Nov 17, 2009

ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့

ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့


ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၏ တောင်စွယ် တောင်တန်း အလှတရားများ၊ စိမ့်စမ်း ရေတံခွန်များ၊ ချယ်ရီပန်းများနှင့် ဝေဆာလှသော အလှတရားများက မြင်ရသူများကို ရင်သပ် ရှုမောမေ့မရနိုင်အောင် ဆွဲဆောင်နိုင်သော သဘာဝအလှတရားများပင် ဖြစ်ပါသည်။ အထူးသဖြင့် ယခုလို မိုးကုန်ပြီး ဆောင်းရောက်ပြီဆိုလျှင် နေခြည်နွေးနွေးနှင့် အတူ သဘာဝရောင်စုံပန်းများ ဖူးပွင့် လာကြသည်။ ကျေးငှက်သရကာများ ပျံသန်းမြူးပျော် နေကြသည်။ ချမ်းအေးသော ရာသီဖြစ်၍ နေရာတိုင်း နှင်းဖွေးဖွေးများ ကျနေကြသည်။ ရွှေရောင် ၀င်းသောစပါးများကို ရိတ်သိမ်းစုစည်းပြီး သောကာလဖြစ်၍ တောင်သူ လယ်သမားများ ပျော်ရွှင်သောကာလလည်း ဖြစ်သည်။

ဤအချိန်သည် အရာရာ သာယာလှပနေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဆောင်းရာသီ၏ အလှများနှင့် တရားများတို့သည် ကျွန်တော်တို့၏ စိတ်ကိုအမောပြေ စေသကဲ့သို့ ကျွန်တော်တို့၏ စိတ်ထဲ၌ တစ်နှစ်တစ်ခါကျရောက်လာမည့် ဒီဇင်ဘာလ၏ ခရစ္စမတ်နေ့မြတ်ကို နွေးနွေးထွေးထွေး ကြိုဆို မျှော်လင့်လျက် ရှိကြသည်။ တိုင်းရင်းသား ခရစ်ယာန်ညီအစ်ကို မောင်နှမများအားလုံးသည် ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ကို မျှော်လင့်နေ သကဲ့သို့ ကျွန်တော်တို့ "အခါ" လူမျိုး တိုင်းရင်းသားများသည်လည်း
ခရစ္စမတ်ရက်မြတ်ကို စောင့်မျှော်နေကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် လယ်ယာ စပါးရိတ်သိမ်းပြီး ဒီဇင်ဘာရောက်ပြီ ဆိုလျှင် ခရစ္စမတ်ပွဲနေ့၌ သုံးရန် ရည်ရွယ်၍ လိုအလှပသော အသုံးအဆောင်ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများကို ကြိုတင် ၀ယ်စုထားကြသည်။ ကလေးငယ်များရသော အိမ်ထောင်စုများသည်လည်း သူတို့သား သမီးများ ၀တ်ဖို့ အ၀တ်အစားများ ၀ယ်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် ပျော်ရွှင်စရာ ခရစ္စမတ်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေကြပါသည်။ ဒီဇင်ဘာလမြတ် ၂၂၊ ၂၃ ရက်နေ့ ရောက်ပြီဆိုလျှင် လူငယ်မောင်မယ်များဖွဲ့၍ ခရစ္စမတ် တေးသီချင်းများဖြင့် မိုးလင်းပေါက် တိုင်အောင် သီဆို နှုတ်ခွန်းဆက်ကြသည်။ ပျော်မြူးကြသည်။ စားပွဲသောက်ပွဲများ ပြုလုပ်လျက် အချင်းချင်း ဖိတ်ကြားကာ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြသည်။ လက်ဆောင်ပစ္စည်းခြင်း လဲလှယ်ကြသည်။ အဝေးမှ ဆွေမျိုးများလာ၍ အတူတကွ ပျော်ရွှင်ကြသည်။ ကျွန်တော်တို့ "အခါ"လူမျိုးများသည် ခရစ္စမတ်ရောက်ပြီဆိုလျှင် အတတ်နိုင်ဆုံး ခေါပုတ် (ရှမ်းဘာသာ)ထောင်းကြသည်။ "အခါ" ဘာသာအားဖြင့် "ဟော်ထန်" ဟုခေါ်သည်။ "ဟော်"ကို ထမင်း၊ "ထန်"ကို ထောင်း "ထမင်းထောင်း"ဟုအဓိပ္ပါယ်ရသည်။

ကောက်ညှင်းပေါင်းပြီး နှမ်းစေ့ထောင်းဖြင့် ရော၍ ထောင်းရသည်။ မထောင်း တတ်လျှင် အလွန်ပင်ပန်းသည်။ ညက်နေအောင် ထောင်းမှသာ စားကောင်းသော ခေါပုတ်ကိုရသည်။ ထောင်းပြီးသား ခေါပုတ်ကို အချပ်သေး သေးလေးများလုပ်၍ မိတ်ဆွေ သူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများကို (ခရစ္စမတ်၏ အစားအစာ အမှတ်တံဆိပ်အဖြစ်) စားသုံးစေသည်။ ခေါပုတ် (ဟောထန်)ကို မီးကင်၍ လည်းကောင်း၊ ဆီဖြင့်ကြော်၍ လည်းကောင်း နို့ဆီ၊ သကြားဖြင့် သုံးဆောင်နိုင်ပါသည်။ သကြားဖြင့် သုံးဆောင်နိုင်ပါသည်။ ဒီဇင်ဘာ (၂၄) ရက် ညသန်းခေါင်ယံတွင် မစ္ဆားတရားတော်မြတ်ကို ကမ္ဘာပေါ်ရှိ ဘုရားကျောင်းတိုင်း၌ ပူဇော်နေသကဲ့သို့
ကျွန်တော်တို့လည်း နှစ်စဉ် နှစ်တိုင်း သန်းခေါင်မစ္ဆား ပူဇော်နိုင်ရန် ဘုရားကျောင်းတက်ကြသည်။ ဒီဇင်ဘာ (၂၅) ရက် ခရစ္စမတ်ရက်ကြီး၌ မနက် မစ္ဆားနာယူပြီးသည်နှင့် သူ့ရွာ၊ ကိုယ့်ရွာ အိမ်တိုင်း အလှူခံသည်။ တစ်ချို့လည်း ခြံထွက် သီးနှံများလှူကြသည်။ ရလာသော အလှူများကို ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် စစ္စတာရ်များကို လှူဒါန်းကြပါသည်။ ပြီးလျှင်အိမ်သို့ပြန်လာပြီး ပျော်ရွှင်ဖွယ် ခရစ္စမတ်ရက်မြတ်ကို ဆက် ကျင်းပကြပါသည်။ ဒီဇင်ဘာ (၂၈) ရက်နေ့သည် ကျွန်တော်တို့ "အခါ"လူမျိုးများ၏ နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ နှစ်သစ်ကူးပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပကြသည်မှာနှစ်စဉ် နှစ်တိုင်းပင်ဖြစ်ပါသည်။

"အခါ" ရိုးရာသီချင်းများ၊ အကပဒေသာများ သီဆိုကခုန်၍ ဖျော်ဖြေ တင်ဆက်ကြပါသည်။ ပျော်ရွှင်စရာ နှစ်သစ်ကူးနေ့လည်း ဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်တို့ "အခါ"လူမျိုးများသည် မြင့်မြတ်သော ခရစ္စမတ်နေ့ကို ပျော်ရွှင်စွာ ကျင်းပကြသကဲ့သို့ "အခါ"နှစ်သစ်ကူးကိုလည်း စည်ကားစွာ ကျင်းပကြပါသည်။ နှစ်ဆန်း (၁) ရက်နေ့ မနက် မစ္ဆားတရားတော်မြတ်နာယူပြီး သောအခါ ထိုနေ့တစ်နေ့တာ၌ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြသည်။ ခရစ္စမတ်ပွဲနေ့ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ စိတ်၌ကား ပျော်ရွှင် ကြည်နူးနေပါသည်။ နောင်လည်း နှစ်စဉ်တိုင်း ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့ကို ကျင်းပဦးမည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။

စိန်ပန်းနီ (ရှမ်းပြည်မြောက်)

သင်၏ခေါ်တော်မူခြင်းကိုရှာဖွေဖေါ်ထုတ်ပါ။


သင်၏ခေါ်တော်မူခြင်းကိုရှာဖွေဖေါ်ထုတ်ပါ။

ကျွန်တော် ငယ်စဉ်က အဖေသည် ကျွန်တော်အား မမေ့နိုင်သော စကားတစ်ခွန်းကို ပြောခဲ့သည်မှာ - "သားမင်းကို မွေးစဉ်က၊ ကမ္ဘာလောကကြီး ၀မ်းမြောက်ရွှင်လန်းနေစဉ် မင်းဟာငိုနေခဲ့တယ်။ သေသောအချိန် မင်းဝမ်းရွှင်လန်းနေစဉ် ကမ္ဘာလောကကြီးငိုကြွေးနေရအောင် မင်းရဲ့ဘ၀မှာနေထိုင်ပါ" ဟူ၍ ဖြစ်သည်။ ကျွုန်ုပ်တို့သည် ဘ၀ဆိုတာဘာလဲဆိုတာ မေ့နေသည့်ခေတ် ကာလတွင် နေထိုင်နေကြသည်။ လူတစ်ယောက်ကို လကမ္ဘာသို့ လွယ်ကူစွာပို့ဆောင်နိုင်သောလည်း လမ်းကိုဖြတ်၍ မိတ်ဆွေတစ်ယောက်ကို တွေ့ရန် အခက်အခဲတွေ့ နေကြသည်။ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးတွင်ရှိသော အလွန်သေးငယ်သည် ပစ်မှတ်ကို မစ်ဆိုင်းဒုံးကျည်ဖြင့် မလွဲအောင်ပစ်ခတ် နိုင်သော်လည်း၊ မိမိအိမ်မှာရှိသော ကလေးများနှုင့် စာကြည့်တိုက်သို့သွားရန် ရက်သတ်မှတ်၍ မရဘဲဖြစ်နေသည်။ ကျွန်ုပ်တို့တွင် အီးမေးလ်၊ ဖက်စ်၊ ဒီဂျစ်တယ်ဖုံးနှင့် အမြဲ ဆက်သွယ်နိုင်ကြသော်လည်း၊ တစ်ဦးနှင့်တစ်ဦးဆက်ဆံမှု နည်းပါးသော အချိန်ကာလတွင် နေထိုင်ကြသည်။ ကျွန်ုပ်တို့သည် လူများနှင့် ထိတွေ့မှုမရှိကြ။ ရည်ရွယ်ချက်များ ပျောက်နေကြသည်။ မည်သည်အရာသည် အရေးကြီးဆုံးဖြစ်သည်ကို မေ့လျော့နေကြသည်။
သင် ဤစာအုပ်ကို စတင်ဖတ်သောအချိန်မှာပင် ကျွန်ုပ် သင့်အား လေးစားစွားမေးပါမည်။ သင်သေသောအခါ မည်သူငိုမည်နည်း။ ဤကမ္ဘာမြေပေါ်တွင် အသက်ရှင်သန်ခွင့်ရစဉ်၌ လူသားပေါင်း မည်မျှနှင့် သင်ထိတွေ့မည်နည်း။ နောင်လာမည့် မျိုးဆက်သစ်အား သင့်ဘ၀က မည်သို့သော အရှိန်အ၀ါကို ပေးမည်နည်း။ သင်၏ နောက်ဆုံးထွက်သက် နောက်တွင် မည်သည့် အမွေအနှစ်ကို ချန်ထားခဲ့မည်နည်း။ ကျွန်ုပ်၏ ဘ၀တွင် ကိုယ်တိုင်သင်ယူခဲ့သော သင်ခန်းစာမှာ ဘ၀ကို သင်ကမပြုလျှင် ဘ၀ပြုသမျှ သင်နုရလိမ့်မည်။ နေ့ရက်များသည် ရက်သတ္တပတ်များသို့၊ ရက်သတ္တပတ်များသည် လများသို့၊ လများသည် နှစ်များသို့ လျင်မြန်စွာ ကူးပြောင်းသွားကြသည်။ ဘ၀တွင် တ၀က်တစ်ပျက် နေထိုင်ခဲ့သောကြောင့် မကြာမီ မည်သည့်အရာမျှ မကျန်တော့ဘဲ နောင်တဖြင့် ကြေကွဲနေသော နှလုံးသားသာ ကျန်ရှိပေမည်။ သင့်ဘ၀တွင် ပြန်လည်နေထိုင်ခွင့်ရလျှင် သင်ဘာလုပ်မည်နည်း ဟုအိပ်ရာထဲတွင် လဲနေသော စာရေးဆရာကြီး ဂျောခ်ျဘားနန်ရှောအား မေးရာ သူကစဉ်းစား၍ "ငါဖြစ်ချင်သော ပုဂ္ဂိုလ်မျိုး ငါဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ငါမဖြစ်ခဲ့ဘူး" ဟုသက်ပြင်းချလျက် ပြန်ဖြေခဲ့သည်။ ကျွန်ုပ် ဤစာအုပ်ရေးသားခြင်းသည် သင် ဤကဲ့သို့ မဖြစ်စေရန် ဖြစ်သည်။
ဤသို့ အစပြုသည်နှင့် သင့်ဘ၀လည်း ပြောင်းလဲသွားလိမ့်မည်။

Who Will cry when you die? စာအုပ်မှ Discover your calling ကိုပြန်ဆိုသည်။

အုတ်လှ

Nov 10, 2009

ဘုရင်ဂျီ (သို့) စာနီ



ဘုရင်ဂျီ (သို့) စာနီ

သားသမီးရတနာ ဘာသာသွင်းဖို့
မိဘတို့ရဲ့ တာဝန်ကွယ်။
ဘုရားစကားတွေ သင်ကာတတ်တော့
ကိုယ်တော်မြတ်ကို စပင့်မယ်။
ခရစ္စမားရရင် ဘာသာရေးကို
ဝေးဝေးကနေ မရှောင်နဲ့ဟယ်။
အရွယ်ရောက်လာ ကြင်ယာတွေ့တော့
ပေါ့လျော့ခဲ့တာ အဖတ်ဆယ်။
မူးပြီးရမ်းတာ ဘုရင်ဂျီ/စာနီလားလို့
အများမေးရင် ရှက်စဖွယ်။
အိမ်ထောင့်တာဝန် အလွန်များလည်း
ဘုရားကျောင်းတော့ တက်ကြမယ်။
လှူဒါန်းကြမယ် ကုသိုလ်ရေးမို့
လက်မနှေးနဲ့ ညီစေကွယ်။
စည်းလုံးသွန်သင် မေတ္တာထားလို့

မိသားစုတို့ ပျော်ရွှင်ဖွယ်။
ယုံကြည်ခြင်းကို လက်တွေ့ကျင့်မှ
ကောင်းကင်ရဖို့ သေချာမယ်။
မယ်တော်ဆီမှာ ဒို့အားကိုးလို့
ဆထက်ထမ်းပိုး ကြိုးစားမယ်
ကြိုးစားမယ်၊ ကြိုးစားမယ်။

ခံပွင့်

စာပေနှင့်မိသားစုဘဝ


စာပေနှင့်မိသားစုဘဝ

အလိမ္မာ စာမှာရှိ ဆိုတဲ့စကားကို ဓမ္မမိတ်ဆွေအပေါင်း ကြားဖူးကြပါတယ်...။ မှန်ပါတယ်မိတ်ဆွေ၊ စာပေနဲ့ ထိတွေ့နေရတဲ့ ဘ၀ရဲ့ကြည်နူးမှု ဟာယဉ်ကျေးမှုအဆင့် အတန်း၊ လူ့အဆင့်အတန်းကို မြင့်တက်လာစေ ပါတယ်။ ဒါပေမဲ့ အချို့ အချို့သောလူတွေဟာ၊ စာပေနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့အတွက်၊ ငယ်ရွယ်စဉ် ကျောင်းသား ဘ၀ကအသိနဲ့ပဲဆက်ပြီး အသက်ရှင်နေကြတာတွေကို တွေ့ရပါတယ်။ တချို့ကျတော့ ဆက်ပြီး စာအုပ်စာပေတွေကို လိုက်စားလေ့လာလို၊ သူတို့ရဲ့ ဘ၀တလျှောက်လုံးအတွက် ဆက်လှမ်းနိုင်အောင် လှေကားထောင်သည့်သဖွယ် ဖြစ်တဲ့လူ တွေရှိကြပါတယ်။... ဤကဲ့သို့ လူတစ်လုံး သူတလုံးနှင့် နေနိုင်ဖို့ ဆိုတာဟာ သိပ်ကိုခက်ခဲတဲ့၊ သိပ်ကိုရနိုင်ခဲတဲ့ လူ့ဘ၀ပတ်ဝန်းကျင်ဆိုတာ လိုအပ်လှပါတယ်။ လူငယ်တစ်ယောက် စာကြည့်တိုက်ကို သွားဖို့၊ စာအုပ် စာပေဖတ်ရှု လေ့လာနိုင်ဖို့ဆိုတာ သူ့ဘ၀ ပတ်ဝန်းကျင်မှာ သင့်တင့်တဲ့၊ ကောင်းမွန်တဲ့ အသိုင်း အ၀န်းလိုအပ်လှပါတယ်။ အချို့လဲအများနှင့် မတူပဲတမူ ထူးခြားပြီးတော့ ပတ်ဝန်းကျင်နဲ့ ဆန့်ကျင်ကာ မိမိရဲ့ဗီဇစိတ်ကလေးတွေ ပါလာတတ်လို့ ထွန်းပေါက်သွားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ရှားလှပါတယ်။ အများပိုင်ကတော့ ပတ်ဝန်းကျင်ရဲ့ ပြုစုပျိုးထောင်မှုကြောင့် ဖြစ်လာတာ ပိုပြီးများပါတယ်။

ကျွန်တော်
ငယ်စဉ်က ကလေးတစ်ယောက်ကို တွေ့ခဲ့ဘူးပါတယ်။ ကျွန်တော် စတွေ့တုန်းက၊ ကလေးငယ်ဟာ နှစ်တန်းလောက် ရှိပါပြီ။ သူဟာ ငယ်ရွယ်ပေမဲ့ သူဦးလေးတစ်ယောက်နဲ့ မန္တလေးက နာမည်ကြီး စာအုပ်ဆိုင်တစ် ဆိုင်ကိုရောက်ရောက် လာတတ်ပါတယ်။ အဲဒီတုန်းက သူဦးလေးက ဆယ်တန်း၊ သူ့ဦးလေးကလည်း အမှိုက်ဖြစ်မဲ့ စာအုပ်ဆို ကိုင်တာမဟုတ်ပါဘူး။ ကလေးက စာအုပ်မဖတ်နိုင် သေးပေမဲ့၊ သူ့ဦးလေးက စာအုပ်တွေကို ဖတ်ပြ၊ ရှင်းပြသူက နားထောင်နဲ့ပဲ၊ နှစ်တန်းကျောင်းသား ဒီကလေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းတွေ၊ ဖက်ဆစ်တော်လှန်ရေးကြီးတွေကို သိနေတယ်။ သူ့ ဦးလေးမရှိတော့တဲ့ အချိန်ကာလ နောက်ပိုင်းမှာ သုံးတန်းလောက်သာရှိသေးတဲ့ ဒီကလေးဟာ၊ စာအုပ်ဆိုင်ကြီးကို ယောင်တောင်တောင်နဲ့ ရောက်ချလာတတ်ပါတယ်။

စာအုပ်ဖတ်ဖို့ထက် ဒီကလေးရဲ့ စိတ်ထဲမှာ အိမ်မှာအားနေရင်း ဒီစာအုပ်အငှား ဆိုင်ကိုပဲ သတိရလာတတ်တဲ့ သူ့ဦးလေးရဲ့ အကျင့်တွေ တူနေလို့ပါပဲ။ ဒါကြောင့် သူ့ဦးလေးမရှိလဲ ရောက်ရောက်လာတတ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်အရေးကြီးတာ ကလေးရဲ့ အပေါ်ဆိုင်ရဲ့ ဆက်ဆံရေးပါပဲ။ ဒီကလေးဟာ သိပ်ကံကောင်းပါတယ်။ ဒီဆိုင်ကဆိုင်ရှင် လူပျိုကြီးက ဒီကလေးကို လက်ခံကြိုဆိုပြီး စာအုပ်ငှါးခတောင် မယူဘဲနဲ့၊ ကလေးနဲ့ကိုက်တဲ့ လိုက်တဲ့ စာအုပ်ကလေးကို လူကြီးတစ်ယောက်လို ဆက်ဆံကြတယ်လေ။ ဒီလိုနဲ့ သူဦးလေးကို အဖေါ်ပြုပြီး လာနေရတဲ့ ကလေးဟာ၊ သူ့သူငယ်ချင်း စာအုပ်ဆိုင်က ဦးဦးတွေနဲ့အဖေါ်လုပ်ပြီး ပျော်နေခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ သူရွယ်တူကလေးတွေနဲ့ မတူတော့ဘဲ လူကြီးတွေနဲ့သာ ပေါင်းတတ်လာပါတယ်။ သူရဲ့ နိုင်ငံရေးတွေ၊ ကမ္ဘာအရေးတွေကိုလည်း ကလေးတွေက နားမလည်ကြပါဘူး။
ဒီလိုနဲ့ ပဲကြာလာတော့ ဒီစာအုပ်ဆိုင်ကလေးဟာ ကလေးငယ်ရဲ့ ဒုတိယ အိမ် ဖြစ်လာတတ်ပါတော့တယ်။

ကျွန်တော်တို့ကျောင်းတွင် နံရံကပ်စာစောင်ပြိုင်ပွဲမှာ လေးတန်း ကျောင်းသား ဒီကလေးရဲ့ စာမူတစ်ခုကို တွေ့လိုက်ရလို့ သိပ်ကို အံ့သြသွားခဲ့ပါတယ်။ တကယ်တန်း ဒီလိုပြိုင်ပွဲမျိုးဆိုတာဟာ အတန်းကြီး အထက်တန်း ကျောင်းသားတွေရဲ့ လက်ရာတွေနဲ့သာ လွမ်းမိုးနေတတ်တာပါ။ နောက် ၈၈ နောက်ပိုင်းတော့ ကျောင်းတွေကွဲသွားလို့ မတွေ့ဖြစ်
တော့ ပါဘူး၊ ဒါပေမဲ့ ၀တ္ထုတွေ၊ ဆောင်းပါးတွေတောင် ရေးနေပြီလို့တော့ ကြားလိုက်ပါတယ်။

ကျွန်တော်တင်ပြချင်တဲ့ အချက်ကတော့၊ ကလေးငယ်တစ်ယောက် စာအုပ၀ါသနာပါဖို့၊ စာဖတ်လေ့ ဖတ်ထရှိဖို့ဆိုတာဟာ ရေခံ မြေခံကောင်းတွေရှိရမှာ ဖြစ်ပါတယ်။ လက်ခံနိုင်တဲ့ အသိုင်းအ၀ိုင်းနဲ့၊ အားပေးထောက်ခံမှု ရှိရမှာ ဖြစ်ပါတယ်။ စောစောက ကျွန်တော် တင်ပြခဲ့တဲ့ ကလေးဟာ စာအုပ်ဆိုင်က လူကြီးတွေကသာ ရှုပ်ပါတယ်ဆိုပြီး မောင်းထုတ်လိုက်ပါက၊ ဘယ်လိုမှ စာဂျပိုးလေးတစ်ကောင် ဖြစ်မလာပါဘူး၊ တစ်ကောင်ဆိုလို သိပ်ရိုင်း သွားပါသလား၊ စာပေ၀ါသနာအိုးများဟာ သူတို့ကို စာဂျပိုး လေးတစ်ကောင်လိုက ပြောတာကို ခံနိုင်ကြပါတယ်။ သိပ်လည်းဂုဏ်လို့ ခေါ်လောက်တဲ့၊ စာပေ၀ါသနာရှင်ပေါ် ထွက်ခဲ့ပြီးလား၊ ပေါ်ထွက်လာ တော့မှာလား။ ပေါ်ထွက်မလာ စေချင်ဘူးလား၊ သုံးသပ်ပါ မိတ်ဆွေ...စာဖတ်ခြင်းဟာ ရင့်ကျက်တဲ့ဘ၀၊ အသိဥာဏ်ရှိတဲ့ ဘ၀တွေကို ဆွတ်ခူးရယူနိုင်ပြီးတော့ အောင်မြင်မှုရဲ့ မှန်ကန်တဲ့ လမ်းပေါ်ကို လျှောက်လှမ်းနိုင်ပါတယ် မိတ်ဆွေ
ကလေးငယ်များကို အစတွင် လစဉ်ထုတ်စာစောင်လေးများ၊ ကာတွန်းလေးများဖြင့် ကလေးအကြိုက် စည်းရုံးနိုင်ပါတယ်။ အခြားအတွက် ပိုက်ဆံကို အကုန်ကျခံမည့်အစား အဟောင်းဈေးနဲ့ ပြန်ထုတ်လို့ရတဲ့ စာအုပ်လေးတွေ ၀ယ်သင့်ပါတယ်။ မိတ်ဆွေရဲ့ အိမ်နားမှာ စာအုပ်ဆိုင်လေးတွေ၊ စာကြည့်တိုက်တွေရှိရင်တော့ အကောင်းဆုံးပေါ့ ညနေခင်း လမ်းလျှောက်ခြင်းနဲ့ပဲဖြစ်ဖြစ်၊ ကလေးတွေကို ခေါ်သွားခြင်းဖြင့် စိတ်ဝင်စားစရာ ဖြစ်အောင် ပြုစုပျိုးထောင်ပေးလို့ ရပါတယ်။ အချို့ကလေးကြတော့လည်း စာအုပ်တွေ့ရင် မနေနိုင်လောက်အောင် ဖတ်ချင်တဲ့ ၀ါသနာကြီးသူတွေလည်း ရှိပါတယ်။ ဒီလိုကလေးတွေဆိုရင် မကောင်းသောစိတ်တွေ၊ အတွေးအခေါ်တွေဖြစ်စေတဲ့ စာအုပ်တွေ ကလေးတွေ လက်ထဲရောက်မှာကိုတော့ စိုးရိမ်ရပါတယ်။

မရင့်ကျက်သေးခင်ပါ မိတ်ဆွေ၊ ရင့်ကျက်တဲ့ အဆင့်အတန်းရောက်ရင်တော့ ကိစ္စမရှိလှပါဘူး။ သူဟာ သူ ခွဲခြား ဆုံးဖြတ်နိုင်သွားပါပြီ။ အသက်နဲ့ရင့်ကျက်မှုကို မဆုံးဖြစ်နိုင်ပါဘူး။ အတွေ့အကြုံနဲ့ လေ့ကျင့်ရယူမှုကသာ ရင့်ကျက်မှုကို ပေးစွမ်းနိုင်တာပါ။ ဒါတွေ အားလုံးဟာ စာအုပ်ထဲက စကားလုံးတွေမှာရှိပါတယ် မိတ်ဆွေ...

အချို့သော မိဘတွေ ရှိပါသေးတယ်။ ကလေးက စာအုပ်ငှါးဖတ်ရလို့ တနေ့တနေ့ပေးရတဲ့ ပိုက်ဆံကို နှမြောတတ်ကြပါတယ်။ ဆင်းရဲလွန်းတဲ့ မိသားစုတွေကိုတော မပြောလိုပါဘူး။ ဒါပေမဲ့ အချို့မိသားစုတွေဟာ၊ မိမိတို့ အခြားသုံးနေတဲ့ ငွေတွေကိုကျတော့ မစဉ်းစားပဲနဲ့၊ ကိုယ့်သားသမီး တနေ့ စာအုပ်ငှါးဖတ်ရတဲ့ ငွေတစ်ဆယ် အစိတ်ကို မြင်တက်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် မိတ်ဆွေ ဆေးလိပ်သောက်၊ ကွမ်းစားတာထက် စာရင်အများ ကြီးခံသာပါတယ်။ မိမိသားသမီးရဲ့ ပါလာတဲ့ ၀ါသနာတစ်ခုကို တိုးတက်အောင် ပြုစုပျိုးထောင်ပေးဖို့ရန် မိဘတွေမှ တာဝန်ရှိလှပါတယ်။

မတတ်နိုင်တဲ့ မိဘတွေကတော့ ရပ်ကွက် စာကြည့်တိုက်လေးတွေ၊ နီးစပ်ရာစာပေ ၀ါသနာရှင်တွေကနေပြီးတော့ စာဖတ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိနိုင်ပါတယ်။ သမိုင်းမှာ ထင်ရှားလှသော အာဗြာဟံလင်ကွန်းဟာ၊ စာအုပ်ဖတ်ဖို့အတွက် သူများ အိမ်မှာအစေခံ လုပ်ခဲ့ဖူးပါတယ်။ မိတ်ဆွေ... ကျောင်းမတက်နိုင်ရှာတဲ့ လင်ကွန်း၊ ဆင်းရဲလွန်းတဲ့ လင်ကွန်းဟာ နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စုရဲ့
သမ္မတကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်...။ စာပေ လေ့လာခြင်း၊ စာဖတ်ခြင်းရဲ့ ရလဒ်တွေပါ မိတ်ဆွေ....

ကျွန်တော် နောက်ဆုံး ပြောချင်တာကတော့ စာဖတ်ခြင်းဟာ မိတ်ဆွေတို့ရဲ့ အိမ်ထောင်စုဘ၀၊ သာယာ တိုးတက်နိုင်ရေး အစအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ စာပေပညာရှင်များဟာ လောကကို အလှဆင်သလို၊ ထိမ်းကျောင်းနိုင်သလို၊ မိတ်ဆွေများရဲ့ စာပေ၀ါသနာပါတဲ့ သား သမီးတွေဟာလည်း မိတ်ဆွေတို့ရဲ့ အိမ်ကို အလှဆင်နေမယ်။ ထိန်းကျောင်း နေမယ် ဆိုတာတော့ သတိရစေ ချင်ပါတယ်... ကဲဒိလိုဆို.... ဓမ္မမိတ်ဆွေရဲ့ အိမ်မှာစာ ဖတ်ဝါသနာပါသော သူများ မွေးထုတ်နိုင်အောင် ကြိုးစားပါ၊ အစပိုင်းမှာ ကျွန်တော်တင်ပြခဲ့တဲ့ ကောင်ကလေးဟာ သူ့ဘ၀၊ သူ့ဦးလေး၊ စာအုပ်ဆိုင်က လူတစ်စုကြောင့် စာပေ ၀ါသနာရှင်များ ဖြစ်သွားခဲ့သလိုပဲ မိမိပြုစုပါလို့ တိုက်တွန်းလိုပါတယ်...။

မိတ်ဆွေများရဲ့ အိမ်မှာ ဘုရားရှင်ရဲ့ ကောင်းကြီး ကျေးဇူးတော်များ ခံစားရရှိပြီး စာပေ၀ါသနာပါသော စာဂျပိုးကလေးများ ထွန်းကား နိုင်ကြပါစေ။ သုခစံအိမ်လေးတစ်ခု ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည် ချစ်သော မိတ်ဆွေများ ခင်ဗျား......


ဝေလီ

Nov 3, 2009

အမျိုးသမီးများ၏ရပိုင်ခွင့်


အမျိုးသမီးများ၏ရပိုင်ခွင့်

လွန်ခဲ့သည့် ရာစုနှစ်များစွာကပင် လူသားများ၏ ရပိုင်မှုအခွင့် အရေးဟုဆိုလျှင် နိုင်ငံရေးနှင့် လူမှုရေးရာ အခွင့်အရေးများကိုသာ ဆိုလိုပါတယ်။ သို့ရာတွင် ယခုအခါ၌ နိုင်ငံသားသားများ၏ ရပိုင်မှု အခွင့်အရေးဟုဆိုလျှင် အစားအသောက်၊ ခိုလှုံမှု၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုအဆင့်အတန်း စသည့်အခွင့်အရေးများ သာမက မိမိယုံကြည်ရာ၊ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် လူနည်းစု တိုင်းရင်းသားများ၏ အခွင့်အရး၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ အခွင့်အရေးစသည်တို့ အားလုံးပါဝင်ပါတယ်။ Vienna တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူငယ်များဆိုင်ရာ ရပိုင်ခွင့်အရေး စည်းဝေးပွဲကျင်းပစဉ် အမျိုးသမီးထုကနေ သွားရောက်ရ၍ ကမ္ဘာ့ ကုလသမဂ္ဂ အဆောက်အဦး ပတ်ဝန်းကျင်တွင် အမျိုးသမီးများ၏ ရပိုင်မှုအခွင့်အရေးများမှာ လူသားများ၏ ရပိုင်မှု အခွင့်အရေးများဖြစ်သည်ဟု ကြွေးကြော် ဆန္ဒပြခဲ့ကြရာ၊ ကမ္ဘာကြီးသည် အိပ်ရာမှလန့်နိုးလာသူ ပမာ၊ အမျိုးသမီးများ၏ ခံစားမှုများ ရုန်းကန်မှုများကို သတိပြုမိကာ အမျိုးသမီးများ၏ ရပိုင်မှုအခွင့်အရေးများကို လူသားများ၏ ရပိုင်မှု အခွင့်အရေးများကဲ့သို့ ကာကွယ် စောင့်ရှောက်မှုပြုမည်ဟု သန္ဋိဋ္ဌာန် ချဆုံးဖြတ်လိုက်ကြပါသည်။ ကမ္ဘာတ၀ှမ်းတွင် လူသားများ အချင်းချင်းနှိပ်စက်မှု၊ မတရားကျင့်မှု၊ မုဒိန်းမှုနှင့် သွေးစုပ်ချယ်လှယ်မှုများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေရာ ထိုပြစ်မှုများသည် နေရာအရပ် ဒေသတစ်ခုတည်းတွင်သာ ဖြစ်ပေါ်ပြီး၊ အစိုးရတပ်ဖွဲ့များ၏ လုပ်ဆောင်မှုဖြစ်ပါက၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အရေးပေါ်အဖြစ်
ကမ္ဘာကနေအသိအမှတ်ပြု ကူညီမည်ဖြစ်ပါတယ်။ သို့ရာတွင် ထိုအဖြစ်အပျက်များကို ခံစားရသူ သားကောင်းများမှာ အမျိုးသမီးများပင်ဖြစ်၍ ၎င်းင်းတို့ အပေါ်နှိပ်စက်မှု၊ မတရားကျင့်မှုများမှာ ရိုးရာဓလေ့ထုံးစံများပင်ဖြစ်၍ အာဏာပိုင်များကသော်၎င်းင်း၊ တရားဥပဒေကသော်၎င်းင်း လျစ်လှူရှုကာ မမြင်ယောင်၊ မကြားယောင်သကဲ့သို့ပင် နေလိုက်ကြပါတယ်။ အမျိုးသမီးများ၏ ရပိုင်မှုအခွင့်အရေးများမှာ လူသားများ၏ ရပိုင်မှု အခွင့်အရေးများဖြစ်သည်ဟု ဆိုသည့်အတိုင်း အမျိုးသမီးများရပိုင်မှု အခွင့်အရေးများကို ကျူးကျော် စော်ကားမှုသည် လူသားများ၏ ရပိုင်မှုအခွင့်အရေးကို ကျူးကျော်စော်ကားမှုတစ်ခုပင် ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများသည် လူသားများထဲမှ လူသား တစ်ဦးပင် ဖြစ်သောကြောင့်ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းမှ အမျိုးသမီးအဖွဲ့များက ဆူပူကြွေးကြော်မှု မပြုခင်ကဆိုလျှင် အိမ်ထောင်ရေးရာ အာကြမ်းဖက်မှု ပြဿနာများ၊ ခင်ပွန်းသည်အမျိုးသားများ၏ ရိုက်ပုတ်နှိပ်စက်မှု၊ လက်သပြောင်မှုများ၊ အမျိုးသမီးများနှင့်ကလေး ငယ်များအပေါ် အကြမ်းဖက်မှုများ စော်ကားမှုများမှာ တရားဥပဒေအရ ပြစ်မှုများဟူ၍ပင် အသိအမှတ်ပြုခြင်း မရှိပါ။ လူသားများ၏ ရပိုင်အခွင့် အရေးကိုချိုးဖောက် ကျူးလွန်သည် ဟုအသိအမှတ်ပြုရန် ဝေးစွာပင် ဖြစ်ပါတယ်။ အိမ်ထောင်စုတစ်ခုတွင် လင်နှင့်မယားအကြား ရန်ဖြစ်မှုမှာ စကားခွန်းကြီး ခွန်းငယ် သာမကဘဲ၊ လက်၊ တုတ်၊ ၀ါးတို့ပါလာ၍ ရဲများကို ခေါ်ကာဖြေရှင်းမှုပြုရန် အိမ်နီးနားချင်းများက ကြိုးစားသော်လည်း ခေါ်လိုက်သည့်ရဲများက လင်မယားကြား ရန်ဖြစ်မှုမှာ ကိုယ်ပိုင်နှင့်မိသားစုရေးဖြစ်သည်ဟု ဆိုကာရပ်တန့်၍သာ ကြည့်နေကြတာ များပါတယ်။ နောက်ဆုံးတွင် ဇနီးသည် အမျိုးသမီးမှာ တုတ်၊ ဓား ဒဏ်ရာများရ၍ မူးလဲကျမှသာ ၀င်ရောက် ဖြန်ဖြေမှုပြုတာများပါတယ်။ ထိုအမှုကြောင့်ခင်ပွန်းဖြစ်သူ အမျိုးသားအား ရဲဌါနသို့ခေါ် ဆောင်ကာချုပ်နှောင်ထားသော်လည်း ဇနီးသည် အမျိုးသမီးအား ခင်ပွန်းသည်ကို ပြစ်မှုအရ အရေးမယူရန် ခွင့်လွှတ်ရန် မံပစ်လိုက်ရန် ဖြောင်းဖြပြောဆိုမှု ပြုကြပါတယ်။ ထို့ကြောင့် အမျိုးသမီးများ ၎င်းင်း၏ လူမှုရေးရာ အခွင့်အရေးတရပ် ဆုံးရှုံးကာ ရက်စက်သူ ခင်ပွန်းသည်အား ခွင့်လွှတ်ကာ ပြန်လည် ပေါင်းသင်းရတဲ့ ဘ၀မျိုးပင်ဖြစ်ပါတယ်။ ခင်ပွန်းသည်က ဇနီးကို အနိုင်ကျင့်နှိပ်စက်မှုကနေ ကာကွယ်ပေးမဲ့သူ မရှိသလိုဖြစ်နေတဲ့ အပြင် ဇနီးသည် အမျိုးသမီးသည် ခင်ပွန်းသည်ယောင်္ကျားတို့၏ အကြမ်းဖက်ရက်စက်မှုကို လူမှုရေးရာ အခွင့်အရေးများသည် လူမှုရေးရာနှင့် နိုင်ငံရေးရာအခွင့် အရေးများနှင့် ဆက်သွယ်နေရာ ဤကမ္ဘာတွင် အများဆံးနိုင်ငံရေးရာ အသင်းသားများမှာ အမျိုးသားများပင် ဖြစ်၍ အမျိုးသမီးများ၏ ပုံရိပ်မှာ ပျောက်ကွယ်လျက်ရှိပါတယ်။ အမျိုးသမီးများအနေနှင့် လူမှုရေးရာနှင့် နိုင်ငံရေးရာဆိုင်ရာ ရပိုင်မှု အခွင့်အရေးများအတွက် အပြည့်အ၀ပါဝင် လှုပ်ရှားမှု မပြုနိုင်သည်မှာ အိမ်ထောင်စုတွင်၎င်းင်း၊ အလုပ်နေရာဌါနများတွင်၎င်းင်း၊ အမျိုးသမီးများ၏ အခြေအနေမှာ ၀ပ်လျိုကြောက် ဒူးတုန်နေရသည့်အတွက် ကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့် လူသားများ၏ ရပိုင်မှု အခွင့်အရေးများကို ကျယ်ပြန့်စွာ အဓိပ္ပါယ် ဖော်ရာ၌ အမျိုးသမီးများ၏ ဘ၀များနှင့် ပတ်သက်၍ အဖြစ်မှန်များကို သိရှိကာ ကာကွယ်မှုပြုရန်နှင့် ကမ္ဘာအနှံ့အ၀ှမ်းရှိ အမျိုးသမီးများမှာ အကြမ်းဖက်မှုများ နှိပ်စက်မှုများကို တွေ့ကြုံခံစား နေရသည်မှာ ၎င်းင်းတို့မှာ အမျိုးသမီးများဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်ကို အသိအမှတ်ပြုရန် လိုပါတယ်။ အမျိုးသမီးများ၏ ရပိုင်မှုအခွင့်အရေးများမှာ လူသားများ၏ ရပိုင်မှု အခွင့်အရေးများဖြစ်သည်ဟု လက်ခံသွားပါက အမျိုးသမီးများ အနေနှင့် ၎င်းင်းတို့ ယခင်က မခံစားရသည့် အခွင့်အရေးများကို ခံစားရကာ သာယာအေးချမ်းသည့် ကမ္ဘာကြီးကို ဖန်တီးရာ၌ တတပ်တအား ပါဝင်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မမာလာ (RVA)