတော့ အတားအဆီး မရှိခြင်း၊ အပြည့်အ၀ ၀န်ခံကတိပြုနိုင်ခြင်းနဲ့ အသင်းတော်က သတ်မှတ်ပေးထားတဲ့ ပုံစံအတိုင်း လက်ထပ်ပွဲ ကျင်းပခြင်းတို့ ဖြစ်ပါတယ်။

စက္ကရမင်တူးကို အထမမြောက် မအောင်မြင်စေနိုင်တဲ့ အတားအဆီး (၁၂)ခု ရှိပါတယ်။ တစ်ခုချင်းဖော်ပြရမယ် ဆိုရင်
၁။ အသက်မပြည့်ခြင်း
အသင်းတော်တစ်ခုလုံးမှာတော့ မိန်းခလေးဟာ အနည်းဆုံး (၁၄)နှစ်၊ ယောက်ျားလေးက(၁၆)နှစ် ရှိရမယ်လို့ ပြဌာန်းထားပြီး မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်လာတော့ မ( ၁၆)နှစ်နဲ့ ကျား(၁၈)နှစ်လို့ တိုးမြှင့် သတ်မှတ်ထားပါတယ်။
၂။ သားသမီးမရနိုင်ခြင်း အရပ်သုံးစကားနဲ့ ပြောရရင်တော့ အမျိုးသားပန်းသေ/ညှိုးခြင်း၊ အမျိုးသမီး မြုံခြင်းကို ဆိုလိုပါတယ်။
၃။ ယခင်က လက်ထပ်ခြင်း တည်ဆဲရှိခြင်း ယခင်အိမ်ထောင်ဖက် သက်ရှိ ထင်ရှားရှိနေသေးသ၍ ဒီစက္ကရမင်တူး တခြားသူတစ်ဦးဦးနဲ့ ခံယူခွင့် မရှိပါဘူး။
၎။ ဘာသာကွဲလက်ထပ်ခြင်း ကက်သလစ်များဟာ ဘာသာမတူသူတွေနဲ့ လက်ထပ်ခွင့်မရှိပါဘူး။ ဒါကြောင့် ဘာသာကွဲ လက်ထပ်လိုသူများ သက်ဆိုင်ရာ ဆရာတော်ထံမှာ ခွင့်ပြုချက် (Dispensation() တောင်းခံရခြင်းဖြစ်ပါတယ်။
၅။ သိက္ခာခံယူထားခြင်း ဦးပဇင်းကြီး၊ ရဟန်း၊ ဆရာတော်စတဲ့ ပုဂ္ဂိုလ်များဟာ တစ်သက်တာ ဖြူစင်ခြင်း ပါရမီကို စောင့်ထိန်း လိုက်နာပါ့မယ်လို့ ကတိသစ္စပြုထားတဲ့အတွက် လက်ထပ်ခွင့် မရှိပါဘူး။
၆။ ရာသက်ပန် ကတိသစ္စာပြုထားခြင်း ကိုရင်ကြီးများနဲ့ သီလရှင်များလည်း ထိုနည်းတူပါပဲ။ တစ်သက်သစ္စာမပြုမီ တစ်နှစ်တာအတွက် ယာယီကတိသစ္စာပြု ထားကြတဲ့ သူတော်စင်များကို မဆိုလိုပါဘူး။
၇။ အကြမ်းဖက်ခြင်း အတင်အဓမ္မအကျပ်ကိုင်ပြီး လက်ထပ်ခြင်းဟာ တရားမ၀င်ပါဘူး။
၈။ ရာဇ၀တ်မှုကျူးလွန်ခြင်း "သူ့မယားလိုချင် သူ့လင်လှံနဲ့ထိုး" ဆိုတာမျိုး၊ ဖောက်ပြန်လိုသူ နှစ်ဦးပူးပေါင်းပြီး သူတို့ရဲ့ အိမ်ထောင်ဖက်များ (သို့) ကျန်အိမ်ထောင်ဖက်ကို သေကြောင်း ကြံစည်ခြင်းမျိုးကို ဆိုလိုပါတယ်။
၉။ သွေးတော်စပ်ခြင်း ဘင်၊ ဘီ၊ ဘေး၊ ဘိုး၊ မိဘ၊ သားသမီး၊ မြေး၊ မြစ်၊ တီ၊ တွတ်တော်စပ်သူများဟာ လုံးဝလက်ထပ်ခွင့်မရှိပါဘူး (၀တ်ပြု ၁၈း၁-၃၀၊ ပ-ကော ၅း၁-၈)။ လက်ထပ်ခွင့် မရှိတဲ့ အခြားဆွေမျိုးသားချင်း များကတော့ မောင်နှမ၊ တူဝရီးနဲ့ တစ်ဝမ်းကွဲများပါပဲ။ တူဝရီးထက် တစ်ဝမ်းကွဲ ထက်ပို ဝေးမှသာ ခွင့်ပြုချက် မလိုဘဲ လက်ထပ်နိုင်ပါတယ်။
၁၀။ ချွေးတော်စပ်ခြင်း ယောက္ခမနဲ့ ချွေးမ/သမက်၊ ခဲအိုနဲ့ခယ်မ၊ မရီးမတ် လက်ထပ်ခွင့်မရှိပါဘူး။
၁၁။ တရားမ၀င် ဆွေမျိုးတော်ခြင်း လက်မထပ်ဘဲ အတူနေသူများကို ဘာသာတရားနဲ့ ညီညွှတ်ဖို့ရာ အသင်းတော်က အမြဲ ကြိုဆိုပါတယ်။ ဒါပေမယ့် စက္ကရမင်တူးကို အတူနေနေသူနဲ့ ခံယူတာ မဟုတ်ဘဲ အဲဒီသူရဲ့မိဘ၊ သားသမီး၊ ညီအစ်ကို မောင်နှမတစ်ဦးဦးနဲ့ ခံယူမှာ ဆိုရင်တော့ လုံးဝခွင့်မပြုပါဘူး။
၁၂။ တရားဝင် ဆွေမျိုးတော်စပ်ခြင်း တရားဝင် စာချုပ်စာတမ်းနဲ့ မွေးစားထားတယ်ဆိုရင် မွေးစားမိဘနဲ့ မွေးစားသား သမီး၊ မွေးစား မောင်နှမအချင်းချင်း လက်ထပ်ခွင့်မရှိပါဘူး။

လက်ထပ်ထိမ်းမြားခြင်းမှာ သတို့သမီးနဲ့ သတို့သားဟာ အပြန်အလှန် ကတိသစ္စာပြုခြင်းအားဖြင့် ဒီစက္ကရမင်တူးကို ကျင်းပသူများ ဖြစ်ကြပါတယ်။ ဒါကြောင့် အဲဒီလိုအပြည့်အ၀ ၀န်ခံကတိ သစ္စာဖလှယ်ခြင်းကို ထိခိုက်စေတဲ့ မပြည့်စုံစေတဲ့ အကြောင်းရင်း တစ်ခုခုရှိခဲ့ရင် စက္ကရမင်း အထမမြောက် မအောင်မြင်ပါဘူး။

ဒီလို ဖြစ်စေနိုင်တဲ့ အကြောင်းရင်း တစ်ချို့ကတော့

၁။ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိခြင်း ဥပမာ။ ကျပ်မပြည့်ခြင်း၊ ကျန်းမာရေး အလွန်ကျဆင်းနေခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း
၂။ မသိနားမလည်ခြင်း လက်ထပ်ထိမ်းမြားခြင်းရဲ့ ရည်ရွယ်ချက်နှင့် ဂုဏ်သတ္တိများကို လုံးဝမသိနားမလည်ခြင်း၊ လက်ထပ်ပြီး နောက်ထမ်းဆောင်ရမည့် ဇနီး၊ ခင်ပွန်း၊ မိခင်၊ ဖခင်တာဝန် ၀တ္တရားများကို လုံးဝ မသိနားမလည်ခြင်း
၃။ လိမ်ညာခံရခြင်း ဥပမာ။ လွတ်လပ်သူဟု ယုံကြည်၍ လက်ထပ်မိခြင်း၊ ဆွေမျိုး တော်မှန်းမသိ၍ လက်ထပ်မိခြင်း
၎။ လိမ်ညာဖုံးကွယ်ထားခြင်း ဥပမာ။ မိမိရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း၊ လွတ်လပ်သူ မဟုတ်ကြောင်း၊ ဆိုးဝါးသော ကူးစက်ရောဂါရှိနေကြောင်းကို လိမ်ညာ ဖုံးကွယ်ထားခြင်း
၅။ အဓမ္မအကျပ်ကိုင်ခြင်း စိတ်ုပိုင်း၊ ရုပ်ပိုင်းကို ဖိအားပေး၍ လက်ထပ်ခွင့်ရရန် ကြိုးပမ်းခြင်းကို ဆိုလိုပါတယ်။

ကက်သလစ် အသင်းတော်က ဒီစက္ကရမင်တူးကို ဘုရားရှေ့၊ ရဟန်းနဲ့ လူထုပရိတ်သတ်ရှေ့မှာ ခံယူ ကျင်းပစေ လိုပါတယ်။ ဒါကြောင့်
ကျောင်းထိုင်း ဘုန်းတော်ကြီး အပြင် လူရိုသေ ရှင်ရိုသေတဲ့ ဘာသာတူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ပါ အသိသက်သေအဖြစ် ပါဝင်ကြရပါတယ်။ အသင်းတော်ရဲ့ ဥပဒေမှာ သတို့သမီး နေထိုင်တဲ့ အုပ်စုက ဘုရားကျောင်းမှာ လက်ထပ်ရမယ်လို့ ပြဌာန်းမထားပါဘူး။ သတို့သမီးနဲ့ သတို့သားဟာ မိမိတို့ရဲ့ အိမ်ထောင်ဖက်ကို တရားဝင် ဇနီး/ခင်ပွန်းအဖြစ် သိမ်းပိုက်ရန် အလို ရှိကြောင်း၊ ရာသက်ပန် ချစ်ခင် လေးစားနိုင်ရန်၊ မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည် ဖြစ်စေ သစ္စာရှိရှိ ပေါင်းသင်းပါမည်ဟု လူသိရှင်ကြား အပြန်အလှန် ၀န်ခံကတိပြု ကြရပါတယ်။ ဒီကတိဟာ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးရဲ့ အဓိက အရေးကြီးဆုံး အချက်ပါပဲ။ ၀ိနည်းအတိုင်း လက်ထပ်ပြီးတဲ့အခါ လက်ထပ်တဲ့ နေ့ရက်၊ နေရာ၊ နှစ်ဖက်မိဘ အမည်များ ရေးသွင်းပြီး ကာယံရှင်နှစ်ဦး၊ အသိတက်သေ နှစ်ဦးနဲ့ လက်ထပ်ပေးတဲ့ ဘုန်းတော်ကြီးတို့က မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးကြပါတယ်။

အမိအသင်းတော်က ကက်သလစ်ဘာသာဝင်များကို "ဆေးကြောခြင်းခံ ယူထားသော ခရစ်ယာန် မဟုတ်သူ"
အခြား ဘာသာဝင်တစ်ဦးနဲ့ ဘာသာကွဲ လက်ထပ်ခြင်းကို ခွင့်မပြုပါဘူး။ ဒီလိုဘာသာကွဲ လက်ထပ်ခြင်းမျိုးမှာ သက်ဆိုင်ရာ ဆရာတော်ရဲ့ တရားဝင်ခွင့်ပြုချက် ရယူလိုတယ်ဆိုရင် အောက်ပါ အချက်(၃)ချက်နဲ့ ပြည့်စုံရပါမယ်။

၁။ ကက်သလစ် ဘာသာဝင်ဖြစ်တဲ့သူက မိမိရဲ့ ယုံကြည်ခြင်းကို ထိခိုက်စေမယ့် အန္တရာယ်ကို ဖယ်ရှားဖို့ အဆင့်သင့်ရှိကြောင်း၊ ရရှိလာမယ့် သားသမီး အားလုံးကို ဆေးကြောခြင်း ခံစေပြီး ကက်သလစ် အသင်းတော်မှာသာ ရှင်သန် ကြီးပြင်းစေဖို့ရာ အစွမ်းကုန် ကြိုးစားလုပ် ဆောင်ပါမယ်ဆိုတဲ့အကြောင်း ရိုးသားစွာနဲ့ ၀န်ခံ ကတိပြုရမယ်။
၂။ ကက်သလစ်ဖြစ်သူက မိမိဟာ ဒီကတိဝန်ခံချက်တွေ ပြုရမှာဖြစ်တယ်ဆိုတဲ့ အကြောင်း ဘာသာကွဲဖြစ်သူကိုလည်း အသိပေးရမယ်။ ဒါမှသာ ဘာသာကွဲဖြစ် သူအနေနဲ့ ကက်သလစ်ဖြစ်သူရဲ့ ကတိဝန်ခံချက်နဲ့ ၀တ္တရားတွေကို အလေးထားမှာ ဖြစ်တယ်။
၃။ လက်ထပ်ထိမ်းမြားခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ဂုဏ်အင်္ဂါရပ်တွေကို ဘာသာတူကဖြစ်စေ၊ ဘာသာကွဲကဖြစ်စေ၊ လုံးဝဖျက် ဆီးပိုင်ခွင့် မရှိဘူးဆိုတာ နှစ်ဦးစလုံးကို လမ်းညွှန်သွန်သင်ပေးရမယ်။

သတိထားရမယ့်အချက်တွေကတော့ မှတ်ချက်
၁။ ကက်သလစ်ဘာသာနှင့် အခြားဂိုဏ်းကွဲများတို့၏ ဘာသာ ရေးထုံးစံတို့ကို ရောနှောပြီး ထိမ်းမြားခြင်း မင်္ဂလာအခမ်းအနားကို ကက်သလစ်အသင်းတော်က လုံးဝခွင့်မပြုပါ။
၂။ ကက်သလစ်ဘာသာ ကျင့်ထုံးနှင့်အညီ လက်ထပ်ထိမ်းမြားပြီး နောက် အခြားဂိုဏ်းများ၏ ဘာသာရေး ကျင့်ထုံးအတိုင်း ထပ်ဆင့်၍ လက်ထပ်ထိမ်းမြားခြင်းကို အသင်းတော်က ခွင့်မပြုပါ။
၃။ သို့သော် ကက်သလစ်အသင်းတော် အတွင်း လက်ထပ်ပြီးနောက် အခြားသော ဘာသာ၏အကြီးအကဲများထံ သွားရောက် ဂါရ၀ပြုခြင်း၊ ရိုးရိုးကောင်းကြီးခံယူခြင်း သာလျှင် ခွင့်ပြုပါသည်။

ဇနီးနဲ့ခင်ပွန်းနှစ်ဦးစလုံးရဲ့တာဝန်တွေကတော့
- တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် သစ္စာရှိဖို့နဲ့
- ဘုရားသခင်ပေးသနားတဲ့ သားသမီးတွေရဲ့ ၀ိညာဉ်ကာယ ကောင်းကျိုးအတွက် အစွမ်းကုန်ကြိုးစားကြဖို့ ဖြစ်တယ်။ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးရဲ့ အဓိကအကျိုးသက်ရောက်မှုတွေကတော့
- စောင်မခြင်း ကျေးဇူးတော် တိုးပွားခြင်း၊
- လက်ထပ်ထိမ်းမြားခြင်း ပဋိညာဉ်မပြိုကွဲရေး၊
- ဇနီးနဲ့ခင်ပွန်းကြား အပြန် အလှန်သစ္စာထားနိုင်ဖို့၊ မေတ္တာပွားနိုင်ဖို့၊ သားသမီးတွေကို ကျွေးမွေးပြုစုနိုင်ဖို့၊ တခြားသူတွေ အထူးသဖြင့် မိသားစုဝင်တွေ၊ ဆွေမျိုး၊ မိတ်ဆွေတွေရဲ့ ၀ိညာဉ်ရေး တိုးတက်အောင် အကူအညီပေးနိုင်ဖို့ စတာတွေအတွက် ဘုရားသခင်က အထူး တလည်ခွန်အားပေး ကူညီခြင်း တို့ပဲဖြစ်တယ်။


ခံပွင့်

မေမေ့ထံသို့ တိတ်တခိုးရင်ဖွင့်သံ


မေမေ့ထံသို့ တိတ်တခိုးရင်ဖွင့်သံ


မနက်မိုးလင်းတာနဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံကို ကြားရပါတယ်။ ဒီနေ့ အသင်းတော်က သတ်မှတ် ပေးထားတဲ့ (တနင်္ဂနွေ) ဥပုသ်နေ့ပဲ မဟုတ်ပါလား။ စိတ်ထဲက တွေဝေမနေဘဲ အိပ်ယာက ထပြီး သွားတိုက်၊ မျက်နှာသစ်၊ အ၀တ်လဲပြီး ဘုရားကျောင်းကို သွားဖို့ ပြင်ဆင်ရပါတော့တယ်။ သမီးတို့ မိသားစုမှာ ဖေဖေဟာ ဘာသာခြား တစ်ဦးပါ။ ဖေဖေ့ကိုတော့ ဘုရားကျောင်းသွားဖို့ မခေါ်မိဘူး။ သမီးအာရုံထဲမှာ မေမေကို သတိရလိုက်မိတယ် ဆိုရင်ပဲ "မေမေရေ ဒီနေ့တနင်္ဂနွေနေ့လေ ဘုရားကျောင်းသွား ရအောင်နော်"လို့ မေမေ့ကို ပြောလိုက်တော့ "သမီးလေးပဲ သွားလိုက်ပါ။ မေမေ တို့က အရမ်းအလုပ်ရှုပ်တယ်။ သမီးက အလုပ်မရှိဘူး"တဲ့။ သမီးတို့ မိသားစုက မေမေ့သြဇာအောက်မှာ နေကြရတော့ နှစ်ခါမပြောရဲဘူး။ သမီး အရမ်းဝမ်းနည်း သွားမိတယ်။ "တနင်္ဂနွေနှင့် ဘာသာဝတ္တရားပွဲနေ့တို့၌ မစ္ဆားတရားတော်မြတ်ကို နာယူကုန်လော့" ဆိုတဲ့ အသင်းတော်ကျင့်ဝတ်ကို မေ့ကုန်ပြီထင်တယ်။ ဘုရားကို မေ့နေကြတယ်။ တွေးရင်းနဲ့ပဲ ဘုရားကျောင်းကို သွားရတော့တယ်။ ဒီလို တနင်္ဂနွေတွေများနေပြီနော် မေမေရေ။ ဘုရားကျောင်းရောက်တော့ သမီး သူငယ်ချင်းတွေက သူတို့မိဘတွေရဲ့ လက်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်လာ နေကြတယ်။ ဘုရားကျောင်း တက်တော့ အလှူငွေထည့်ဖို့ သူတို့မိဘတွေဆီမှာ တောင်းကြတယ်။ မိဘတွေက ပိုက်ဆံအိတ်ကြီး တွေဖွင့်ပြီး ပြုံးပြုံးပျော်ပျော် လှိုက်လှိုက် လှဲလှဲ ပေးနေကြတယ်။ သမီးကတော့ ဘယ်သူ့ဆီမှာ တောင်းပြီး အလှူငွေထည့် ၀င်ရမှာလဲ။ သူတို့လိုပဲ ချစ်မေမေနဲ့ လက်တွဲပြီး ဘုရားကျောင်းကို သွားချင် လိုက်တာ။ သြော်..... မေမေရယ်။

မိုင်အဲန်နီ (တောင်တွင်းကြီး)

Sep 21, 2009

ထာဝရ ဥယျာဉ်မှူးကြီးကို ကျေးဇူးဆပ်တင် ကြပါစို့


ထာဝရ ဥယျာဉ်မှူးကြီးကို ကျေးဇူးဆပ်တင် ကြပါစို့

ကျမအရမ်းကြိုက်တဲ့ ကဗျာ၊ ခွန်အားယူစရာကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။
ကြာနဲ့ဗေဒါ မတူတာက သဘာဝရဲ့ အလှတစ်မျိုးပဲ၊
ကျီးနဲ့ဗျိုင်းမတူ တာက သဘာဝရဲ့အလှ တစ်မျိုးပဲ၊
မင်းနဲ့ ငါမတူတာက သဘာဝရဲ့ အလှတစ်မျိုးပဲ၊
ဒါကြောင့် မင်းနဲ့သူများအသွင်ခြားလို့ အားမငယ်နဲ့သူငယ်ချင်း၊
သူများလိုမစွမ်း၊ မတတ်ကျွမ်းလို့ ၀မ်းမနည်းနဲ့သူငယ်ချင်း၊
မင်းမှာ သီးခြားပိုင်ဆိုင်ထားတဲ့
ဘုရား အမွေ အစွမ်းအစတွေလည်း
သူတို့ထဲမှာ သွားရှာဖွေလို့ တွေ့မှာမဟုတ်ဘူး။
အရာ အားလုံး လူအားလုံးဟာ တူနေပါလျှင်
ဖန်ဆင်းရှင်က အလှလျော့ပါးငြီးငွေ့ သွားမှာ သိခဲ့တာကြောင့်
တစ်ယောက် တစ်မျိုး မရိုးလေအောင်
အရောင်အဆင်း အရည် အချင်းများ
ခွဲခြားဖန်ဆင်း စီမံခြင်းပါ သူငယ်ချင်း"
ဆိုတဲ့ ကဗျာလေး ကို ဖတ်ဖူးခဲ့ပါတယ်။

ဖြူ၊ နီ၊ ၀ါ၊ ပြာ အရောင်မျိုးစုံ၊ အရွယ်မျိုးစုံနဲ့ ပန်းပေါင်းစုံဟာ လောက ကမ္ဘာကြီးရဲ့ အလှကို ပိုမိုပြည့်စုံလှပ စေကြတယ်။ အရောင်အသွေးစုံစွာနဲ့ လှပဝေဆာနေကြတဲ့ ပန်းလေးတွေမှာ ကိုယ်ပိုင်ရနံ ကိုယ်ပိုင်အလှနဲ့ ကိုယ်စီ သီးခြားစွာ ကွဲပြားနေကြတယ်။ တချို့ ပန်းလေးတွေရဲ့ ရနံဟာ မွှေးကြိုင်လွန်းလှ သလို တချို့ကျတော့ သင်းပျံ့တဲ့ ရနံလေးတွေနဲ့ လူသားအားလုံးအတွက် လေထုက တဆင့် စိတ်ကြည်နူးမှုကို ပေးစွမ်းနေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရောင်အဆင်းတွေကွဲပြား ထုံသင်းရနံတွေခြားနား နေပေမယ့် ပန်းပွင့်လေးတွေမှာ ကိုယ်ပိုင် ရနံ ကိုယ်ပိုင်အလှလေးတွေကို ဘုရားသခင်ဟာ ပိုင်ဆိုင်စေပါတယ်။ ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့ အရာဟူသမျှကို သူနေရာတကျတည်ရှိ လှပစေပါတယ်။ သင့်အနေနဲ့ ပင်လယ်ကြီးကို တွေ့မြင်ကြည့်လိုက်ပါ။ မုန်းတိုင်းထန်ချိန်မှာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ။ လှိုင်းတံပိုးတွေဟာ ဘေးမှာ ရှိနေတဲ့ တွေ့သမျှအရာတွေကို ၀ါးမျိုတော့မယ့် ဟန်တွေနဲ့ ကြိမ်းဝါးနေတဲ့အသံတွေ၊ ဒ်ီလိုအချိန်မှာ ပင်လယ်ကြီးဟာ ဘယ်လိုမှ မလှပနိုင်တဲ့ အကျည်းတန်လွန်းတယ်လို့ ကျမတို့ မှတ်ယူကြမှာပါ။ ဒါပေမဲ့ မုန်းတိုင်းတွေ ငြိမ်သက်သွားချိန်၊ ပင်လယ်ရဲ့ ကြိမ်းဝါးသံတွေ ရပ်တန့်သွားချိန်မှာတော့ ပင်လယ်ပြင်ရဲ့ အလှကို ရင်သပ်ရှုမောစွာနဲ့ ကျမတို့တွေ ခံစားကြရမှာပါ။ ဘယ်အရာမှာမဆို အကျည်းတန်မှုတွေသာ မဟုတ်ဘဲ လှပမှုလေးတွေ ကိုယ်စီရှိနေကြပါတယ်။ ကျမတို့တွေရော မိမိတို့ပိုင် ဆိုင်ထားကြတဲ့ ကိုယ်ပိုင်အလှတရားလေး တွေကို ရှာဖွေသတိထားမိကြရဲ့လား။ ကိုယ်ရဲ့ မျက်နှာပုံကိုတော့ အားလုံးသတိ ထားမိကြမှာပါ။ ငါ့ရဲ့မျက်နှာဟာ သူ့လို မလှဘူး။ သူ့လောက်မလှဘူး စသဖြင့် အကြိမ်ကြိမ် ညဉ်းတွားမိခဲ့ဖူးမှာပါ။ များသောအားဖြင့် ကိုယ့်မှာရှိတဲ့ အလှတရားကို မတွေ့တတ်ကြဘူး။ ဘုရားက ငါ့ကို ဘယ်ရုပ်မျိုး ဖန်ဆင်းထားတာလဲ။ ဘာလို့ ဒီလိုရုပ်ဆိုးတာလဲ အလှတရားကို မတွေ့ တတ်ကြဘူး။ ဘုရားက ငါ့ကို ဘယ်ရုပ်မျိုး ဖန်ဆင်းထားတာလဲ။ ဘာလို့ ဒီလိုရုပ်ဆိုးတာလဲ စတဲ့အတွေးမျိုးတွေ ကျမတို့စိတ်ထဲမှာ တစ်ခါတစ်ရံ တွေးတော နေမိတတ်ပါတယ်။ မတင်းတိမ်း မရောင့်ရဲတတ်တဲ့ စိတ်တွေနဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှကို မတွေ့မိဖြစ်ကြတယ်။ ရုပ်ပိုင်းဆိုင် ရာလှပဖို့၊ ပိုပြီး လှသထက်လှစေဖို့အတွက် လူတွေဟာ အမျိုးမျိုး ကြိုးစားပြုပြင် ကြတယ်။ ကျမ ပါအ၀င်လူအားလုံး လှချင်ကြတယ်။ မိန်းကလေးမှ လှချင်တာလဲ မဟုတ်ဘူးနော်။ အလှအပနဲ့ ပတ်သက်လာရင် ကိုယ်အတတ်နိုင်ဆုံး အတိုင်းတာနဲ့ အလှပဆုံး ဖြစ်စေကြတယ်။ လှပအောင် ပြုပြင်နေထိုင်တာ ကောင်းတဲ့ အရာတခုပါ။ ဒါပေမဲ့ ကျမတို့စဉ်းစားရမှာက မတည်မြဲနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုပဲ လှပစေမှာလား။ ပြုပြင်နေမှာလား သူ့ထက်ပိုလှအောင်ပဲ ကြိုးစားနေမှာလား။ ကျမတို့မှာ ခန္ဓာနဲ့ ၀ိညာဉ်ပူးတွဲ တည်ရှိနေတာပါ။ လောကီနဲ့ ဆိုင်တဲ့ ခန္ဓာရဲ့ အလှကို ပြုပြင်နေကြသလို လောကုတ္တရာနဲ့ဆိုင်တဲ့ ၀ိညာဉ်ရဲ့ လှပမှုကိုလဲ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာခန္ဓာအလှအတွက် Beauty Paler ကို ကြိုးစားပြီးသွားနေ ကြသလို ကျမတို့ရဲ့ စိတ်ဝိညာဉ်လှပဖို့ အတွက် လှပမှုတွေနဲ့ မွမ်းမံတန်ဆာဆင် ပေးမဲ့ သခင်ခရစ်တော်ရဲ့ ဗိမ္မာန်တော်ကို သွားဖို့အတွက် ကြိုးစားကြပါစို့။ ဘယ်အရာမှာမဆို ကိုယ်လိုချင်တာ တစ်ခု ရဖို့အတွက် ကိုယ့်မှာရှိတဲ့ တစ်ခုခုကိုတော့ ရင်းနှီးလုပ်ရတာပါပဲ။ အခုခေတ်စား နေတဲ့ ဆံပင်အဖြောင့် ဆွဲတယ်ဆိုပါစို့ လှပတဲ့ ဆံပင်ဖြောင့်ဖြောင့်လေးရဖို့အတွက် ကိုယ်တိုင်ဒါမှမဟုတ် မိဘက ကြိုးစားပမ်းစား ရှာဖွေလို့ ရထားတဲ့ပိုက်ဆံတွေကို အရင်းနှီးလုပ်လိုက်ရတာပဲ မဟုတ်လား။ ကျမတို့ခရစ်ယာန်တွေရဲ့ ဘ၀အသက်တာဟာ တစ်နေ့သောအခါ ကောင်းကင်နိုင်ငံမှာ ထာဝရဘုန်းစည်းစိမ်ကို ခံစားရဖို့ပဲလေ။ ဒီလိုတန်ဖိုးကြီးမား လှတဲ့ ထာဝရသုခဘုံကို စံစားရဖို့ ဆိုရင် ထိုက်သင့်တဲ့ ရင်းနှီးမှုတော့ ပေးရမှာပါ။ ခရစ်တော်ဟာ ဘယ်နေရာမျိုးတွေမှာ ရှိနေတတ်တယ်ဆိုတာ သိထားမှသာ ကျမတို့ ခရစ်တော်ရှိရာကို ဖြောင့်တန်းစွာ သွားနိုင်မှာပါ။ ခရစ်တော်ဟာသူ့ရဲ့ ကယ်တင်ခြင်းကို လူသားအားလုံးအတွက် ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူတစ်ဦးဆီကိုတော့ သူနဲ့အတူ ဒုက္ခစရိယာလမ်းကို မျှဝေခံထမ်းဖို့ကို လိုလားတောင့်တခဲ့ပါတယ်။ ခရစ်တော်ဟာ ကယ်တင်ခြင်းလမ်းကို ဘယ်လိုပဲ ခင်းပေးခဲ့၊ ပြင်ဆင်ပေးခဲ့ပါစေ မိမိကိုယ်တိုင် ပါဝင်လျှောက်လှမ်းပါမှ ထာဝရ သုခဘုံကို အရောက်လှမ်းနိုင်မှာပါ။ ထာဝရဘုရားဟာ ကောင်းတဲ့ သူအပေါ်မှာရော မကောင်းတဲ့သူ အပေါ် မှာပါ သူ့ရဲ့ မိုးကို ရွာသွန်းစေပါတယ်။ မိုးရေကို လိုချင်ရင် မိုးရွာချိန်မှာ ကိုယ်တိုင် ခံယူပါမှ မိုးရေရရှိမှာ ဖြစ်ပါတယ်။ ဒီလိုပဲ မိမိရဲ့ စိတ်နှလုံးဝိညာဉ်ကို လှပစေဖို့ ကိုယ်တိုင် ဖန်တီးဖို့ အင်အားတွေ လိုနေရင် အလှဖန်တီးရှင် ခရစ်တော်ရှိနေပါတယ်။ နှလုံးသားမာကျောသူတွေ၊ မပြည့်ဝမှုတွေနဲ့ အကျည်းတန်နေတဲ့ ကျမတို့ရဲ့ နှလုံးသားတွေကို လှပအောင် ပြုပြင်ပေးမဲ့ ခရစ်တော်ရဲ့ အလှပြုပြင်ရေးသင်တန်းရှိပါတယ်။ ခရစ်တော်ရဲ့ အလှဆင်သင်တန်းကို တက်ရောက်ဖို့အတွက် အသက်အရွယ်၊ လူမျိုး၊ ပညာအရည် အချင်း၊ ဓနဥစ္စာပိုင်ဆိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ လှပမှုတွေ ဘာတခုမှ ကန့်သတ်မှုမရှိပါဘူး။ ဒါပေမဲ့ ယုံကြည်မှု တစ်ခုတော့ အထူးလိုအပ်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ ရှိသင့်ရှိထိုက်တဲ့ လှပမှုလေးတွေကို ဘုရား သခင်က အားလုံးကို ပေးထားပါတယ်။ အားလုံးပြည့်စုံနေသူဆိုတာ လောကမှာ မရှိသလို ကောင်းတာလေးတစ်ခုမှ မရှိတဲ့ သူဆိုတာလဲ လောကမှာ မရှိပါဘူး။ သင့်မှာ ရော ကျမမှာပါ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ဘုရားသခင်ပေးထားပါတယ်။ ဒီအပြုံးလေးဟာ ဘယ်တော့မှ ရိုးအီမသွားနိုင်ပါဘူး။ သင်ပြုံးနေပါ၊ ဘယ်သူက သင့်ကို အရုပ်ဆိုးတယ်ပြော မလဲ။ အပြုံးဆိုတာ နှလုံးသာကလာတဲ့ အချက်မရှိပါဘူးလို့ ဘယ်သူပြောဦးမလဲ သင့်ကိုယ်သင့်ရော ပြောနိုင်ဦးမလား။

ကိုယ်က သူများလိုမလှလို့၊ သူများတက်တဲ့ ပညာကို ကိုယ်က မတတ်လို့ စိတ်ဓါတ်ကျ ၀မ်းနည်းနေချိန်မှာ ဒီကဗျာလေးနဲ့ ကျမတို့တတွေ ပြန်လည်သုံးသပ် ခွန်အားယူသင့်ပါတယ်။ သူများက အင်ဂျင်နီယာတွေပဲဆိုရင်လဲ လောကကြီးက ပြီးပြည့်စုံသွားမှာလား၊ လောကကို ပြည့်စုံစွာ လှပစေဖို့ ဘုရားသခင်က အကွက်ကျကျ စီမံပေးပြီးသားပါ။ ကျမတို့ အနေနဲ့ ဘုရားက ကိုယ့်အတွက် ပြင်ဆင်ပေးထားတဲ့ လမ်းအတိုင်းလေးပဲ လမ်းလွဲမသွားအောင်၊ ရိုင်လဲမသွားအောင် အလိုက်သင့် ထိန်းသွားရမှာပါ။ ပန်းရောင် စုံပွင့်ဖူးနေတဲ့ပန်းဥယျာဉ်ကို မြင်လို၊ ပိုင်ဆိုင်လိုရင် ဥယျာဉ်မှုးပျိုးပင်၊ မြေသြဇာ အားလုံး တူညီစွာ ကောင်းမွန်ရပါမယ်။ ဒါမှသာ ပန်းတို့ရဲ့ ရနံ့ဟာ နေ့ရောညပါ ထုံးသင်းနိုင်ပါလိမ့်မယ်။ ၀ိညာဉ်ရေးဆိုင်ရာမှာလဲ ကျမတို့တွေ လမ်းမှားမရောက်အောင်၊ အနာဂတ်ဘ၀ လှပစိုပြေနိုင်အောင်၊ လူတော်လူတောင်းတွေ ဖြစ်လာ နိုင်အောင်လမ်းပြပေးမဲ့ ခရစ်တော် ရှိနေပြီပဲ။ ကျမတို့ အနေနဲ့ ဘာများလိုအပ် သေးလဲ။

ကမ္ဘာမိုးမြေကိုဖန်ဆင်းပေးတဲ့ ခမည်းတော်ဘုရား၊ ဖန်ဆင်းခံသတ္တ၀ါတွေကို လမ်းကောင်းပြကြည့်ရှုပေးတဲ့ သားတော်၊ အဆိုးနဲ့အကောင်းကို ခွဲခြား နိုင်အောင်၊ အလင်းနဲ့အမှောင်ကို မီးမောင်းထိုးပြပေးတဲ့ သန့်ရှင်းသော ၀ိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးဟာလည်း ဥယျာဉ်ထဲက ပန်းကလေးတွေရဲ့ ပိုင်ရှင် ဥယျာဉ်မှူးကြီးလိုပါပဲ။ သူတို့ရဲ့ ပန်းလေးတွေကို တနေ့သောအခါ တန်ဖိုးရှိတဲ့ ဘုရားပန်းလေးတွေဖြစ်အောင် ပြုပြင်ပေး နေပါတယ်။ အဖဘုရားသခင်ဟာ ပိုင်ဆိုင် သင့်တဲ့အလှတရားတွေကို ကိုယ်စီပေးအပ် ထားပါရက်နဲ့ ကိုယ့်မှာရှိတဲ့ အလှတရား၊ အစွမ်းအစတွေနဲ့ မရောင့်ရဲ မတင်းတိမ်နိုင်ပဲ သူများနဲ့ယှဉ်လို့ ကိုယ့်ကိုယ်ကို ဝေဖန်ပြစ်တင်နေမယ်ဆိုရင် ဖန်ဆင်းရှင်က ဘယ်မှာ ပျော်ရွှင်ကျေနပ်နိုင်ပါ့မလဲ။ ဒါကြောင့် ကျွန်မတို့ တစ်ဦးချင်းအနေနဲ့ ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ အလှတရားတွေကို အရောင်လဲ့လာအောင်၊ တန်ဖိုးရှိလာ အောင်၊ တနေ့သောအခါ ကောင်းကင်ဘုံမှာ ဘုရးသခင်ကို ဆက်ကပ်နိုင်မယ့် ဖြူစင်တဲ့ ပန်းကလေးဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ဖန်တီးရင်း ကျွန်မတို့ရဲ့ ထာဝရဥယျာဉ်မှူးကြီးကို ကျေးဇူးဆပ်တင်ကြပါစို့။ နောင်တမလွန်ကောင်းကင်နှင့် ဆိုင်ရာ စိတ်ဝိညာဉ်ကိုလည်း လှသထက်လှ အောင် ပြုပြင်ဖန်တီးရင်း စစ်မှန်တဲ့ ခရစ်ယာန်တွေရဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်တဲ့ ထာဝရသုခဘုံကိုအရောက် လှမ်းနိုင်အောင် ကြိုးစားကြပါစို့။

နှင်း (နဘတ်)

Sep 19, 2009

God on the mountain


God on the mountain



GOD ON THE MOUNTAIN

Life Is Easy, When Your Up On The Mountain
and You've Got Peace Of Mind
like You've Never Known
but Then Things Change And Your Down In The Valley
don't Lose Hope For Your Never Alone

[Chorus]

for The God On The Mountain Is Still God In The Valley
when Things Go Wrong He'll Make Them Right
and The God Of The Good Times, Is Still God Of The Bad Times
and The God Of The Day Is Still God Of The Night

v. 2

you Talk Of Faith When Your Up On The Mountain
oh, But The Talk Comes So Easy
when Life's At Its Best
but Its Down In The Valley Of Trials And Temptations
that's Where Faith Is Really Put To The Test

Repeat Chorus 2 Times And Then:

and The God Of The Day Is Still God Of The Night